ခွန်အားလေး နည်းနည်းရှိတာနဲ့ ကိုယ်လုပ်ချင်တာမှန်သမျှ လုပ်နိုင်မယ်လို့ ထင်နေလား
Vol. 47 Ch. 702
နိုင်ငံခေါင်းဆောင်၏ အစီအစဉ်က အလုပ်ဖြစ်သည်ဟုပင် ဆိုရမည်။
ဤသည်က ဗိုလ်ချုပ်ရီ၏ အစွမ်းအထက်ဆုံး ဓားနည်းစနစ် ဖြစ်သည်။
ဗိုလ်ချုပ်ရီသာ သူ၏အစွမ်းအထက်ဆုံး ဓားနည်းစနစ်ကို အသုံးမပြုခဲ့လျှင် ဤအဆုံးမဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်ကို ထိုးဖောက်ရန် မဖြစ်နိုင်ပေ။
ဤသည်က အစောပိုင်းကတည်းက နိုင်ငံခေါင်းဆောင်၏ ရည်မှန်းချက် ဖြစ်သည်။
ယင်းက တကယ်ကို စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခုပင်။
ယနေ့ခေတ်လို အေးချမ်းသာယာသော ခေတ်ကြီးတွင် ပကတိအင်မော်တယ်နှစ်ဦးကြားမှ တိုက်ပွဲကို မည်သို့ လွယ်လွယ်ကူကူ မြင်တွေ့နိုင်ပါအံ့နည်း။
ဗိုလ်ချုပ်ရီက သူ့ဓားကို ဝှေ့ယမ်းလိုက်သောအခါတွင် ဖေဖေဝမ်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
ယင်းက အထူးပြုလုပ်ချက်များနှင့် ဆင်တူ၏။
ကြီးမားသောချီထုထည်က ခိုင်မာသောအင်အား အဖြစ်သို့ပေါင်းစည်းကာ ဓားသွားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဓားချီက မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဒုတိယနယ်ပယ် အလွှာကို တိုက်ရိုက်ထိုးဖောက်ပစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ မီးတောင်များက ချက်ချင်းပင် ပြိုကျသွားခဲ့ပြီး သေးငယ်သော အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲကာ အာကာပြင် အတွင်းသို့ စုပ်ယူခံလိုက်ရသည်။
ဗိုလ်ချုပ်ရီက သူ၏မြင့်မားသော စွမ်းပကားကို ပြသခဲ့သည်။
ရွှေရောင်ဓားချီ အလင်းတန်းက တုနှိုင်းမဲ့စွမ်းအားရှိသော နတ်ဘုရားစွမ်းအား ကဲ့သို့ မျက်စိရှေ့မှ အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုခဏတွင် အဆုံးမဲ့ မူလစိတ်ဝိညာဉ်နယ်ပယ်သည် အလွှာတစ်ထောင်ရှိသော ကိတ်မုန့်ကဲ့သို့ ပွင့်ထွက်သွားပြီး အလွှာတစ်ခုစီ၏ နံရံကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် တစ်မိနစ်ပြည့်သည် အထိသာ ကြာမြင့်ခဲ့သည်။
အဆုံးသတ်တွင် ဗိုလ်ချုပ်ရီ၏ ဓားပေါ်မှ အကန်အသတ်မဲ့ ဓားချီက ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ဖေဖေဝမ် မြင်လိုက်ရသည်။
ထို့နောင်တွင် ချွေးများရွဲစိုနေ၍ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်နေရသော ဗိုလ်ချုပ်ရီသည် အိမ်ကလေး၏ ဝင်ပေါက်တွင် ပြန်ပေါ်လာခဲ့သည်။
ဤဓားနည်းစနစ်က ဗိုလ်ချုပ်ရီ၏ စွမ်းအားကို တော်တော်လေး ကုန်ခမ်းစေခဲ့ပုံရ၏။
ဤသည်က သူ၏အဆုံးစွန်သော တိုက်ခိုက်မှုဖြစ်၍ အခက်ခဲဆုံးအချိန်တွင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
ထိုအရာကပင် အလွန်အံ့မခန်း ဖြစ်နေပြီ ဖြစ်၏။
ယနေ့တွင် နိုင်ငံခေါင်းဆောင်၏ ကျေးဇူးကြောင့် တိုက်ပွဲနှင့်ဆိုင်သည့် ဗဟုသုတများစွာကို စုဆောင်းမိခဲ့ကြောင်း ဖေဖေဝမ် ခံစားလိုက်ရသည်။
သူ၏ဝတ္ထုတွင် ဤမြင်ကွင်းများကို လိုက်လျောညီထွေစွာ ထည့်သွင်းရေးနိုင်ခဲ့လျှင် အံ့ဩစရာကောင်းသည့် တိုက်ပွဲမြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
သို့ရာတွင် ဖေဖေဝမ် သိချင်သည့်အရာ အနည်းငယ် ရှိပါသေးသည်။
အမြင်အာရုံသက်ရောက်မှုအရ ဆိုလျှင် ဗိုလ်ချုပ်ရီ၏ ဓားချက်သည် အမှန်တကယ် ပြီးပြည့်စုံသော ဓားချက်တစ်ခု ဖြစ်သည်။
