မဟာဧကရာဇ်နိုးထလာခြင်း
Vol. 74 Ch. 1154
မြို့တော်ထဲတွင် ရွှီချင်းနှင့် တခြားလူများ၏ လှုပ်ရှားမှုအားလုံးသည် ရှုပ်ထွေးသော အင်အားဖွဲ့စည်းမှုနှင့်အတူ စောင့်ကြည့်ခံနေကြရသည်။
လူတိုင်းသည် စောင့်ကြည့်ခံနေကြရသည်။
မဟာနန်းမြို့တော်ဒေသကြီးဆီသို့ သူတို့ခြေချလိုက်သည့် အချိန်ကတည်းက စောင့်ကြည့်ခံနေကြရခြင်း ဖြစ်သည်။ သို့ဖြစ်၍ နန်းမြို့တော်ထဲတွင် သူတို့က ပိုပြီးစောင့်ကြည့်ခံလာရသည်။
ထို့ကြောင့် ခုန်းရှန်းလုံက ဓားကိုင်တစ်ယောက်ကို အပြင်စေလွှတ်လိုက်သည့်အခါ အကြည့်များစွာသည် ထိုကိစ္စကို ချက်ချင်း အာရုံစိုက်လာကြသည်။ ထိုဓားကိုင်က မင်းသားတစ်ဆယ်၏ စံအိမ်ထဲသို့ ဝင်ရောက်သွားကြောင်း သူတို့သတိထားမိသွားသည့်အခါ နန်းမြို့တော်ထဲမှ လူအများစုသည် သဲလွန်စများနှင့် အဆက်အသွယ်များမှတဆင့် အကြောင်းအရင်းကို နားလည်သွားကြသည်။
မင်းသားဆယ့်နှစ်၏ စံအိမ်ထဲမှ တန်ဖိုးရှိသော ပစ္စည်းတချို့သည် အကြောင်းကြားခြင်းမရှိဘဲ မင်းသားတစ်ဆယ်၏ ယူဆောင်သွားခြင်းခံခဲ့ရသည်။
မင်းသားတစ်ဆယ်၏ လွှမ်းမိုးဖိနှိပ်သော အကျင့်စရိုက်သည် သူ့ကို ပထမကောင်းကင်ဘုရင် သဘောမကျရသည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ထိုသို့အကျင့်စရိုက်ရှိသူသည် ဖုန်းဟိုင်ဒေသငယ်မှ ဓားကိုင်၏ သတင်းစကားကို လျစ်လျူရှုရန် ဖြစ်နိုင်ခြေများသည်။
“ စိတ်ဝင်စားစရာပဲ… ဒီကိစ္စကို ရွှီချင်းက ဘယ်လိုကိုင်တွယ်မလဲ ကြည့်ရတာပေါ့ ”
“ သူက နန်းမြို့တော်ကို အခုပဲ ရောက်လာတယ်… သူက သိုသိုသိပ်သိပ်နေမလား ဒါမှမဟုတ် ပေါ်ပေါ်ထင်ထင်နေမလား… ဒီဟာကိုကြည့်ပြီး သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါတို့မြင်နိုင်လိမ့်မယ် ”
“ မင်းသားတစ်ဆယ်က ပထမကောင်းကင်ဘုရင်ရဲ့ နှစ်သက်မှုကို မခံရဘူးဆိုပေမဲ့ ဘာပဲပြောပြော သူက အပြင်လူမဟုတ်ဘူး… ဒီကိစ္စက စိတ်ဝင်စားဖို့ကောင်းတယ် ”
နန်းမြို့တော်ထဲမှ အင်အားစုများနှင့် အဖွဲ့အစည်းများသည် စောင့်ဆိုင်းပြီး အခြေအနေကို လေ့လာကြည့်ရန် ရွေးချယ်ကြသည်။ မရင်းနှီးသော သို့မဟုတ် မသိကျွမ်းသော ကိစ္စများဖြင့် ရင်ဆိုင်ရသည့်အခါ အလျင်စလိုမပြုမှုဘဲ အခြေအနေကို ဦးစွာသုံးသပ်ခြင်းသည် ပိုပြီးမှန်ကန်သည်။
ရွှီချင်းသည် သူက စောင့်ကြည့်ခံနေရကြောင်း မြို့တော်ထဲသို့ ဝင်ရောက်ကတည်းက အာရုံခံမိခဲ့သည်။ အားလုံးကို အခြေတကျ စီစဉ်ပြီးနောက် အစောကြီးရှိသေးသဖြင့် ရွှီချင်းသည် မြို့တော်ထဲသို့ အလည်သွားရန် ရွေးချယ်လိုက်သည်။
