လူသတ်နည်းစနစ်ကို မွမ်းမံသောနည်းလမ်း
Vol. 47 Ch. 704
“အရင်တုန်းကတော့ ဒီပရောဂျက်ကို Grade 2မှာပဲ လုပ်ဆောင်ခိုင်းလေ့ရှိတယ်.. ဒါပေမဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအားလုံးကို ထည့်သွင်းစဉ်းစားပြီးတဲ့ နောက်မှာ မင်းတို့ရဲ့လုံခြုံရေးစွမ်းရည်ကို အတိုင်းအတာတစ်ခုထိ မြှင့်တင်ဖို့အတွက် ဒီပရောဂျက်ကို ရှေ့တိုးဖို့ ဆုံးဖြတ်လိုက်တာပဲ”
ရှေးဟောင်းစာအုပ်ကြီးက ဆက်ပြောလိုက်သည်။
“ဒါကြောင့် ဒီနွေရာသီမှာ သတ်ဖြတ်ခြင်းနည်းစနစ်ကို မင်းတို့ကိုယ်တိုင် တီထွင်ဖန်တီးရမယ်.. ဒါက မသင်မနေရ အထက်တန်း စာမေးပွဲတစ်ခုလည်း ဖြစ်တယ်.. ဒီကရရှိတဲ့အမှတ်စုစုပေါင်းရဲ့ ၅%ကို ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ထည့်သွင်းသွားမှာ ဖြစ်တယ်”
ယင်းက အလွန်နည်းပါးသော အမှတ်ဟု ဆိုနိုင်သော်လည်း ကျင့်ကြံခြင်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အဓိကျသောအမှတ်များ ဖြစ်လာနိုင်ပေသည်။
ဆိုရလျှင် ကျောင်းသားများသည် အမှတ်အနည်းငယ် ကွာဟသောကြောင့် မိမိတက်ချင်သော တက္ကသိုလ်သို့ မတက်လိုက်ရသည့် အချိန်များ ရှိခဲ့ကြသည်။
သို့သော် ဝမ်လင်းကမူ အဆင့်မြင့်တက္ကသိုလ်သို့ တက်နိုင်မတက်နိုင်ထက် တည်ငြိမ်အေးချမ်းစွာ တက်ရောက်နိုင်မည့် တက္ကသိုလ် တစ်ခုကိုသာ ရှာဖွေချင်ခဲ့သည်။
သတ်ဖြတ်ခြင်း နည်းစနစ်များက ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် ဆက်စပ်နေသောကြောင့် ရှေးဟောင်းစာအုပ်ကြီး၏ အသုံးအနှုန်းများက ပိုမို၍ လေးနက်လာသည်။
“မင်းတို့ရဲ့ လက်ရှိနည်းစနစ်နဲ့ စွမ်းအားကြီးတဲ့ သတ်ဖြတ်ခြင်းနည်းစနစ်ကို မဖန်တီးနိုင်ဘူး ဆိုတာတော့ ငါနားလည်တယ်.. ဘာပဲဖြစ်ဖြစ် ငါတို့က မင်းတို့ဖန်တီးထားတဲ့ သတ်ဖြတ်ခြင်း နည်းစနစ်တွေကို ကျွမ်းကျင်မှု၊ ရှင်သန်မှုနဲ့ စွမ်းအားတွေအပေါ် အခြေခံပြီး အကဲဖြတ်မယ်”
ရှေးဟောင်းစာအုပ်ကြီးက ထိုစကားကို ပြောပြီးနောက်တွင် စာသင်ခန်းအတွင်း ချက်ချင်းပင် ဆွေးနွေးစရာများ ပေါ်ပေါက်လာခဲ့သည်။
မှော်နည်းစနစ်များကို စပ်သပ်တီထွင်ခြင်းသည် ခက်ခဲသော လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။
ဆိုရလျှင် သင်ကိုယ်တိုင် အသုံးပြုရန်အတွက် သတ်ဖြတ်ခြင်းနည်းစနစ်ကို ဒီဇိုင်းထုတ်ရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။