သို့သော် စွမ်းအားအရဆိုလျှင် ဤဓားချက်နှင့် ဝမ်လင်း၏ ပါးရိုက်ချက်တွင် ဘယ်အရာက ပိုအားကောင်းသလဲဟု ဖေဖေဝမ် တွေးမိခဲ့သည်။
ဤဓားချက်ကို ထုတ်သုံးပြီးနောက်တွင် ဗိုလ်ချုပ်ရီသည် အလွန်မောပန်းနွမ်းနယ်ကာ ယိုင်လဲမတတ် ဖြစ်နေသည်။
သူက လှုပ်လှုပ်ရှားရှား မလုပ်ဘဲ အချိန်အတော်ကြာအောင်လေကို ရှူရှိက်ပြီးမှသာ သက်သာရာ ရသွားခဲ့သည်။
ပိုဆိုးရွားသည်မှာ ဤတစ်ကြိမ် ထွက်လာစဉ် စွမ်းအားဖြည့်ဆေးဝါးကို သူနှင့်အတူ မယူလာမိခြင်းပင်။
စင်စစ် ပကတိအင်မော်တယ်သည် ခွန်အားကို ပြန်လည်ဖြည့်တင်းနိုင်စွမ်းတွင် အလွန်ပင် မြန်ဆန်သည်။
အသက်ရှူနေသရွေ့ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်မည် ဖြစ်သည်။
သို့သော် ဆုံးရှုံးသွားသောဝိညာဉ်စွမ်းအားက အကန့်အသတ်ကို ကျော်လွန်နေလျှင် ပြန်လည် ကောင်းမွန်ရန်အတွက် အနည်းငယ် ပိုအချိန်ယူရမည် ဖြစ်၏။
စစ်မက်မရှိသော ငြိမ်းချမ်းရေးခေတ်တွင် ဤကဲ့သို့ တိုက်ခိုက်မှုကို အသုံးပြုရမည့်နေ့ ရောက်လာလိမ့်မည်ဟု ဗိုလ်ချုပ်ရီ စိတ်ကူးပင် မယဉ်ဖူးပေ။
ဗိုလ်ချုပ်ရီက သူ့ရှေ့မှ အိမ်ငယ်လေးကို လှမ်းကြည့်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။
ယခုအချိန်ထိ ဤအိမ်ကလေးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက မည်သူမှန်း သူလုံးဝ မသိသေးပေ။
သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ နည်းစနစ်ကိုကြည့်၍ ဤကိစ္စကို အလေးအနက်ထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိဟု ဗိုလ်ချုပ်ရီ ခံစားမိသည်။
ရွှေအမြုတေအဆင့်အထက်မှ ကျင့်ကြံသူများသည် ဟွာရှို့နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ ရှိနေသရွေ့ ဒေသခံ ဟွာရှို့မဟာမိတ်ဌာနခွဲ ဆီသို့ နှစ်စဉ်အစီအရင်ခံရမည် ဖြစ်သည်။
ဟွာရှို့မဟာမိတ်အဖွဲ့သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အထက်ရှိ ကျင့်ကြံသူများ၏ တိကျသော အထောက်အထားများကို ပို၍ သိရှိလိုကြသည်။
မဟုတ်လျှင် ၎င်းတို့က မှတ်ပုံမတင်ထားသောနိုင်ငံသားများဖြစ်လာမည်ဖြစ်ပြီး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမည် ဖြစ်၏။
အိမ်ငယ်လေးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ စွမ်းပကားကြောင့် ဤလူက မှတ်ပုံမတင်ထားသော နိုင်ငံခြားသား ဖြစ်နိုင်ချေအရှိဆုံးဟု ဗိုလ်ချုပ်ရီ ခံစားခဲ့ရသည်။
ထိုကိစ္စကို အဆုံးစွန်ထိ ကိုင်တွယ်ဖြေရှင်းပေးရန် နိုင်ငံ့ခေါင်းဆောင်ထံ တင်ပြရမည်ဟု သူယူဆခဲ့သည်။
ဗိုလ်ချုပ်ရီက ဤအချက်ကို စိတ်ထဲတွင် တွေးတောနေသောအချိန်မှာပင် သူ့နားထဲသို့ အသံတစ်သံ ရောက်ရှိလာခဲ့သည်။
ဤအသံက လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ၏ အသံဖြစ်သည်။
“ဓားသူတော်စင်က မျှော်လင့်ထားတဲ့ အတိုင်းပါပဲ.. အကန့်အသတ်မဲ့ ဓားတာအိုက ငါ့ရဲ့အမြင်တွေကို တကယ်ပဲပွင့်စေခဲ့တယ်”
ထိုစကားကြောင့် ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်လိုက်သည်။
“ငါဘယ်သူလဲဆိုတာ မင်းသိနေတာတောင် ငါ့ကို တိုက်ခိုက်ရဲတယ်လား.. ခွန်အားလေး နည်းနည်းရှိတာနဲ့ လုပ်ချင်တာလုပ်လို့ရမယ်လို့ မင်းကိုယ်မင်း ထင်နေတာလား”
“စိတ်မကောင်းပါဘူး.. တကယ်ပဲ ငါ့မှာ ခွန်အားတွေရှိနေတဲ့အတွက် ငါလုပ်ချင်တာမှန်သမျှ လုပ်နိုင်စွမ်းရှိတယ်”
လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူက ပြုံး၍ ပြောလိုက်သည်။
“……….”
