← Chapters

ညသရဲဝိညာဥ်အင်ပါယာ၏ စိတ်ဝိညာဉ်အမဲလိုက်ခြင်း အစီအစဥ်

Vol. 47 Ch. 694

ညသရဲဝိညာဥ်အင်ပါယာ၏ စိတ်ဝိညာဉ်အမဲလိုက်ခြင်း အစီအစဥ်

Vol. 47 Ch. 694

ဤအနက်ရောင်လှံကို ကံကြမ္မာလှံဟု ခေါ်ဝေါ်ကြသည်။

ဥက္ကဌပိုင်က စိတ်ဝိညာဉ်နှင့် စွမ်းအားကို လဲလှယ်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းရန်အတွက် ကြားခံ အဖြစ်အသုံးပြုခဲ့သည်။

ဤသည်က ဥက္ကဌပိုင်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုသာမက အဆုံးစွန်သော တိုက်ခိုက်မှုလည်း ဖြစ်သည်။

သူ၏စိတ်ဝိညာဉ်ကို ရောင်းလိုက်ပြီဖြစ်၍ ဤလှံဖြင့် တိုက်ခိုက်မှု ပြီးနောက်တွင် ညသရဲဝိညာဥ်အင်ပါယာသည် သူ၏စိတ်ဝိညာဥ်ကို တိုက်ရိုက် စုပ်ယူသွားမည်ဖြစ်ပြီး ဥက္ကဌပိုင်သည်လည်း ညသရဲဝိညာဥ်အင်ပါယာ၏ ရုပ်သေးတစ်ခု ဖြစ်လာမည် ဖြစ်၏။

ဤကဲ့သို့သော စွမ်းအားနှင့်ရင်ဆိုင်ရခြင်းသည် အလွန်ပင်အန္တရာယ်များသည်။

သို့ရာတွင် ဝမ်လင်းသည် ဥက္ကဌပိုင်ဆီသို့ ကျင့်ခယ်ကို စေလွှတ်လိုက်သည်။

ကံကြမ္မာလှံ၏ ကြီးမားသောကိုယ်ထည်နှင့် နှိုင်းယှဉ်လျှင် ကျင့်ခယ်၏ အညိုရောင် စိတ်ဝိညာဉ်အလင်းသည် သေးငယ်ပြီး အရေးမပါသော မီးပွားတစ်ခုလိုပင် ဖြစ်နေသည်။

သို့ရာတွင် တိုက်ပွဲဝင်အင်အားမှာမူ အံ့ချီးလောက်စရာ ဖြစ်၏။

ဤအညိုရောင်ဓားအလင်းက ကံကြမ္မာလှံအဖြစ် ပြောင်းလဲသွားသော ဥက္ကဌပိုင်ထံ ချဉ်းကပ်လာသောအခါတွင် ဥက္ကဌပိုင်သည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

"ငါသေရတော့မှာလား"

ဤအညိုရောင်ဓားအလင်းက သူတစ်ခါမှ မခံစားရဖူးသော ခံစားချက်ကို ပထမဆုံးအကြိမ် သူ့ကို ခံစားစေခဲ့သည်။

ဤကံကြမ္မာလှံတံက သူ၏ နောက်ဆုံးဝှက်ဖဲ ဖြစ်သည်။

သူက လူငယ်လေးကို သင်ခန်းစာပေးရန် မိုက်မဲစွာ လုပ်ဆောင်ခဲ့သော်လည်း အဆုံးသတ်တွင် ဝမ်းနည်းစရာကောင်းသည့် အခြေအနေနှင့် သေဆုံးရတော့မည် ဖြစ်၏။

သူက ဤကမ္ဘာကြီးကို ကြေကွဲစရာ အကောင်းဆုံးနည်းဖြင့် နှုတ်ဆက်ရတော့မည်။

စင်စစ် သူက မသေနိုင်သော်လည်း သူ၏ စိတ်ဝိညာဉ်ကို ညသရဲဝိညာဥ် အင်ပါယာထံ ရောင်းချပြီးပြီ ဖြစ်၍ ကျေးကျွန်အဖြစ် အလုပ်အကျွေး ပြုရပေတော့မည်။

ဤရလဒ်သည် သေခြင်းတရားထက်ပင် ပို၍ ဆိုးရွားလှပေသည်။

"ပြီးသွားပြီ"

