အခန်း (၄၅၈)
Vol. 38 Ch. 458
တမန်တော်လေးပါး၏ ချုပ်နှောင်မှုအောက်တွင် ရွှယ်ချမ်းပိုင်က သာသာယာယာလေး လွတ်မြောက်သွားခဲ့လေသည်။ ကြီးမားလှသော အစီအရင်ကြီးနှင့်ပင် ရွှယ်ချမ်းပိုင်၏ လွတ်မြောက်မှုကို မတားဆီနိုင်ခဲ့ပေ။
ရွှယ်ချမ်းပိုင် မည်သည့်ရတနာ အသုံးပြုခဲ့သည်ကို တမန်တော်လေးပါးကလည်း မခန့်မှန်းနိုင်ခဲ့ပေ။ သူသည် အစီအရင်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး ထွက်သွားခဲ့လေသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းသည် အလွန်အင်မတန်မှကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ရွှယ်ချမ်းပိုင်ထံမှသော့ကို ရယူနိုင်ရန်အတွက် သူတို့သည် ယခုလိုမျိုး တမန်တော်လေးပါးပါဝင်သော အင်အားတစ်ရပ်ကို ထုတ်ဖော်ခဲ့သည့်တိုင် နောက်ဆုံးတွင် လက်ဗလာဖြင့်သာ ကျန်ရစ်ခဲ့ရသည်။
တစ္ဆေမြို့တော်၏ အပြင်ဘက်တွင် အနက်ရောင်မြူခိုးလုံးကြီးက ဖြည်းညင်းစွာ ဖွဲ့စည်းလာပြီး ထိုအနက်ရောင်မြူခိုးကြားမှ လူအိုကြီးတစ်ဦး ထွက်ပေါ်လာလေသည်။ ထိုလူအိုကြီး၏ ခန္ဓာကိုယ်သည် မံမီရုပ်အလောင်းကဲ့သို့ ခြောက်သွေ့နေခဲ့သည်။
သူ့ကို မြင်သည်နှင့် မြင်လိုက်ရသောသူတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်ကို ခံစားရမည်ဖြစ်သည်။
သူ၏ မျက်တွင်းဂျုံးဂျုံးကျနေသော မျက်လုံးများသည် အလွန်အင်မတန် ကြောက်မက်ဖွယ်ကောင်းလေသည်။ သူ၏ မျက်ဝန်းများသည် ကြည့်လိုက်သောသူ၏ ဝိဉာဉ်ကို စွဲဆုပ်ယူနိုင်စွမ်း ရှိနေသည့်အလားပင်ဖြစ်သည်။
ထိုသူရောက်လာသည်ကိုမြင်သည်နှင့် ကျိုးကျွင်းက ခပ်မြန်မြန်ထွက်ပေါ်လာပြီး ဒူးထောက်ချလိုက်ပြီး ရိုသေစွာဖြင့် ပြောလိုက်သည်။
“မဟာသူတော်စင်ကို ဂါရဝပြုပါတယ်…”
မဟာသူတော်စင်ကို မြင်လိုက်သည့်အချိန်တိုင်း ကျိုးကျွင်း၏နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားလေသည်။ မဟာသူတော်စင်သည် အလွန်အမင်း ရက်စက်လွန်းလှပေသည်။ သူနှင့်ရင်ဆိုင်ရသော ရန်သူများသည် သေခြင်းတရားထက်ဆိုးသော ဒုက္ခများကို ကြုံတွေ့ရသောကြောင့် ဖြစ်သည်။
ထာဝရရှင်သန်ခြင်းဂိုဏ်းတစ်ခုလုံးတွင် မဟာသူတော်စင်ကို မကြောက်ရွံ့သောသူဟူ၍ မရှိပေ။
“ကျိုးကောင်လေး! ရွှယ်ချမ်းပိုင်ကို ဖမ်းတဲ့အစီအစဉ်က ကျရှုံးသွားတယ်….”
