← Chapters

နတ်ဆိုးနှင့် လက်တွဲခြင်း

Vol. 1 Ch. 22

နတ်ဆိုးနှင့် လက်တွဲခြင်း

Vol. 1 Ch. 22

“မင်းအမေက သူခိုးတစ်ယောက်ဖြစ်ပြီးတော့ မင်းလည်းသူမလို ဖြစ်ချင်တာ?” သူမ၏စကားလုံးများကို Ace စိတ်ရှုပ်ထွေးစွာဖြင့် ထပ်ပြောလိုက်သည်။

“ဟုတ်တယ်။ အဲ့တာ ငယ်ငယ်လေးကတည်းက ငါ့အိမ်မက်ပဲ။ ဒါပေမယ့် Grant မိသားစုရဲ့အစေခံ ဖြစ်လာပြီးတဲ့နောက် ငါ့ကိုယ်ငါ မပိုင်တော့ဘူး။ င့ါရဲ့ထူးခြားတဲ့ စွမ်းရည်တွေကို သူတို့ရှာတွေ့သွားတော့ ငါ့ကို လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးခဲ့ကြတယ်။ သူတို့အမိန့်ကို လိုက်နာရုံကလွဲပြီး ငါ့မှာ ဘာရွေးချယ်စရာမှ မရှိဘူး။ လေ့ကျင့်မှုတွေပြီးသွားတော့ Lyla Grant က သူ့သား Asher Kelby ဆီကို ခိုင်းသမျှလုပ်ဖို့ ငါ့ကိုပို့ခဲ့တယ်။”

“သူ့သားက Kelby ရဲ့ လက်ရှိခေါင်းဆောင်ဖြစ်တဲ့ သူ့အဖေဆီကနေရော၊ Lyla ရဲ့အဖေ Grant မိသားစုခေါင်းဆောင်ဖြစ်တဲ့ သူ့အဖိုးဆီကနေရော အချစ်ခံရတယ်။ သူ့အဖိုးက ဒီမျက်နှာဖုံးကို တပ်ပေးခဲ့တဲ့သူပဲ။ အဲ့တာကြောင့် ငါ့ကို Asher ဘေးနား သွားခွင့်ပြုခဲ့တယ်။ ငါ့မျက်နှာမှာဒီမျက်နှာဖုံးရှိနေသရွှေ့ ငါဘာမှလုပ်မရဘူးဆိုတာ သူသိတယ်။” Kelby မိသားစုနှင့် Grant မိသားစုတို့အကြောင်းကို ပြောနေချိန်တွင် သူမမျက်လုံးများ အေးစက်သွား၏။ ထိုမိသားစုနှစ်စုလုံးကို သူမ၏အရိုးများထဲမှပင် မုန်းတီးပေသည်။ သူမ မမုန်းတီးဘဲ မနေနိုင်ပေ။ သူတို့ကြောင့် ဤသုံးနှစ်လုံးလုံး သူမ အစေခံတစ်ယောက်လို နေထိုင်ခဲ့ရခြင်းဖြစ်သည်။

“မင်းဒီအစေခံမျက်နှာဖုံးနဲ့ ချည်နှောင်ခံထားရတာဆိုရင် အမိန့်တွေကို ဘယ်လိုငြင်းဆန်ပြီး ငါ့အကူအညီကို လာရှာနိုင်တာလဲ။” Ace အံ့သြစွာမေးလိုက်သည်။

Ace သည် ကျင့်ကြံခြင်းလောကတွင် လူသစ်ဖြစ်နေလျှင်ပင် အစေခံမျက်နှာဖုံး မည်သို့အလုပ်လုပ်သည်ကို သိရှိပေသည်။ ထိုမျက်နှာဖုံးကို တပ်ဆင်ထားသူသည် သူတို့သခင်၏ ထိန်းချုပ်မှုကို မခုခံနိုင်ပေ။ ထို့ကြောင့် အနက်ရောင်မြေခွေးထက် အစေခံမျက်နှာဖုံးက အမှန်သာ ပို၍အစွမ်းထက်နေလျှင် Asher ၏ အမိန့်များကို ခုခံရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