ဝမ်လင်းက မြင်ကွင်းကို စိုက်ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

ကျင့်ခယ်က ဥက္ကဌပိုင် အသွင်ပြောင်းထားသော ကံကြမ္မာလှံအနီးသို့ ရောက်လာသောအခါတွင် အရွယ်အစား တဖြည်းဖြည်း ကြီးမားလာပြီး ဧရာမအလင်းဓားကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဥက္ကဌပိုင်၏ နားထဲတွင် ကြီးကျယ်ခမ်းနားသော အသံများကို ကြားခဲ့သည်။

ထိုအသံတွင် သူ၏နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေမည့် ကမ္ဘာ့ဖိအားများ ပါဝင်နေသည်။

အဆုံးသတ်တွင် ဥက္ကဌပိုင်နှင့် ကျင့်ခယ်တို့သည် ထိပ်တိုက်ဆုံမိသွားကြပြီး ဥက္ကဌပိုင်၏ မျက်လုံးများ၌ စိတ်ပျက်အားငယ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

"ကမ္ဘာဖျက်ဓား"

ဓားတာအို၏ အဆုံးစွန်သောအဆင့်..

ဥက္ကဌပိုင်က သူမသေခင် နောက်ဆုံးအခိုက်အတန့်၌ စိတ်များ သန့်ရှင်းသွားသလို ခံစားခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူတစ်ခါမှ မခံစားခဲ့ဖူးသော ငြိမ်းချမ်းမှုကို မထင်မှတ်ဘဲ ခံစားလိုက်ရသည်။

ထိပ်တိုက်ဆုံမိပြီးနောက်တွင် မှော်ရတနာမှ ဖန်တီးထားသော နေရာလွတ် ကမ္ဘာတစ်ခုလုံးသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပွင့်ထွက်သွားခဲ့သည်။

ဝမ်လင်းက သူ၏ကျောင်းဝတ်စုံ ပျက်စီးသွားမည်စိုး၍ ရွှေရောင်အလင်း အကာအကွယ်ကို လွှမ်းခြုံထားလိုက်သည်။

.............................

အခြားတစ်နေရာ..

မီရှို့နိုင်ငံရှိ ညဦးစီးမှူးအဖွဲ့၏ လျှို့ဝှက်စခန်း..

ညသရဲဝိညာဉ်အင်ပါယာက ဥက္ကဌပိုင် ကွယ်လွန်သွားပြီ ဆိုသည်ကို သိလိုက်သည်။

"သူက နောက်ဆုံးတော့ ရှုံးသွားတာလား"

ညသရဲဝိညာဉ်အင်ပါယာက သူ့လက်ထဲမှ စိတ်ဝိညာဥ်ကို စိုက်ကြည့်နေသော အချိန်မှာပင် ဥက္ကဌပိုင်၏ ဝိညာဉ် အမှတ်အသားက တဖြည်းဖြည်း မှိန်ဖျော့သွားသည်ကို တွေ့လိုက်ရသည်။

သူ၏နံဘေးတွင် ဒုဥက္ကဌ ဒဲလန်က ရပ်နေသည်။

"အရှင်.. တစ်ဖက်လူက ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ မေးလို့ရမလား"

ညသရဲဝိညာဉ်အင်ပါယာက မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

"မတိုင်းတာနိုင်တဲ့အထိပဲ.. ကြည့်ရတာ တစ်ဖက်သားက အတော်လေး သန်မာနေပုံရတယ်.. ပိုင်ကျဲက မသေပါဘူး.. သူက စိတ်ဝိညာဉ်ကို ငါ့ဆီမှာ ရောင်းစားလိုက်တယ်လေ.. အခုတော့ ငါ့မှာ သူ့ရဲ့စိတ်ဝိညာဉ် တစ်ပိုင်းတစ်စပဲ ကျန်ရှိတော့တယ်"

ထိုခဏမှာပင် စိမ်းပြာရောင်ဝိညာဉ် အလင်းတန်းလေးသည် သူ၏ ညာဘက်လက်ဖဝါးတွင် ပေါ်ပေါက်လာသည်။

ဤအရာသည် ဥက္ကဌပိုင် သူ့ဆီ ရောင်းစားလိုက်သော စိတ်ဝိညာဉ် ဖြစ်သော်လည်း ယခုအခါတွင် လုံးဝ ကြေမွနေပြီ ဖြစ်သည်။

"ဒီကျိုးပဲ့နေတဲ့ စိတ်ဝိညာဉ်က အသုံးဝင်သေးလို့လား"