သူက မြို့တော်ထဲမှ လမ်းမများပေါ်တွင် လမ်းလျှောက်နေစဉ် ဦးတည်ရာအရပ်ရပ်မှ အာရုံစိုက်မှုများကို အာရုံခံနိုင်သည်။ လူအုပ်ကြားထဲမှ သူလျှိုများဖြစ်စေ အဝေးမှ နတ်ဘုရားစိတ်အာရုံများဖြစ်စေ ယင်းတို့အားလုံးက မြို့တော်ထဲမှ သူ၏ လုပ်ဆောင်မှုအားလုံးကို လွှဲပြောင်းပေးပို့လိမ့်မည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အကြောင်းအရင်းကို သူနားလည်သလို ယင်းကို မရှောင်လွှဲနိုင်ကြောင်းကိုလည်း သူသိသည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာသည် ပုံမှန်အတိုင်းရှိနေဆဲပင်။ မည်သည့်အပြောင်းအလဲမှ ထွက်ပေါ်မလာပေ။
မင်းသားတစ်ဆယ်ဆီသို့ တစ်စုံတစ်ယောက်အား သတင်းစကား ပေးပို့ခိုင်းခြင်းနှင့်ပတ်သက်၍ ရွှီချင်းက ထွက်ပေါ်လာမည့် ရလဒ်ကို အများကြီး စိတ်ဝင်မစားချေ။ အဘယ့်ကြောင့်ဆိုသော် သူက ယင်းကို ပေးပို့လိုက်ကတည်းက ရလဒ်ကို ကြိုတင်သိထားပြီးသောကြောင့် ဖြစ်သည်။
အကယ်၍ ပစ္စည်းများက ပြန်ရောက်လာလျှင်တော့ အကောင်းဆုံးဖြစ်လိမ့်မည်။ သို့မဟုတ်လျှင်…
ရွှီချင်း၏ အကြည့်က အေးစက်သွားသည်။ သူက ပေါ်ပေါ်ထင်ထင်နေရန် ရွေးချယ်လိမ့်မည်။
ဤသည်မှာ သူငယ်ငယ်လေးကတည်းက လူသားလောက၏ ကောက်ကျစ်စဉ်းလဲမှုကို အကြိမ်ပေါင်းများစွာ တွေ့ကြုံပြီးနောက် နားလည်လာခဲ့သော အရာဖြစ်သည်။ ဤသည်မှာ သူငယ်စဉ်အခါက ဆင်းရဲသားရပ်ကွက်တွင် အကြံကြီးသော တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ထိုလူ၏ ဦးခေါင်းကို သူ၏ တံခါးရှေ့မှာ ချိတ်ဆွဲခဲ့စဉ်ကနှင့် တူညီသည်။
သူက ဝံပုလွေတစ်ကောင်ဖြစ်သည်။
ဝံပုလွေသည် စိတ်ရှည်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ၎င်း၏ စွမ်းဆောင်ရည်ကို မတူညီသော အခြေအနေပေါ်မူတည်ပြီး အချိန်ကိုက်စွာ ထုတ်ဖော်ပြလိမ့်မည်။ ရွှီချင်း၏ အတွေ့အကြုံအရ သူက နေရာသစ်သို့ ရောက်ရှိသွားသည့်အခါတိုင်း ပေါ်ပေါ်ထင်ထင်နေခြင်းသည် သိုသိပ်စွာနေခြင်းထက် နေရာသစ်မှာ အခြေချရန် ပိုပြီးလွယ်ကူကြောင်း နားလည်ထားသည်။
ထို့ကြောင့် အစောနက သူက စည်းချအစီအရင်ထဲမှာ စက်လုံးကြီးကို ဖွက်မထားဘဲ ထုတ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် သူ့ကို လိုက်လံစောင့်ကြည့်နေကြသော သူလျှိုများကို လျစ်လျူရှုထားရန် ရွေးချယ်လိုက်သည်။ သူက လမ်းမများပေါ်တွင် တည်ငြိမ်စွာ လျှောက်နေပြီး မရင်းနှီးသော နန်းမြို့တော်ကို ကြည့်လိုက်သည်။ သူက လူသားမျိုးနွယ်၏ နံပါတ်တစ်မြို့တော်ကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲမှာ မှတ်ကျောက်တင်လိုက်သည်။
