ဓားကိုင်ဧကရာဇ်
Vol. 74 Ch. 1155
ထိုအသံပဲ့တင်ထပ်လာသည့်အခါ နန်းမြို့တော်တစ်ခုလုံး တုန်ယင်သွားသည်။ မရေမတွက်နိုင်သော အဆောက်အဦးများက လှုပ်ခါသွားကြသည်။ နန်းမြို့တော်ထဲမှ စည်းချအစီအရင်များသည်ပင် လင်းထိန်စွာ တောက်ပလာကြသည်။ ကောင်းကင်ပေါ်တွင် သက်တံ့များသည် ကောင်းချီးမင်္ဂလာနှင့်အတူ ပေါ်ထွက်လာကြသည်။
နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးနှင့် မရေမတွက်နိုင်သော ပညာရှင်ကျင့်ကြံသူများသည် တည်ကြည်လေးနက်သွားကြသည်။ စိတ်ခံစားချက်လှိုင်းများက သူတို့၏ စိတ်ထဲမှာ ပရမ်းပတာ ထွက်ပေါ်လာကြသည်။
ယနေ့တစ်နေ့တည်းမှာ ရွှီချင်း၏ ရောက်ရှိလာမှုသည် လူအများအပြား၏ အသိစိတ်အပေါ် ကြီးမားစွာ သက်ရောက်မှုရှိခဲ့သည်။
တခြားလူများ၏ မျက်စိထဲတွင် ရွှီချင်း၏ လွှမ်းမိုးနိုင်စွမ်းသည် အံ့ဖွယ်ကောင်းသည်။ သူက ဘုရင်ထျန်းလန်ကို သေဆုံးစေခဲ့သည့်အပြင် ဒေသကြီးတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပြီး လပူဇော်ဒေသကြီးနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။ ထို့ပြင် သူ့မှာ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့သည့် ရှားပါးသော အတွေ့အကြုံလည်း ရှိသည်။
သာမန်လူများသည် ထိုထဲမှ တစ်ခုကို လုပ်ဆောင်နိုင်ရုံဖြင့် သာလွန်ထူးခြားသူဟု သတ်မှတ်ခံရလိမ့်မည်။ သို့သော်လည်း ရွှီချင်းသည်တော့ ယင်းတို့အားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် အစောကန စည်းချအစီအရင်ထဲသို့ ဝင်ရောက်သွားခဲ့စဉ်က သူ၏ လွှမ်းမိုးဖိနှိပ်သော စရိုက်လက္ခဏာကို မြင်သာအောင် ထုတ်ဖော်ပြခဲ့သည်။ အာရုဏ်ဦးနေမင်းသည် သူ့အား စောင့်ကြည့်နေသူများကို ခြိမ်းခြောက်နိုင်ခဲ့သည်။ မကြာမီ သူက မဟာဧကရာဇ်၏ ရုပ်တုကို အရိုအသေပေးလိုက်စဉ် နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်နေခဲ့သော မဟာဧကရာဇ်၏ ရုပ်တုသည် စတုတ္ထအကြိမ်မြောက် နိုးထလာသည်။
ထိုအချက်အားလုံးက ရွှီချင်းကို အာရုံစိုက်မခံရဘဲ မနေနိုင်အောင် ပြုလုပ်နေသည်။
ကျင်းကန်းဂိုဏ်းဘိုးဘေးသည်တော့ သူ၏ စိတ်ထဲမှာ စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက ဤအခိုက်အတန့်မှာ ရွှီချင်းဆီသို့ အသံမပို့လွှတ်ဝံ့သော်လည်း သူ၏ နှလုံးသားထဲမှ အားလှိုင်းအတတ်အကျများသည် မသေးငယ်ပေ။
သူဖတ်ဖူးသော ရှေးဟောင်းစာအုပ်များအရ ဇာတ်ဆောင်များသည် များသောအားဖြင့် ထိုသို့မပြုမူကြချေ။ ထုံစံအားဖြင့် သူတို့က သိုဝှက်စွာ ပြုမူနေထိုင်ကြလိမ့်မည်။ ကြောက်စရာကောင်းသော အထူးဗီလိန်များသာလျှင် ထိုသို့ကမ္ဘာတုန်ဟီးသွားစေမည့် ကိစ္စများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ကြလိမ့်မည်။
