နိုင်ငံခေါင်းဆောင်ရဲ့ အဆုံးမဲ့မူလစိတ်ဝိညာဥ်နယ်ပယ်
Vol. 47 Ch. 700
ဖေဖေဝမ်တွင် ကြွယ်ဝသော အရေးအသား အတွေ့အကြုံရှိသော်လည်း တိုက်ပွဲနှင့် ပတ်သက်သည့် အရေးအသားပိုင်းတွင် မပြည့်စုံသေးပေ။
သူက တိုက်ပွဲကို အထူးတလည် တွေ့ဖူးခြင်း မရှိသောကြောင့် တိုက်ပွဲခန်းများသည် သူ၏ အားနည်းချက်ဖြစ်သည်ဟု အမြဲလိုလို ခံစားခဲ့ရသည်။
ဤသည်မှာ သူ၏ စာအရေးအသားကို ကြွယ်ဝလာစေရန်အတွက် လက်တွေ့ လေ့လာခွင့်ရရှိမည့် ရှားပါးသောအခွင့်အရေးလည်း ဖြစ်၏။
"တကယ် လျော့တွက်လို့မရဘူးပဲ"
အေးခဲနှင်းဓားကို ဆင့်ခေါ်ပြီး နှင်းခဲချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်လိုက်သည်။
အေးခဲနှင်းဓားသည် လက်ရှိတွင် ပူပြင်းသော ပတ်ဝန်းကျင်ကို တန်ပြန်ရန် အသင့်တော်ဆုံး မှော်ဓားဖြစ်သော်လည်း အချိန်အကြာကြီး မှီခိုအားထားနိုင်မည် မဟုတ်ကြောင်း သူသိသည်။
တစ်ဖက်လူက သူ့ထက် ပိုသန်မာပြီး မူလစိတ်ဝိညာဥ်နယ်မြေ အတွင်းရှိ အပူချိန်က ဆက်လက် မြင့်တက်နေသည်ကို သူ တိုက်ရိုက် ခံစားနိုင်ခဲ့သည်။
ထို့ကြောင့် ဤမူလစိတ်ဝိညာဥ်နယ်ပယ်ကို တတ်နိုင်သမျှ ဖျက်ဆီးပစ်ရန် လိုအပ်၏။
"ငါက ဓားသူတော်စင်ပဲ.. ရအောင်ဖျက်ဆီးပြမယ်"
ဗိုလ်ချုပ်ရီက အသက်ခပ်ပြင်းပြင်းရှူရင်း အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအားများကို သူ့လက်ထဲမှ အေးခဲနှင်းဓားထံ ထည့်သွင်းလိုက်ရာ စက္ကန့်ပိုင်းအတွင်း အေးစက်သောလေထုသည် နယ်မြေ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားပြီး အေးခဲနေသော မြူခိုးများပင် ထွက်ပေါ်လာသည်။
ထိုခဏမှာပင် ဗိုလ်ချုပ်ရီ၏ ဓားသည် ကောင်းကင်ကို ထိုးဖောက်သွားပြီး တို့ဟူးခုတ်သကဲ့သို့ အာကာပြင်ကို ပွင့်ထွက်စေခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ကာ ဖေဖေဝမ်က တအံ့တသြ ဖြစ်နေ၏။
“ဗိုလ်ချုပ်ရီက မျှော်မှန်းတဲ့အတိုင်းပဲ.. အရမ်းအစွမ်းထက်တယ်…”
ဟွာရှို့၏ ကျင့်ကြံသူများအတွက် ယခုနှစ် စွမ်းအား အဆင့် သတ်မှတ်သည့် စာရင်းတွင် ဗိုလ်ချုပ်ရီက ထိပ်တန်း ဆယ်ဦးစာရင်းတွင်ရှိကြောင်း ဖေဖေဝမ် သိထားသည်။