နတ်မိမယ်ကျစ်ရွှမ်းနှင့် ခေါင်းဆောင်သည်လည်း နင်ယန်၏ စံအိမ်ထဲမှ ထွက်ခွာသွားကြသည်။ သို့သော်လည်း သူတို့က ရွှီချင်းနှင့်အတူ မသွားကြပေ။
နတ်မိမယ်ကျစ်ရွှမ်းသည် မထွက်သွားခင် ရွှီချင်းကို ကြည့်လိုက်သည်။ နတ်မိမယ်ကျစ်ရွှမ်းက နန်းမြို့တော်ထဲမှာ မီးအိမ်ကို အာရုံခံကြည့်ချင်ကြောင်း ရွှီချင်း နားလည်သည်။ နတ်မိမယ်ကျစ်ရွှမ်း၏ အကျင့်စရိုက်သည် လင်းအာနှင့် အနည်းငယ် ခြားနားသည်။
အကယ်၍ လင်းအာသာ ဤနေရာမှာရှိမည်ဆိုလျှင် သေချာပေါက် သူက သူ့နောက်သို့ လိုက်လိမ့်မည်။ သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်းသည် ခြားနားသည်။ သူ့မှာ သူ့ကိုယ်ပိုင်အတွေးများနှင့် ကိစ္စများရှိသည်။
ခေါင်းဆောင်သည်တော့ မထွက်သွားခင် သူ၏ ခိုးကြောင်ခိုးဝှက် မျက်လုံးက အားလုံးကို ထုတ်ဖော်ပြခဲ့သည်။ တစ်ဖက်လူက နန်းမြို့တော်ထဲမှာ မည်သည့်ရတနာများရှိကြောင်း စုံစမ်းစစ်ဆေးတော့မည့်ဖြစ်ကြောင်း ရွှီချင်းက အလိုအလျောက် သိလိုက်သည်။
သို့မဟုတ် ယခင်ဘဝများမှာ သူအားစိုက်ထုတ်ခဲ့သော နေရာများဆီသို့ သွားရောက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ရွှီချင်းသည် ခေါင်းခါလိုက်သည်။ မွန်းလွဲပိုင်း နေရောင်ခြည်အောက်မှာ သူက အဆောက်အဦးများနှင့် လမ်းများကို ဖြတ်ကျော်သွားပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို သူ၏ စိတ်ထဲမှာ မှတ်သားလိုက်သည်။ သူက အနာဂတ်တွင် ဤနေရာမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းတစ်ခုကိုလည်း ရှာဖွေလိုက်သည်။
ဤသည်မှာ မရင်းနှီးသော နေရာသို့ ရောက်ရှိသွားသည့်အခါတိုင်း သူလုပ်ဆောင်လေ့ရှိသော အကျင့်တစ်ခု ဖြစ်သည်။
စိုးရိမ်ခြင်းနှင့် သတိကြီးခြင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှာ အမြဲကိန်းအောင်းနေသည်။ သူ၏ ကျင့်ကြံခြင်းနှင့် အဆင့်အတန်းက မြင့်တတ်သွားသည့်တိုင် ယင်းတို့က နည်းနည်းမှ လျော့ကျမသွားခဲ့ပေ။
သို့သော်လည်း ယင်းကို ပေါ်ပေါ်ထင်ထင် မလုပ်ဆောင်နိုင်ပေ။ ချီယွဲ့ထုံဂိုဏ်းမှာ သူနေထိုင်ခဲ့စဉ်က သင်ကြားခဲ့ရသော နည်းလမ်းများအတိုင်း ဆောင်ရွက်ရပေမည်။
အပြင်ပန်းသည် စိတ်အေးလက်အေးရှိနေပြီး အတွင်းဘက်က အာရုံစူးစိုက်ထားကာ ခေါင်းထဲတွင် ပုန်းကွယ်နေသော အတွေးများ ရှိသည်။
အပြင်ဘက်မှာတော့ အရာအားလုံးက တည်ငြိမ်သည်။
တစ်ချိန်တည်းမှာ သူက မင်းသမီးအန်းဟိုင်ပြောခဲ့သော နန်းမြို့တော်မှ အခြေအနေများကို စဉ်းစားလိုက်သည်။ သူတို့ချည်းသာ မဟုတ်သေးပေ။ လူသားဧကရာဇ်၏ နောင်သားမျိုးဆက်များလည်း ရှိပေသည်။