သူသည် ထိုသို့ဇာတ်ကွက်မျိုးကို ယခင်က လေ့လာကြည့်ဖူးသည်။ မည်မျှကြောက်စရာကောင်းသော ဗီလိန်မဆို ဇာတ်ဆောင်၏ ပစ်မှတ်ဖြစ်လာလိမ့်မည်။ ထို့နောက် စာရေးဆရာသည် ဗီလိန်ကို အနိုင်ယူနိုင်ရန် ဇာတ်ဆောင်အား တစ်ဆင့်ပြီးတစ်ဆင့် စွမ်းအားမြှင့်တင်ပေးလိမ့်မည်။ ထို့နောက် စာဖတ်သူသည် ယင်ကောင်တစ်ကောင်က ဆင်ကြီးတစ်ကောင်အား သတ်ဖြတ်နိုင်သော ပျော်ရွှင်မှုကို ခံစားရမိလိမ့်မည်။
‘ သခင်… သခင်ရဲ့ အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်… ’
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် နှလုံးတုန်ယင်သွားသည်။ ရွှီချင်း၏ လုပ်ဆောင်မှုသည် သူဖတ်ဖူးသော ရှေးဟောင်းစာအုပ်များထဲမှ ဇာတ်ဆောင်များနှင့် ခြားနားနေသည်ဟု သူခံစားမိသည်။
သူကိုယ်၌က ထိုသို့ဖြစ်နေလျှင် ရွှီချင်းအကြောင်းကို မသိထားကြသော နန်းမြို့တော်ထဲမှ တခြားလူများကိုတော့ ထည့်ပြောနေရန် မလိုတော့ပေ။
နန်းမြို့တော်ထဲမှ လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်ကြီးများသည် ရွှမ်ကျန်းပြက္ခဒိန်စတင်ကတည်းက တော်ရုံအရေးကိစ္စများကို မတုန်လှုပ်ခဲ့ကြပေ။ သို့သော်လည်း ယနေ့မှာ သူတို့သည် ရွှီချင်း၏ လှုပ်ရှားမှုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ထို့ပြင် ဓားကိုင်ဧကရာဇ်၏ နိုးထလာမှုသည် လူသားမျိုးနွယ်၏ သမိုင်းထဲမှာပင် မှတ်တမ်းတင်ထိုက်သော အလွန်ကြီးမားသည့် အရေးကိစ္စဖြစ်သည်။
ရှေးဟောင်းစာအုပ်များ၏ မှတ်တမ်းများအရ ဓားကိုင်ဧကရာဇ်၏ ရုပ်တုသည် အမြဲတမ်း နက်ရှိုင်းစွာ အိပ်မောကျနေခဲ့သည်။ အနယ်နယ်အရပ်ရပ်မှ ဓားကိုင်များ၏ နှလုံးသားအလင်းစစ်ဆေးပွဲမှာသာ ၎င်း၏ နတ်ဘုရားစိတ်အာရုံက ဖြန့်ကြက်ထွက်လာလိမ့်မည်။
ဤမတိုင်ခင် ဓားကိုင်ဧကရာဇ်သည် သုံးကြိမ်နိုးထခဲ့ဖူးသည်။
ပထမဆုံးအကြိမ်သည် လူသားဧကရာဇ်ဒုန်းရှန့်ခေတ်အတွင်းမှာ ဖြစ်သည်။ လူသားမျိုးနွယ်က ကြီးမားစွာ စစ်ရှုံးသွားပြီးနောက် ဓားကိုင်နန်းတော်သခင် ချန်းရှုယန်သည် သူမသေဆုံးခင် မဟာဧကရာဇ်၏ ရုပ်တုအရှေ့သို့ သွားရောက်ပြီး နိုးထလာပေးရန် တောင်းဆိုခဲ့သည်။
ထိုအချိန်မှာ ဓားကိုင်ဧကရာဇ်၏ ရုပ်တုသည် ပထမဆုံးအကြိမ် နိုးထလာခဲ့သည်။ မဟာဧကရာဇ်၏ နိုးထလာမှုကြောင့် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် ကမ္မတချို့သက်ရောက်ခံရမည်ကို စိုးရွံ့၍ လူသားမျိုးနွယ်အား အမြစ်ဖြတ်သုတ်သင်ပစ်ခြင်းကို ရပ်တန့်ခဲ့ကြသည်။
