အထူးဧည့်သည်တစ်ယောက်
Vol. 47 Ch. 697
ရှုပ်ယှက်ခတ်နေသည့် မနက်ခင်းတစ်ခု ဖြစ်ခဲ့သည်။
ဝမ်လင်း၏ ဘေးကင်းသော ပြန်လာမှုသည် အမှတ် 60 အထက်တန်းကျောင်း၏ နောက်ဆုံး ဆွေးနွေးမှု ခေါင်းစဉ် ဖြစ်လာခဲ့သည်။
ထိုဆွေးနွေးမှုများသည် ဝမ်လင်း၏ ဝိသေသလက္ခဏာကို "လာဘ်ကောင်" အဖြစ် တိုက်ရိုက် အားဖြည့်ပေးခဲ့သည်။
ပုံပြင်များစွာကို သူကြားခဲ့ရသည်။
လူသားများသည် တစ်စုံတစ်ရာကို ဆုံးရှုံးသွားမှသာ တန်ဖိုးထားမြတ်နိုးတတ်သည့် သတ္တဝါအမျိုးအစား ဖြစ်သည်။
သူက သိုသိုသိပ်သိပ်နေပြီး သူ၏ဖြစ်တည်မှုကို သတိမထားမိစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သို့သော်လည်း သူ နှင့်ပတ်သက်သည့် သတင်းဆိုးကို ကြားသိရသောအချိန်တွင် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းနေဖက် အားလုံးသည် သူ့ကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လည်ချောင်းထဲတွင် ငါးအရိုးနင် သကဲ့သို့ နေရခက်သလို ခံစားခဲ့ရသည် ။
ပုံမှန်အားဖြင့် သူ့ကို သိပ်ဂရုမစိုက်သည့် အတန်းထဲမှ မိန်းကလေးတချို့သည် မနေ့က ဝမ်းနည်းပူဆွေးကာ ငိုယိုခဲ့ကြ၏။
ဝမ်လင်းကို အံ့အားအသင့်စေဆုံးသူမှာ ဆရာမဖန် ဖြစ်သည်။
သူမသည် မနေ့က မဟားဒရား ငိုခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့၏။
သူမ၏ စိတ်အခြေအနေ သိပ်မကောင်းသောကြောင့် သူမသည် ဒါရိုက်တာရှီးထံ ခွင့်တစ်ရက်ပေးရန် တောင်းဆိုခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်သည် ထာဝရ ကြောက်စရာကောင်းသော အရာ ဖြစ်သည်။
ဆရာမဖန်က နှစ်ပေါင်းများစွာ သင်ကြားပို့ချလာသူဖြစ်သော်လည်း ထိုကဲ့သို့ ကိစ္စမျိုးတွင် သူမ၏ ကျောင်းသားတစ်ဦး ပါဝင်ပတ်သက်သည့် အခြေအနေမျိုး တစ်ခါမှ မကြုံခဲ့ဖူးပေ။
ထို့ကြောင့် ဤအဖြစ်အပျက်ကို ကြားသိရပြီးနောက်တွင် သူမသည် စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။
ကျောင်းသူကျောင်းသားများကို စာသင်ကြားခြင်းနှင့် ပတ်သက်၍ ဒေါသထွက်ကာ စိတ်လွတ်သွားသည့် အချိန်များ ရှိသော်လည်း ဆရာမဖန်၏ စိတ်ရင်းကမူ ကျောင်းသားတိုင်းကို သူ့ကလေးများသဖွယ် သတ်မှတ်ထားခဲ့၏။
ဆရာမဖန် ကျောင်းပျက်ရသည့် အကြောင်းရင်းကို သိလိုက်ရလျှင် ဝမ်လင်း၏ရင်ထဲတွင်နွေးထွေးသွားခဲ့သည်။
သူ့အနေဖြင့် ယမန်နေ့က ဖြစ်စဥ်တွင် ထောင့်စေ့အောင် စဉ်းစားသင့်သည်ဟု တွေးမိခဲ့သည်။
ဥပမာအားဖြင့် သူက ကျောင်းတွင် ကိုယ်ပွားတစ်ခု ချန်ထားခဲ့လျှင် ယခုလို ဖြစ်ရပ်များ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော် ထိုအချိန်က သူသည် စာသင်ခန်းထဲကနေ ဥက္ကဌပိုင်၏ လူသတ်ငွေ့ကို ခံစားသိရှိခဲ့၍ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အတန်းထဲမှ မထွက်မီ အလွန်အမင်း စဉ်းစားခြင်းမပြုခဲ့ပေ။