မဟာသူတော်စင်သည် တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။
“တမန်တော်လေးပါးက ရွှယ်ချမ်းပိုင်ကိုဖမ်းတာ ကျရှုံးခဲ့တဲ့အပြင် သူကလွတ်မြောက်သွားတယ်…. ရွှယ်ချမ်းပိုင်က သူ့ကို ချုံခိုတိုက်ခိုက်မယ်ဆိုတဲ့ သတင်းကို ကြိုရထားတဲ့ပုံပဲ… မင်းရဲ့ ရွှယ်ချမ်းပိုင်ကို လုပ်ကြံတဲ့အစီအစဉ်က ငါတို့ခန့်မှန်းထားသလိုမျိုး မအောင်မြင်ခဲ့ဘူး…”
“မဟာသူတော်စင်ခင်ဗျား! ရွှယ်ချမ်းပိုင်က စွမ်းအားကြီးပြီးတော့ အရမ်းကိုဉာဏ်ကောင်းလွန်းပါတယ်… ကျွန်တော် သူ့ကို တိမ်ကန္တာရနယ်မြေထဲဝင်အောင် လှည့်စားနိုင်ခဲ့တယ်ဆိုပေမယ့် အစကနေ အဆုံးအထိ သူက သတိကြီးကြီးထားနေတာလည်း ဖြစ်နိုင်ပါတယ်…”
ကျိုးကျွင်းသည် မျက်မှောင်တစ်ချက်ကြုတ်ရင်း ပြောလိုက်သည်။ ရွှယ်ချမ်းပိုင်က ဤမျှဝိုင်းဝန်းပြီး ဖမ်းချုပ်ထားသည့် အခြေအနေကနေ လွတ်မြောက်သွားသောဖြစ်ရပ်ကြောင့် ကျိုးကျွင်းသည် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
ရွှယ်ချမ်းပိုင်သည် သူတို့၏အစီအစဉ်ကို ဘယ်လိုများ ကြိုတင်မြင်သွားရတာပါလဲ။ လီဟမ်ရှန်းကများ ရွှယ်ချမ်းပိုင်ကို သတိပေးလိုက်တာများ ဖြစ်နိုင်မလား။
ထိုအချက်ကို တွေးမိသွားသောအခါ ကျိုးကျွင်း၏ နှုတ်ခမ်းထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ သူ၏ ဂျူနီယာညီလေးမှာ နောက်ဆုံးတော့ ရင့်ကျက်လာပြီဖြစ်သည်။
အတိတ်တုန်းက လီဟမ်ရှန်းသည် လူတိုင်းကို လွန်ကဲစွာ အယုံလွယ်လေသည်။ စိတ်ရင်းသဘောထားလည်း ကောင်းမွန်လှပြီး သစ္စာ၊ မေတ္တာတရား ကြီးမားသောသူဖြစ်သည်။ ယခုတွင်တော့ လီဟမ်ရှန်းသည် မြေခွေးအိုတစ်ကောင်အလား ကောက်ကျစ်လာပြီဖြစ်သည်။
သူ့အစီအစဉ် ကျရှုံးသွားသော်လည်း ကျိုးကျွင်းသည် ပျော်ရမည်လား၊ ဝမ်းနည်းရမည်လားဆိုသည်ကို သဲသဲကွဲကွဲ မပြောနိုင်ပေ။ ယခုအချိန်တွင်သူသည် အနည်းငယ် စိတ်ရှုပ်ထွေးနေသည့် အနေအထားတွင် ရှိနေသည်။
“ရှုကျီအန်းရဲ့ အခြေအနေကော ဘယ်လိုဖြစ်သွားပြီလဲ…”
“မဟာသူတော်စင်ကို သတင်းပို့ပါတယ်… အားလုံးက အစီအစဉ်ချထားတဲ့အတိုင်း ဖြစ်ပါတယ်…”
မဟာသူတော်စင်သည် အနောက်သို့လှည့်ကာ ထွက်သွားဟန်ပြင်လိုက်သည်။ သူထွက်သွားတော့မည်ကို သတိပြုမိလိုက်သော ကျိုးကျွင်းက အနည်းငယ်ပို၍ ခံစားချက်ကောင်းသွားသည်။
သို့သော် မဟာသူတော်စင်သည် ခြေနှစ်လှမ်းခန့်သာ လှမ်းပြီးနောက်တွင် ကျိုးကျွင်းထံသို့ မျက်နှာပြန်မူလိုက်ပြီး သူက မေးလိုက်သည်။
“လီဟမ်ရှန်းက တစ္ဆေမြို့တော်မှာရှိတယ်ဆိုပြီး မင်းက သတင်းအမှားလွှင့်ခဲ့တယ်… အဲ့သတင်းကြောင့်ပဲ ရွှယ်ချမ်းပိုင်က ဒီကိုရောက်လာခဲ့တာ… ငါ့ကိုမှန်မှန်ပြောစမ်း… လီဟမ်ရှန်းက တကယ်ပဲ တစ္ဆေမြို့တော်ရှိသလား...”
“မရှိပါဘူး မဟာသူတော်စင်ခင်ဗျား....”