ဒုတိယအကြိမ်သည် လူသားဧကရာဇ်ကျင့်ယွင်ခေတ်အတွင်းမှာ ဖြစ်သည်။ ထိုအချိန်တုန်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက အသင်္ချေမျိုးနွယ်စုများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံနေရစဉ် ဓားကိုင်နန်းတော်သခင် ဝမ်ကန်းသည် ဓားဆွဲလျက် နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။ သူက ပြန်ရောက်မလာခဲ့ပေ။
ဓားကိုင်ဧကရာဇ်သည် ထိုနေ့မှာ ဒုတိယအကြိမ် နိုးထလာပြီး တောင်ပိုင်းသို့ စိုက်ကြည့်ကာ သက်ပြင်းချခဲ့သည်။
တတိယအကြိမ်သည် မကြာသေးမီက ဖြစ်သည်။ ယင်းက လူသားဧကရာဇ်ရွှမ်ကျန်း ထီးနန်းဆက်ခံချိန်မှာ ဖြစ်သည်။ မဟာဧကရာဇ်သည် နိုးထလာပြီးနောက် လူသားဧကရာဇ်ရွှမ်ကျန်းကို လေးနက်သော အဓိပ္ပာယ်ပါရှိသော အကြည့်၊ တင်းမာခက်ထန်သော အမူအရာနှင့် မျှော်လင့်သော မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ခဲ့သည်။
ရှေးဟောင်းစာအုပ်များထဲမှ မှတ်တမ်းများအရ မဟာဧကရာဇ်သည် အတိတ်တုန်းက လူသားဧကရာဇ်ထံသို့ အသံပို့လွှတ်ခဲ့သည်ဟု ဆိုထားသည်။ သို့သော်လည်း လူသားဧကရာဇ်မှလွဲ၍ မည်သူမှ စကားအတိအကျကို မသိထားကြပေ။ အပြင်လူများ မြင်တွေ့ခဲ့ကြသည်မှာ လူသားဧကရာဇ်သည် အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားပြီးနောက် မဟာဧကရာဇ်ကို ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ဖြင့် ဦးညွတ်ခဲ့ခြင်း ဖြစ်သည်။
ယခုသည် စတုတ္ထအကြိမ် ဖြစ်သည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အကြည့်များနှင့် နတ်ဘုရားစိတ်အာရုံများသည် အရပ်မျက်နှာအသီးသီးမှ ပျံ့နှံ့ထွက်လာကြပြီး ဤနေရာကို ချိပ်ပိတ်လိုက်ကြသည်။ ဤကိစ္စသည် မုန်တိုင်းတစ်ခုနှယ် ဒေသကြီးတစ်လျှောက် မြန်ဆန်စွာ ပျံ့ပွားသွားသည်။
အရပ်မျက်နှာအသီးသီးမှ ဆွေးနွေးသံများနှင့် အသံပို့လွှတ်မှုများသည် ဆက်လက် ပျံ့နှံ့သွားနေသည်။
ရွှီချင်း၏ သတင်းအချက်အလက်သည် နန်းမြို့တော်ထဲမှ အင်အားစုအသီးသီးဆီမှာ လျှို့ဝှက်ချက်မဟုတ်ပေ။ သို့ဖြစ်၍ နှလုံးသားအလင်းစစ်ဆေးမှုမှာ ရွှီချင်း၏ ရလဒ်ကို သူတို့သိထားကြသည်။
သို့ဖြစ်၍ မကြာမီ လူတိုင်းသည် အကျိုးအကြောင်းကို ခန့်မှန်းနိုင်သွားကြသည်။
“ ရွှီချင်းရဲ့ အကြောင်းအရာအသေးစိတ်တွေထဲမှာ အဓိကသော့ချက်တစ်ခု ရှိတယ်… သူက ရွှမ်ကျန်းပြက္ခဒိန်စတင်ကတည်းက ပေတစ်သိန်းရှည်လျားတဲ့ နှလုံးသားအလင်းတန်းကို ပထမဆုံး ရရှိခဲ့တဲ့လူပဲ… မဟာဧကရာဇ်နိုးထလာတာ အဲ့ဒီကိစ္စနဲ့ ဆက်စပ်နေရမယ် ”
နန်းတော်ထဲဝယ် သူရိန်ဖီးနစ်နန်းဆောင်၌ မင်းသမီးအန်းဟိုင်သည် ပြတင်းပေါက်နားမှာ မတ်တတ်ရပ်နေပြီး မဟာဧကရာဇ်၏ ရုပ်တုဆီသို့ ကြည့်နေသည်။ ရွှီချင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ မဟာဧကရာဇ်က သူ့အတွက် နိုးထလာတယ်… ဒီကိစ္စမှာ မဟာဧကရာဇ်က သူ့ကို ကြည့်ရှုစောင်မပေးနေတယ်လို့ ထင်ရတယ်… ဒါပေမဲ့ ဘာဖြစ်လို့ ငါ့စိတ်ထဲမှာ မဟာဧကရာဇ်က သူ့ကို တစ်ခုခု လွှဲပြောင်းပေးနေတယ်လို့ ခံစားနေရတာလဲ ”