လမ်းတစ်လျှောက်တွင် နင်ယန်၏ မိတ်ဆက်ပေးမှုကြောင့် ရွှီချင်းသည် အတိုင်းအတာတစ်ခုထိ နားလည်ထားသည်။
“ မင်းသမီးသုံးပါးနဲ့ မင်းသားဆယ်နှစ်ပါး ”
“ မင်းသမီးကြီးနဲ့ ဒုတိယမင်းသမီးက တိုင်းတစ်ပါးခြားမျိုးနွယ်စုတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ လက်ဆက်ခဲ့ကြတယ်… သူတို့က နန်းမြို့တော်ထဲမှာ မရှိကြဘူး ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် လူသားဧကရာဇ်၏ မင်းသားမင်းသမီးဆယ့်ငါးပါးသည် နန်းမြို့တော်၏ အင်အားစုအသီးသီးနှင့် ဆက်နွယ်နေကြသည်။ အများစုသည် တော်ဝင်မိသားစု၏ နောင်သားမျိုးဆက်များနှင့် သွေးသားတော်စပ်ကြသည်။
“ အခု နန်းမြို့တော်ထဲမှာ ကျန်ရှိတဲ့ မင်းသမီးက အန်းဟိုင်ပဲ… သူ့မှာ စံအိမ်ဆောက်လုပ်ဖို့ အခွင့်အရေးရှိတယ်… ဒါပေမဲ့ သူက အဲ့လိုမလုပ်ဆောင်ခဲ့ဘူး… အဲ့ဒီအစား သူက လူသားဧကရာဇ်နောက်ကို လိုက်ခဲ့တယ်… သူ့ရဲ့ နောက်ခံအင်အားက မသေးဘူး… သူ့မယ်တော်ဘက်က ကလန်ရဲ့ ဘိုးဘေးက လူသားမျိုးနွယ်ရဲ့ ဒုတိယကောင်းကင်ဘုရင် ဘုရင်ဒုန်းထင်းပဲ ”
“ သူက ကောင်းကင်နက်မျိုးနွယ်နဲ့ လာမယ့်စစ်ပွဲမှာ စစ်ဗိုလ်ချုပ်အဖြစ် ထမ်းဆောင်လိမ့်မယ် ”
“ မင်းသမီးတွေပြီးတော့ မင်းသားတွေ… ”
ရွှီချင်းသည် ကောင်းကင်နက်မျိုးနွယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ပြီး အတွေးနက်သွားသည်။
“ မင်းသားကြီးက တိုက်ခိုက်ရေးမှာ ထူးချွန်ပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတယ်… ဒါပေမဲ့ သူက အကြင်နာမဲ့ရက်စက်တယ်… ဒါ့အပြင် သူ့မယ်တော်ရဲ့ မျိုးနွယ်စုက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ပဲ… ဒါကြောင့် နန်းမြို့တော်မှာ သူ့ရဲ့ အဆင့်အတန်းက အရမ်းကြောင်တောင်တောင်နိုင်တယ်… သူက မနာလိုခြင်းနဲ့ သံသဝင်ခြင်းခံရတယ်… လူသားဧကရာဇ်ကတောင် သူ့ကို သဘောမကျတဲ့ပုံပဲ… အဲ့ဒါကြောင့် သူက စစ်မြေပြင်ဆီ စေလွှတ်မခံရဘဲ စွမ်းဆောင်ရည်ပြည့်ဝတဲ့ စစ်သည်တော်ဖြစ်လာမယ့်အစား နန်းမြို့တော်ထဲမှာပဲ အမြဲထိန်းသိမ်းခံထားရတယ် ”
“ ဒုတိယမင်းသားကတော့ သိုသိုသိပ်သိပ် နေထိုင်ပြီး သိမ်မွေ့ညင်သာတယ်… သူ့ရဲ့ အဖိုးက လက်ရှိ တရားဝန်ကြီးချုပ်ဖြစ်တယ်… သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လူသားဧကရာဇ်ရွှမ်ကျန်း ထီးနန်းအရိုက်အရာဆက်ခံနိုင်ဖို့အတွက် ကြိုးစားပမ်းစား ကူညီပေးခဲ့ဖူးတယ်… သူတို့ကလန်မှာ ကောင်းကင်ဘုရင်တစ်ပါး မထွက်ပေါ်လာဖူးဘူးဆိုပေမဲ့ တရားဝန်ကြီးချုပ်မိသားစုက နန်းမြို့တော်ထဲမှာ အတော်လေး ဂုဏ်သတင်းကျော်ကြားတယ် ”
