← Chapters

အင်အားကွာဟမှု

Vol. 47 Ch. 691

အင်အားကွာဟမှု

Vol. 47 Ch. 691

"မင်းက ငါ့ကိုလှောင်တာလား.. သွားသေလိုက်တော့"

ဥက္ကဌပိုင်က တစ်ကိုယ်လုံးတွင် ပြန့်ကျဲနေသော စွမ်းအားများကို စုစည်း၍ ရှေးဦးကမ္ဘာ့လက်ဝါးဖြင့် ဝမ်လင်းကို တိုက်ခိုက်လိုက်သည်။

သို့သော် ဤတစ်ခေါက်တွင် ဝမ်လင်းက မရှောင်တိမ်းခဲ့ပေ။

"ဝုန်း"

ဥက္ကဌပိုင်၏ လက်ဝါးက ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိမိသည်နှင့် ဥက္ကဌပိုင်ကသာ အဝေးသို့ လွင့်စင်သွားခဲ့သည်။

"ဝေါ့"

ဥက္ကဌပိုင်က ပါးစပ်ကနေ သွေးများအန်ထုတ်လိုက်ရသည်။

ဤလူငယ်လေး၏ ခွန်အားက အလွန်ပင် ကြောက်စရာကောင်းသည်။

ဥက္ကဌပိုင်က သွေးများစီးကျနေသောလက်ကို ပြန်လည်ကုသလိုက်ရာ ချက်ချင်း ပြန်လည်သက်သာလာခဲ့သည်။

သူက မိမိကိုယ်ကို ပြန်လည်ကုသနိုင်စွမ်း အလွန်ကောင်းမွန်သောကြောင့် မည်သည့်ဒဏ်ရာကိုမှ ကြောက်ရွံခြင်းမရှိပေ။

သို့သော် သူ့ရှေ့မှ ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

သူကျွမ်းကျင်သော နည်းစနစ်အားလုံးတွင် ရှေးဦးကမ္ဘာ့လက်ဝါးနည်းစနစ်သည် တတိယနေရာတွင် ရှိသည်။

ကြီးမားသောနေရာလွတ်ကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားရှိသည့် ဤနည်းစနစ်သည် ဤလူငယ်လေးကို အမှန်တကယ်ထိခိုက်ဒဏ်ရာရစေခြင်း မရှိခဲ့သောကြောင့် သူက မယုံနိုင်ဖြစ်နေခဲ့သည်။

“ငါ့ရဲ့လက်ဝါးနည်းစနစ်က ဘာလို့ သက်ရောက်မှု မရှိရတာလဲ.. ဒါလုံးဝမဖြစ်နိုင်ဘူး”

ထိုအချိန်တွငိ ဥက္ကဌပိုင်သည် အစောပိုင်းတွင် ဝမ်လင်းပြောခဲ့သည့် စကားကို အလေးအနက် စဥ်းစားမိခဲ့သည်။

“အနန္တတန်ခိုးရှင်က အိမ်စာလုပ်ဖို့ လိုအပ်လို့လား”

ရုတ်တရက် ဆိုသလို ဥက္ကဌပိုင်က စိတ်များ နောက်ကျိသွားသလို ခံစားလိုက်ရသည်။

သူ၏ တိုက်ခိုက်မှုကို တစ်ဖက်လူက အနည်းငယ်မျှပင် ဒဏ်ရာမရရှိခဲ့သည်ကို မယုံကြည်နိုင် ဖြစ်နေသည်။

ဆိုရလျှင် သူ၏ရှေးဦးကမ္ဘာ့လက်ဖဝါးသည် အလွန်ဖျက်ဆီးနိုင်သောစွမ်းအား ရှိသည်။

လူတစ်ဦး၏ ပြန်လည်နလန်ထနိုင်စွမ်းက မည်မျှပင်ကြောက်မက်ဖွယ် ကောင်းနေပါစေ အချိန်တိုအတွင်း သူ၏ နည်းစနစ်ကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာများမှ လုံးဝ ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။

ဤသည်မှာကြီးမားသောပျက်စီးမှုအခြေအနေထက် ပိုမို၍ကြောက်စရာကောင်းသောဒဏ်ရာအမျိုးအစားဖြစ်သည်။

ဥက္ကဌပိုင်က ညသရဲဝိညာဉ်အင်ပါယာနှင့် အငှားအပေးအယူအောင်မြင်ခဲ့ပြီး သူ၏ခွန်အားကို ပကတိအင်မော်တယ် အဆင့်အထိ အချိန်တိုအတွင်း မြှင့်တင်နိုင်ရန်အတွက် သူ၏ သက်တမ်းကိုပင် လဲလှယ်ခဲ့ရသည်။

