ငယ်ရွယ်သောအမျိုးသမီး
Vol. 47 Ch. 695
ဝမ်လင်းက ကျောင်းဂိတ်တံခါးဝတွင် ပြန်ပေါ်လာသည်။
သူကပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ညနေစောင်းနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
သူရုတ်တရက် ပြန်ပေါ်လာသောအခါတွင် ထိုနေရာကို စစ်ဆေးနေသော ရဲအရာရှိများသည် ထိတ်လန့်သွားကြသည်။
အာကာပြင် အက်ကွဲကြောင်း၏ ဝါးမျိုခံရသော ဤကျောင်းသားသည် အမှန်တကယ်ပင် ဘေးကင်းကင်းဖြင့်ထွက်လာနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။
ဝမ်လင်း ကိုယ်တိုင်လည်း စိတ်နောက်ကျိနေခဲ့သည်။
ပတ်ဝန်းကျင်ရှိ ရဲအရာရှိများက ရှားပါးတိရိစ္ဆာန် တစ်ကောင်ကို မြင်နေရသကဲ့သို့ သူ့ကို ဝိုင်းဝန်းကြည့်ရှုနေကြသည်။
"အခုဘာတွေဖြစ်နေတာလဲ.. ဒီကျောင်းသားကို အာကာပြင်အက်ကွဲကြောင်းက ဝါးမျိုသွားတာ မဟုတ်ဘူးလား"
ရဲအရာရှိများက ခေါင်းကုပ်လိုက်ကြသည်။
ဤညတွင် အချိန်ပိုဆင်းရန်မလိုတော့ဟု သူတို့ ခံစားလိုက်ရ၏။
အာကာပြင်အက်ကွဲကြောင်းထဲမှ ပြန်ထွက်လာပြီးနောက်တွင် ရဲများသည် ဝမ်လင်းကို မေးခွန်းမျိုးစုံ မေးမြန်းခဲ့ကြသည်။
တကယ်တမ်းတွင် ဤမေးခွန်းများသည် ဝမ်လင်းကို အခက်တွေ့စေခဲ့သည်။
ယခုအခါတွင် ဥက္ကဌပိုင် သေဆုံးသွားပြီဖြစ်၍ သူက တစ်ဦးတည်းသောသက်သေ ဖြစ်သည်။
ထို့ကြောင့် သူက ပါးစပ်ထဲရှိသမျှကို ပြောလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူက ကျိုးရီ၏ အကူအညီကို မယူခဲ့ပေ။
ဥက္ကဌပိုင်၏ နောက်ကွယ်တွင် ဥက္ကဌပိုင် ထက်ပို၍ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ရှိနေသည်ကို သူသိခဲ့ရသည်။
ထိုပုဂ္ဂိုလ်မှာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခု ဖြစ်သည့် ညဦးစီးမှူးအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။
ဝမ်လင်း အိမ်ပြန်ရောက်ချိန်တွင် သန်းခေါင်ယံကျော်နေပြီဖြစ်သည်။
သူ့ကို ဝမ်မိသားစု အိမ်ငယ်လေးဆီသို့ ဗုံးပစ်စီနီယာအင်မော်တယ်က ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကားကို ရပ်လိုက်ပြီးနောက် တံခါးဝတွင် အချိန်ခဏကြာအောင် စောင့်ဆိုင်းနေခဲ့သည်။
အိမ်ကလေး အတွင်းရှိ စီနီယာများက သူတို့ကို လက်ခံတွေ့ဆုံမည်ဟု သူထင်ခဲ့သည်။
အချိန်အတော်ကြာ စောင့်ပြီးနောက်တွင် မည်သူမှ ထွက်လာခြင်းမရှိ၍ သူ့မျက်နှာတွင် သုန်မှုန်သော အမူအရာများ ထွက်ပေါ်လာသည်။
"ညီနောင်လင်း.. စီနီယာတွေက အိပ်ရာဝင်နေပြီထင်တယ်"
".........."