“ တတိယမင်းသားက အရည်အချင်းရှိပြီး အသိဉာဏ်ကြွယ်ဝတယ်… သူ့ရဲ့ စံအိမ်ထဲမှာ အနယ်နယ်အရပ်ရပ်က ဂုဏ်သရေရှိ ဧည့်သည်တော်တွေ မျိုးနွယ်စုအသီးသီးက အရည်အချင်းထူးချွန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည့်နှက်နေတယ်… ပြီးတော့ တတိယမင်းသားက အင်ပါယာကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေတယ် ”
“ စတုတ္ထမင်းသားက မွန်မြတ်စင်ကြယ်ပြီး သိမ်မွေ့ညင်သာတယ်… သူက ကြင်နာဖော်ရွေပြီး ကူညီပေးဖို့ အမြဲတမ်း အသင့်ရှိတယ်… ညီအကိုမောင်နှမအားလုံးက သူ့ကို တလေးတစား ပြောဆိုဆက်ဆံကြတယ်… သူ့မယ်တော်ရဲ့ ကလန်က သာမန်ပဲ… ဒါပေမဲ့ သူက အထွတ်အမြတ်လခရမ်းဂိုဏ်းရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတယ်… ပြီးတော့ သူက ပရောဟိတ်ဆရာရဲ့ တပည့်ဖြစ်တယ် ”
ရွှီချင်းသည် စိတ်ထဲမှာ တွေးတောလိုက်သည်။ ထို့နောက် သူ၏ အကြည့်က အဝေးမှ ကြယ်နိမိတ်ဖတ်မျှော်စင်ပေါ်သို့ ကျရောက်သွားသည်။
ပရောဟိတ်ဆရာက လျှို့ဝှက်ဆန်းကြယ်သောကြောင့် သူ့အပေါ် အကဲဖြတ်ရန် မလွယ်ကူပေ။
“ ပဉ္စမမင်းသားက သတ္တမမင်းသားနဲ့ မယ်တော်အတူတူပဲ… ကျင့်ကြံခြင်းစွမ်းအားမှာဆိုရင် သူက မင်းသားအားလုံးထဲမှာ ပထမမင်းသားပြီးနောက် ဒုတိယအသန်မာဆုံးပဲ… သူက ရဲရင့်ပြီး တိုက်ရည်ခိုက်ရည် မြင့်မားတယ်… သူက တော်ဝင်ခမည်းတော်ရဲ့ အာရုံစိုက်မှုကို ရရှိထားတယ်… သူက ပထမကောင်းကင်ဘုရင်ရဲ့ တပည့်ဖြစ်တယ်… သူက ပထမကောင်းကင်ဘုရင်နောက်ကိုလိုက်ပြီး မီးလျှံလရဲ့ နယ်စပ်ကို စောင့်ကြပ်ပေးနေတယ်… သူက နန်းမြို့တော်ကို ပြန်လာခဲတယ် ”
“ သတ္တမမင်းသားရဲ့ ကိစ္စကြောင့် ဒီလူက အနာဂတ်မှာ ငါ့ရန်သူ ဖြစ်လာနိုင်ခြေ ရှိတယ် ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ဆက်လက် သုံးသပ်သည်။
“ ဆဌမမင်းသားကတော့ လူပေါ်ကြော့တစ်ယောက်ဖြစ်တယ်လို့ နင်ယန်ရော အန်းဟိုင်ရောက ပြောတယ်… ဒါပေမဲ့ သူ့မှာ ကြင်နာစိတ်ရှိတယ်… သူ့ရဲ့ စံအိမ်မှာ အမြဲတမ်း မိန်းကလေးတွေနဲ့ ပြည့်နှက်နေတယ်… မိန်းကလေးတိုင်းက သူ့ကို အရူးအမူး စွဲလန်းကြတယ်… အမျိုးသမီးကောင်းကင်ဘုရင်ဖြစ်တဲ့ ဘုရင်ယွဲ့လန်ကတောင် သူ့ကို သဘောကျတယ်လို့ ကောလဟာလတွေ ရှိတယ် ”
“ ပြီးတော့ သတ္တမမင်းသား… ဘုရင်ထျန်းလန်ရဲ့ သေဆုံးမှုကြောင့် သူက နန်းမြို့တော်ကို ပြန်ရောက်ပြီးနောက်ပိုင်း အပြင်သိပ်မထွက်တော့ဘူး ”
ရွှီချင်းက နှာခေါင်းရှုံ့လိုက်သည်။
