ဗိုလ်ချုပ်ရီ၏စူးစမ်းမှု
Vol. 47 Ch. 698
စင်စစ် လူလတ်ပိုင်း အရွယ် အမျိုးသားသည် တခြားသူမဟုတ်ပေ။
ဟွာရှို့နိုင်ငံ၏ဥသျှောင် နိုင်ငံခေါင်းဆောင်ပင် ဖြစ်၏။
ဤအိမ်သို့ အလည်လာခြင်းသည် နိုင်ငံခေါင်းဆောင် အတွက် ပထမဆုံး အကြိမ်မဟုတ်ပေ။
သို့သော်လည်း သူက ဝမ်လင်းအကြောင်း လုံးဝမသိပေ။
ဝမ်လင်း၏ အခန်းက ဖေဖေဝမ်၏ စာကြည့်ခန်း ရှေ့တွင် တည်ရှိနေသော်လည်း နိုင်ငံခေါင်းဆောင်က တစ်ခါမျှ မရောက်ဖူးပေ။
သို့သော် ယခင်က ဝမ်လင်း၏ ဓာတ်ပုံတစ်ပုံကို သူ မြင်ဖူးသည်။
ထိုဓာတ်ပုံသည် ဖေဖေဝမ်၏ အံဆွဲထဲတွင် သိမ်းဆည်းထားသည့် ဝမ်လင်း၏ တစ်ခုတည်းသော အကာအကွယ် မပြုလုပ်ထားသည့် ဓာတ်ပုံ ဖြစ်သည်။
သူက ဤဓာတ်ပုံကို "မဟာကာကွယ်ရေးတာအို"ကို အသုံးပြု၍ ခပ်ဝါးဝါး အဖြစ် ပြောင်းလဲထားမည် မဟုတ်ပေ။
ဤဓာတ်ပုံသည် နိုင်ငံခေါင်းဆောင် အတွက် အထူးပြင်ဆင်ထားခြင်းဖြစ်သည်။
[ဓာတ်ပုံထဲက ကလေးက တကယ့်ကို သာမာန်ပုံပေါက်တဲ့ သာမန်အထက်တန်းကျောင်းသားလေးပဲ]
ယင်းမှာ ဓာတ်ပုံကိုမြင်ပြီးနောက်တွင် နိုင်ငံခေါင်းဆောင်၏ ဝမ်လင်း အပေါ် ပထမဆုံး အထင်အမြင် ဖြစ်သည်။
စာကြည့်ခန်းထဲသို့ရောက်လျှင် သူသည် ဖေဖေဝမ်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
ဤကုလားထိုင်ကို လဲ့မုန့်မုန့်အတွက် ပြင်ထားသော်လည်း ယနေ့တွင် လဲ့မုန့်မုန့် မလာခဲ့ပေ။
ဟုတ်ပါသည်၊ သူအမြဲ ထိုင်နေကျ ကုလားထိုင်သည် နိုင်ငံခေါင်းဆောင် ထိုင်သည့် ကုလားထိုင်နှင့် အတူတူမှန်း လဲ့မုန့်မုန် လုံးဝမသိခဲ့ချေ။
ဖေဖေဝမ်၏ မျက်လုံးများတွင် ဤကုလားထိုင်သည် အလွန်ပင် တန်ဖိုးရှိသည်။
နိုင်ငံခေါင်းဆောင်က သတ်သတ်လွတ် ပေါင်မုန့်ကို စားလျှင်ပင် ထိုပေါင်မုန့်သည် အဆပေါင်းများစွာ ပို၍ စျေးကြီးသွားပြီး နိုင်ငံခေါင်းဆောင် သုံးဆောင်ခဲ့သည့် ပေါင်မုန့် ဟုပင် ကြော်ငြာ၍ ရနိုင်မည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံခေါင်းဆောင် ထိုင်ခဲ့သည့် ဤကုလားထိုင်သည်လည်း တန်ဖိုးအရှိဆုံး ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
