← Chapters

အခုမင်းကြောက်နေပြီလား

Vol. 47 Ch. 693

အခုမင်းကြောက်နေပြီလား

Vol. 47 Ch. 693

ဤတိုက်ခိုက်မှုအားလုံးသည် ကောင်းကင်တာအိုနှင့်ပတ်သက်၍ ဝမ်လင်း၏ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

ထို့ပြင် သူသည် ဥက္ကဌပိုင်အား သူတို့ကြားရှိ ကွာဟချက်ကို အသိအမှတ် ပြုစေချင်ခဲ့သည်။

ထိုအချိန်တွင် ဥက္ကဌပိုင်သည် မှင်တက်နေခဲ့သည်။

ချာတိတ်လေး၏ ကြီးမားလှသောခွန်အားကြောင့် သူက လုံးဝ ထိတ်လန့်နေခဲ့၏။

အင်မော်တယ်ခန္ဓာကိုယ်ကို ကျင့်ကြံပြီးခဲ့သည့် အချိန်မှစ၍ သူက သေခြင်းတရားကို ဘယ်သောအခါမှ မကြောက်ရွံ့ခဲ့ဖူးပေ။

သို့သော် ဤလူငယ်လေးထံတွင် သူ့ကိုသတ်ဖြတ်ရန် နည်းလမ်းပေါင်း ထောင်ချီရှိနေသည်ဟု သူယုံကြည်ခဲ့သည်။

နှစ်ပေါင်းထောင်ချီ ကျင့်ကြံလာခဲ့သော ပိုင်ကျဲက အဆုံးသတ်တွင် ဤနေရာ၌ ရှုံးနိမ့်သွားတော့မည်လော။

ဥက္ကဌပိုင်က ကြောက်လန့်တကြား ဖြစ်ကာ မျက်လွှာကို ချလိုက်သည်။

ဝမ်လင်း၏ ကောင်းကင်တာအို အရေအတွက်ကြောင့် သူ့နှလုံးသားက တုန်လှုပ်နေမိသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခိုကိုးရာမဲ့သောစိတ်သည် မနာလိုစိတ်၏ သဲလွန်စတစ်ခုအဖြစ် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ပေါက်ဖွားလာခဲ့သည်။

ဝမ်လင်းက တာအိုစည်းတံဆိပ်ကို ပထမဆုံးအကြိမ် ခွာလိုက်ခြင်းဖြစ်သည်။

ယင်းက တစ်ဝက်သာ ဖြစ်သော်လည်း ထိုအရာမှ ပေါက်ကွဲထွက်လာသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့သည်။

သူ့အနေဖြင့် စမ်းသပ်သည်ဟု ဆိုရသည့် အကြောင်းအရင်းမှာ သူ၏ လက်ရှိအဆင့်တွင် ဤခွန်အားတစ်ဝက်ကို အတိအကျ ထိန်းချုပ်နိုင်ခြင်းရှိမရှိ သိလိုသောကြောင့် ဖြစ်သည်။

တံခါးကိုးခုကို ဖျက်ဆီးပြီးသောအခါတွင် သူက အဖြေကိုရရှိသွားခဲ့သည်။

သူ၏ လက်ရှိအခြေအနေဖြင့် တာအိုအဆောင်လက်ဖွဲ့ကို ချွတ်လိုက်ခြင်းသည် အလွန် အန္တရာယ်များသောကိစ္စ ဖြစ်နေဆဲဖြစ်၏။

သူက သက်ပြင်းလေးသာ ချသော်လည်း ထိုသက်ပြင်းလေးကြောင့် တံခါးကိုးခုက ချက်ချင်းပင် ပျက်စီးသွားခဲ့သည် မဟုတ်ပါလား။

ဥက္ကဌပိုင်က ထိုမြင်ကွင်းကြောင့် တုန်လှုပ် ခြောက်ခြားနေသလို အမှန်တကယ်တွင် ဝမ်လင်းသည်လည်း အလားတူ ခံစားခဲ့ရသည်။

ကောင်းကင်တာအိုသည် ကောင်းမြတ်သောအရာတစ်ခု ဖြစ်ပြီး လူအများက လေ့လာလိုကြသည်။

တစ်ခါတရံတွင် ထိုလေ့လာသူများထဲမှ အများစုသည် ကောင်းကင်တာအိုကြောင့်ပင် နာကျင်ခဲ့ရသည်။