"ညီနောင် စစ်ထူက ဒါကို အဆုံးသတ်လို့ ထင်နေတာလား.. ဟားဟား အစပဲရှိပါသေးတယ်"
နိုင်ငံခေါင်းဆောင်က ရယ်လိုက်သည်။
ဗိုလ်ချုပ်ရီက ဓားတစ်ချက်ထဲဖြင့် မူလစိတ်ဝိညာဉ် နယ်ပယ်ကို ထိုးဖောက်နိုင်ခဲ့၏။
သူ့မျက်နှာပေါ်မှ အပြုံးကို ကြည့်၍ သူ့ကိုယ်သူ အလွန်အမင်း ယုံကြည်မှုရှိမှန်း ထင်ရှားနေသည်။
သို့သော် နောက်ထပ် အခိုက်အတန့်မှာပင် ဗိုလ်ချုပ်ရီ၏ မျက်နှာသည် တဖြည်းဖြည်း မှုန်ကုပ်သွားခဲ့သည်။
အကြောင်းရင်းမှာ သူက မူလစိတ်ဝိညာဥ် နယ်ပယ်အတွင်း၌သာ ရှိနေကြောင်း သဘောပေါက်သွားသောကြောင့် ဖြစ်၏။
ထို့အပြင် ကောင်းကင်မှ နေကိုးစင်ကလည်း နှစ်ဆ အရေအတွက် တိုးသွားပြီး တစ်ဆယ့်ရှစ်စင်း ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ဗိုလ်ချုပ်ရီက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
“ အဆုံးသတ်မှာ ရီရီလေးက စိမ်းနေသေးတဲ့ပုံပဲ”
နိုင်ငံခေါင်းဆောင်က ဗိုလ်ချုပ်ရီ၏ အမူအရာကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ရီရီလေး ရှေ့မှာ ငါ့ရဲ့မူလစိတ်ဝိညာဥ် နယ်ပယ်ကို တစ်ခါမှ အသုံးမချဖူးတာကြောင့် ငါ့ရဲ့ မူလစိတ်ဝိညာဥ်နယ်ပယ်နဲ့ ပတ်သက်ပြီး ရီရီလေး လုံး၀ မသိဘူး"
ဖေဖေဝမ်က လေးလေးနက်နက် နားထောင်ကာ ကွန်ပြူတာတွင် မှတ်စုများကို ရေးမှတ်နေခဲ့သည်။
"မူလစိတ်ဝိညာဉ်နယ်ပယ်တွေက အစွမ်းသတ္တိ ဂုဏ်ရည်တွေ မတူကြဘူးလား"
"ဟုတ်တယ်.. လူတိုင်းသိထားကြတဲ့ အတိုင်းပဲ.. မူလစိတ်ဝိညာဉ်နယ်ပယ်က သေးငယ်တဲ့ကမ္ဘာတစ်ခု အသွင်ရှိလို့ အတွင်းပိုင်း ကမ္ဘာငယ်လေးလို့လည်း ခေါ်ကြတယ်.. ခန္ဓာကိုယ်အတွင်းမှာ မူလစိတ်ဝိညာဥ်နယ်ပယ်ကို စုံလင်စွာဖွဲ့စည်းပြီးရင် တိုက်ပွဲအတွင်း ချက်ခြင်း ထုတ်လွှတ်နိုင်တယ်"
"ဒါ့အပြင် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထုတ်လွှတ်သူသာလျှင် နယ်ပယ်အတွင်းမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုနိုင်တယ်.. ဆိုလိုတာက မင်းအနေနဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်ထဲကို ဆွဲငင်ခံရရင် တတ်နိုင်သမျှ အမြန်ဆုံး ဖောက်ဖျက်ဖို့ နည်းလမ်းကို တွေးတောရမယ် မဟုတ်ရင် မင်းက မင်းရဲ့ဝိညာဉ်စွမ်းအင် အားလုံးကို သုံးစွဲပြီးတာနဲ့ သေဖို့ပဲ စောင့်နေရလိမ့်မယ်"