သူသာနောက်ကျခဲ့လျှင် ကျောင်းဂိတ်တံခါးတွင် ဝှက်ထားသည့် အာကာပြင် ထောင်ချောက်သည် တခြားကျောင်းသားများကို စုပ်ယူသွားမည်မှာ သေချာသည်။
ထို့အပြင် မျက်ခွံသတိပေးချက်က သူ့ကို အရိပ်အယောင်မျှပင် မပေးခဲ့သောကြောင့် ယခုတစ်ကြိမ်တွင် မထင်မှတ်ထားသော ဖြစ်ရပ်များ ဖြစ်လာစေခဲ့သည် ဆိုလည်းမမှားပေ။
ဤသည်ကပင် ဥက္ကဌပိုင်သည် အစီအစဥ်ကို အသေအချာ ပြင်ဆင်ခဲ့မှန်း ထင်ရှားနေသည်။
တစ်ခါတရံတွင် ဤကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသော ကိစ္စရပ်များကို သင်အမှန်တကယ် ကာကွယ်နိုင်မည် မဟုတ်ပေ။
သို့သော် ဆိုရိုးစကားတစ်ခု ရှိခဲ့သည်။
“အခက်အခဲနဲ့ကြုံတိုင်း အတိုင်းအတာတစ်ခုအထိ အသိပညာကို သင်ရနိုင်တယ်”
ဤတစ်ကြိမ် အကျပ်အတည်းကို စီမံခန့်ခွဲရာတွင် အတွေ့အကြုံများ ရသွားခဲ့ပြီးနောက်တွင် နောင်အနာဂတ်၌ ဒုက္ခကြုံရသောအခါ ယခုထက် ပို၍ ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မည်ဟု ဝမ်လင်း ခံစားမိသည်။
…............
ယနေ့တွင် ဝမ်မိသားစု အိမ်ငယ်လေးသည် ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။
မြန်မာပြည်သိန်းတန်လို မထော်မနန်း ဝတ်စုံကို ဝတ်ဆင်ကာ ခန္ဓာကိုယ် တောင့်တင်း သန်မာပုံရသော လူလတ်ပိုင်းအရွယ် ဦးလေးတစ်ဦးသည် အိမ်တံခါးနားတွင် ကားကို ရပ်လိုက်သည်။
"ညနေ ပြန်လာကြိုဖို့မမေ့နဲ့"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
ယာဉ်မောင်းက ခေါင်းညိတ်ပြပြီးနောက် လူလတ်ပိုင်းအရွယ် အမျိုးသားက ကားပေါ်ကနေ ဆင်းလိုက်သည်။
ထို့နောက်တွင် ကားက ချက်ချင်းဆိုသလို မောင်းထွက်သွားခဲ့၏။
ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် မဟုတ်၍ အနီးနားရှိ လမ်းများကို ကောင်းစွာသိသည်။
အချိန်က ရင်းနှီးမှုကို တည်ဆောက်ဖို့ လုံလောက်သည်။
၎င်းသည် ဝမ်မိသားစု အိမ်ငယ်လေးဆီ မကြာခဏ လာလည်လေ့ရှိသည်။
သို့သော်လည်း ဤအမျိုးသားသည် ဝမ်လင်း နှင့် တစ်ခါမျှ မကြုံဖူးပေ။
အိမ်တံခါးဝမှ လှုပ်ရှားမှုကို ကြားလျှင် မေမေဝမ်က တံခါးကို အလျင်စလို ဖွင့်လိုက်သည်။
“ကြိုဆိုပါတယ် ခေါင်းဆောင်ကြီး.. ဝင်လာခဲ့ပါ”
ဤသူက သူတို့အဆင့်ဖြင့်ဆိုလျှင် အနားသို့ပင် ကပ်၍ မရနိုင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
သက်လတ်ပိုင်း အရွယ် အမျိုးသား ဝင်လာသောအခါတွင် မေမေဝမ်သည် အထူး ပြင်ဆင်ထားသည့် ဖိနပ်ဗီရိုထဲမှ ဖိနပ်တစ်ရံကို ထုတ်ယူ၍ စီးစေလိုက်သည်။
"ညီနောင် စစ်ထူက အပေါ်ထပ်မှာ စာရေးနေတာလား"
လူလတ်ပိုင်အရွယ် အမျိုးသားက ဖိနပ်ကို ပြောင်းစီးပြီးနောက် မေးလိုက်သည်။
"အင်း ဒီနေ့ကျမှ စာတွေ အများကြီးရေးနေတယ်"
“ကောင်းတယ်.. နောက်ထပ် အခန်းများများဖတ်ရတာပေါ့"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကလေးတစ်ယောက်လို လွတ်လပ်စွာ ရယ်မောလိုက်သည်။
မေမေဝမ် "ခေါင်းဆောင်ကြီး နေ့လည်စာအတွက် ဘာသုံးဆောင်ချင်လဲ"
...............