ယခု သူ၏လက်ဖဝါးတွင် ခွန်အားရာနှုန်းပြည့် မပါဝင်ခဲ့သော်လည်း တစ်ဖက်သားကို မထိခိုက်ခဲ့သည်မှာ ယုံနိုင်စရာပင်မရှိပေ။

ဤကမ္ဘာတွင် ပကတိအင်မော်တယ်ထက် အစွမ်းထက်သော တစ်စုံတစ်ယောက် တည်ရှိနေသည်မှာ ဖြစ်နိုင်ပါသလော။

ဒဏ္ဍာရီများထဲတွင် အင်မော်တယ်ကျန်းရွမ်က အင်မော်တယ်အရှင်မြတ်အဆင့်သို့ ရောက်ရှိခဲ့သည်ဟု ဆိုကြသည်။

သို့ရာတွင် လူတော်တော်များများသည် ကျန်းရွမ်ကို မမြင်ဖူးကြပေ။

ဥက္ကဌပိုင်က စိတ်မောလာသောကြောင့် အသက်ရှူသံများပင်ပြင်းထန်လာသည်။

ဤကဲ့သို့ အခြေအနေမျိုးမှာပင် သူက သူ၏ရှုံးနိမ့်မှုကို ဝန်ခံမည့် အရိပ်အယောင် လုံးဝမပြသခဲ့ပေ။

ထိုအချင်းအရာကိုမြင်လျှင် ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

တစ်ခါတရံတွင် လူသားများသည် အခြားလူများနှင့် မိမိကြားကွာဟချက်ကို အသိအမှတ်ပြုရန်မှာ အလွန်ပင်ခက်ခဲသည်။

လူတစ်ဦး၏ စစ်မှန်သောခွန်အားကို စိတ်နှလုံးထဲမှ အသိအမှတ်ပြုရန်မှာ စင်စစ် မလွယ်ကူပေ။

တစ်နည်းဆိုရလျှင် အသိအမှတ်ပြုရန် ဉာဏ်မမှီသည်လည်း ဖြစ်နိုင်ပေသည်။

ဥက္ကဌပိုင်က ထိုသို့သောလူစားမှန်း သိသာနေသည်။

လူတစ်ယောက်အဖို့ သူတို့ကိုယ်သူတို့ နားလည်ရန်အချိန် လိုအပ်သည် မဟုတ်ပါလော။

ဝမ်လင်းက ဥက္ကဌပိုင်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

သူ၏ ယခင်ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် ဥက္ကဌပိုင်သည် အနည်းငယ် ထူးခြားကြောင်းကိုမူ သူဝန်ခံရပေမည်။

သူက ဝမ်လင်း၏ လက်ဝါးရိုက်ချက်ကို ခံနိုင်ရည်ရှိပြီး ချက်ချင်းပင် ပြန်လည် ကောင်းမွန်လာခဲ့သည်။

မိစ္ဆာဓားနတ်ဘုရားနှင့် မိစ္ဆာအင်ပါယာကွာဖီတို့ပင် မိမိကိုယ်ကို ကုသနိုင်စွမ်း၌ ဥက္ကဌပိုင်ကို မှီမည်ဟု သူမထင်ပေ။

တစ်နည်းဆိုရလျှင် ဝမ်လင်း၏ လက်ဝါးရိုက်ချက်က အနည်းငယ် ပိုပြင်းထန်လျှင်ပင် ဥက္ကဌပိုင်သည် လွယ်လင့်တကူ သေလိမ့်မည် မဟုတ်ပေ။

အမှန်စင်စစ် ဝမ်လင်းသည် တိုက်ပွဲအတွင်း သူ၏ လက်များကို ချုပ်တီးထားရသလို ခံစားမိသောကြောင့် ယခင်တိုက်ပွဲများတွင် အတော်လေး စိတ်ဓာတ်ကျခဲ့ရသည်။

ဝမ်လင်း၏ ပထမဆုံးရွေးချယ်မှုမှာ ဥပဒေကို လိုက်နာရန်ဖြစ်သည်။

တရားဥပဒေ စိုးမိုးသောခေတ်တွင် အရာအားလုံးကိုသတ်ဖြတ်၍ ဖြေရှင်းလိုက်ပါက ထိုမျိုးဆက်သည် မအောင်မြင်ကြောင်း သက်သေပြနေသလိုဖြစ်နေလိမ့်မည်မဟုတ်လော။

စည်းမျဉ်းစည်းကမ်းများဆိုသည်မှာ လိုအပ်၍ ချမှတ်ထားခြင်းဖြစ်သောကြောင့် လူသားတိုင်း လိုက်နာသင့်ပေသည်။