“ညီနောင် စစ်ထူ ပြောခဲ့တဲ့ အစွမ်းသတ္တိ ဂုဏ်ရည်တွေကိုတော့ မူလစိတ်ဝိညာဥ်နယ်ပယ်ရဲ့ လျှို့ဝှက်ဥပဒေသလို့ ခေါ်တယ်.. လူတစ်ဦးစီရဲ့ ဝိညာဉ်ရေးရာ အရင်းအမြစ် ငါးမျိုးအရ ကိုယ်ပိုင်သီးသန့် လျှို့ဝှက်ဥပဒေသတွေ ရှိကြတယ်
"ငါ့နယ်ပယ်ရဲ့လျှို့ဝှက်ဥပဒေသက မီးနဲ့ ဆင်တူပေမယ့် တကယ်တော့ အဆုံးမဲ့ အစွမ်းသတ္တိဂုဏ်ရည်ပဲ”
ဖေဖေဝမ်က ဤအချက်အလက် အားလုံးကို စိတ်အားထက်သန်စွာ စုစည်းခဲ့သည်။
"အဆုံးမဲ့ အစွမ်းသတ္တိဂုဏ်ရည်လား.. အဲဒါကို အကျယ်တဝင့် ရှင်းပြပေးနိုင်မလား"
"အင်း အစ်ကို စစ်ထူက ဒီအစွမ်းသတ္တိဂုဏ်ရည်ကို Matryoshka အရုပ်လိုမျိုး တွေးနိုင်ပါတယ်"
[Matryoshka= တစ်ထပ်ပြီးတစ်ထပ်ရှိသည့် ရုရှားအရုပ်]
“….........”
“ငါ့ရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်မှာ စုစုပေါင်း အလွှာကိုးလွှာ ရှိတယ်.. အဲဒီထဲကနေ လွတ်မြောက်ဖို့ဆိုရင် အလွှာကိုးလွှာလုံးကို ထိုးဖောက်ဖို့ လိုအပ်တယ်.. ရီရီလေး ခုနက ထိုးဖောက်လိုက်တာက အတွင်းဆုံးအလွှာပဲ”
ထိုစကားကို ပြောရင်း နိုင်ငံခေါင်းဆောင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ရီရီလေးက မညံ့ပါဘူး.. ဒီလို မူလစိတ်ဝိညာဥ်နယ်ပယ်ကို မတွေ့ကြုံဖူးတော့ အခက်တွေ့နေတာပါ.."
"အလွှာကိုးလွှာပဲ ရှိတယ်ဆိုရင် ဘာကြောင့် အဆုံးမဲ့လို့ ခေါ်ရတာလဲ"
"ဒါက ရိုးရှင်းပါတယ်.. ငါ့ရဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်က သူ့အလိုလို ပြန်ကောင်းလာနိုင်လို့ပဲ"
“….........”
“တစ်နည်းအားဖြင့်ပြောရရင် ရီရီလေးက နောက်ထပ် ကျန်ရှိတဲ့ ရှစ်လွှာကို အရှိန်မြှင့်ပြီး အမြန်ဆုံး ဖျက်ဆီးပစ်ရမယ်.. ဒီလိုမှမဟုတ်ရင် အခုပျက်စီးသွားခဲ့တဲ့ အတွင်းဆုံးအလွှာက လုံးဝ ပြန်လည်ကောင်းမွန်လာပြီး အပြင်ဘက်ဆုံး အလွှာကို သူ့ဘာသာသူ ရစ်ပတ်သွားမှာဖြစ်တယ်.. ဒါက အဆုံးမဲ့ စွမ်းရည်လို့ ခေါ်ရတဲ့အကြောင်းရင်းပဲ”
“…..........”