တစ်ချိန်တည်းမှာ သတ္တမမင်းသား၏ စံအိမ်ထဲတွင် သတ္တမမင်းသားသည် မျက်လုံးမှိတ်ထားပြီး တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ အနောက်မှ ကျင့်ကြံသူဒါဇင်ခန့်သည်လည်း တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြသည်။
ထူးခြားစွာပင် စံအိမ်တစ်ခုလုံး တိတ်ဆိတ်နေသည်။ သို့သော်လည်း အနီးကပ်ကြည့်ရှုမည်ဆိုလျှင် သတ္တမမင်းသားသည် အင်္ကျီလက်ထဲမှာ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြောင်း မြင်နိုင်လိမ့်မည်။
မင်းသားတစ်ဆယ်၏ စံအိမ်လည်း ရှိသေးသည်။ မောက်မာထောင်လွှားပြီး အနိုင်ကျင့်ဗိုလ်ကျသူဟု အပြင်လူများက တွေးထင်ထားကြသော မင်းသားတစ်ဆယ်သည် သူ၏ အစေခံများရှေ့မှာ ဝုန်းဒိုင်းကြဲလိုက်ပြီး ဒေါသပုန်ထသွားသည်။ သို့သော်လည်း မည်သူမှမရှိသော နေရာဆီသို့ ရောက်ရှိသွားသည့်အခါ သူ၏ ဒေါသမျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းက စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်မှာ တခြားမင်းသားများထံတွင်လည်း မတူညီသော အတွေးကိုယ်စီ ရှိကြသည်။ သူတို့၏ အပြင်ပန်းအမူအရာများက သူတို့၏ နှလုံးသားနှင့် တစ်ထပ်တည်းကျသလား ဆိုသည်ကတော့ အပြင်လူများ မသိနိုင်ပေ။
ကောင်းကင်ဘုရင်များနှင့် ရာထူးမြင့်အရာရှိများလည်း ရှိသေးသည်။ ဥပမာ တရားဝန်ကြီးချုပ်နှင့် တခြားဝန်ကြီးများ ဖြစ်ကြသည်။ သူတို့၏ အမူအရာသည် တခြားလူများထက် အများကြီး တည်ငြိမ်သည်။ သူတို့၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မပေါ်လွင်ပေ။ သို့သော်လည်း လူအများစုသည် ဓားကိုင်ဧကရာဇ်၏ ရုပ်တုကို စိုက်ကြည့်ပြီးနောက် လေးနက်သော အဓိပ္ပာယ်နှင့်အတူ နန်းတော်ဆီသို့ အကြည့်ရွှေ့ပြောင်းသွားကြသည်။
ဧကရာဇ်ရွှမ်ကျန်း ထီးနန်းဆက်ခံချိန်မှာ မဟာဧကရာဇ်က နိုးထလာခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ရွှီချင်းက နန်းမြို့တော်ကို ရောက်ရှိလာသည့်အခါ မဟာဧကရာဇ်က နောက်တစ်ကြိမ် နိုးထလာသည်။
တော်ဝင်နန်းတော်၌ ကောင်းကင်ဘုံနန်းဆောင်ထဲဝယ် လူသားဧကရာဇ်သည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူက အပြင်သို့ မကြည့်ချေ။ ယင်းအစား သူ့အရှေ့မှ စစ်တုရင်ခုံကို စိုက်ကြည့်နေသည်။ သူက လက်ထဲမှာ အဖြူရောင်စစ်တုရင်အရုပ်ကို ကိုင်ထားပြီး စစ်တုရင်ခုံပေါ်မှာ ညင်သာစွာ နေရာချလိုက်သည်။