ပွင့်လင်းစွာပြောရလျှင် ဝမ်လင်းက သူ့ကိုယ်သူ ငယ်ရွယ်သေးသည်ဟု ခံစားရပြီး သူ့လက်များကို သွေးမစွန်းချင်ခဲ့ပေ။

ထို့နောက် ဝမ်လင်းက သက်ပြင်းချလိုက်ကာ ဥက္ကဌပိုင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

ဝမ်လင်း ပထမဆုံးခြေလှမ်းကို စတင်လိုက်သည့်အခါတွင် ဥက္ကဌပိုင်သည် ဧရာမတောင်တစ်လုံး သူ၏ ပုခုံးထက်သို့တိုက်ရိုက် ပြုတ်ကျလာသည့်နှယ် ကြီးမားသောဖိအားကို ခံစားမိနေပြီ ဖြစ်သည်။

ဤလူငယ်လေး၏ အသွင်အပြင်က လုံးဝ ပြောင်းလဲသွားပြီး ခွန်အားကလည်း အဆပေါင်းများစွာ သိသိသာသာ တိုးတက်လာခဲ့သည်။

ဤသည်က ပထမခြေလှမ်းသာ ရှိသေးသော်လည်း ဥက္ကဌပိုင်၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး ချွေးများက ရွှဲစိုနေပြီဖြစ်သည်။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

ဥက္ကဌပိုင်တစ်ယောက် ရူးသွပ်စွာ ကြောက်ရွံ့နေသော အခိုက်တွင် ဝမ်လင်းက သူ၏ ဒုတိယခြေလှမ်းကို စလှမ်းနေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဤမှော်ရတနာ၏ နေရာလွတ် အတွင်းပိုင်း တစ်ခုလုံးသည် အော်ရာ အတက်အကျများဖြင့် လှုပ်လှုပ်ခပ်ခပ် ဖြစ်နေတော့သည်။

ဤအရာသည် ဝူကျီထီး၏ စွမ်းအားဖြင့် ဥက္ကဌပိုင် တည်ထောင်ခဲ့သော ပြင်ပကမ္ဘာနှင့် လုံးဝ ကင်းကွာနေသည့် လွတ်လပ်သော ကမ္ဘာတစ်ခုဖြစ်သည်။

ပုံမှန်အားဖြင့် နေရာလွတ်တစ်ခုလုံး၏ ဖွဲ့စည်းပုံသည် အလွန်ပင် တည်ငြိမ်မှု ရှိသည်။

သို့ရာတွင် ဝမ်လင်း၏ ဒုတိယခြေလှမ်းသည် ဤနေရာလွတ် တစ်ခုလုံးကို တိုက်ရိုက် ထိခိုက်သွားစေခဲ့သည်။

အက်ကွဲကြောင်းများက ဒိုမီနို အကျိုးသက်ရောက်မှုများကဲ့သို့ ဆင့်ကဲဆင့်ကဲ အက်ကွဲသွားသည်။

ပြင်းထန်သောနေရာလွတ် လေထုကလည်း အက်ကြောင်းအကွဲအပြဲများ တစ်လျှောက် လှည့်ပတ်ကာ နေရာလွတ်ကို အဆုံးမရှိ ခွဲထုတ်ပစ်လိုက်သည်။

ခြေလှမ်းတစ်လှမ်းတည်းဖြင့် နေရာလွတ် ကမ္ဘာတစ်ခုကို တိုက်ရိုက်ဖျက်ဆီးခြင်း..

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

ဤကြီးမားလှသော စွမ်းအားက နေရာလွတ်ကို ခွဲထုတ်လိုက်ခြင်းနှင့်အတူ ဥက္ကဌပိုင်၏ အခြေအနေသည် ထိန်းချုပ်မှုပြင်ပသို့ ရောက်သွားပြီဟုပင် ဆိုရမည်။

ယခုအခါတွင် ဥက္ကဌပိုင်သည် မြစ်ကိုဖြတ်ကူးရင်း သူ့ကိုယ်သူ မကယ်တင်နိုင်သည့် ရွှံ့စေးဘုရားနှင့် ဆင်တူနေ၏။

အာကာပြင်ကို ဖြိုခွဲလိုက်သောစွမ်းအားသည် အလွန်ကြောက်စရာ ကောင်းလွန်းပြီး သူ့ပတ်ဝန်းကျင်တွင် အက်ကြောင်းများပိုမိုပေါ်လာကာ သူ၏ခန္ဓာကိုယ်ကိုပါ ထိခိုက်စေခဲ့သည်။

“မင်းရူးနေလား ကောင်လေး.. မင်းဒီလိုလုပ်ရင် မင်းလည်းသေလိမ့်မယ်”