သို့ရာတွင် အခြားမှော်နည်းစနစ်များ၏ အခြေခံ မှော်နည်းစနစ်များကိုမူ အကိုးအကားအဖြစ် အသုံးပြုခွင့်ပေးထားသည်။
သတ်ဖြတ်ခြင်းနည်းစနစ်ကို ဖန်တီးရာတွင် လိုအပ်သောကိစ္စနှစ်ခုရှိသည်။
တစ်ခုမှာ ဝိညာဉ်အရင်းအမြစ် ဖြစ်သည်။
မှော်နည်းစနစ်က မည်မျှပင်အားကောင်းသည် ဆိုစေကာမူ ဝိညာဉ်အရင်းအမြစ်ပေါ်တွင် များစွာ မူတည်နေပေသည်။
ဥပမာအားဖြင့် မီးဝိညာဉ်အရင်းအမြစ် ရှိသူများသည် သဘာဝအားဖြင့် သန်မာကြသည်။
မြေကြီးဝိညာဉ် အရင်းအမြစ်ရှိသူများသည် ဝိညာဉ်စိတ်အာရုံအလွန်ကောင်းမွန်သော သဘောသဘာဝရှိကြသည်။
သတ္ထုဝိညာဉ် အရင်းအမြစ်ကမူ တည်ငြိမ်သော ခုခံနိုင်စွမ်းကို ကိုယ်စားပြုသည်။
ရေဝိညာဉ်အရင်းအမြစ် ရှိသူများသည် မိမိကိုယ်ကိုယ်ပြန်လည် ကုသနိုင်စွမ်းနှင့် ပြန်လည်နလန်ထူနိုင်စွမ်း ရှိကြပြီး သစ်သား ဝိညာဉ်အရင်းအမြစ် ရှိသူများသည် တိုက်ခိုက်ရေးစွမ်းအားတွင် သဘာဝအားသာချက်များ ရှိကြသည်။
လူတော်တော်များများက ဤသဘောတရားကို အမှန်တကယ်နားလည်ထားကြသည်။
ထိုကြောင့် သတ်ဖြတ်ခြင်းနည်းစနစ်များကို ဖန်တီးရာတွင် အသင့်လျော်ဆုံး နည်းလမ်းမှာ သင်၏ ဝိညာဉ်အရင်းအမြစ်နှင့် လိုက်ဖက်သည့် နည်းစနစ်ကို ရွေးချယ်ရန် ဖြစ်သည်။
စင်စစ် မဟာတာအို ၃၀၀၀သည် ဒြပ်စင်၅ပါးကို လွန်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ဤကိစ္စကို ရှေးဟောင်းစာအုပ်ကြီးက ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ဝမ်လင်းက မည်သို့ဖန်တီးရမည်ကို တွေးတောနေပြီ ဖြစ်သည်။
“လူသားတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး.. တချို့က ဝိညာဉ်အရင်းအမြစ် တစ်ခုပဲရှိပြီး တချို့က နှစ်ခုရှိကြတယ်.. တချို့ကတော့ သုံး၊လေးခုရှိတဲ့အပြင် ဝိညာဉ်အရင်းအမြစ် ၅ခု ရှိတဲ့လူတွေလည်း ရှိကြတယ်.. မင်းတို့မှာဝိညာဉ်အရင်းအမြစ်နှစ်ခု၊သုံးခုရှိမယ် ဆိုရင်တော့ မဆိုးဘူးလို့ပြောရမယ်.. ဒါပေမဲ့ ကြောက်စရာ အကောင်းဆုံးကတော့ ဝိညာဉ်အရင်းအမြစ် ၅ခုရှိပြီး ရောထွေးနေမှာကိုပဲ.. ပြောရရင်ဝိညာဉ်အရင်းအမြစ်တွေ များများရှိလေ ရောထွေးသွားလေပဲ”
ဝမ်လင်း ကိုယ်တိုင်တွင်လည်း ဝိညာဉ်အရင်းအမြစ်၅ခုရှိသည်။
သို့ရာတွင် ၎င်းတို့က ကြုံရာကျပန်း ရောနှောနေခြင်းမဟုတ်ပေ။
ယင်းမှာ သူ၏ ဝိညာဉ်အရင်းအမြစ်၅ခုသည် သူအလိုရှိသောရလဒ်ကို ရရှိရန်အတွက် ခန္ဓာကိုယ်ရှိ ဒြပ်စင်၅ပါး ခွဲဝေမှုကို လွတ်လပ်စွာချိန်ညှိနိုင်သည်ဟု ဆိုလိုသည်။
ဝမ်လင်း၏ ထင်မြင်ချက်အရ ယင်းမှာ အားသာချက်တစ်ခုဖြစ်သည်။