ယခုအခါတွင် အိမ်ငယ်လေး၏ မြေအောက်ခန်းတွင် ဤကုလားထိုင်နှင့် ဆင်တူသည့် ကုလားထိုင် အများအပြား ရှိနေပြီဖြစ်၏။
ထိုကုလားထိုင် အားလုံးသည် နိုင်ငံခေါင်းဆောင် ထိုင်ခဲ့သည့် ကုလားထိုင်များချည်း ဖြစ်သည်။
အကြောင်းရင်းမှာ နိုင်ငံခေါင်းဆောင် ရောက်လာတိုင်းတွင် ဖေဖေဝမ်က ထိုင်ခုံအသစ် တစ်လုံးနှင့် အစားထိုးခဲ့သောကြောင့် ဖြစ်၏။
"ညီနောင် စစ်ထူ.. ဝမ်လင်းလေးရော အဆင်ပြေရဲ့လား"
ကုလားထိုင်တွင် ထိုင်ပြီး သိပ်မကြာခင်မှာပင် နိုင်ငံခေါင်းဆောင်က တိုက်ရိုက် မေးလိုက်သည်။
"ဝမ်လင်းလေး အာကာပြင်အက်ကွဲကြောင်း ထဲကနေ ပြန်လွတ်လာတဲ့ သတင်းကို ငါကြားပါတယ်.. ဘာပဲဖြစ်ဖြစ် ကလေးက စိတ်ထိခိုက်နေမှာပဲ.. သူ့အတွက် အခက်အခဲရှိရင် ငါ့ကိုပြောပါ.. ငါက တစ်စုံတစ်ယောက်ကို စီစဉ်ခိုင်းလိုက်ပါ့မယ်"
"ဘယ်လိုစီစဥ်မှာလဲ"
"ဆေးသူတော်စင် ဝန်ကြီးလော့ကို သိတယ်မလား.. ဝမ်လင်းလေးရဲ့ စိတ်အခြေအနေ မကောင်းရင် သူ့ကို ကုသခိုင်းလိုက်မယ်"
နိုင်ငံခေါင်းဆောင်က ပြောလိုက်သည်။
ဖေဖေဝမ်က ချွေးများ တဖြိုက်ဖြိုက် ကျဆင်းလာသည်။
ဝန်ကြီးလော့ကို သူမည်သို့ မသိဘဲ နေပါမည်နည်း။
၎င်းသည် နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ဆေးသူတော်စင်လည်း ဖြစ်သည်။
"ဝန်ကြီးလော့ရဲ့ အကူအညီကို မလိုသေးပါဘူး"
ဖေဖေဝမ်က ခေါင်းကုတ်ကာ ရယ်မောလိုက်သည်။
“ခေါင်းဆောင်ရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်.. သားလေးရဲ့ စိတ်အခြေအနေက တော်တော် ကောင်းနေပါပြီ.. မနက်ကပဲ စောစောထပြီး ကျောင်းသွားခဲ့တယ်"
"တကယ်လား.. ဝမ်လင်းလေးရဲ့ စိတ်ဓာတ်က တော်တော်မာတာပဲ.. သူက ဖိအားတွေကို ခံနိုင်ရည် အားကောင်းပုံရတယ်"
နိုင်ငံခေါင်းဆောင်က ရယ်လိုက်သည်။
"အခုခေတ်မှာ တိုးတက်ချင်ရင် လူငယ်တွေအနေနဲ့ ဖိအားတွေကို ရင်ဆိုင်နိုင်ရမယ်...ကြည့်ရတာ ဝမ်လင်းလေးမှာ တောက်ပတဲ့ အနာဂတ် ရှိနေပုံပဲ"
"ဟားဟား.. သခင်ကြီး.. မင်း သူ့ကို မြှောက်ပင့်လွန်းနေပါပြီ.. သူက သာမန်ကလေးပါပဲ.."