အနက်ရောင်မြေခွေး အလေးအနက်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ဘယ်သူမှမသိတဲ့ ငါ့ရဲ့မျိုးရိုးစွမ်းရည်တွေထဲက တစ်ခုကြောင့်မို့လို့ပဲ။ ဒါပေမယ့် အဲ့စွမ်းရည်က ဒီမျက်နှာဖုံးကို ဖယ်ရှားလို့မရဘူး။ သူတို့သိသွားရင် ငါ့ကိုသတ်လိမ့်မယ်။”

“မင်း!! မင်းက အရူးလား။ မင်းရဲ့လျှို့ဝှက်ချက်ကြီးတွေကို သူတို့ဆီ ငါပြန်ပြောလိုက်မှာ မကြောက်ဘူးလား။ ငါ့ကိုယ်ငါ Asher ဆီကနေ ကယ်တင်ဖို့ မင်းကိုရောင်းစားလိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် မင်းပါးစပ်ကိုပိတ်ဖို့ ငါမင်းကိုသတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲ့တာဆို ငါ့လျှို့ဝှက်ချက်တွေကို ဘယ်သူမှ သိတော့မှာမဟုတ်ဘူး။” စိတ်မချမ်းမြေ့စွာဖြင့် သူဆက်ပြောလိုက်သည်။ “Kelby နဲ့ Grant မိသားစုကတော့ သူတို့ဆီကနေ ငါဖုံးကွယ်ထားလို့ရတယ် ဒါမှမဟုတ် ဒီမြို့ကနေ ငါထွက်သွားလို့ရတယ်။ ငါ့မှာအဲ့လိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မင်းသေချာပေါက်သိတယ်။ ဘာလို့ငါ့ကို အဲ့လောက်တောင် ယုံကြည်နေရတာလဲ။”

သူမကို Ace မသိပေ။ သူမသည် သူ၏ဆွေမျိုး သို့မဟုတ် သူအတွက် အရေးကြီးသောသူလည်းမဟုတ်ပေ။ သို့သော် အဘယ်ကြောင့် သူမ၏ လျှို့ဝှက်ချက်များကို တစ်ခုပြီးတစ်ခု ဘာမှမဟုတ်သလို ပြောပြနေရသနည်း။ ထိုအရာက သူ့ကို တော်တော်လေးမလွယ်ကူသလို ခံစားရစေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဖုံးကွယ်ထားသော အထောက်အထားများကို သဲလွန်စအနည်းငယ်မျှဖြင့် ရှာတွေ့နိုင်ခဲ့ခြင်းမှာ သူမသည် အရူးတစ်‌ယောက်မဟုတ်ဟု ဆိုလိုပေသည်။

“ဟက် ဟက် နင်ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဘာလို့ဆို နင်ကငါ့အမေလိုပဲ။ နင်ဖက်တီး Billy ဆီကနေ လုယက်ခဲ့တယ်ဆိုတာ သူကမကောင်းတဲ့သူဖြစ်ပြီး အမြဲတမ်း ဆင်းရဲသားတွေကို အနိုင်ကျင့်နေလို့ပဲ ဟုတ်တယ်မလား။ Billy ရူးသွားပြီး သတ်ခဲ့တဲ့ အပြစ်မဲ့မိသားစုတွေကိုတောင် နင်ကူညီပေးခဲ့သေးတယ်။ အဲ့ဒီသေဆုံးသူမိသားစုဝင်တွေအားလုံးကို ပတ္တမြားဒင်္ဂါးပြား ၁၀ပြားဆီ သူတို့ကိုအသိမပေးဘဲ ပေးခဲ့တယ်။ ဒါပေမယ့် နင်သိလား။ ဘယ်သူမှ သူတို့ရဲ့ တောင်းပန်သံကို နားထောင်မနေတဲ့အချိန်မှာ သူတို့ကိုကူညီပေးခဲ့တဲ့သူက ‘အနက်ရောင်သူခိုး’ဆိုတာ သူတို့အားလုံးသိတယ်။”

