← Chapters

နိုင်ငံခေါင်းဆောင်၏ ညစ်ကျယ်ကျယ်အပြုံး

Vol. 47 Ch. 699

နိုင်ငံခေါင်းဆောင်၏ ညစ်ကျယ်ကျယ်အပြုံး

Vol. 47 Ch. 699

လျှို့ဝှက်စွာ စောင့်ကြည့်ခံရသည့် ခံစားချက်သည် ချက်ချင်းဆိုသလိုပင် နိုင်ငံခေါင်းဆောင်ကို ချက်ချင်း သတိရှိစေသည်။

နိုင်ငံခေါင်းဆောင်၏ အမူအရာက မူမမှန်ကြောင်း ဖေဖေဝမ် သတိပြုမိခဲ့သည်။

"ဝင်ပေါက်မှာ တစ်ယောက်ယောက် ရှိနေတယ်"

နိုင်ငံခေါင်းဆောင်က ဖတ်လက်စ အကြောင်းအရာကို အမှတ်အသားပြုလိုက်ပြီး ပြတင်းပေါက်ကနေ ကြည့်ရန် မတ်တပ် ထရပ်လိုက်သည်။

သူက အလွန်ပျော်ရွင်စွာ စာဖတ်နေစဉ် အနှောင့်အယှက် ဖြစ်ခဲ့ရ၍ အနည်းငယ် စိတ်မချမ်းသာ ဖြစ်သွားခဲ့သည်။

"နွမ်းပါးမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းကများလား "

ဖေဖေဝမ်က စောစောက မောင်းလာသော ကားသံကို ကြားလိုက်ရသည်။

ဝမ်မိသားစု၏ အိမ်ငယ်လေးသည် မြို့စွန်ရှိ အရှေ့ဟွမ်လမ်းတွင် တည်ရှိပြီး အများအားဖြင့် လူသူဆိတ်ငြိမ်နေလေ့ ရှိသောကြောင့် လမ်းထဲ မောင်းလာသော မည်သည့်ကားသံကို မဆို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

“လောလောဆယ် ဘယ်ကလဲ မသိပေမယ့် ငါ ဒီလူနဲ့ ရှင်းမှဖြစ်မယ်”

နိုင်ငံခေါင်းဆောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ဖောင်ဒေးရှင်းကသာ အမှန်တကယ် ဖြစ်လျှင် ဤကဲ့သို့ စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်စရာ အကြောင်းမရှိပေ။

ဖေဖေဝမ်က နိုင်ငံခေါင်းဆောင် တစ်ခုခု လုပ်တော့မည်ဟု မသိစိတ်ကနေ ခံစားလိုက်ရသည်။

နိုင်ငံခေါင်းဆောင်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

"ညီနောင် စစ်ထူ.. မင်းအဲဒီမှာပဲ ထိုင်နေ.. လုံးဝမလှုပ်နဲ့.. ငါ ဒီကိစ္စကို ရှင်းနေချိန်မှာ မင်း စာများများ ရေးနေရင်ရပြီ"

ဖေဖေဝမ် “….........”

…............

တံခါးဝမှ ဗိုလ်ချုပ်ရီသည် အိမ်ငယ်လေးအား စူးစမ်းပြီးနောက်တွင် လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ဝိညာဉ်ရေးအာရုံများ လွင့်စင်သွားသောကြောင့် ဖြစ်၏။

အိမ်ငယ်လေး အတွင်းမှ ကျင့်ကြံသူက သူ၏ စူးစမ်းမှုကို သတိပြုမိပြီး ဟန့်တားလိုက်သည်မှာ ထင်ရှားသည်။

ထိုလူက အလွန်အစွမ်းထက်သော ပညာရှင်ဖြစ်သည်မှာ သေချာသလောက်ပင် ဖြစ်၏။

ဗိုလ်ချုပ်ရီက အိမ်ငယ်လေး၏ တည်နေရာကို ဂရုတစိုက် စူးစမ်းခဲ့သည်။

သူသိသလောက် ဤလမ်းသည် လူစည်ကားသော အရပ်နှင့် အတော်လေး ဝေးကွာပြီး သာမန် ဖုန်းရွှေသာ ရှိသည်။

ထိုသို့သော ပညာရှင်တစ်ဦးသည် ဤကဲ့သို့ ဝေးလံခေါင်သီသောနေရာတွင် သီးသန့်နေထိုင်ရန် အဘယ်ကြောင့် ရွေးချယ်ရသနည်း။

ယင်းက အဓိပ္ပါယ်လုံးဝမရှိပေ။

ယခုအချိန်တွင် ဗိုလ်ချုပ်ရီသည် အဖြေရှာတွေ့တော့မည့် ခံစားချက်တချို့ကို ရရှိခဲ့သည်။

တစ်အချက်၊ ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူနှင့် ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေး ဒါရိုက်တာကျိုးရီ၊ ကျောင်းပေါင်းတစ်သောင်း အထွေထွေအုပ်ချုပ်ရေး အတွင်းရေးမှူး စွန်းတာခန်းတို့၏ ဆက်စပ်မှု။