“ အရှင်မင်းကြီးရဲ့ မေးခွန်းကို ငါဖြေပြီးပါပြီ… ဒါပေမဲ့ အတိတ်မှာ အရှင်မင်းကြီး ထီးနန်းဆက်ခံခဲ့ချိန်တုန်းက ဓားကိုင်ဧကရာဇ် ဘာပြောခဲ့လဲဆိုတာ ငါ့ကို မပြောရသေးပါဘူး ”
စစ်တုရင်ခုံ၏ အခြားတစ်ဖက်တွင် ပရောဟိတ်ဆရာသည် ပြုံးထားပြီး လက်ထဲမှာ အနက်ရောင်စစ်တုရင်အရုပ်ကို ကိုင်ထားသည်။
လူသားဧကရာဇ်သည် ခေါင်းမော့လိုက်ပြီး ပရောဟိတ်ဆရာကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ အတိတ်မှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူနောင်တရတယ်လို့ မဟာဧကရာဇ်က ငါ့ကို ပြောတယ်… တကယ်လို့ ငါဘဝတစ်လျှောက်မှာ သူနဲ့ တွေ့ဆုံနိုင်မယ်ဆိုရင် ဧကရာဇ်ကျင့်ယွင်ယူဆောင်သွားခဲ့တဲ့ သူ့ရဲ့ အရိုးခေါင်းကို ပြန်ပေးရမယ်လို့ မှာကြားသွားခဲ့တယ် ”
“ အဲ့ဒါကို မင်းရပြီးပြီမလား ”
လူသားဧကရာဇ်က သာမန်ကာလျှံကာ စကားပြောလိုက်သော်လည်း သူ၏ စကားထဲမှာ လေးနက်သော အဓိပ္ပာယ်ပါရှိသည်။
ပရောဟိတ်ဆရာသည် နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် အပြုံးက သူ၏ မျက်နှာပေါ်မှာ ထပ်မံထွက်ပေါ်လာသည်။
“ ဒီဘဝမှာ အရှင်မင်းကြီးလိုလူမျိုးနဲ့ တွေ့ဆုံရတဲ့အတွက် ငါ့ဘဝက လုံးဝအထီးကျန်တော့မှာ မဟုတ်ပါဘူး ”
လူသားဧကရာဇ်သည် သူ့ကို လျစ်လျူရှုထားပြီး အဖြူရောင်စစ်တုရင်အရုပ်တစ်ခုကို ကောက်ယူလိုက်သည်။ သူက ယင်းကို စစ်တုရင်ခုံပေါ်မှာ နေရာချတော့မည့်အချိန် ကျယ်ပြောလှသော အသံသည် နန်းမြို့တော်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ မိတ်ဆွေလေး… ဓားကိုင်နန်းတော်ဆီ လာခဲ့ပါ… အဲ့ဒီမှာ ငါမင်းကို စောင့်နေမယ် ”
ထိုအသံ ပဲ့တင်ထပ်လာသည့်အခိုက် စစ်တုရင်အရုပ်ကို ကိုင်ထားသော လူသားဧကရာဇ်၏ လက်သည် လေထဲမှာ ရပ်တန့်သွားသည်။ သူက ဖြည်းညင်းစွာ ခေါင်းမော့လိုက်သည်။
သူ၏ အရှေ့မှ ပရောဟိတ်ဆရာက ခေါင်းကို ဘေးဘက်သို့ လှည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
နန်းမြို့တော်ထဲမှ ပညာရှင်ကျင့်ကြံသူများနှင့် သက်ရှိအားလုံး၏ နှလုံးသားများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ဤသည်မှာ ဓားကိုင်ဧကရာဇ်၏ အသံဖြစ်သည်။ မဟာဧကရာဇ်နိုးထလာခြင်းနှင့် မဟာဧကရာဇ်က ဆင့်ခေါ်ခြင်းသည် အဓိပ္ပာယ်မတူညီပေ။ ယင်းတို့၏ အနှစ်သာရက ကွဲပြားခြားနားသည်။
အထူးသဖြင့် ဓားကိုင်နန်းတော်ဖြစ်သည်။ ဤအခိုက်အတန့်မှာ ဓားကိုင်နန်းတော်သခင်မှစ၍ နန်းမြို့တော်ထဲမှာရှိသော ဓားကိုင်အားလုံးသည် အမူအရာ ပြောင်းလဲသွားကြသည်။