အကယ်၍ ဤနေရာသာ ကမ္ဘာနှင့် လုံးလုံးလျားလျား ပိုင်းခြားထားသော နေရာတစ်ခု မဟုတ်ခဲ့လျှင် ဝမ်လင်းအနေဖြင့် သူ၏ တာအိုစည်းတံဆိပ်ကို လွယ်လွယ် ဖယ်ရှားမိမည် မဟုတ်ပေ။

သူ၏မရည်ရွယ်ဘဲ ချမိသည့် သက်ပြင်းတစ်ရှိုက်ကပင် ဥက္ကဌပိုင်ကို အကြီးအကျယ် အကျပ်ရိုက်စေခဲ့သည် မဟုတ်လော။

အားလုံး တိတ်ဆိတ်သွားပြီးနောက်တွင် ဝမ်လင်းသည် သူ၏ တာအိုစည်းတံဆိပ်ကို ပြန်ကပ်လိုက်သည်။

ယခုအခါတွင် ဥက္ကဌပိုင်သည် သူတို့ကြားရှိ အင်အားကွာဟမှုကို ရှင်းရှင်းလင်းလင်း နားလည်သွားလောက်ပေမည်။

ဆိုရလျှင် ကောင်းကင်တာအို ၁၅၀၀၏ တိုက်ခိုက်မှုကို မည်သူမျှခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အကယ်၍သာ ကောင်းကင်တာအို ၃၀၀၀ကို တစ်ပြိုင်နက်တည်း ထုတ်သုံးလိုက်မည်ဆိုလျှင် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူအားလုံး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားနိုင်ပေသည်။

ဘုရင်ကြီး၏ ငြီးတွားသံကပင် တံခါးကိုးခုကို ချက်ချင်းဖျက်ဆီးပစ်နိုင်ရုံသာမက ဥက္ကဌပိုင်ကိုပါ ဒဏ်ရာအပြင်းအထန်ရစေသည် မဟုတ်ပါလား။

သူ၏သက်ပြင်းက ဥက္ကဌပိုင်ကို အတွင်းဒဏ်ရာများ ဖြစ်ပေါ်စေခဲ့ပြီး ကိုယ်တွင်းအင်္ဂါများကို ကျိုးပဲ့စေခဲ့သည်။

သို့ရာတွင် ဝမ်လင်းသည် ဥက္ကဌပိုင်ကိုဘမသတ်ခဲ့ပေ။

သူ၏ယခင်ပြိုင်ဘက်များကို ပုရွက်ဆိတ်နှင့် နှိုင်းယှဉ်လျှင် ဥက္ကဌပိုင်သည် ပိုးဟက်တစ်ကောင်ဟု ဆိုနိုင်ပေသည်။

၎င်းက ကိုင်တွယ်ရခက်ခဲသောသူ ဖြစ်သော်လည်း ဝမ်လင်းတွင် နည်းလမ်းများရှိနေဆဲ ဖြစ်၏။

စောစောက ထုတ်လွှတ်လိုက်သော ခွန်အားကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည့်အတွက် သူက တာအိုစည်းတံဆိပ်ကို ပြန်ကပ်လိုက်ခြင်း ဖြစ်သည်။

ဥက္ကဌပိုင်က သူ၏ရှေးဟောင်းတံခါးကိုးခု ပျက်ဆီးသွားသည်ကို မြင်လိုက်ရလျှင် နှလုံးသားကို ဓားနှင့်ထိုးခံရသလို ခံစားလိုက်ရသည်။

ထိုခဏတွင် ဥက္ကဌပိုင်သည် ပါးစပ်ထဲသို့ စွမ်းအားဖြည့်ဆေးပြားများကို အလျင်အမြန် ထိုးထည့်လိုက်သည်။

ထို့နောက်တွင်မူ ဘုရင်ကြီး၏ ငြီးတွားသံကြောင့် ဖြစ်ပေါ်လာသော အတွင်းဒဏ်ရာ အများစုသည် ပြန်လည် သက်သာလာခဲ့သည်။

မိမိကိုယ်ကိုယ် ကုသနိုင်စွမ်းတွင် အလွန်တရာကောင်းမွန်သော ဥက္ကဌပိုင်သည် ယခုအခါတွင် သူ၏ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ထိန်းသိမ်းရန်အတွက် ဆေးဝါးများကို အားကိုးနေရပြီ ဖြစ်သည်။

"မင်းငါ့ကိုအထင်သေးနေတာလား"

ဝမ်လင်းက တာအိုစည်းတံဆိပ်ကို ပြန်ကပ်လိုက်သည်ကို မြင်လျှင် ဥက္ကဌပိုင်သည် အရှက်ရသလို ခံစားလိုက်ရသည်။