“သူတို့က နင့်ကို တရားမျှတမှုရဲ့ သူရဲကောင်းဆိုပြီး ခေါ်ကြတယ်။ ငါ့အမေကလည်း ဒီလိုသူခိုးမျိုးပဲ။ သူမက အမြဲတမ်း ချမ်းသာတဲ့လူဆိုးတွေဆီကနေ ခိုးပြီးတော့ ဘယ်သူ့ဆီကမှ အကူညီမရတဲ့ တစ်ကယ်လိုအပ်နေတဲ့သူတွေကို ပြန်ကူညီပေးတယ်။” သူမအမေ၏ စကားလုံးများနှင့် ပုံပြင်များကို အခုအချိန်ထိ မှတ်မိနေပြီး လွမ်းဆွတ်တမ်းတစွာဖြင့် ပြောလိုက်သည်။ သူမအမေသည် သူမ၏ သူရဲကောင်းပင် ဖြစ်လေသည်။

သူမအဖေသည် သူမအမေကို ဤကဲ့သို့ပုံပြင်များကို မပြောရန် အမြဲတမ်းဆူလေ့ရှိပေသည်။ သို့သော် သူမအမေသည် ဘယ်တော့မှ သူမအဖေစကားကို နားမထောင်ခဲ့ဘဲ သူမ၏ စွန့်စားခန်းများနှင့် ‌အောင်မြင်မှုများအကြောင်းကို အမြဲတမ်းပြောပြလေ့ရှိပေသည်။

သူမအမေသည် သူမကို အမျိုးမျိုးသော သူခိုးများအကြောင်း ပြောပြခဲ့သည်ကို မှတ်မိနေပေသေးသည်။ “မှတ်ထား Eva, သူခိုးသုံးမျိုးရှိသည်။ ပထမတစ်ခုက ဆင်းရဲတဲ့သူဖြစ်ဖြစ်၊ ချမ်းသာတဲ့သူဖြစ်ဖြစ်၊ လူကောင်းဖြစ်ဖြစ်၊ လူဆိုးဖြစ်ဖြစ် ဘယ်သူ့ဆီကနေမဆို ခိုးတဲ့သူ။ ဒုတိယတစ်ခုက အားနည်းတဲ့သူဆီကနေပဲ ခိုးတဲ့သူ ဘာလို့ဆို သူတို့က သန်မာပြီးအားနည်းတဲ့သူတွေကိုအနိုင်ကျင့်တတ်တဲ့သူတွေဆီကနေ ထွက်ပြေးရမှာ ကြောက်လို့ပဲ။ တတိယတစ်မျိုးက အရှားဆုံးပဲ။ သူတို့က နတ်ဆိုးလိုလူမျိုးတွေဆီကနေ ခိုးယူပြီးတော့ အားနည်းတဲ့သူတွေကို ကူညီပေးတယ်။” ထိုအကြောင်းသည် သူမ၏ ဝမ်းနည်းစရာသေဆုံးမှုမတိုင်ခင် ပြောပြခဲ့သော နောက်ဆုံးအကြောင်းအရာပင် ဖြစ်သည်။

“မင်းအမေက တစ်ကယ်ကို လူကောင်းတစ်‌ယောက်ပဲ။ ငါက သူမနဲ့ မယဥ်နိုင်ဘူး။” ထိုသို့ကြီးမြတ်သော သူခိုးတစ်ယောက်အတွက် သူ၏အံ့ဩမှုကို ဖုံးကွယ်မထားဘဲ ရိုးသားစွာ ပြောလိုက်လေသည်။

Ace ၏ ကြောင်တောင်တောင်မျက်နှာကို ကြည့်ရင်း Eva ရယ်မောလိုက်သည်။ “အဲ့တာကြောင့် ငါနင့်ကိုရှာပြီး နင်နဲ့မိတ်ဖွဲ့ချင်တာ။ နင်က သစ္စာရှိတဲ့သူပဲ။ နင့်ရဲ့လည်တိုင်ကို ကယ်တင်ဖို့အတွက်နဲ့ ရဲဘော်ရဲဖက်ကို ရောင်းစားမယ့် အရှက်ရစရာလုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူး။” Ace နှင့် မိတ်ဖွဲ့ရန် ဆုံးဖြတ်ချက်မချခင် သူ့ကိုနက်နဲသော စုံစမ်းစစ်ဆေးမှုများ သူမပြုလုပ်ခဲ့ပေသည်။