"စိတ်ဝိညာဉ်က အကြွင်းအကျန်ပဲ ဖြစ်နေပါစေ.. ကျန်ရှိနေသေးသရွေ့ ငါ့အတွက် အသုံးဝင်နေဆဲပဲ"

ညသရဲဝိညာဉ် အင်ပါယာက ပြုံးလိုက်ပြီး ဥက္ကဌပိုင်၏ စိတ်ဝိညာဉ်ကို မျိုချလိုက်သည်။

သူက စိတ်ဝိညာဉ်ကို မျိုချပြီးသည်နှင့် ဥက္ကဌပိုင်၏ စွမ်းရည်များကိုပါ စုပ်ယူလိုက်သည်။

ထို့နောက်တွင် သူသည် သူ၏ ညာဘက်ပုခုံးကို ကြည့်လိုက်သည်။

ဝမ်လင်း၏ ဆေးဘောလုံးကြောင့် သူ၏ညာလက်သည် ပျက်စီးသွားခဲ့ပြီး အကြီးအကျယ် ဒဏ်ရာရနေခဲ့သည်။

ကုသပြီးသည့်တိုင် အမာရွတ်များ ကျန်ရှိနေသေး၏။

ဥက္ကဌပိုင်၏ စိတ်ဝိညာဉ် အကြွင်းအကျန်ကို စုပ်ယူပြီးနောက်တွင် ညသရဲဝိညာဉ် အင်ပါယာသည် ဥက္ကဌပိုင်၏ အလွန်အစွမ်းထက်သော မိမိကိုယ်ကို ပြန်လည် ကုသနိုင်စွမ်းကို ရရှိသွားခဲ့ပြီး ဒဏ်ရာက မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။

"သခင်က စိတ်ဝိညာဉ်တွေကို ဝါးမျိုပြီး စိတ်ဝိညာဥ် ပိုင်ရှင်တွေရဲ့ စွမ်းအားတွေကို အသုံးပြုနိုင်တယ်လား"

ထိုမြင်ကွင်းကိုမြင်လျှင် ဒုဥက္ကဌ ဒဲလန်က အံ့သြတုန်လှုပ်သွားခဲ့သည်။

ညသရဲဝိညာဉ် အင်ပါယာက ရယ်မောလိုက်သည်။

"မော့အင်မော်တယ် ရဲတိုက်ကနေ အချက်အလက်တချို့ ငါဝယ်ခဲ့တယ်.. အချက်အလက်အရ ဒီလူငယ်လေးဆီမှာ အစ်ကိုတစ်ယောက်ရှိတယ်.. သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း အတော်လေး ကောင်းပုံရတယ်.. ဒါထက်ပိုပြီးအရေးကြီးတာက ဒီလူငယ်လေးရဲ့ အစ်ကိုက ကျင့်ကြံသူတစ်ယောက် မဟုတ်တာပဲ.. သူ့ကို ငါတို့ပစ်မှတ်အဖြစ် ရွေးချယ်တာက ပိုသင့်တော်မယ်လို့ ငါထင်တယ်.. မင်းက ဟွာရှို့နိုင်ငံကို ရောက်တဲ့အခါကျရင် မဟာစီမံချက်အပြင် ဒီလူကို စုံစမ်းဖို့ တစ်စုံတစ်ဦးကို တာဝန်ပေးရမယ်"

"ကောင်းပါပြီ အရှင်သခင်"

"ဒီလူငယ်လေးရဲ့ စိတ်ဝိညာဉ်ဆို တော်တော် အရသာရှိမှာပဲ.. ဒီလူငယ်လေးဆီက စိတ်ဝိညာဉ်ကို ရရှိဖို့ သူ့အစ်ကိုရဲ့ အသက်နဲ့ အလဲလှယ်လုပ်ဖို့ ငါတွေးထားတယ်"

"အရှင်ညသရဲဝိညာဉ်အင်ပါယာ.. သွားရေတွေ ကျနေတယ်. "

"အင်း.. ငါသတိမထားမိလိုက်ဘူး"

ထို့နောက်တွင် ညသရဲဝိညာဉ် အင်ပါယာသည် သူ၏ သွားရေများကို ပြန်လည်စုပ်ယူလိုက်သည်အား ဒုဥက္ကဌဒဲလန် တွေ့လိုက်ရသည်။

အပိုင်း(၆၉၄) ပြီး၏

All Chapters