ဓားကိုင်ဧကရာဇ်၏ ရုပ်တုအောက်မှာ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး မဟာဧကရာဇ်၏ ရုပ်တုကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော လှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ထပ်မံ ဦးညွတ်လိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ဓားကိုင်နန်းတော်၏ ဦးတည်ရာဆီသို့ လျှောက်သွားသည်။
ရွှီချင်းသည် အစောနက မြို့တော်ကို လျှောက်ပတ်ကြည့်ရှုခဲ့စဉ် ဓားကိုင်နန်းတော်ကို မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ဓားကိုင်နန်းတော်၏ တည်နေရာကို သူသိထားသည်။ လမ်းတစ်လျှောက်တွင် ဓားကိုင်ထားလျက် ကင်းလှည့်နေကြသော ဓားကိုင်များသည် ရွှီချင်းကို မြင်တွေ့သွားပြီးနောက် သူ့ကို ရိုသေလေးစားစွာ လမ်းပြပေးလိုက်ကြသည်။
ရွှီချင်းသည်လည်း ဓားကိုင်တစ်ယောက် ဖြစ်သည်။
ထိုသို့ဖြင့် သူက အရှေ့သို့ ဆက်လျှောက်သွားသည်။ နှစ်နာရီကြာပြီးနောက် ထူးခြားသော အဆောက်အဦးတစ်ခုသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယင်းက နန်းတော်များစုဝေးနေသော ဧရိယာတစ်ခု ဖြစ်သည်။ အလုံးစုံခြုံငုံကြည့်လျှင် ယင်းတို့က ဧရာမဓားနှစ်လက်နှင့် ဆင်တူသည်။
ဓားတစ်လက်သည် မြေပြင်ပေါ်မှာ လဲကျနေသည်။ တခြားဓားတစ်လက်သည် ထောင်မတ်နေပြီး ၎င်း၏ ထိပ်ဖျားက မြေကြီးထဲသို့ စိုက်ဝင်နေသည်။
ဧရိယာသည် အလွန်ကျယ်ဝန်းသည်။ ယင်းက လူသန်းပေါင်းများစွာ နေထိုင်နိုင်ရန် ဝင်ဆံ့သည်။ ဤသည်မှာ လူသားမျိုးနွယ်ပိုင် နယ်မြေများအတွင်းရှိ ဓားကိုင်ရုံးတော်များ၏ ဌာနချုပ်ဖြစ်သော ဓားကိုင်နန်းတော်ဖြစ်သည်။ ထို့ပြင် ဓားကိုင်နန်းတော်သည် အထက်ရွှမ်နန်းတော်ငါးခုထဲမှ တစ်ခုဖြစ်သည်။
ရွှီချင်းရောက်ရှိလာသည့်အခါ ဓားကိုင်နန်းတော်၏ အပြင်ဘက်တွင် ဓားကိုင်အများအပြားသည် မတ်တတ်ရပ်နေကြပြီး စောင့်ဆိုင်းနေကြသည်။ ဤမျိုးဆက်၏ လက်ရှိဓားကိုင်နန်းတော်သခင်ဖြစ်ပြီး ကောင်းကင်ဘုရင်များအနက် တစ်ပါးအပါအဝင်ဖြစ်သည့် ကျိုးဟမ့်ကျစ်သည်လည်း အပြင်မှာ မတ်တတ်ရပ်နေသည်။
ဓားကိုင်နန်းတော်သည် အမြဲတမ်း စည်းကမ်းတင်းကျပ်သော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် မဟာဧကရာဇ်၏ ဆင့်ခေါ်ခြင်းကို ကြားပြီးနောက် မည်သူမှ မပေါ့ဆဝံ့ကြချေ။
လူအုပ်ကြားထဲမှာ ရွှီချင်းသည် ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်သွားသည်။ ထိုသူသည် အတိတ်တွင် သတ္တမမင်းသား၏ ဂုဏ်ပြုပွဲအခမ်းအနားကို တတ်ရောက်လာခဲ့သော ဟွမ်ခွန်းဖြစ်သည်။ ထိုစဉ်က သတ္တမမင်းသားသည် ဟွမ်ခွန်း၏ မိသားစုထဲမှ ဘိုးဘေးက ဓားကိုင်နန်းတော်၏ စီမံခန့်ခွဲရေးမှူးချုပ်တစ်ဦးဖြစ်သည်ဟု သူ့အား မိတ်ဆက်ပေးခဲ့သည်။