ဗိုလ်ချုပ်ရီ၏ နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်သွားသည်။
“ငါ့ကိုတိုက်ခိုက်ဖို့ အတွက် ဖိအားမပေးပါနဲ့”
သူ၏လေသံတွင် မာန၏ အရိပ်အယောင်များ ပါဝင်နေသည်။
ဟွာရှို့နိုင်ငံ၏ ဗိုလ်ချုပ်၁၀ဦးထဲမှ တစ်ဦးဖြစ်ပြီး နိုင်ငံတည်ထောင်သူ ဖခင်ကြီးလည်းဖြစ်သည့် ဓားသူတော်စင်သည် အမည်မသိ လူတစ်ဦး၏ ရှေ့မှောက်တွင် အမှန်တကယ်နှိမ်ချဆက်ဆံခံနေရသည်။
ဤသည်က ဗိုလ်ချုပ်ရီ အဖို့ ခံနိုင်ရည်ရှိရန် အလွန်ပင်ခက်ခဲ၏။
ဗိုလ်ချုပ်ရီ၏ အမူအရာ ပြောင်းလဲသွားသည်ကို ဖေဖေဝမ်မြင်လျှင် နိုင်ငံခေါင်းဆောင်ကို အလျင်အမြန် ပြောလိုက်သည်။
“ခေါင်းဆောင်.. ဗိုလ်ချုပ်ရီကို အိမ်ထဲ ဖိတ်လိုက်ရင်ရော ဘယ်လိုလဲ”
ရိုးသားစွာဝန်ခံရလျှင် ဖေဖေဝမ်သည် ဗိုလ်ချုပ်ရီကို အနည်းငယ် သနားနေမိသည်။
သို့ရာတွင် နိုင်ငံခေါင်းဆောင်က ရယ်ရယ်မောမော ပြောလိုက်သည်။
“ညီနောင် စစ်ထူ ကြည့်ပါဦး.. ရီရီလေးက ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ.. ငါအခုထိ မကစားရသေးဘူးလေ”
ဖေဖေဝမ် “……….”
“အကန့်အသတ်မဲ့ ဓားတာအိုရဲ့ အမွေခံကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားကို ငါအမြဲသိချင်နေခဲ့တယ်.. ညီနောင် စစ်ထူ.. မင်းရော အဲဒါကို မသိချင်ဘူးလား.. ဒီအရာက အကန့်အသတ်မဲ့ဓားတာအိုရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သက်နေတယ်ဆိုတာ ငါနားလည်ပါတယ်.. ရီရီလေးအနေနဲ့ မပြောပြတာကလည်း သူ့ဆရာရဲ့အမိန့်ကို လိုက်နာတာကြောင့် ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ဖန်လွေရဲ့ နောက်ဆုံးစကားနဲ့ ပတ်သတ်ပြီး ငါအမြဲပဟေဠိ ဖြစ်နေခဲ့တယ်.”