“နင့်ကို ဒီအစေခံမျက်နှာဖုံးကနေ လွတ်အောင် ဘာလုပ်ပေးရမှာလဲဆိုတာသာပြော။ ပြီးရင် Kelby မိသားစုရဲ့ သန်မာမှုအကြောင်းကိုလည်း ပြောပြ။ အားလုံးကို ငါသိချင်တယ်။” Ace မေးလိုက်သည်။ သူတတ်နိုင်လျှင် သူမကို ကယ်တင်ချင်ပေသည်။ သို့သော် ပို၍အရေးကြီးသည်မှာ သူ၏တာဝန်ကို ပြီးမြောက်ချင်ပေသည်။

ယခုသူမ၏ ပုံပြင်များကို ကြားရပြီးနောက် Kelby မိသားစုသည် အမှန်တစ်ကယ် မည်သို့သောမိသားစုဖြစ်သည်ကို သိလိုက်ပြီဖြစ်သည်။ အတွင်းပိုင်းဒေသတစ်ခုလုံး၏ နံပါတ်၃ မိသားစုကို နှစ်နှစ်အတွင်း သူတို့၏ဘဏ္ဍာတိုက် ပြောင်သလင်းခါသွားစေရန် သူလုပ်ဆောင်ရမည် ဖြစ်သည်။ သူစနစ်ကို ဆဲဆိုလုနီးပါးပင်။

“အို၊ နင့်ရဲ့ နောက်ထပ်ပစ်မှတ်က Kelby မိသားစုလား။ ငါလူကဲခတ်မမှားခဲ့ဘူး။ နင်ကတစ်ကယ် ငါ့အမေလိုမျိုး ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ သူခိုးပဲ။” Ace သည် ကြင်နာတတ်သောနှလုံးသားရှိသည့် သူခိုးဟူသော သူမ၏ယူဆချက်ကို အတည်ပြုလိုက်ပြီးနောက် စိတ်သက်သာရာရသွား၏။ သူမ၏ မျက်လုံးထဲတွင် Ace သည် မဲနက်နေသောနှလုံးသားနှင့် သူမကို အစေခံတစ်ယောက်လို ဆက်ဆံခဲ့ပြီး မကောင်းမှုမျိုးစုံကို လုပ်ခိုင်းခဲ့သော Kelby မိသားစုကို ဆုံးဖြတ်ချက်ချတော့မည့် ‘တရားသူကြီး’ပင် ဖြစ်လေသည်။

အနက်ရောင်မြေခွေး၏ စကားများကို Ace ကြားလိုက်ရသည့်အခါ သူ့မျက်နှာနီမြန်းသွားလေသည်။ သူမ၏ နားလည်မှုလွှဲနေခြင်းကို ရှင်းလင်းချင်သော်လည်း သူ၏ကိုယ်ပိုင်အတ္တကြောင့် လုယက်ချင်တာဟု ပြောလိုက်လျှင် သူ့ကိုရိုက်သတ်မည်ကို စိုးရိမ်၏။

‘သူမခေါင်းထဲမှာ သေချာပေါက် တစ်ခန်းလွတ်နေတယ်။’ Ace ခေါင်းငြိမ့်လိုက်ကာ သူမကို လွှတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။

Ace သည် တတိယမြောက်သူခိုးအမျိုးအစားမဟုတ်ဘဲ ကိုယ်တိုင်သန်မာလာစေရန် အခြားသူဆီမှ ခိုးယူသော အမျိုးအစားအသစ်တစ်ခု ဖြစ်လေသည်။ ထိုအရာက ရိုးရှင်းပေသည်။