ဤအခိုက်အတန့်မှာ ဟွမ်ခွန်း၏ နှလုံးသည် ပရမ်းပတာ ခုန်ပေါက်နေသည်။ ရွှီချင်းကို ယခင်က မြင်ဖူးထားသော နန်းမြို့တော်ထဲရှိ လူအနည်းစုထဲမှ တစ်ယောက်အနေဖြင့် သူထွက်သွားပြီးနောက် သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ ဖြစ်ပျက်ခဲ့သော ကိစ္စများသည် ယုံကြည်နိုင်ရန် အလွန်ခဲယဉ်းသည်။
အထူးသဖြင့် မဟာဧကရာဇ်၏ နိုးထလာမှုနှင့် နန်းတော်တစ်ခုလုံး၏ တည်ကြည်လေးနက်မှုကို မြင်တွေ့သွားသောအခါ ဖြစ်သည်။ ယင်းက သူ့အား ကြီးမားသော ကွာခြားမှုကို ခံစားမိစေသည်။
အတိတ်တွင် ဂုဏ်ပြုပွဲအခမ်းအနားမှာ လူတိုင်းနှင့် အတူတကွ သူထိုင်ခဲ့စဉ်က သူ၏ နှလုံးသားထဲမှာ မောက်မာထောင်လွှားမှု ရှိခဲ့သည်။ မည်သို့ဖြစ်ပါစေ ထိုစဉ်က ရွှီချင်းသည် သူ၏ အမြင်မှာ နယ်စွန်နယ်ဖျားအရပ်ဒေသမှ ဓားကိုင်တစ်ယောက်မျှသာ ဖြစ်သည်။ ဖုန်းဟိုင်ဒေသငယ်မှာ သူ၏ အဆင့်အတန်းက ထူးခြားသော်လည်း ယင်းက သူ့အတွက် ဘာမှမထူးခြားပေ။
တစ်ဖက်လူက အနာဂတ်မှာ အမြင့်ပေါ်သို့ အမှန်တကယ် ပျံသန်းနိုင်မည်လော မသေချာပေ။
သို့သော်လည်း ယခုတော့…
ဟွမ်ခွန်းသည် သူ၏ ဘေးမှ ရဲဘော်ရဲဘက်များကို ကြည့်လိုက်ပြီး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ယခုတော့ သူက မရေမတွက်နိုင်သော လူများနှင့်အတူ အပြင်ထွက်၍ မတ်တတ်ရပ်နေရပြီး အဝေးမှ လျှောက်လှမ်းလာနေသော ပုံရိပ်ကို ငေးကြည့်နေရသည်။
ရွှီချင်းသည် ဟွမ်ခွန်း၏ စိတ်ခံစားချက်ကို သတိမထားမိပေ။ ဤအခိုက်အတန့်မှာ သူ၏ စိတ်ခံစားချက်များက မတည်ငြိမ်ပေ။ သူက စိတ်တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားထားသော်လည်း ဓားကိုင်ဧကရာဇ်အပေါ် ရိုသေကြောက်ရွံ့မှုသည် အလွန်အမင်း ကြီးမားသည်။
ထို့ကြောင့် သူက ဓားကိုင်နန်းတော်၏ အပြင်ဘက်မှာ ဓားကိုင်အများအပြားကို မြင်တွေ့သွားသောအခါ ရွှိချင်း၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက အစိမ်းရောင်ဝတ်စုံကို ဖယ်ရှားလိုက်ကာ ဓားကိုင်၏ တာအိုဝတ်စုံကို သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ဝတ်ဆင်လိုက်သည်။
ရွှီချင်းက အဖြူရောင်တာအိုဝတ်စုံကို ပြောင်းဝတ်လိုက်သောအခါ ဘေးပတ်ဝန်းကျင်မှာ မတ်တတ်ရပ်နေကြသော ဓားကိုင်များနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။
ဓားကိုင်များ၏ အကြည့်သည် အနည်းငယ် ပြောင်းလဲသွားကြသည်။ ဓားကိုင်နန်းတော်သခင်နှင့် ဓားကိုင်နန်းတော်ထဲမှ ရာထူးမြင့်ပုဂ္ဂိုလ်များသည်ပင် ခေါင်းညိတ်လိုက်ကြသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ ဓားကိုင်များ၏ အကြည့်အောက်မှာ သူက နန်းတော်၏ အရှေ့သို့ ရောက်ရှိသွားပြီး ဓားကိုင်နန်းတော်သခင်ကို လေးနက်သော အမူအရာဖြင့် အရိုအသေပေးလိုက်သည်။
“ မဟာဧကရာဇ်ရဲ့ ဆင့်ခေါ်မှုကြောင့် ဓားကိုင်ရွှီချင်းက အခစားဝင်ဖို့ ရောက်ရှိလာပါတယ် ”