ဝမ်လင်း၏ နှုတ်ခမ်းထောင့်များက တလှုပ်လှုပ်ဖြစ်သွားသည်။
ဤအဖေအတုက သူ၏ မိဘအရင်းများထက်ပင် သူကိုပို၍ ဂရုစိုက်နေပါသလော။
အဖေအတုဟု ဆိုရခြင်းမှာ ဗုံးပစ်စီနီယာ အင်မော်တယ်သည် မိဘဆရာ အစည်းအဝေးပွဲများတွင် ဝမ်လင်း၏ မိဘအဖြစ် အမြဲလိုလို ဟန်ဆောင်ပေးခဲ့သောကြောင့် ဖြစ်သည်။
"ညီနောင်လင်း.. မင်းဒီနေ့ စောစောအနားယူလိုက်ပါ.. ညီနောင်ကျိုးနဲ့ ငါက ရဲစခန်းမှာ ကျန်တဲ့ကိစ္စတွေကို ဆောင်ရွက်လိုက်ပါ့မယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံး၍ ပြောလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ရဲများနှင့် အဆက်အသွယ်ရှိသောကြောင့် အမှုအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရခြင်းသည် သူ့အတွက် အလွန် လွယ်ကူပေသည်။
ဥက္ကဌပိုင်၏ ခန္ဓာကိုယ်က နေရာလွတ်နှင့်အတူ ဖျက်ဆီးခံရပြီးနောက်တွင် ညသရဲဝိညာဉ် အင်ပါယာသည် ဥက္ကဌပိုင်၏ စိတ်ဝိညာဉ် အကြွင်းအကျန်ကို စုပ်ယူလိုက်ကြောင်း ဝမ်လင်း မှန်းဆမိခဲ့သည်။
သို့ရာတွင် သူက ထိုအကြောင်းအား ရဲကို လုံးဝ မပြောပြခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ရှင်းရှင်းလင်းလင်း ရှင်းမပြနိုင်၍ ဖြစ်သည်။
လက်ရှိတွင် သူက ကျောင်းသားတစ်ဦးသာ ဖြစ်ပြီး သူ၏ အဓိကဦးစားပေးမှာ စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ရန် ဖြစ်၏။
ရဲများကို အကုန်ပြောပြရလောက်သည် အထိ တုံးအနေမည်ဆိုလျှင် သူ၏လျှို့ဝှက်ချက်က ဘူးပေါ်သလို ပေါ်သွားလိမ့်မည် ဖြစ်သည်။
ထိုထက်မက ယနေ့ အဖြစ်အပျက်အပြီးတွင် သူသည် ပတ်ဝန်းကျင်၏ အာရုံစိုက်မှုကို များစွာရရှိခဲ့သည်။
ဝမ်လင်း သက်ပြင်းချလိုက်သည်။
သူ၏ရည်ရွယ်ချက်မှာ သိုသိုသိပ်သိပ် နေထိုင်ရန်သာဖြစ်သော်လည်း ယခုအချိန်ထိ ဖြစ်ပျက်လာသော ကိစ္စများကြောင့် သူ၏ လျှို့ဝှက် ကိုယ်ရေးကိုယ်တာကို ထိန်းသိမ်းရန်ပင် ခက်ခဲလာသည်။
စာသင်နှစ်အစတွင် SSS ရလဒ် ရရှိသည်နှင့် ပတ်သက်၍ အတင်းအဖျင်း ပြောဆိုမှုသည် မကြာသေးမီကပင် ပြီးဆုံးသွားပြီဟု ဝမ်လင်း ခံစားခဲ့ရသည်။
သို့သော် အဆုံးသတ်တွင် သူသည် လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်အဖြစ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ဝမ်လင်း ကားထဲမှဆင်းလာပြီးနောက်တွင် ဥက္ကဌပိုင်ထံမှ သိမ်းယူလာသော ဝူကျီထီးကို ငွေရောင်လေးအား ပေးရန်အတွက် ဗုံးပစ်စီနီယာအင်မော်တယ်ထံ အပ်လိုက်သည်။
ဝူကျီထီး “အစ်ကိုကြီး မင်္ဂလာပါ.. ကျေးဇူးပြုပြီး ငါ့ကို ဂရုစိုက်ပေးပါ.. ငါတို့က အခုကစပြီး မိသားစုကြီးတစ်ခုပဲ”
ဗုံးပစ်စီနီယာအင်မော်တယ် “……….”