“အဟွတ်...အဟွတ်” သူ၏ ရှက်ရွံ့နေမှုကို ဖုံးကွယ်ရန် နှစ်ခါချောင်းဆိုးလိုက်၏။ “ငါပြောတာကိုရော နားထောင်နေရဲ့လား။ ဒီအကြောင်းတွေကိုမပြောဘဲ မင်းဆီကနေ မျက်နှာဖုံးကို ဘယ်လိုဖယ်ရှားပေးရမှာလဲဆိုတာကိုပဲပြော။ ပြီးရင် အပြန်အလှန်အနေနဲ့ Kelby မိသားစုရဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကိုပေး။”

Ace အရှုံးပေးလိုက်သည်။ ဤရူးနေသောမိန်းကလေးဆီမှ မည်သည့်အရာကိုမှ သူမရချင်တော့ပေ။ Kelby မိသားစု၏ လုံခြုံရေးနှင့်ပတ်သတ်သော သတင်းအချက်အလက်များ သူ့ကိုပေးနိုင်လျှင် သို့မဟုတ် ထိုထဲသို့ ဝင်ရန်ကူညီပေးနိုင်လျှင် သူကျေနပ်ပြီဖြစ်သည်။

“ဟမ် အရင်ဆုံး နင်ငါ့နဲ့ မိတ်ဖွဲ့ရမယ်။ အခုကစပြီး နင်နဲ့ငါက အဖွဲ့တစ်ခုပဲ။ အဲ့ဒီတော့ တစ်ကယ့်အစစ်အမှန် အဖွဲ့တစ်ခုလိုမျိုး နင့်ရဲ့အဖော်ကိုအရင်ဆုံးကူညီပေးရမယ်။ ပြီးရင် တရားဝင်လုပ်ငန်းကို အတူတစ်ကွ လုပ်ဆောင်ကြမယ်။” အရေးကြီးသောအရာကို Ace မြန်မြန်မေ့သွားသည့်အတွက် အနက်ရောင်မြေခွေး မကျေမနပ်ဖြစ်နေသည်မှာ ရှင်းလင်းပေသည်။

‘ဘာကိုတရားဝင်လုပ်ငန်းတုန်း?? အဲ့တာ စနစ်ကပေးတဲ့တာဝန်တစ်ခုပဲ!!’ Ace ထိုကဲ့သို့ အော်ဟစ်လိုက်ချင်သော်လည်း သူ့ကိုယ်သူပြန်ထိန်းလိုက်သည်။

‘ဟူးးး’ အကူညီမဲ့စွာ Ace သက်ပြင်းချလိုက်သည်။ “ကောင်းပြီ ငါတို့အဖွဲ့ဖွဲ့ကြမယ်။ မင်းကိုအရင်ကူညီပေးမယ်။ ဒါပေမယ့် မင်းရဲ့စွမ်းရည်တွေက မလုံလောက်ဘဲ ငါ့ကိုဆွဲချနေရင်တော့ မင်းကိုထားခဲ့ပြီး ငါထွက်သွားမှာ။ အခုမင်းကိုဘယ်လိုကူညီပေးရမှာလဲ ပြောတော့။” သူ၏အသံထဲတွင် စိတ်ပျက်မှုများ ရှင်းလင်းစွာ ပါဝင်နေ၏။

“အဲ့တာက အရမ်းမခက်ခဲပါဘူး။ ငါကနင့်ကို ဆွဲချမှာမဟုတ်ဘူးဆိုတာ ကတိပေးတယ်။ ငါအမြဲတမ်း နင့်အမိန့်ကို နားထောင်မှာပါ။ နင်က အဖွဲ့ခေါင်းဆောင်ဆိုမှတော့ ငါတို့အဖွဲ့ကို နာမည်အရင်ပေးလိုက်ဦး။” အနက်ရောင်မြေခွေး စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။ သူမသည် Ace ကို မျှော်လင့်ချက်ကြီးများဖြင့် ကြည့်နေ၏။

“ဘာကို အဖွဲ့ခေါင်းဆောင်လဲ။ ပြီးတော့ ငါတို့က ဘာလို့နာမည်လိုအပ်တာလဲ??” Ace အမြန်မေးလိုက်၏။ ဤစကားဝိုင်း၏ ဦးတည်ရာကို သူမကြိုက်ပေ။