ဓားကိုင်နန်းတော်သခင် ကျိုးဟမ့်ကျစ်သည် သက်လတ်ပိုင်းအမျိုးသားဖြစ်သည်။ သူက ရွှီချင်းကို တည်ကြည်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ အထဲဝင်သွားပါ ”
ထိုသို့ပြောပြီးနောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သူ့အနောက်မှ နန်းတော်၏ ဂိတ်တံခါးသည် ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝဲကတော့ထဲမှာ ပျံဝဲတည်ရှိနေသော ဓားချီသည် ဓားကိုင်အားလုံးထံမှ အင်ပါယာဓားများကို လှုံ့ဆော်လိုက်သည်။
ဝဲကတော့ဆီသို့ လျှောက်သွားနေရင်း ရွှီချင်း၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ ဝဲကတော့ထဲသို့ ခြေချလိုက်သည့်အခိုက် သူက နန်းတော်၏ အဝင်ဝမှာ ပြန်ပေါ်မလာပေ။ ယင်းအစား သူက ဓားကိုင်နန်းတော်၏ တားမြစ်ဧရိယာဖြစ်သော ထိပ်တန်းအဆင့် လျှို့ဝှက်နယ်မြေတစ်ခုထဲသို့ ရောက်ရှိသွားသည်။
ထိုနယ်မြေထဲတွင် ရိုးရှင်းသော အသွင်ပုံသဏ္ဍာန်ရှိသည့် ဂူတစ်လုံးရှိသည်။ ဂူထဲတွင် ယဇ်ပလ္လင်တစ်ခုရှိပြီး ယင်းအပေါ်တွင် ပိန်ခြောက်ကပ်နေသော လူတစ်ယောက်က ထိုင်နေသည်။
ထိုလူသည် အရွယ်အိုမင်းနေပြီး ခန္ဓာကိုယ်က ပိန်ခြောက်ကပ်နေလေရာ အလောင်းခြောက်တစ်ခုနှင့် ပိုပြီးဆင်တူသည်။ ထို့ပြင် ယိုယွင်းပျက်စီးသော အငွေ့အသက်ကို ပြင်းထန်စွာ ထုတ်လွှတ်နေသည်။ ထိုလူ၏ နှလုံးနေရာသည်သာ ရံဖန်ရံခါ လှုပ်ရှားသွားပြီး အသက်ဓာတ်ရှိသော လက္ခဏာကို ဖော်ပြသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များရှိပြီး ထိတ်လန့်ချောက်ချားဖွယ်ကောင်းသည်။
ထိုဒဏ်ရာများသည် လူသားမျိုးနွယ်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ကာကွယ်ပေးပြီးနောက် ကျန်ရစ်ခဲ့သော အမှတ်အသားများသာ ဖြစ်ပေသည်။
ဒဏ်ရာတစ်ခုစီမှ နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ထိုဒဏ်ရာအားလုံးသည် နတ်ဘုရားများနှင့် တိုက်ခိုက်ပြီးနောက် ရရှိလာခဲ့ခြင်း ဖြစ်သည်။
သူက ဓားကိုင်ဧကရာဇ်၏ ကိုယ်ပွားဖြစ်ပြီး လူသားမျိုးနွယ်၏ နောက်ဆုံးမဟာဧကရာဇ် ဖြစ်သည်။ သူက လူသားမျိုးနွယ်ကို ကာကွယ်ပေးရန်အတွက် ရှေးဘုရင်ရွှမ်ယုံနှင့်အတူ မထွက်သွားခဲ့သော တစ်ဦးတည်းကျန်ရစ်နေခဲ့သည့် မဟာဧကရာဇ်ဖြစ်သည်။
မဟာဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်သွားပြီးနောက် ရွှီချင်း၏ နှလုံးသားထဲမှ ရိုသေလေးစားမှုသည် ပိုပြီးအားကောင်းလာသည်။ သူက မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလိုက်သည်။
မဟာဧကရာဇ်၏ မှိတ်ထားသော မျက်လုံးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။