“ အဌမမင်းသားက မင်းသားအားလုံးထဲမှာ အချမ်းသာဆုံးလို့ သိထားကြတယ်… သူ့မယ်တော်ရဲ့ ကလန်က အင်အားစုအသီးသီးကို ငွေကြေးထောက်ပံ့ပေးနေပြီး လူသားမျိုးနွယ်ထဲမှာ အချမ်းသာဆုံး ကုန်သည်မိသားစုဖြစ်တယ်… သူတို့ရဲ့ ငွေကြေးချမ်းသာမှုက တိုင်းပြည်တစ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်တယ် ”
“ နဝမမင်းသားက အသိဉာဏ်ကြွယ်ဝပြီး စူးစမ်းလေ့လာရတာကို စိတ်ဝင်စားတယ်… သူက အပြင်ကိစ္စတွေကို လျစ်လျူရှုထားတယ်… သူက ဖန်တီးရတာကို လုံးဝစိတ်နစ်မြှုပ်ထားတယ်… အဲ့ဒါကြောင့် လူသားဧကရာဇ်က သူ့ကို ဖန်တီးမှုနန်းတော်ဆီ စေလွှတ်ခဲ့တယ်… ဖန်တီးမှုနန်းတော်ရဲ့ အဓိကတာဝန်က… အာရုဏ်ဦးနေမင်းပဲ ”
မင်းသားတစ်ဆယ်သည်တော့ ရွှီချင်း၏ အတွေးများက ပတ်ချာလည်သွားသည်။ သို့သော်လည်း သူ၏ အာရုံစိုက်မှုက မင်းသားဆယ့်တစ်နှင့် မင်းသားဆယ့်နှစ်ထံမှာ ဖြစ်သည်။
မင်းသားဆယ့်တစ်နှင့် မင်းသားဆယ့်နှစ်သည် ညီအကိုရင်းချာများ ဖြစ်ကြသည်။ သို့သော်လည်း မင်းသားဆယ့်တစ်က သေဆုံးသွားသောကြောင့် စံအိမ်တစ်ခုလုံးမှာ နင်ယန်တစ်ယောက်တည်းသာ ကျန်ရှိခဲ့သည်။
ထိုအကြောင်းအရာအားလုံးသည် သူ၏ မယ်တော်ကြောင့် ဖြစ်သည်။
နင်းယန်၏ မယ်တော်သည် နန်းမြို့တော်ထဲမှာ တားမြစ်ချက် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် မင်းသမီးအန်းဟိုင်က သူ့အား ထိုအကြောင်းပြောပြသည့်အခါ အသံပို့လွှတ်ခြင်းကို အသုံးပြုခဲ့သည်။ သူက နင်ယန်အား မကြားစေလိုပေ။
“ နင်ယန်ရဲ့ မယ်တော်က သေမျိုးတစ်ယောက်ပဲ ”
“ သူ့မှာ ကျင့်ကြံဖို့အတွက် ပါရမီပါမလာဘူး… ဒါပေမဲ့ သူ့ရဲ့ အလှနဲ့ အရည်အချင်းက အရမ်းထူးခြားတယ်… သူက တော်ဝင်ခမည်းတော်ရဲ့ ချစ်ခင်နှစ်သက်ခြင်းခံရတယ်… သူသေဆုံးပြီးနောက်မှာ သူ့ရဲ့ ပုံတူဆေးပန်းချီက နန်းတော်ထဲမှာ ကျန်ရှိနေခဲ့တယ်… တော်ဝင်ခမည်းတော်က အဲ့ဒီဆေးပန်းချီကို ကြည့်တဲ့အခါတိုင်း ဝမ်းနည်းပူဆွေးတဲ့ အရိပ်အယောင်က သူ့ရဲ့ မျက်နှာပေါ်မှာ ထွက်ပေါ်လာတတ်တယ်… အဲ့ဒီနောက်ပိုင်း တော်ဝင်ခမည်းတော်မှာ နောက်ထပ် မျိုးဆက်မရှိတော့ဘူး… သူက နောက်ထပ် မိဖုရားမြှောက်တတ်ခြင်းကို မပြုလုပ်တော့ဘူး ”
“ နင်ယန်ရဲ့ မယ်တော်ရဲ့ သေဆုံးမှုက မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတစ်ခုပဲ… ငါတောင်မှ အသေးစိတ်မသိထားဘူး ”
ဤသည်မှာ မင်းသမီးအန်းဟိုင်ပြောခဲ့သော စကားများ ဖြစ်သည်။
ရွှီချင်းသည် မျက်တောင်ခတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် နင်ယန်၏ အဖြစ်အပျက်အားလုံး၏ ဇစ်မြစ်က သူ့မယ်တော်ကြောင့်ဖြစ်ကြောင်း ရွှီချင်း အာရုံခံမိခဲ့သည်။