“နင်က ခိုးယူလုယက်တဲ့နေရာမှာ ငါ့ထက်စွမ်းရည်ပိုရှိပြီး ‘ကျော်ကြားတဲ့သူခိုးတစ်ယောက်’ ဖြစ်နေပြီဆိုမှတော့ ငါတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ရမှာပေါ့။ အနာဂတ်မှာ ငါတို့အဖွဲ့နာမည်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားနေလိမ့်မယ်။ အဲ့ဒီတော့ လူဆိုးတွေရဲ့ နှလုံးသားထဲမှာ ကြောက်စိတ်တွေ စွဲမြဲနေစေမယ့် ကြီးကျယ်တဲ့ နာမည်တစ်ခုကို လိုအပ်တာပေါ့။” အနက်ရောင်မြေခွေးက သူတို့၏ ခမ်းနားကြီးကျယ်သော အနာဂတ်ကို မျှော်လင့်ချက်များ တစ်လက်လက်တောက်ပနေသော မျက်လုံးများဖြင့် စိတ်ကူးယဥ်ရင်း ရှင်းပြလိုက်သည်။

‘သေချာတယ်။ သူမကအရူးတစ်ယောက်ပဲ။’ Ace ခါးသီးစွာပြုံးရင်း ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ ကောင်းပြီ။ ငါကအဖွဲ့ခေါင်းဆောင် လုပ်ပေးမယ်။ အဖွဲ့နာမည်အတွက်ကတော့ ငါတို့ကျော်ကြားလာပြီးတဲ့နောက်မှ ပြောကြတာပေါ့။” Ace သည် အဖွဲ့နာမည်မပြောနှင့် အဖွဲ့တောင် ဖွဲ့ချင်သည်မဟုတ်ပေ။ ထို့ကြောင့် အနက်ရောင်မြေခွေးကို အာမခံရန် ကြုံရာကျပန်းပြောလိုက်ခြင်းပင်။

“နင်မှန်တယ်။ ငါတို့အဖွဲ့နာမည်ကို ငါတို့ကျော်ကြားလာတဲ့အချိန်ကျမှ ဆုံးဖြတ်ကြတာပေါ့။” အနက်ရောင်မြေခွေးက သဘောတူစွာဖြင့် လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

သူမျှော်လင့်ထားခဲ့သလိုပင်။ ‘သူမလုံးဝယုံသွားတယ်!!’

“အခုငါတို့က အဖွဲ့ဖွဲ့ပြီး အဖော်တွေ ဖြစ်သွားကြပြီဆိုတော့ ငါတို့ကိုယ်ငါတို့ မိတ်ဆက်သင့်တာပေါ့။ ငါ့နာမည်က Eva Jude, အခုကစပြီး ငါ့ကို Eva လို့ ခေါ်လို့ရတယ်။” အနက်ရောင်မြေခွေး သို့မဟုတ် Eva သည် သူမကိုယ်သူမ မိတ်ဆက်လိုက်ကာ Ace ဆီသို့ နှင်းလိုဖြူဖွေးနေသော သူမ၏လက်ကို ကမ်းပေးလိုက်သည်။

“Ace White, ငါ့ကိုအဖွဲ့ခေါင်းဆောင်လို့မခေါ်နဲ့။ Ace လို့ပဲခေါ်” Ace ကွေ့ကောက်စွာပြုံးလိုက်ကာ သူမ၏နူးညံ့သော လက်နှင့် လက်ဆွဲနှုတ်ဆတ်လိုက်သည်။

ထိုဖိအားပေးခံရပြီးဖြစ်လာသော အဖွဲ့သည် အနာဂတ်တွင် ရွှေရောင်ကောင်းကင်ကမ္ဘာကြီးတစ်ခုလုံးကို အပြင်းအထန်ဖျက်ဆီးပစ်လိမ့်မည်ကို Ace မသိခဲ့ပေ။