“မင်းရဲ့သီချင်းကို ခိုးခဲ့တဲ့ အဆိုတော်ကို ဘယ်လိုကိုင်တွယ်ဖို့ ဆုံးဖြတ်ထားလဲ”
နိုင်ငံခေါင်းဆောင်က ဤကိစ္စနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေသေးကြောင်း ဖေဖေဝမ် သဘောပေါက်လိုက်သည်။
ဤအရာက ဖေဖေဝမ် မျှော်မှန်းထားသည်ထက်ပင် ကျော်လွန်သွားခဲ့သည်။
တကယ်တမ်းတွင် နိုင်ငံခေါင်းဆောင်သည် ဖေဖေဝမ်ကို ဤအကြောင်းအား မမေးခင် သီးသန့်မက်ဆေ့ချ် ပို့ထားခဲ့၏။
နိုင်ငံခေါင်းဆောင်က သူခိုးကောင်၏ လုပ်ရပ်ကို အတော်လေး စိတ်ဆိုးနေပုံရသည်။
“အလျင်မလိုပါဘူး.. ဖားပြုတ်သလို ရေကို အပူပေးပြီး ဖြည်းဖြည်းချင်း ညှဥ်းသတ်ဖို့ စီစဉ်နေပါတယ်.. ပရိသတ်တွေကလည်း သူ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကို ဖြိုချပြီး သူ့ရဲ့လုပ်ရပ်တွေကို နှောင့်ယှက်ဖို့ နေ့စဉ်ပုံမှန် ဝင်ရောက်နေကြပါတယ်”
"အင်း သူလုပ်ခဲ့တဲ့အရာတွေ အတွက် အနှေးနဲ့အမြန် ပြန်လည် ပေးဆပ်ရမှာပေါ့လေ"
နိုင်ငံခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
"ဘယ်လိုကိစ္စမဆို ညီနောင်စစ်ထူက ဥပဒေကို မချိုးဖောက်ထားသ၍ ငါ အားလုံးကို သပ်သပ်ရပ်ရပ် ကူညီဖြေရှင်းပေးနိုင်ပါတယ်"
ထိုစကားကို ပြောပြီးနောက် နိုင်ငံခေါင်းဆောင်က လက်မထောင်ကာ ပြုံးပြလိုက်၏။
“ကောင်းပါပြီ”
ဖေဖေဝမ်က ရင်ထဲတွင် နွေးထွေးသွားပြီး သက်ပြင်းချလိုက်သည်။
နိုင်ငံခေါင်းဆောင်လို ပရိတ်သတ်တစ်ယောက် ရထားသည်မှာ တကယ်ကို ကောင်းသည်။
၎င်းက အရာအားလုံးကို စီစဥ်ထားနိုင်သည် မဟုတ်ပါလော။
….............
နေ့လယ်စာစားချိန်လောက်တွင် ဖေဖေဝမ် နှင့် နိုင်ငံခေါင်းဆောင်သည် ထမင်းစားခန်းထဲတွင် စားသောက်နေကြသည်။
မေမေဝမ်က စားပွဲအပြည့် ဟင်းပွဲများကို ပြင်ဆင်ထား၏။
ထိုခဏတွင် သူတို့သည် "ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေးဖောင်ဒေးရှင်း"ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိခဲ့သည်။
တစ်ဖက်မှ ဝန်ဆောင်မှုပေးသော အမျိုးသမီး၏ ချိုမြိန်သောအသံက ထွက်ပေါ်လာသည်။
"အခုဖုန်းကိုင်တာ ကျောင်းသားဝမ်လင်းရဲ့ မိဘလား"
မေမေဝမ် "ဟုတ်ပါတယ် ဘာကိစ္စများရှိလို့လဲ"
“ဒီလိုပါ.. လွန်ခဲ့တဲ့တစ်လတုန်းက ကျောင်းသားဝမ်လင်းက ပရဟိတ အကူအညီကို လက်ခံခဲ့ပြီး အဖွဲ့အစည်းကနေ ခေါက်ဆွဲခြောက်တွေ တောင်းဆိုခဲ့တယ်"
မေမေဝမ် “….......”