ဤသည်မှာ သူ့ကို လုံးဝ အထင်အမြင်သေးခြင်း ဖြစ်သည်။

သူက တစ်ဖက်လူ၏ ရှေ့တွင် ကိုယ်လုံးတီးဖြင့် ရပ်နေရသလို ခံစားမိခဲ့၏။

သူက ဒေါသထွက်လွန်း၍ တုန်လှုပ်နေခဲ့သည်။

"မင်းက ကျားဆိုရင်တောင် ဒီနေ့ ငါမင်းရဲ့သွားတွေကို တစစီဆွဲနုတ်ပစ်မယ်"

ထိုသို့ ပြောပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ခန္ဓာကိုယ်ကို တောက်ပသော အလင်းတန်းများက ဖုံးအုပ်သွားခဲ့သည်။

တစ်ခဏချင်းမှာပင် ဥက္ကဌပိုင်၏ ခန္ဓာကိုယ်သည် နေရာလွတ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။

လရောင်မှင်များကဲ့သို့ အနက်ရောင် စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ရစ်ဖွဲ့ထားသည်။

စင်စစ် ဤအနက်ရောင်စွမ်းအားများသည် အမှောင်စွမ်းအားများ ဖြစ်ပြီး ထိုအထဲ၌ အတိုင်းအဆမရှိသော တန်ခိုးစွမ်းအားများ ပါဝင်နေသည်။

ဥက္ကဌပိုင်က သူ၏ခန္ဓာကိုယ်ကို အခြားလဲလှယ်မှုတစ်ခု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဝမ်လင်း ချက်ချင်း သိလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ဥက္ကဌပိုင်သည် သူ၏ သက်တမ်းကိုအသုံးမပြုခဲ့ဘဲ အရောင်းအဝယ်၌ သူ၏စိတ်ဝိညာဉ်ကို အသုံးချခဲ့သည်မှာ ထင်ရှားသည်။

စိတ်ဝိညာဉ်ဖြင့် လဲလှယ်၍ ရရှိလာသော စွမ်းအားသည် သက်တမ်းကို အသုံးပြု၍ရရှိသော စွမ်းအားနှင့် လုံးဝကိုကွဲပြားနေ၏။

ဝမ်လင်းက ဥက္ကဌပိုင်၏လုပ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့သည်။

သူ၏လုပ်ရပ်က ဥက္ကဌပိုင်ကို မထင်မှတ်ဘဲ လှုံ့ဆော်သလို ဖြစ်သွားခဲ့ပြီး စိတ်ဝိညာဉ်ကို တိုက်ရိုက်ရောင်းချရန်အထိ ဖြစ်စေလိမ့်မည်ဟု သူလုံးဝ မထင်ခဲ့ပေ။

ယခု ဥက္ကဌပိုင် ထုတ်သုံးနေသည့်စွမ်းအားအရ ဆိုလျှင် သူ၏အဝတ်အစားများ ပျက်စီးသွားမည်မှာ အမှန်တကယ် ဖြစ်နိုင်ချေရှိသည်။

ဝမ်မိသားစု၏ အိမ်တွင်းစည်းကမ်းအရ ကျောင်းဝတ်စုံသည် ဘုရားဝတ်ပြုခြင်းမှ လွဲ၍ အခြားအရာတစ်ခုခုကြောင့်ပျက်စီးသွားပြီး အသစ်တစ်ခုနှင့် အစားထိုးရန် လိုအပ်ခဲ့လျှင် ထိုပမာဏကို သူ၏ မုန့်ဖိုးထဲမှ နုတ်ယူသွားမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိလျှင် ဝမ်လင်းက အေးစက်သောချွေးများ ထွက်လာခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းဝတ်စုံက ပုံဆိုးပန်းဆိုး ဖြစ်သော်လည်း ​ခေါက်ဆွဲခြောက် ကြွပ်ကြော် အများအပြားနှင့် ထိုက်တန်ပေသည်။

တစ်ဖက်တွင်လည်း ဥက္ကဌပိုင်သည် ဝမ်လင်း၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်လျှင် ကျေနပ်သွားမိသည်။

လူငယ်လေးက အဘယ်ကြောင့် စိတ်ရှုပ်သွားသည့် အမူအရာမျိုး ဖြစ်ပေါ်နေသည်ကို သူ မသိသော်လည်း ဥက္ကဌပိုင်က သူ၏စွမ်းအားကြောင့် ဤလူငယ်လေး ကြောက်လန့်နေသည်ဟု ထင်ခဲ့သည်။