အကြောင်းတစ်ခုခုကြောင့် ဖေဖေဝမ်က ဗိုလ်ချုပ်ရီကို အနည်းငယ် သနားမိသွားသည်။
…...............
နိုင်ငံခေါင်းဆောင် ပြောသလိုပင်၊ ဗိုလ်ချုပ်ရီသည် ဤမူလစိတ်ဝိညာဥ်နယ်ပယ်ကို ယခင်က တစ်ခါမှ မမြင်ဖူးသောကြောင့် ယခု သူ တိုက်ခိုက်နေသည့် ရန်သူက ဘယ်သူလဲ ဆိုသည်ကို မသိခဲ့ပေ။
ထို့အပြင် အတွေ့အကြုံ ကြွယ်ဝသော ဗိုလ်ချုပ်ရီသည် ဤ “အဆုံးမရှိ” ဂုဏ်ရည်ရှိသည့် မူလစိတ်ဝိညာဉ်နယ်ပယ်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးသောကြောင့် မည်သို့ ရင်ဆိုင်ရမည်ကို လုံးဝမသိခဲ့ချေ။
မူလစိတ်ဝိညာဉ်နယ်ပယ်၏ ဒုတိယအလွှာသည် ပထမအလွှာထက် ပိုမိုပူပြင်းပြီး အေးခဲနှင်းဓားသည် ဤနေရာတွင် ထိရောက်မှု မရှိတော့ပေ။
ဗိုလ်ချုပ်ရီက အေးခဲနှင်းဓား၏ ဓားသွား တစ်လျောက်တွင် အရည်ပျော်နေပုံ ပေါ်သည့် ရေစက်များကို မြင်နိုင်နေပြီဖြစ်သည်။
"အလွှာပေါင်းစုံ မူလစိတ်ဝိညာဉ်နယ်ပယ်များလား"
ဤသည်က ဗိုလ်ချုပ်ရီ၏ ကနဦးမှန်းဆချက် ဖြစ်သည်။
လုံးဝ မမှန်သော်လည်း လက်ရှိအခြေအနေတွင် ဤမျှလောက်သုံးသပ်နိုင်သည်မှာ မဆိုးလှပေ။
ထိုခဏတွင် နိုင်ငံခေါင်းဆောင်သည် ရုတ်တရက် ဖေဖေဝမ်ကို လှည့်ကြည့်လိုက်သည်။
"ညီနောင် စစ်ထူ.. ရီရီလေးရဲ့ အစွမ်းထက်ဆုံးဓားကို မြင်ချင်လား.. ဒါပေမယ့် သူက လွယ်လွယ်နဲ့တော့ ထုတ်မှာ မဟုတ်ဘူး.. ငါ သူ့ကို လှည့်ကွက်သုံးမှပဲ ဖြစ်နိုင်လိမ့်မယ်"
"ဘယ်လိုလုပ်မှာလဲ"
"ရီရီလေးရဲ့ ဒေါသကို အကန့်အသတ်ထိ ရောက်အောင်လှုံ့ဆော်ရမယ်.. ဒီအတွက် စိတ်မပူပါနဲ့.. ငါ့ထက် ရီရီလေး အကြောင်းကို ဘယ်သူမှ ပိုသိမှာမဟုတ်ဘူး.. ညီနောင် စစ်ထူ စောင့်ကြည့်နေလိုက်"
ထိုစကားကို ပြောပြီးနောက် နိုင်ငံခေါင်းဆောင်က မျက်လုံးများကို ဖွင့်၍ ပရော်ဂျက်တာမှ ထုတ်လွှင့်နေသည့် ရုပ်ပုံအား စိုက်ကြည့်ကာ မူလစိတ်ဝိညာဉ်နယ်ပယ်တွင် ရှိနေသော ဗိုလ်ချုပ်ရီအား “ငကြောက်”ဟု တိုးတိုးလေး ပြောလိုက်သည်။
ဖခင်ဝမ်၏ နားထဲတွင် ထိုအသံက အလွန်တိုးညင်းသော အသံသာ ဖြစ်သော်လည်း အသံက မူလစိတ်ဝိညာဉ်နယ်ပယ် အတွင်း၌မူ အဆုံးမရှိ ချဲ့ထွင်သွားခဲ့သည်။