ဗုံးပစ်စီနီယာအင်မော်တယ်က ဝူကျီထီးကို ပြန်လည်ရယူခဲ့သည့် အကြောင်းအရင်းကို သိရှိခဲ့သည်။
ဝမ်လင်းက ဥက္ကဌပိုင်နှင့် တိုက်ပွဲအကြောင်းကို ဗုံးပစ်စီနီယာအင်မော်တယ်ထံ တိုက်ရိုက် ပြောပြခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဝူကျီထီးကို လက်ခံပြီးသည့်အခါတွင် သက်ပြင်းချလိုက်သည်။
သူထင်ထားသည့်အတိုင်းပင် ညီနောင်လင်းသည် အမှန်တကယ်ပင် ကြောက်လန့်ဖွယ်ကောင်းသည်။
ညီနောင်လင်းသည် မှော်လက်နက်စာချုပ်ကိုပင် တိုက်ရိုက်ဖျက်ဆီးနိုင်ခဲ့သည်။
ဤနည်းစနစ်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။
တစ်နည်အားဖြင့်ဆိုရလျှင် ညီနောင်လင်းသည် ဂိမ်းမှ လော့ခတ်ထားသော ပစ္စည်းများကို ကိုယ်ပိုင် အထောက်အထားဖြင့် တိုက်ရိုက် အသုံးပြုနိုင်သည့် ဂိမ်းအက်မင်တစ်ဦးနှင့် တူသည်ဟု သူထင်ခဲ့သည်။
သို့ရာတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဝူကျီထီးကို ကိုင်ထားရင်း စိုးရိမ်နေခဲ့သည်။
ဤထီး၏ အသံနေအသံထားအရ ဤထီးသည် ရိုးသားသောထီးတစ်လက် မဟုတ်ကြောင်း ထင်ရှားနေသည်။
ထို့ပြင် အရေးအကြီးဆုံးအချက်မှာ စာချုပ်ကိုဖယ်ရှားပြီးနောက်တွင် ဝူကျီထီးသည် သခင် မရှိသေးခြင်း ဖြစ်သည်။
အိမ်ပြန်လမ်းတွင် တစ်စုံတစ်ရာ ကလန်ကဆန် လုပ်ခဲ့လျှင် သူ့ကိုယ်ပိုင်အစွမ်းဖြင့် အခြေအနေကို ထိန်းသိမ်းရန် အလွန်ခက်ခဲလိမ့်မည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် ခံစားခဲ့ရသည်။
၎င်းမှော်ရတနာက ဤမျှ ထူးထူးခြားခြား ဖြစ်ခဲ့သည်ကိုထောက်လျှင် ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံ တွေးတောရန်ပင် မလိုတော့ချေ။
အိမ်ပြန်ခရီးတွင် ထိုကိစ္စမျိုးက မလွဲမသွေ ဖြစ်လာပေလိမ့်မည်။
ယခု လက်ရှိအချိန်တွင် ဝူကျီထီး အနေဖြင့် အလွန်နာခံမှုရှိနေသည့်အကြောင်းအရင်းမှာ ညီနောင်လင်း ဤနေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ ညီနောင်လင်း မရှိတော့သည့်အချိန်တွင် ဝူကျီထီးသည် အကျင့်စာရိတ္တကောင်းမွန်ပါမည်ဟု မည်သူက အာမခံနိုင်ပါမည်နည်း။
ထိုအကြောင်းကို တွေးနေစဉ်မှာပင် ဝမ်လင်းက သူ၏ လက်တစ်ဖက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် “ညီနောင်လင်း.. ဒါက နည်းနည်းမမြန်ဘူးလား.. ငါဘာမှမပြင်ဆင်ရသေးဘူး”
ဝမ်လင်း “……….”
[ဒီကောင်ဘာတွေတွေးနေတာလဲ]
ထိုအချိန်မှာပင် ဝမ်လင်းသည် ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ တစ်စုံတစ်ရာကို ပြောလိုက်သည်။
အဆုံးသတ်တွင် ဗုံးပစ်စီနီယာအင်မော်တယ်က သဘောပေါက်သွားခဲ့သည်။
အရာအားလုံးက ဗုံးပစ်စီနီယာ အင်မော်တယ်မျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။
အပြန်ခရီးတွင် ခရီးသည်တင် ထိုင်ခုံပေါ်၌ တိတ်တဆိတ် ထိုင်နေသောဝူကျီထီးသည် ရုတ်တရက် လေထဲသို့ပျံဝဲကာ ပုံရိပ်ယောင်တစ်ခုကို ဖန်တီးလိုက်သည်။
ဤသည်မှာ ဝူကျီထီး၏ လူသားပုံစံဖြစ်သည်။
၎င်းက ရှည်လျားသော နားရွက်ချွန်ချွန်နှင့် ခရမ်းရောင်ဆံပင်ရှည် ရှိသည့် မိန်းမပျိုတစ်ဦး ဖြစ်သည်။