အကြောင်းအရင်းမှာ ၎င်းသည် သူ့အတွက် မှော်နည်းစနစ်များစွာကို စိတ်ကြိုက် ရွေးချယ်နိုင်စေသောကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် သူအသုံးများသော အရင်းအမြစ်မှာ သတ္တုအရင်းအမြစ် ဖြစ်သည်။
သတ္တုဝိညာဉ်အရင်းအမြစ်သည် ကာကွယ်ရေး၏ သင်္ကေတလည်း ဖြစ်၏။
သတ္တုအမျိုးအစား မှော်နည်းစနစ်များသည် အခြေခံအားဖြင့် ကာကွယ်ရေးကို အလေးထားကြသည်။
ထိအချိန်တွင် ရှေးဟောင်းစာအုပ်ကြီးက လက်ကမ်းစာစောင်တစ်ထပ်ကို ထုတ်ယူလိုက်သည်။
“ဒါကဘာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ဒီလက်ကမ်းစာစောင်ထဲမှာ မင်းတို့ စီနီယာတွေရဲ့ သတ်ဖြတ်ခြင်းနည်းစနစ် စိတ်ကူးစိတ်သန်းတွေ ပါဝင်တယ်”
ရှေးဟောင်းစာအုပ်ကြီးက ပြုံး၍ ပြောလိုက်သည်။
“အမှတ်၆၀ အထက်တန်းကျောင်းမှာ အောင်မြင်ဖူးသမျှ အကောင်းဆုံးအဆင့်က Sအဆင့်ဖြစ်တယ်.. ပြောရရင် S အဆင့်က အမှတ်၂၀၀ နီးပါးနဲ့ညီမျှတယ်”
“၂၀၀ တောင်လား.. ဘာလို့ အဲလောက်တောင် များနေတာလဲ”
မြေပဲလေးက မေးခွန်းထုတ်လိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒီသတ်ဖြတ်ခြင်းနည်းစနစ်က တော်တော်လေး ပြီးပြည့်စုံလို့ပဲ.. ပထမအချက်ကို ပြောရရင် တီထွင်နိုင်စွမ်းပဲ.. ဒီမင်းတို့ရဲ့ စီနီယာက သူ့ရဲ့ မီးဝိညာဉ်အရင်းအမြစ်ကို အပြည့်အဝ အသုံးပြုပြီး မီးခြောက်သွေ့သွားတဲ့ပင်လယ်သေလို့ ခေါ်တဲ့ မှော်နည်းစနစ်ကို ဖန်တီးဖို့အတွက် မီးသန္ဓေသုံးပါးကို ပေါင်းစပ်ထားတယ်.. သူ့ရဲ့ ဖန်တီးမှုတွေကတကယ်ကို မြင့်မားလွန်းတယ်လို့ ပြောလို့ရတယ်.. ရှင်သန်နိုင်စွမ်းအရလည်း ဒီမှော်နည်းစနစ်က ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ထိရောက်စွာ ဟန့်တားနိုင်တဲ့အပြင် ပုံမှန် မြင်နိုင်တဲ့ မှော်စွမ်းရည်တွေကိုလည်း ထူထဲတဲ့ မီးခိုးတွေအဖြစ် ပြောင်းလဲပြီးတားဆီးနိုင်တယ်.. ပြောရရင် မင်းတို့ရဲ့ စီနီယာက ဒီမှော်နည်းစနစ်ကို မီးသုံးမျိုး ပေါင်းစပ်ပြီး တီထွင်နိုင်တဲ့အတွက် တော်တော် အရည်အချင်းရှိတယ်လို့ အသိအမှတ်ပြုလို့ရတယ်”
ထိုခဏဝယ် မြေပဲလေးက ခေါင်းကုတ်လိုက်သည်။
“ဆရာ.. အဲဒါမဟုတ်သေးဘူးလေ.. အဲလောက်နဲ့ ဘယ်လိုလုပ်အမှတ်၂၀၀ ရမှာလဲ”