“ဟုတ်ပြီ Ace, အခုနင့်ရဲ့ အဖွဲ့သားကို နင်ကူညီပေးရမယ်။” Eva ပြောလိုက်သည်။ သူမအတော်လေး ပျော်ရွှင်နေသည်မှာ သိသာပေသည်။

“ဘာလုပ်ရမှာလဲသာပြော” Ace သည် ရူးသွပ်သွားလုနီးနီးအခြေနေသို့ ရောက်နေပြီဖြစ်သည်။ Kelby မိသားစုအကြောင်းကိုပင် မသိချင်တော့ပေ။ သူမ၏ ပြဿနာကို မည်သို့ဖြေရှင်းရမည်ကိုသာ သိချင်ကာ သူမ၏စိတ်အနှောင့်ယှက်ပေးနေသော ပါးစပ်ကို ပိတ်လိုက်ချင်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့မျက်လုံးထဲတွင် သူမသည် တော်တော်လေးကို စကားများသူဖြစ်သည်။

သို့သော် Asher သာ ယခုလို သူမစကားပြောနေသည်ကို မြင်လျှင် အနက်ရောင်မြေခွေးမျက်နှာဖုံးအောက်တွင် အခြားတစ်ယောက်ယောက်ရှိနေသည်ဟု ထင်မိလိမ့်မည် ဖြစ်သည်။ အနက်ရောင်မြေခွေးသည် ဘယ်တုန်းကမှ စကားကို လိုသည်ထက် ပိုမပြောခဲ့ပေ။ သူမကို မေးခွန်းများမေးလျှင် ပြန်ဖြေပြီး ဖြေပြီးသွားလျှင် တိတ်ဆိတ်သွားပြီဖြစ်သည်။ ထိုပုံစံသည် အနက်ရောင်မြေခွေး၏ ပုံမှန်အေးစက်သော အပြုအမူပင် ဖြစ်လေသည်။

သို့သော် Ace ရှေ့တွင်တော့ အလိုလိုက်ခံရ၍ ပျက်စီးနေသော ကလေးတစ်ယောက်လို ဖြစ်နေ၏။ သူမအဘယ်ကြောင့် ဤကဲ့သို့ဖြစ်နေသည်ကို သူမကိုယ်တိုင်ပင် မသိပေ။ သူတို့တွေ့ဆုံသော အချိန်တွင် ထူးဆန်းသောအကြောင်းပြချက်အချို့ကြောင့် Ace နှင့် ရင်းနှီးသကဲ့သို့ ခံစားရလေသည်။

“ဟုတ်ပြီ။ ငါပြောပြမယ်။ ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့တော့။” Ace သည် အချိန်အရွေး ပေါက်ကွဲတော့မည့်ပုံ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့် Eva ပြောလိုက်သည်။

‘မင်းကသာ ဒီမှာ စိတ်ရှုပ်စရာကောင်းတဲ့သူတစ်ယောက်ပဲ!!’ Ace မျက်လုံးလှိမ့်လိုက်ကာ စိတ်ထဲမှ ခွန်းတုံ့ပြန်ပြောလိုက်သည်။

“နင့်ရဲ့ ‘တန်ဖိုးရှိတဲ့အသင်းဖော်’ကို ကူညီချင်ရင် Grant မိသားစုရဲ့ ဘဏ္ဍာတိုက်ကို ထိုးဖောက်ဝင်ရောက်ဖို့ လိုတယ်။” Eva ၏ အသံသည် သူမ၏ အဖွဲ့ခေါင်းဆောင်နှင့်အတူ ပြုလုပ်မည့် ကြီးမားသောစွန့်စားခန်းကြောင့် အတော်လေးစိတ်လှုပ်ရှားနေသည့် မိန်းမငယ်လေးပုံပေါက်နေ၏။

“ဘ..ဘာ?!?” ထိုညတွင် နောင်တများနှင့်ပြည့်နေသည့် စူးရှကျယ်လောင်သော အသံတစ်သံကို တည်းခိုခန်းတစ်ခုလုံး ကြားလိုက်ကြရလေသည်။

All Chapters