“မကြာသေးမီကလည်း ကျောင်းသားဝမ်လင်း တစ်ယောက် အန္တရာယ် ကျရောက်ခဲ့တယ်လို့ သိရတဲ့အတွက် ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး ဖောင်ဒေးရှင်းရဲ့ ခေါင်းဆောင်တွေက အတော်လေး စိုးရိမ်နေကြတယ်"
"ဒါကြောင့် သူတို့ရဲ့ စာနာစိတ်ကို ဖော်ပြဖို့ လူကိုယ်တိုင်လာရောက်ပြီး ယခင်တစ်ခေါက်က ပေးခဲ့တဲ့ ခေါက်ဆွဲအကြွပ်ကြော်ထုပ်ထက် အရေအတွက် နှစ်ဆကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်"
ထိုစကားကိုပြောရင်း ဝန်ဆောင်မှုပေးသည့် အမျိုးသမီးက သူ့နဖူးကို သူ့လက်ဖြင့် ပြန်ရိုက်လိုက်သည်။
[ဒါက ဘယ်လို ထူးထူးဆန်းဆန်း ကယ်ဆယ်ရေး အကူအညီတွေလဲ]
မေမေဝမ် “အင်း… ဒါဆို ခေါင်းဆောင်တွေ ဘယ်တော့ လာမလဲဆိုတာ မေးလို့ရမလား”
"ကျေးဇူးပြုပြီး ဖုန်းကိုင်ထားပေးနော်.. အချိန်ကို စစ်ဆေးပေးပါ့မယ်"
မေမေဝမ်က ဖုန်းဖြင့် နားထောင်ရင်း အမှန်တကယ် အံ့သြနေခဲ့သည်။
ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး ဖောင်ဒေးရှင်းအကြောင်း သူမ သိသော်လည်း ယခုအချိန်တွင် ဖောင်ဒေးရှင်းသည် သူမတို့ထံ ဖုန်းခေါ်ဆိုမည်ဟု မမျှော်လင့်ခဲ့ပေ။
သူတို့အိမ်အား လာရောက်လည်ပတ်ရန်အထိ ခေါင်းဆောင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဟုလည်း မထင်ထားခဲ့ချေ။
အဆုံးသတ်တွင် သူတို့မိသားစုသည် "ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး အကူအညီ"ကို အမှန်တကယ် ရရှိခဲ့သည်။
ထို့ကြောင့် ၎င်းတို့ကို တိုက်ရိုက် ငြင်းဆိုခြင်းသည် အလွန်သင့်လျော်မည် မဟုတ်ဟု မေမေဝမ် ခံစားခဲ့ရသည်။
"ဒီနေ့ နေ့လည်လောက်ဆို အဆင်ပြေလား"
"ဒါဆို ခဏနေ ရောက်လာမှာပေါ့"
မေမေဝမ် လန့်ဖျပ်သွားသည်။
ထိုအချိန်တွင် ဖေဖေဝမ်က “ဘယ်သူလဲ”ဟု လှမ်းမေးလိုက်သည်။
“ဆင်းရဲနွမ်းပါးမှု ကယ်ဆယ်ရေး ဖောင်ဒေးရှင်းက
ခေါင်းဆောင် တစ်ယောက်က ဒီနေ့မွန်းလွဲပိုင်းမှာ လာလည်မယ်လို့ပြောတယ်”
"သူတို့ရဲ့ အထောက်အထားကို အတည်ပြုပြီးပြီလား.. လူလိမ်တော့ မဟုတ်ဘူးမလား”
ဖေဖေဝမ် မျက်မှောင်ကြုတ်သွားသည်။
“ညီနောင် စစ်ထူ.. ဘာတွေစိတ်ပူနေတာလဲ.. အစိုးရအဖွဲ့အစည်း အဖြစ် တစ်ယောက်ယောက်က ဟန်ဆောင်ရဲရင် ငါ သူတို့ကို အမြစ်ကနေ ရှင်းပစ်လိုက်မယ်"
နိုင်ငံခေါင်းဆောင်က ရယ်မော၍ ပြောလိုက်သည်။
ဖေဖေဝမ် နှင့် မေမေဝမ် “........…”
…............
နေ့ခင်းဘက်တွင် ဗိုလ်ချုပ်ရီသည် ထောက်ပံ့မည့်ပစ္စည်းများ ယူလာကာ ဝမ်မိသားစု၏ အိမ်ငယ်လေးသို့ ကိုယ်တိုင်ကိုယ်ကျ ထွက်ခွာလာခဲ့သည်။
ကိစ္စရပ်တစ်ခုလုံး၏ နောက်ကွယ်မှလူသည် ဤအိမ်ငယ်လေးတွင် ရှိနေကြောင်း သူပြင်းထန်စွာ ခံစားရသည်။