သူ့မယ်တော်၏ သေဆုံးမှုနောက်ကွယ်တွင် သေချာပေါက် လျှို့ဝှက်ချက်များ ရှိရမည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းသည် သူ၏ နဖူးကို ပွတ်သပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ နေလုံးသည် တဖြည်းဖြည်း နီရဲလာပြီး နေဝင်တော့မည့်ဖြစ်သည်။ အချိန်ကိုမသိလိုက်ခင်မှာ သူက မြို့တော်ထဲမှာ လေးနာရီကြာအောင် လမ်းလျှောက်နေပြီးပြီ ဖြစ်သည်။ သူက တည်နေရာပြောင်းရွှေ့ခြင်း အစီအရင်များစွာကိုပင် ဖြတ်သန်းသွားခဲ့ပြီးပြီ ဖြစ်သည်။
မင်းသားများ၏ သတင်းအချက်အလက်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာစဉ် လူတိုင်း၏ အကြမ်းဖျဉ်းပုံစံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ကိစ္စများကို အပေါ်ယံသာကြည့်၍ မဆုံးဖြတ်သင့်ကြောင်း သူသိသည်။
မည်သို့ဖြစ်ပါစေ လူတိုင်းစီမှာ မျက်နှာဖုံးတစ်ခု ရှိသည်။ ယင်းက လူတစ်ယောက်၏ နှလုံးသားထဲမှ သဘောထားနှင့် စိတ်ခံစားချက်များမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိုသို့တွေးမိသွားသောအခါ ရွှီချင်းသည် သူ၏ မျက်နှာကို ချက်ချင်း ထိတွေ့လိုက်သည်။
“ ငါ့မှာလည်း မျက်နှာဖုံးတစ်ခု ရှိတယ်မလား ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။
မကြာခင် နေဝင်တော့မည့် နေလုံးသည် ရဲရဲတောက်နီနေသည်။ တိမ်တိုက်များသည်ပင် အနီရောင်ဖြင့် စွန်းထင်ခံလိုက်ရသည်။
နေဝင်ဆည်းဆာချိန်သည် လှပသော်လည်း တစ်ချိန်တည်းမှာ ယင်းက သွေးအနှစ်သာရကို ထုတ်လွှတ်နေသည်။ ယင်းက ရွှီချင်းကို ချီယွဲ့ထုံဂိုဏ်း၏ ကပ်ဘေးအား သူမြင်လိုက်ရသော ထိုနေ့ကို ပြန်လည်သတိရသွားစေသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်က သူ့အရှေ့မှ ရုပ်တုပေါ်သို့ ကျရောက်သွားသည်။
သူ့ကိုယ်သူမသိလိုက်ခင်မှာ သူက မြို့တော်၏ အရှေ့ပိုင်းဆီသို့ လျှောက်လာခဲ့ပြီးပြီ ဖြစ်သည်။ ဤနေရာသည် သက်တံ့လမ်းကြောင်း၏ အရှေ့ဖြစ်ပြီး ဓားကိုင်ဧကရာဇ်ရုပ်တု၏ အောက်မှာ ဖြစ်သည်။
ထိုနေရာမှာ မတ်တတ်ရပ်နေရင်း ရွှီချင်းက ရုပ်တုကို ကြည့်လိုက်သည်။ အတိတ်တုန်းက နှလုံးသားအလင်းစစ်ဆေးပွဲတွင် တစ်ဖက်လူသည် သူ့အား ဝမ်ကူးကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံထားသော နတ်ဘုရားမျက်နှာပျက်ကြီး၏ အစစ်အမှန်ခန္ဓာကိုယ်ကို ပြသပေးခဲ့သည်။
ထိုအချိန်တုန်းက အဆုံးမှာ ဓားကိုင်ဧကရာဇ် သူ့အား ပြောကြားခဲ့သော စကားကို သူပြန်အမှတ်ရသွားသည်။
အနာဂတ်မှာ ဘယ်လိုအကြောင်းကိစ္စပဲရှိလာပါစေ မင်းရဲ့ စိတ်ကို မပြောင်းလဲပစ်ဖို့ ငါမျှော်လင့်တယ်…