သို့မဟုတ်လျှင် ဤလူငယ်လေးက အမူအရာ ပြောင်းလဲသွားစရာအကြောင်း လုံးဝမရှိပေ။

"မင်းအခုကြောက်နေပြီမဟုတ်လား"

လက်ရှိအချိန်တွင် ခန္ဓာကိုယ် အလွန်တရာ ကြီးမားနေသော ဥက္ကဌပိုင်က ဝမ်လင်းကို လှောင်ပြောင်လိုက်သည်။

သူ၏အသံက နေရာလွတ် ကမ္ဘာလေးထဲတွင် အတိုင်းအဆမဲ့ ပဲ့တင်ထပ်နေခဲ့သည်။

ဝမ်လင်း ".........."

ဝမ်လင်းထံမှ တုံ့ပြန်မှုကို မတွေ့ရသည့်အတွက် ဥက္ကဌပိုင်၏ အပြုံးက ပို၍ပင် တောက်ပလာသည်။

"ငါထင်ထားတဲ့အတိုင်းပဲ မင်းက ငါ့ကိုကြောက်နေပြီကိုး.. ဟားဟား.. ဘယ်လိုကြောက်ရမလဲဆိုတာ မင်းသိသွားပြီပေါ့"

ဝမ်လင်း ".........."

ထိုခဏတွင် ဥက္ကဌပိုင်၏ ခန္ဓာကိုယ်သည် အဆပေါင်းရာနှင့်ချီ ကြီးမားလာပြီး ဝမ်လင်းကို ငုံ့ကြည့်လိုက်သည်။

"ငါ့စိတ်ဝိညာဉ်ကို အလဲအလှယ် လုပ်လိုက်တဲ့အတွက် ကောင်းကင်တာအိုရဲ့ စွမ်းအားနှစ်ခုကို ငါရရှိခဲ့တယ်.. ဘာပဲဖြစ်ဖြစ် ဒီကောင်းကင်တာအိုရဲ့ စွမ်းအားဒဏ်ကိုတော့ မင်းခံစားရမယ်"

ထိုသို့ ပြောပြီးသည်နှင့် သူ၏ ကြီးမားလာသော ခန္ဓာကိုယ်က မမျှော်လင့်ဘဲ ပုံစံ ပြောင်းလဲသွားခဲ့သည်။

သူ၏ ကြီးမားလှသော ခန္ဓာကိုယ်က ဧရာမ အနက်ရောင်လှံအဖြစ်သို့ ပုံသဏ္ဍာန် ပြောင်းလဲသွားခဲ့သည်။

အရပ်မျက်နှာအနှံ့တွင် လေပြင်းများ တိုက်ခက်နေပြီး အာကာပြင် အတွင်း၌ အက်ကြောင်းများစွာ ဖြစ်ပေါ်စေခဲ့သည်။

ပေါက်ကွဲမှုများက ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာပြီး ကြီးမားသောမုန်တိုင်းတစ်ခုက စတင်လာခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက သူ့ရှေ့မှမြင်ကွင်းကို စိုက်ကြည့်ကာ အမှတ်သည်းခြေ မရှိသော ဥက္ကဌပိုင်၏ လုပ်ရပ်ကြောင့် မှင်တက်နေခဲ့သည်။

"ငရဲကိုသွားစမ်း"

ဧရာမလှံကြီးအဖြစ်သို့ ပြောင်းလဲသွားသော ဥက္ကဌပိုင်သည် ဝမ်လင်းကို ထိုးနှက်ရန် ရောက်လာပြီ ဖြစ်သည်။

ထိုအနက်ရောင်လှံတံက အလွန်လျင်မြန်ပြီး အဖျက်စွမ်းအားများစွာ ပါဝင်မည်မှာ သေချာသလောက်ပင်။

"ဓား လာခဲ့စမ်း"

ဝမ်လင်းက သူ့လက်ကို ဆန့်တန်းကာ ရေရွတ်လိုက်သည်။

ဥက္ကဌပိုင်က ဤလူငယ်၏ လက်နက်အသွင်ကို လုံးလုံးလျားလျား မမြင်ရသေးခင်မှာပင် ထိုလူငယ်လေးက လက်လှုပ်လိုက်သည်ကို မြင်လိုက်ရသည်။

ထိုခဏဝယ် အညိုရောင်ဝိညာဉ် အလင်းတန်းတစ်ခုက ဥက္ကဌပိုင်ဆီသို့ ပျံသန်းလာခဲ့သည်။

အပိုင်း(၆၉၃) ပြီး၏

All Chapters