ထို့အပြင် အိမ်ငယ်လေးသို့ မရောက်ခင်ကပင် ထူးထူးခြားခြား ခံစားချက်ကို ရရှိနေပြီ ဖြစ်သည်။
ခေါက်ဆွဲခြောက်ထုပ်များ တင်ဆောင်လာသော ထောက်ပံ့ရေးကားသည် ဗိုလ်ချုပ်ရီ၏ ကားနောက်ကနေ အနီးကပ် ကပ်လိုက်လာခဲ့သည်။
ခရီးသည်တင် ထိုင်ခုံတွင် ထိုင်နေသော ဗိုလ်ချုပ်ရီသည် အဝေးကနေ အော်ရာတစ်ခုကို ခံစားမိခဲ့သည်။
ထိုအော်ရာအရ အိမ်ငယ်လေးထဲတွင် အဆင့်လွန် ကျင့်ကြံသူ တစ်ယောက် ရှိနေသည်မှာ ရာနှုန်းပြည့် သေချာ၏။
ထို့အပြင် ထိုလူက အားမနည်းလောက်ဘဲ သူ့ထက်ပင် သာလွန်လောက်သည်။
ထိုလူက မည်သူနည်း။
ဗိုလ်ချုပ်ရီက သူ့ကိုယ်သူ ဟွာရှို့နိုင်ငံ၏ အစွမ်းထက်ဆုံးအဖြစ် အသိအမှတ် မပြုခဲ့သော်လည်း အလုံးစုံ အင်အားအရဆိုလျှင် ထိပ်ဆုံးဆယ်ဦး စာရင်း၌ ဝင်သည်ဟု ယုံကြည်ထားသူ ဖြစ်သည်။
သူ့ထက် သန်မာသူများမှာ လက်ချိုး၍ပင် ရေတွက်၍ရ၏။
ဟုတ်ပါသည်၊ သူမသိသေးသည့် အဆင့်လွန် အမှောင် ကျင့်ကြံသူ တချို့ ရှိနေသည် ဟူသော ဖြစ်နိုင်ခြေကို သူ ဖယ်ရှား၍ မရပေ။
အဆုံးသတ်တွင် အရာအားလုံးသည် ထင်ရှားလာတော့မည် ဖြစ်သည်။
သူက အိမ်ငယ်လေးရှိ လူများကို အလွန်သိချင်နေခဲ့၏။
ဝမ်မိသားစု အိမ်ငယ်လေး အနီးသို့ ချဉ်းကပ်လာသော အခိုက်တွင် သူက ယာဉ်မောင်းကို ပြောလိုက်သည်။
"ကားရပ်လိုက်.. ငါဒီမှာပဲ ဆင်းလိုက်မယ်"
ယာဉ်မောင်းက ကားကို အိမ်ငယ်လေးနှင့် မီတာငါးဆယ်အကွာတွင် ရပ်လိုက်သည်။
ထို့နောက်တွင် ဗိုလ်ချုပ်ရီသည် ကားထဲကနေ ထွက်လာခဲ့သည်။
အပြင်သို့ရောက်သည်နှင့် ဗိုလ်ချုပ်ရီက ဝိညာဥ်ရေးအာရုံဖြင့် အိမ်ငယ်လေးကို လှမ်းအကဲခတ်လိုက်သည်။
“မင်းဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့”
သူက ဝမ်မိသားစု အိမ်ငယ်လေး၏ ဝင်ပေါက်သို့ သူ၏ စိတ်ဝိညာဉ်အာရုံများကို တိုက်ရိုက် ပို့လွှတ်လိုက်သည်။
ဤအရာက စုံစမ်းစစ်ဆေးမှု တစ်ခုသာ ဖြစ်သော်လည်း ကျင့်ကြံသူများ ကြားတွင် ဝိညာဉ်ရေးအာရုံများကို ထိပ်တိုက်ပို့လွှတ်ခြင်းသည် တစ်ဖက်လူကို ပညာစမ်းသည်နှင့် မခြားပေ။
ယင်းမှာ ဘယ်သူက ပိုသန်မာလဲ ဆိုသည်ကို အပြိုင်အဆိုင် လက်ဆွဲနှုတ်ဆက်သည့် ပုံစံတစ်မျိုး ဖြစ်၏။
အိမ်ငယ်လေးအတွင်းမှ နိုင်ငံခေါင်းဆောင်သည် ဖေဖေဝမ်၏ စာမူကြမ်းကို ဖတ်ရင်း ရုတ်တရက် သူ့နောက်ကျောတွင် အေးစက်စက် ခံစားချက်ကို ခံစားလိုက်ရသည်။
ဤသည်မှာ ဝိညာဥ်အာရုံ စူးစမ်းခြင်း ဖြစ်၏။
နိုင်ငံခေါင်းဆောင်က အံသြသွားသည်။
“???”
တစ်စုံတစ်ယောက်က ဤနေရာကို အမှန်တကယ် ထောက်လှမ်းနေပါသလော။
"ဟက်.. မေဘေးလေး.. မင်းက သတ္တိရှိသားပဲ"
အပိုင်း(၆၉၈) ပြီး၏