နှစ်အချက်၊ ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ ဝိသေသ လက္ခဏာနှင့် အစွမ်းသတ္တိ။

သုံးအချက်၊ ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ စစ်မှန်သော ရည်မှန်းချက်။

မကြာသေးမီက နိုင်ငံရပ်ခြား အင်အားစုများ ပိုမို လှုပ်ရှားလာသည်ကို ထည့်သွင်းစဉ်းစားလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက နိုင်ငံခြားသားလားဟုပင် ဗိုလ်ချုပ်ရီ တွေးတောနေမိသည်။

ဗိုလ်ချုပ်ရီ အမြဲတမ်း အကြောက်ဆုံးအရာမှာ ဟွာရှို့ မဟာမိတ်အဖွဲ့မှ ထိပ်တန်းအရာရှိများ နှင့် နိုင်ငံရပ်ခြား တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်ကို ဖြစ်သည်။

နိုင်ငံရပ်ခြားတပ်ဖွဲ့များသည် ဟွာရှို့နိုင်ငံသို့ သူလျှိုများစေလွှတ်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။

အလယ်အလတ်တန်းစား အရာရှိ အများအပြားကို ၎င်းတို့၏ သတင်းပေးသူများ ဖြစ်လာစေရန်ပင် လာဘ်ထိုးထားပြီ ဖြစ်သည်။

ဤနှစ်များတစ်လျှောက်တွင် ဗိုလ်ချုပ်ရီသည် အထောက်အထားများစွာကို စုဆောင်းခဲ့၏။

ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော ဒေသအသီးသီးရှိ အဆင့်မြင့်အရာရှိ အများစုသည် ၎င်းတို့နှင့် ဆက်စပ်နေခဲ့သည်။

သို့ရာတွင် ဤခေါင်းဆောင်များ၏ ရာထူးက နိမ့်လွန်း၍ ကိစ္စကြီးများကို ဆောင်ရွက်ရန် မလုံလောက်ပေ။

ထို့ကြောင့် ဗိုလ်ချုပ်ရီက ငါးကြီးကြီးကို မိရန်သာ အထူးအာရုံစိုက်ခဲ့၏။

ဤအိမ်ငယ်လေး အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူမှာ ငါးကြီးတစ်ကောင်ဖြစ်မှန်း အလွန်ထင်ရှားနေသည်။

ဗိုလ်ချုပ်ရီက စိတ်လှုပ်ရှားနေချိန်တွင် သူ့ရှေ့၌ မြင်ကွင်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။

သူက ပူပြင်းသော ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့သည်။

ထိုနေရာကို အချိန်မရွေးပေါက်ကွဲနိုင်သည့် မီးတောင်များဖြင့် ဝန်းရံထား၏။

မြေပြင်က နီရဲသော မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ကောင်းကင်ထက်တွင် အမှန်တကယ် နေကိုးစင်း ရှိနေသည်။

"တကယ်ပူတယ်ဟ... ဒါက မူလစိတ်ဝိညာဉ်နယ်ပယ်လား"

သူက လေထဲတွင် ပျံဝဲနေရင်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

သူ၏ လေ့ကျင့်ခန်း အဝတ်အစားမှာလည်း အပူလှိုင်းများကြောင့် တဖျပ်ဖျပ် ခတ်နေသည်။

မူလစိတ်ဝိညာဉ်နယ်ပယ်ကို ချက်ခြင်း ထုတ်လွှတ်နိုင်ခြင်းကပင် အိမ်ငယ်လေး အတွင်းမှ ကျင့်ကြံသူ မည်မျှ အစွမ်းထက်ကြောင်း သက်သေပြနေသည်။

အဆိုးဆုံးမှာ ဤလူက သူ့ကို မူလစိတ်ဝိညာဥ်နယ်ပယ်ထဲ ဆွဲခေါ်သွားသော်လည်း ကိုယ်တိုင်ကမူ ထိုနေရာတွင် ရှိမနေခဲ့ပေ။

ထိုသို့ စွမ်းဆောင်နိုင်သည့်သူမှာ ကမ္ဘာပေါ်တွင် အနည်းငယ်သာရှိ၏။

ဤလူက အလွန်ခက်ခဲသော ရန်သူ ဖြစ်ပုံရသည်။

ဗိုလ်ချုပ်ရီက အခြေအနေကို အေးဆေးစွာ ခွဲခြမ်းစိတ်ဖြာသည်။

သူ့အနေဖြင့် အဆင်မပြေသည့် အနေအထားမှာ ရှိနေခဲ့လျှင်ပင် တုန်လှုပ်သည့် လက္ခဏာ မပြသသင့်မှန်း သိသည်။