“ခေါင်းဆောင်က အကန့်အသတ်မဲ့ဓားတာအိုမှာ လျှို့ဝှက်ချက်တွေရှိနေတယ် ထင်လို့လား”
“ဟုတ်တယ်”
နိုင်ငံခေါင်းဆောင်က ခေါင်းငြိမ့်လိုက်သည်။
“ဖန်လွေက ခေါင်းမာတဲ့တပည့်ကို ဉာဏ်အလင်းပေးဖို့ အတွက် အသေခံဖို့ ရွေးချယ်ခဲ့ပေမဲ့ အကြောင်းအရင်း တစ်ခုခု ရှိနေလောက်တယ်လို့ ငါအမြဲခံစားရတယ်”
ဤသို့ဖြင့် မိနစ်အနည်းငယ် အကြာတွင် နိုင်ငံခေါင်းဆောင်က အိမ်ကလေးအပြင်ဘက်တွင် ရပ်နေသည့် ဗိုလ်ချုပ်ရီနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။
“ငါ့ရဲ့ကိုယ်ပိုင် ဝိသေသလက္ခဏာကို မင်းရဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့ အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိလား”
ထိုစကားကိုကြားလျှင် နိုင်ငံခေါင်းဆောင်က ဗိုလ်ချုပ်ရီအား ကစားနေပြီ ဆိုသည်ကို ဖေဖေဝမ် ချက်ချင်းသိလိုက်သည်။
“ဟာ.. ဘာလို့ လဲလှယ်ရမှာလဲ.. ငါသာ မင်းကိုစုံစမ်းချင်ရင် အလွယ်လေးပဲ”
“ငါကိုယ်တိုင် ထုတ်မပြောသရွေ့ မင်းငါ့ရဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာကို စုံစမ်းလို့ရမှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်”
နိုင်ငံခေါင်းဆောင်က ဗိုလ်ချုပ်ရီကို ယုံကြည်မှုရှိစွာဖြင့် ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ဤစကားက ဗိုလ်ချုပ်ရီကို အမှန်တကယ် တွေဝေသွားစေခဲ့သည်။
ယခုအချိန်ထိ သူက ဤအိမ်ကလေးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူ၏ အသံကိုသာ ကြားခဲ့ရပြီး မျက်နှာကိုမူ မမြင်ခဲ့ရပေ။
တိုက်ပွဲတွင်လည်း တစ်ဖက်လူက သူ့ကို အသာစီးရခဲ့သည်။
အကယ်၍ နောက်ထပ် ထိပ်တိုက်တွေ့ကြမည်ဆိုလျှင် သူ၏လက်ရှိ စွမ်းအင်ချို့တဲ့နေသော အခြေအနေဖြင့် တစ်ဖက်လူကို ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ပေ။
ထိုအကြောင်းကို တွေးမိ၍ ဗိုလ်ချုပ်ရီက သက်ပြင်းချလိုက်သည်။
“မင်းငါ့ကိုမလှည့်စားဘူး ဆိုတာ ငါဘယ်လိုသိနိုင်မှာလဲ”
ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ဤလျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူ၏ အကြောင်းကို ရှာဖွေဖို့ ဖြစ်သည်ဟု ဗိုလ်ချုပ်ရီထင်ခဲ့သည်။
“ငါ့နှုတ်ထွက် စကားအားလုံးကို ကောင်းကင်တာအိုနဲ့ကျိန်တွယ်ပြီး ပြောရဲပါတယ်.. နည်းနည်းလေး လိမ်ခဲ့ရင်တောင်မှ ငါက ထာဝရကံဆိုးပါစေ”
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ရီ အံ့ဩသွားခဲ့သည်။
“……….”
ဗိုလ်ချုပ်ရီ “ငါ့ရဲ့ဘယ်လျှို့ဝှက်ချက်ကို မင်းသိချင်တာလဲ”
နိုင်ငံခေါင်းဆောင် “ဓားအင်မော်တယ်က မင်းဆီ ဘာလို့ အကန့်အသတ်မဲ့ ဓားတာအိုကို လွှဲပေးခဲ့ရလဲဆိုတာ ငါသိချင်တယ်”
“အိုး.. ဒါပဲလား”
“ဟုတ်တယ်.. ငါအဲဒါပဲ သိချင်တာ”
နိုင်ငံခေါင်းဆောင်က မျက်ခုံးပင့်လိုက်သည်။
“ဘယ်လိုလဲ.. မင်းငါ့ကို ပြောပြဖို့ဆန္ဒရှိရဲ့လား”
“ဒါလေးက အသေးအမွှားလေးပါပဲ”
ဗိုလ်ချုပ်ရီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဲဒီအချက်က အရမ်းရယ်စရာကောင်းလို့ လျှို့ဝှက်ချက် တစ်ခုလို့ပဲ သတင်းလွှင့်ခဲ့တယ်.. ဒါပေမဲ့ အခုတော့ ငါဘာမှမကြောက်တော့ဘူး.. မင်းသိချင်ရင်တော့ ပြောပြရသေးတာပေါ့.. အကန့်အသတ်မဲ့ ဓားတာအိုကို ဆက်ခံမယ်ဆိုရင် အရေးကြီးတဲ့အချက်က ဆက်ခံသူက သန့်ရှင်းရမယ်”
နိုင်ငံခေါင်းဆောင် “ဒါဆို”
ဗိုလ်ချုပ်ရီ “ပြောရရင် ငါကလူပျိုကြီးပဲ.. နားလည်လား”
နိုင်ငံခေါင်းဆောင် “……….”
ဖေဖေဝမ် “……….”
အပိုင်း(၇၀၂) ပြီး၏