သို့ရာတွင် သူမ၏ မျက်နှာကိုမူ ပတ်တီးများဖြင့် စည်းနှောင်ထားသည်။
သူမ၏အမည်မှာ ဝူကျီ ဖြစ်၏။
“ခုနက စီနီယာက မင်းရဲ့သူငယ်ချင်းလား”
ဝူကျီထီး၏ လက်နက်ဝိညာဉ်က မေးလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က မျက်ခုံးပင့်လိုက်သည်။
ဝူကျီထီး၏အမူအရာ အရ တစ်ခုခုကို ကြံစည်နေသည်မှာ ထင်ရှားနေ၏။
ထင်ထားသည့်အတိုင်းပင် ဤထီးသည် ညီနောင်လင်း မရှိသည်နှင့် သူ့ကို ဒုက္ခပေးရန် ကြံစည်နေခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က အရာအားလုံးကို ကြိုမြင်ခဲ့သည်မှာ ကံကောင်းသည်ဟုပင် ဆိုရမည်။
ဝမ်လင်းက သူ့လက်ကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် သူ၏ စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်အတွင်းသို့ မှော်အဆောင်လက်ဖွဲ့များကို ထည့်သွင်းပေးခဲ့သည်။
သူ၏ မှော်လက်နက်က ရှင်ပြန်ထမြောက်သည့် မှော်ရတနာအမျိုးအစား ဖြစ်သော်လည်း မှော်အဆောင်လက်ဖွဲ့များသိမ်းဆည်းရန်အတွက် နေရာလွတ်များလည်း ရှိသည်။
“မင်းကိုကြည့်ရတာ စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူပဲ.. ဟုတ်တယ်မလား”
မိန်းကလေးက လေးနက်သောအသံဖြင့် မေးလိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ရယ်မောလိုက်သည်။
“ဘာဖြစ်လို့လဲ.. စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို အထင်သေးနေတာလား”
မိန်းကလေး ဝူကျီက ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“မဟုတ်ပါဘူး.. ကျွန်မ တွေးနေတာက…”
“မင်းအကြံအစည်က ငါ့ကိုဓားစာခံအဖြစ် အသုံးချပြီး ညီနောင်လင်းကို ခြိမ်းခြောက်ဖို့ မဟုတ်လား”
“ရှင်သိနေတယ်လား”
သူမက ထိတ်လန့်သွားခဲ့သည်။
စတီယာရင်ဘီးကို ကိုင်ထားသည့် ဗုံးပစ်စီနီယာ အင်မော်တယ်သည် စိတ်အနှောင့်အယှက် လုံးဝမဖြစ်ခဲ့ပေ။
“ငါကားထဲမဝင်ခင် ညီနောင်လင်းက ငါ့လက်ကို ဘာလို့ဆုပ်ကိုင်လိုက်လဲဆိုတာ မင်းသိလား”
မိန်းမပျိုလေးက ခေါင်းခါယမ်းလိုက်သည်။
“???”
“သူက ငါ့မှော်လက်စွပ်ထဲမှာ မီးတောက် အဆောင်လက်ဖွဲ့ဆယ်ခု ထည့်ပေးလိုက်တယ်.. မင်းငါ့ကို အနိုင်ကျင့်ရင် မီးနဲ့တိုက်ရိုက် ရှို့ပစ်လိုက်ဖို့ မှာထားခဲ့တယ်”
ထို့နောက် သူက မိန်းမပျိုလေးကို ကြည့်လိုက်သည်။
“မင်းငါ့ကိုမယုံရင် ငါအခု စမ်းကြည့်လိုက်ရမလား”
မိန်းမပျို “နဂါးမယ်တော်လို ငါဘာလုပ်မလဲဆိုတာကို တကယ်ပဲ ကြိုသိနေတာလား”
ဗုံးပစ်စီနီယာအင်မော်တယ် “စမ်းကြည့်ချင်သေးလား”
မိန်းမပျိုလေးက ပြုံးလိုက်ပြီး ဗုံးပစ်စီနီယာအင်မော်တယ်၏ ပုခုံးကို ပုတ်လိုက်သည်။
“ဟီးဟီး.. ကျွန်မကနောက်တာပါ.. ကျွန်မတို့က မိသားစုကြီးပဲလေ.. ဟုတ်တယ်မလား”
ထိုစကားကို ကြားလိုက်လျှင် ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းချလိုက်သည်။
“အမျိုးသမီးတွေက စာအုပ်လှန်တာထက်တောင် မျက်နှာကအတော်လေး အပြောင်းအလဲမြန်တာပဲ”
“……….”
အပိုင်း(၆၉၅) ပြီး၏