ဝမ်လင်းဟုခေါ်သော ကျောင်းသား၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ရှာဖွေခဲ့သော်လည်း သတင်းစာအားလုံးတွင် သူ့အတွက် အချက်အလက်အနည်းငယ်သာ ရှိနေသည်ကို ဗိုလ်ချုပ်ရီ တွေ့ရှိခဲ့သည်။
ထိုကျောင်းသား၏ ဓာတ်ပုံကို သတင်းစာတွေမှာရော အွန်လိုင်းမှာရော မတွေ့ရပေ။
ထို့ကြောင့် သူက ပို၍ပင် စိတ်ဝင်စားလာ၏။
ကမ္ဘာမြေပေါ်တွင် မည်သူက နောက်ကွယ်ကနေ အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထားပါသနည်း။
“ဆရာ.. အားလုံး စီစဉ်ပြီးပါပြီ.. ဒီတစ်ကြိမ်တော့ ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး ဖောင်ဒေးရှင်း နာမည်နဲ့ သွားကြမယ်”
ပြည်နယ်အကြီးအကဲ တစ်ဦးသည် ဗိုလ်ချုပ်ရီ၏ ရှေ့တွင် လေးလေးစားစား အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
ရဲတပ်ဖွဲ့ဝင် အများအပြားက ဤမြင်ကွင်းကို ပြတင်းပေါက်ကနေ မြင်တွေ့ရလျှင် အံ့အားသင့်သွားကြသည်။
လူတိုင်းတွင် အားနည်းချက် ကိုယ်စီ ရှိသည်ဟု ဆိုကြသည်။
ဤဒေါသကြီးသော ပြည်နယ်အကြီးအကဲက ဤမျှ နာခံမှု ရှိလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
"ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေးဖောင်ဒေးရှင်းလား"
"ဟုတ်ပါတယ်.. ဒီကျောင်းသားက အမှတ် ၆၀ အထက်တန်းကျောင်းနဲ့ ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး အစီအစဉ်ကနေ အကူအညီတွေ အရင်က ရယူခဲ့ဖူးပါတယ်"
"အင်း ဒီကလေးက ဘာတောင်းဆိုခဲ့လဲ.. စွမ်းအင်ဖြည့်ဆေး တစ်မျိုးမျိုးလား.. အခြေခံ ထူထောင်ခြင်းအဆင့် ဆေးပြားလား ဒါမှမဟုတ် ဝိညာဉ်စုစည်းခြင်း ဆေးလား ဒါမှမဟုတ် ပိုက်ဆံလား"
ဗိုလ်ချုပ်ရီက မေးခွန်းများ ဆက်တိုက် မေးလိုက်သည်။
သူက ဆေးအမျိုးအစား များစွာကို တစ်ကြိမ်တည်းတွင် ဖော်ပြခဲ့သည်။
ထိုဆေးများသည် ကျင့်ကြံခြင်း မြန်ဆန်စေရန် အတွက် အခြေခံ တည်ထောင်ခြင်းအဆင့်တွင် လိုအပ်သော ဖြည့်စွက်ဆေးများ ဖြစ်သည်။
“ဒီကလေး ဘာအလိုရှိလဲ ငါမသိပေမဲ့ ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး ဖောင်ဒေးရှင်း နာမည်နဲ့ သွားကတည်းက လက်ဗလာနဲ့ သွားလို့တော့ မဖြစ်ဘူး.. အရင်က သူ့ကို ဘာအကူအညီပဲ ပေးခဲ့ပါစေ.. ဒီတစ်ကြိမ်တော့ သူ့ကို ပမာဏ နှစ်ဆ ပေးရမယ်”
ဗိုလ်ချုပ်ရီက စိတ်အားထက်သန်စွာ ပြောကြားခဲ့သည်။
အဆုံးသတ်တွင် ပြည်နယ်အကြီးအကဲက ခေါင်းခါယမ်းလိုက်သည်။
“မဟုတ်ဘူး ဆရာ...ဒီကျောင်းသားက သရေစာ ခေါက်ဆွဲခြောက်ထုပ်ကိုပဲ တောင်းဆိုခဲ့တာပါ…”
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ရီ မှင်တက်သွားသည်။
ရုတ်တရက် သူက ခေါင်းအနည်းငယ် ရှုပ်သွားသလို ခံစားလိုက်ရ၏။
"သရေစာခေါက်ဆွဲခြောက်လား.. ဒါက ဆေးဝါးအမျိုးအစား အသစ်များ ဖြစ်နေမလား"
အပိုင်း(၆၉၇) ပြီး၏