ဥက္ကဌပိုင်က ဝမ်လင်းကို ပြောလိုက်သည်။

ဤလူငယ်လေးက အာကာပြင် ဖျက်ဆီးသည့်နည်းစနစ်ကို ချက်ချင်း အသုံးပြုမည်ဟု သူနားမလည်နိုင်ခဲ့ပေ။

ဤနေရာသည် ဝူကျီထီးကို အသုံးပြု၍ သူတည်ထောင်ခဲ့သော လွတ်လပ်သည့်နေရာတစ်ခု ဖြစ်သည်။

ဆက်လက်၍ ပျက်စီးနေလျှင် နောက်ဆုံး၌ တိုက်ရိုက်ပေါက်ကွဲကာ သူတို့နှစ်ဦးစလုံး ကိစ္စချောသွားပေလိမ့်မည်။

ထိုအချိန်သို့ရောက်လျှင် ၎င်းတို့က မသေနိုင်သော်လည်း အာကာပြင်ထဲတွင် လွင့်မျောနေသော အသားဖတ်များ အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး ၎င်းတို့၏ မူလကမ္ဘာသို့ ပြန်သွားနိုင်ကြတော့မည် မဟုတ်ပေ။

“မင်းက ငါနဲ့အတူသေချင်လို့ ဒီနည်းစနစ်ကို အသုံးပြုခဲ့တာလား”

ဥက္ကဌပိုင်က အေးစက်သောချွေးစေးများ ထွက်လာသည်။

သူ၏ အသားအရေကလည်း ဖြူဖျော့နေခဲ့သည်။

ထိုအချိန်တွင် ဝမ်လင်းက တတိယခြေလှမ်းအား လှမ်းလိုက်သည်ကို သူမြင်လိုက်ရသည်။

နေရာလွတ်ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော အာကာပြင် အကွဲအပြဲများရှိနေပြီး အားလုံးမှာ ပြိုကျလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်တွင် ဝမ်လင်းက သူ့လက်ကိုမြှောက်လိုက်ရာ အာကာပြင်အကွဲများက သန်းပေါင်းများစွာသော မြွေပွေးများ အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး ဥက္ကဌပိုင်ကို ကိုက်ရန် ရှေ့သို့ တိုးထွက်လာကြသည်။

ထိုအချိန်တွင် ဥက္ကဌပိုင်က နားလည် သဘောပေါက်သွားပြီဖြစ်သည်။

ထိုလူငယ်လေးတွင် သူနှင့်အတူ အသေခံမည့် ရည်ရွယ်ချက် လုံးဝမရှိချေ။

“သေရတော့မှာလား”

ဥက္ကဌပိုင်က စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။

ထိုအချိန်မှာပင် ဝမ်လင်းက လက်ကို အနည်းငယ်မြှောက်လိုက်ရာ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

“ဘာလဲဟ”

ဤနည်းစနစ်ကြောင့် ဥက္ကဌပိုင်က အံ့အားသင့်သွားသည်။

“အာကာပြင်ကို ဖြိုခွဲပြီး အလိုအလျောက် ပြုပြင်တဲ့နည်းစနစ်လား.. ဒါက ဒီလူငယ်ရဲ့ ခွန်အားအစစ်လား”

“ပြီးပြီလို့မထင်နဲ့ဦး”

ထိုအချိန်မှာပင် ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ထိုနောက် သူက ဥက္ကဌပိုင်၏ မျက်လုံးကို စိုက်ကြည့်၍ သူ၏ ကျောင်းအင်္ကျီဇစ်ကို ဆွဲချလိုက်သည်။

ဥက္ကဌပိုင်က ဤလုပ်ရပ်၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားမလည်သော်လည်း ချာတိတ်လေးက အင်္ကျီကို ဆွဲလှန်လိုက်ပြီး လက်မောင်းနေရာမှ တစ်စုံတစ်ရာအား ခွာထုတ်နေသည်ကို တွေ့လိုက်ရသည်။

“ကောင်းကင်မျက်လုံး”

ဥက္ကဌပိုင်က ဝမ်လင်း၏လုပ်ရပ်ကို ထင်ထင်ရှားရှားမြင်နိုင်ရန်အတွက် သူ၏ ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သည်။

အဆုံးသတ်တွင် ဤလူငယ်၏ လက်မောင်း၌ စည်းတံဆိပ် အဆောင်လက်ဖွဲ့ တစ်ခု ကပ်ထားသည်ကို သူသဘောပေါက်လိုက်သည်။

ထိုလူငယ်လေးက စည်းတံဆိပ် အဆောင်လက်ဖွဲ့စာရွက်ကို တစ်ဝက်တိတိ ခွာလိုက်သည်။

အပိုင်း(၆၉၁) ပြီး၏

All Chapters