အသံက ကျယ်လောင်လွန်းသဖြင့် ဗိုလ်ချုပ်ရီက သူ့နားကို အုပ်မထားဘဲ မနေနိုင်တော့ချေ။
ဗိုလ်ချုပ်ရီက သူ၏ ဝိသေသလက္ခဏာကို မရိပ်မိစေရန် အတွက် နိုင်ငံခေါင်းဆောင်က သူ၏ အသံကိုပါ ပြောင်းလဲခဲ့သည်။
“စီနီယာက ဘယ်သူလဲ”
ဗိုလ်ချုပ်ရီက စိတ်တည်ငြိမ်မှု ပြန်လည် ရရှိပြီးနောက်တွင် မေးမြန်းလိုက်သည်။
နိုင်ငံခေါင်းဆောင် “မင်းက ငါဘယ်သူလဲဆိုတာ သိဖို့ အရည်အချင်း မပြည့်မီဘူး.. ငါမင်းကို သတိပေးချင်တာက ဒီအတိုင်း ဆက်သွားရင် မင်းသေမှာသေချာတယ်.. ဒါမှမဟုတ် မင်းငါ့ကို လက်နက်ချမလား"
"ငါ့ကို အရှုံးပေးစေချင်တာလား"
ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
ဤမူလစိတ်ဝိညာဉ်နယ်ပယ်က မည်သို့မည်ပုံဖြစ်သည်ကို သူ မသိသောကြောင့် ယခုအချိန်တွင် ဟန်ဆောင်အရှုံးပေးခြင်းသည် မှားယွင်းသောလုပ်ရပ်မဟုတ်ဟု သူတွေးမိသည်။
စစ်ပွဲတစ်ပွဲတွင် အရာအားလုံးသည် တရားမျှတ၏။
ဤနေရာကနေ ထွက်သွားနိုင်သရွေ့ သူက သတိကပ်ထားမည် ဖြစ်ရာ တစ်ဖက်သားအနေဖြင့် သူ့ကို မူလစိတ်ဝိညာဉ်နယ်ပယ်ထဲ ပြန်လည် ဆွဲသွင်းရန် လွယ်ကူမည် မဟုတ်တော့ပေ။
ထိုအကြောင်းကို ဗိုလ်ချုပ်ရီ တွေးနေချိန်မှာပင် နိုင်ငံခေါင်းဆောင် အသံက ထပ်မံ ထွက်ပေါ်လာသည်။
"ငါမင်းကို 'ငါက ဓားသူတောင်စင် မဟုတ်ဘူး' ဆိုပြီး သုံးခါအော်စေချင်တယ်.. အဲဒီလိုလုပ်ရင် မင်းကို ငါလွှတ်ပေးမယ်"
ဗိုလ်ချုပ်ရီ၏ အမူအရာက ဤစကားများကြောင့် ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု ဖေဖေဝမ် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
ထိုခဏမှာပင် ဗိုလ်ချုပ်ရီ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ရီ၏ မျက်နှာက အနည်းငယ် တုန်ယင်သွားသည်ကို မြင်လိုက်ရသည်။
ဗိုလ်ချုပ်ရီ၏ ဆံပင်ဖြူများက လေထဲတွင် လူးလွင့်နေ၏။
ဖေဖေဝမ် အံ့အားသင့်သွားသည်။
“…..........”
ဘာလဲဟ စူပါဆိုင်ယန် နတ်ဘုရားလား"
[စူပါဆိုင်ယန်=dragonball စီးရီးထဲမှ ဇာတ်ကောင်]
အပိုင်း(၇၀၀) ပြီး၏။