ရွှီချင်းက ဓားကိုင်ဧကရာဇ်၏ ရုပ်တုကို စိုက်ကြည့်နေစဉ် ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော အကြည့်များသည် ဤနေရာကို ပစ်မှတ်ထားလိုက်ကြသည်။ သူတို့က လမ်းတစ်လျှောက်တွင် ရွှီချင်းမြင်ခဲ့သော အရာများနှင့် လှုပ်ရှားမှုအားလုံးကို သူတို့၏ သက်ဆိုင်ရာဌာနများဆီသို့ အကြောင်းကြားလိုက်ကြသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားစိတ်အာရုံများက ပျံ့နှံ့ထွက်လာကြသည်။ ဌာနအများစုသည် အနီးကပ် အာရုံစိုက်နိုင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရွှီချင်း၏ ပုံရိပ်ကို ဓမ္မရတနာများပေါ်မှာ ပုံရိပ်ထင်ပေါ်လာစေသည်။
မည်သို့ဖြစ်ပါစေ ဤသည်မှာ လမ်းလျှောက်နေသော အာရုဏ်ဦးနေမင်းဖြစ်သည်။
“ ပစ်မှတ်က ဧရိယာ(ဂ)ကို ဖြတ်ကျော်သွားပြီး အဆောက်အဦး(၁၉)ရှေ့မှာ ရပ်လိုက်ပါတယ် ”
“ ပစ်မှတ်က လမ်းတွေနဲ့ မြို့တော်ရဲ့ ဖွဲ့စည်းပုံကို မှတ်သားနေတယ်လို့ ထင်ရပါတယ် ”
“ ပစ်မှတ်က တည်နေရာပြောင်းရွှေ့ခြင်းကို အသုံးပြုလိုက်ပါတယ် ”
“ ပစ်မှတ်က ဓားကိုင်ဧကရာဇ်ရဲ့ ရုပ်တုရှေ့မှာ မတ်တတ်ရပ်နေပြီး စိုက်ကြည့်နေပါတယ် ”
“ ပစ်မှတ်က ဓားကိုင်ဧကရာဇ်ကို အရိုအသေပေးနေပါတယ် ”
“ ဓားကိုင်ဧကရာဇ်ရဲ့ ရုပ်တုက… လှုပ်… လှုပ်လာပါတယ် ”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… မဟာဧကရာဇ်က နိုးထလာနေပါတယ် ”
ထိုသတင်းအချက်အလက်က အင်အားစုအသီးသီးထံသို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း ပြင်းထန်သော အားလှိုင်းအတတ်အကျများသည် နန်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဤနေရာကို အာရုံစိုက်ထားကြသည့် မရေမတွက်နိုင်သော အကြည့်များထဲမှာ အံ့ဩမှုဖြင့် ပြည့်နှက်သွားကြသည်။
အဝေးမှကြည့်လျှင် မြို့တော်၏ အရှေ့ပိုင်းမှာ မတ်တတ်ရပ်နေပြီး တိမ်တိုက်များထိ ထိုးဖောက်နေသော မဟာဧကရာဇ်၏ ဧရာမရုပ်တုသည် အသက်ဝင်လာဟန် ရသည်။ မြေပြင်ပေါ်တွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရွှီချင်းက ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။
တစ်ယောက်သည် အလွန်အမင်း ကြီးမားပြီး အခြားတစ်ယောက်သည် အလွန်အမင်း သေးငယ်သည်။ သူတို့နှစ်ယောက်ကို အချိန်ကာလက ပိုင်းခြားထားဟန် ရသည်။
ထိုစဉ် ရှေးဟောင်းအသံသည် ဟင်းလင်းပြင်ထဲမှ ပျံ့လွင့်ထွက်လာသည်။ ထိုအသံထဲမှာ ရှေးဟောင်းအငွေ့အသက်ပါရှိပြီး အချိန်ကာလ၏ လေးနက်မှုတို့ ပါရှိသည်။ ယင်းက လောကတစ်ခွင် ပဲ့တပ်ထပ်သွားလေရာ အလွန်ကျယ်ပြောပြီး အံ့ဖွယ်ကောင်းသည်။ ယင်းက ကောင်းကင်ဘုံစွမ်းအားဖြစ်ဟန် ရသည်။
“ မင်းရောက်လာပြီ ”