ဗိုလ်ချုပ်ရီက လက်ကို ဆန့်ထုတ်လိုက်သည်။

ရွှေရောင် မှော်ကွင်း တစ်ကွင်းသည် သူ့ညာဘက်လက် တစ်ဝိုက်နားတွင် ချက်ခြင်းဆိုသလို ပေါ်လာခဲ့၏။

ထို့နောက်တွင် ဗိုလ်ချုပ်ရီသည် အေးစက်နေသော အပြာရောင် အေးခဲနှင်းဓားကို မှော်ကွင်းထဲကနေ ဆွဲထုတ်လိုက်သည်။

အေးခဲနှင်းဓားကို ဆွဲထုတ်လိုက်သည်နှင့် အစောပိုင်းက ပူနွေးနေသော မြေပြင်သည် ဗိုလ်ချုပ်ရီထံမှ ဖြာထွက်လာသော နှင်းခဲအလွှာဖြင့် ဖုံးလွှမ်းသွားသည်။

ထိုနှင်းခဲအလွှာများက ပတ်ဝန်းကျင်ကို တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့သည်။

ဒါတင်မကသေးဘဲ သူ၏ အဝတ်အစားပင် ပြောင်းသွားသေး၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဗိုလ်ချုပ်ရီ ဝတ်ဆင်ထားသည့် လေ့ကျင့်ရေး အဝတ်အစားကို မှော်ရေခဲချပ်ဝတ်တန်ဆာက ဖုံးလွှမ်းသွားသည်။

ယခုအခါတွင် ဗိုလ်ချုပ်ရီသည် ရှေးခေတ် သူရဲကောင်းတစ်ဦးနှင့်ပင် ဆင်တူနေသည်။

….............

တစ်ဖက်တွင် ဝမ်မိသားစု အိမ်ငယ်လေးအတွင်း၌ နိုင်ငံခေါင်းဆောင်သည် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ဖေဖေဝမ် ရှုစားနိုင်ရန်အတွက် ပရောဂျက်တာကို အသုံးပြု၍ ပြသခဲ့၏။

"ဟားဟား.. ရာစုနှစ်တွေ အများကြီးရှိပြီ.. ဒါပေမယ့် ဒီကောင်လေးက ဘာမှ မတိုးတက်သေးဘူး"

သူက အနည်းငယ်ပြုံးလိုက်ပြီး ရှင်းပြရန်အတွက် ဖေဖေဝမ်ဘက်သို့ လှည့်လိုက်သည်။

“ညီနောင် စစ်ထူ.. ရွှေရောင် မှော်ကွင်းကို မင်းမြင်လိုက်လား.. အဲဒါက ထောင်သောင်းချီတဲ့ မှော်ဓားတွေ စုဆောင်းထားတဲ့ အဆုံးမဲ့ ဓားသိုလှောင်ခန်းပဲ.. မင်းဝတ္ထုထဲ​မှာ ထည့်ရေးလို့ရတယ်”

"ငါ အရင်က အိမ်သာတက်ရင် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တွေးရတာကို ဝါသနာပါပေမယ့် လိပ်ခေါင်းရောဂါ ဖြစ်လာပြီးနောက်မှာ တွေးတောတာကို စွန့်လွှတ်လိုက်ရတယ်"

ထိုစကားကို ကြားလျှင် နိုင်ငံခေါင်းဆောင်၏ မျက်လုံးများက ချက်ချင်း လင်းလက်သွားသည်။

"ညီနောင် စစ်ထူ.. အခု မင်းမှာ အခက်အခဲတချို့ ရှိနေလား"

“အင်း”

ဖေဖေဝမ်က ခေါင်းကို လေးလေးနက်နက် ညိမ့်လိုက်သည်။

“အခုဖတ်နေတဲ့ အပိုင်းကို ကြည့်လိုက်.. တိုက်ပွဲခန်းနဲ့ ပတ်သက်တဲ့ ဇာတ်ကွက်ပါတယ်.. ငါဘယ်လိုရေးရမလဲ စဉ်းစားနေမိတယ်.. ဖြစ်နိုင်ရင် တိုက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပိုရနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ကောင်းပြီ ငါ့ကိုသာ လွှဲထားလိုက်တော့"

နိုင်ငံခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။

"တိုက်ပွဲကို ကြည့်ချင်နေတာလား.. ဒီလောက်က လွယ်လွယ်လေးပါ"

နိုင်ငံခေါင်းဆောင်က မူလစိတ်ဝိညာဉ်နယ်ပယ်တွင် ပိတ်မိနေသော ရီရီလေးကို စိုက်ကြည့်ရင်း သူ၏ အပြုံးက တဖြည်းဖြည်း “ညစ်ကျယ်ကျယ်အပြုံး” သို့ ပြောင်းလဲသွားခဲ့သည်။

အပိုင်း(၆၉၉) ပြီး၏။

All Chapters