“မင်းပြောတာဟုတ်တယ်.. မင်းတို့ရဲ့ စီနီယာ အမှတ်၂၀၀ ရတဲ့ တကယ့် အကြောင်းအရင်းက အမှတ်တွေ ထပ်ပေါင်းခံရလို့ပဲ.. ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က သူ့ရဲ့ ဒီဇိုင်းကို တခြားကျောင်းက ကျောင်းသားတစ်ဦးက ခိုးယူခဲ့တာကြောင့်ပဲ.. အဆုံးသတ်မှာတော့ ကျောင်းအုပ်ကြီးက သူ့ကို နှစ်သိမ့်ပေးဖို့အတွက် အမှတ်တွေ ထပ်ပေါင်းပေးခဲ့တယ်”
ရှေးဟောင်းစာအုပ်ကြီးက ရှင်းပြလိုက်သည်။
“မှော်နည်းစနစ်ကို တစ်စုံတစ်ယောက်က အမှန်တကယ် ခိုးခဲ့သေးတယ်လား”
ကျောင်းသားများက အံ့ဩနေခဲ့သည်။
“ဒီလူ့အဖွဲ့အစည်းက မင်းတို့တွေ ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်”
ရှေးဟောင်းစာအုပ်ကြီး၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။
“ဒီမှော်နည်းစနစ်ကို အတုခိုးတဲ့ ကျောင်းသားရဲ့နာမည်က လီယွမ်ကျယ်လို့ခေါ်တယ်.. မင်းတို့ သေချာသိချင်ရင် အွန်လိုင်းမှာ ရှာကြည့်လို့ရတယ်.. အဲဒီကျောင်းသား လီယွမ်ကျယ်က မင်းတို့စီနီယာရဲ့ မှော်နည်းစနစ်ကို အကုန်ကူးချပြီး နာမည်ကိုပဲ ပြောင်းလဲခဲ့တယ်.. သူပေးထားတဲ့ နာမည်က မီးထွက်ခွာခြင်းရဲ့ ဝမ်းနည်းပူဆွေးမှုလို့ ခေါ်တယ်”
“……….”
“ကျောင်းသားလီယွမ်ကျယ်က ငါတို့ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့တာ သနားစရာပဲ.. ငါတို့ရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေကို မှော်နည်းစနစ်တွေရဲ့ သီအိုရီတွေကိုအခြေခံပြီး မှော်နည်းစနစ်တွေ ဖန်တီးတတ်စေချင်တာပဲ.. ဒါပေမဲ့ ဒီကျောင်းသားကတော့ နာမည်ပဲချိန်းပြီး ကျန်တာအကုန် ကူးချတယ်.. ဒါပေမဲ့ ဒီကျောင်းသားက ကူးချတာတောင် အဖြစ်ရှိအောင် ကူးမချတတ်ဘူး.. သူ့မှော်နည်းစနစ်က အားနည်းချက်တွေနဲ့ ပြည့်နှက်နေတယ်”
“……….”
“ဒါကြောင့် မင်းတို့အားလုံးကို သတိပေးချင်တာက သတ်ဖြတ်ခြင်းမှော်နည်းစနစ်ကို ဖန်တီးဖို့အတွက် မင်းတို့ရဲ့ကိုယ်ပိုင်ဦးနှောက်နဲ့ ကိုယ်ပိုင် လက်ခြေတွေကိုပဲ အသုံးပြုရမယ်.. အခြားသူတွေရဲ့ စိတ်ကူးကို ခိုးယူတာမျိုး မပြုလုပ်ရဘူး.. တစ်ချိန်တည်းမှာပဲ မင်းတို့က မင်းတို့တီထွင်ထားတဲ့ မှော်နည်းစနစ်တွေ ခိုးယူမခံရအောင် ကာကွယ်ရမယ်.. ဪ ဒါနဲ့ လီယွမ်ကျယ်က တခြား နိုင်ငံခြားအမည်တစ်ခုကို ပြောင်းလိုက်တယ်လို့ ငါကြားတယ်.. ဘွဲ့ရပြီးတဲ့ နောက်မှာတောင် မူရင်း မှော်နည်းစနစ်ကို တီထွင်တဲ့ ဆရာသခင်တစ်ဦး အဖြစ် လူတွေကို လှည့်စားနေတုန်းပဲ”
“သူ့ရဲ့နိုင်ငံခြားအမည်က ဘယ်လိုမျိုးလဲ”
ရှေးဟောင်းစာအုပ်ကြီးက ခေါင်းငြိမ့်လိုက်သည်။
“သူ့နာမည်က လီသရဲဖြတ် ယွမ်ကျယ်”
“……….”
အပိုင်း(၇၀၄) ပြီး၏