ကျိုးကျွင်းက ချက်ချင်းပင် ခေါင်းခါလိုက်သည်။
“ဒီသတင်းကို ကျွန်တော် တမင်သတင်းအမှား လွှင့်ခဲ့တာပါ... လီဟမ်ရှန်း ဘယ်မှာရှိနေလည်းဆိုတာကို ကျွန်တော်လည်း ကြိုးကြိုးစားစားနဲ့ စုံစမ်းနေပါတယ်... ဒါပေမယ့်အခုထက်ထိ ဘာသတင်းမှမရသေးပါဘူး...”
“လီဟမ်ရှန်းရဲ့ သတင်းရတာနဲ့ ချက်ချင်းကို သတင်းပို့ပါ။ လီဟမ်ရှန်းရဲ့ တန်ဖိုးက ပြောင်းလဲသွားပြီ...”
မဟာသူတော်စင်က ထပ်ပြောလိုက်သည်။
“မဟာသူတော်စင်ခင်ဗျား...”
ကျိုးကျွင်းက ခပ်မြန်မြန် ပြန်ပြောလိုက်သည်။
“အရင်တုန်းကတော့ လီဟမ်ရှန်းက သော့တစ်ချောင်းမို့လို့ အသုံးဝင်ခဲ့ပါတယ်... ကျွန်တော်တို့က သူ့ကို တစ်ခါသတ်ပြီးသွားပါပြီ... လီရွှမ်းရှီက ကျွန်တော်တို့ကို လှည့်စားခဲ့တယ်ဆိုပေမယ့် အင်မော်တယ်ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်တွေကိုလည်း ဖြေလျော့ခဲ့ပါတယ်... ဒါကြောင့်မို့ အခုချိန်မှာ လီဟမ်ရှန်းကို ထပ်ပြီးတိုက်ခိုက်ဖို့ လိုသေးလို့လား... သူနဲ့ ကျွန်တော်တို့နဲ့က ဘာမှမဆိုင်တော့ဘူးလားလို့...”
“ ရွှက်......”
ထိုစကား ထွက်ပေါ်လာသောအခါတွင် သွေးတန်းတစ်တန်း ထွက်ပေါ်လာပြီး ကျိုးကျွင်း၏ လက်သန်းတစ်ချောင်းသည် ချက်ချင်းကို ပြတ်ထွက်သွားလေသည်။ မဟာသူတော်စင်သည် လက်ပင်မလှုပ်ဘဲ ကျိုးကျွင်း၏လက်သန်းကို ဖြတ်ချလိုက်ခြင်းဖြစ်သည်။
“အားးးးးးးးးးးး”
ကျိုးကျွင်းသည် လက်ပြတ်သွားသောကြောင့် အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးတစ်ခုလုံးသည် သွေးများဖြင့် စိုရွှဲနေလေသည်။ သူသည် မြေပြင်ပေါ်တွင် ပစ်လဲကျသွားပြီး လက်ကိုတင်းတင်း ဆုပ်ကိုင်ထားကာ လူးလှိမ့်နေခဲ့လေသည်။
မဟာသူတော်စင်သည် ကျိုးကျွင်းကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းကိုခိုင်းတဲ့ တာဝန်ပဲလုပ်စမ်းပါ... စကားအများကြီး မပြောနဲ့... ပြီးတော့ မမေးသင့်တာ မမေးနဲ့... နောက်တစ်ခါထပ်ပြီး အမေးအမြန်းထူမယ်ဆိုရင် မင်းလက်သန်းပဲ ပြတ်သွားမှာမဟုတ်ဘူး...”
“နားလည်ပါပြီ....”
ကျိုးကျွင်းက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ မဟာသူတော်စင်သည် နေရာတွင်ပင် ပျောက်ကွယ်သွားလေသည်။ ကျိုးကျွင်းသည် ပြတ်သွားသော သူ၏လက်သန်းကို ကောက်ယူလိုက်ပြီး ထွက်သွားခဲ့လေသည်။
ကုန်ဆုံးခဲ့သော နေ့ရက်များသည် ဖြည်းညင်းစွာဖြင့် တိတ်ဆိတ်နေခဲ့သည်။ တိမ်ကန္တာရနယ်မြေတစ်ခုလုံးသည် ထူးထူးခြားခြားကို ငြိမ်းချမ်းနေလေသည်။ အဖြူ၊အနက် လျှို့ဝှက်နယ်မြေကလည်း သိပ်မကြာခင် ပွင့်တော့မည်ဖြစ်သည်။
အင်အားစုများစွာတို့သည်လည်း အဖြူ၊အနက် လျှို့ဝှက်နယ်မြေပွင့်မည့် အပေါက်ဝနားသို့ ဖြည်းညင်းစွာ စုရုံးလာခဲ့သည်။
ယခုအချိန်သည် တိမ်ကန္တာရနယ်မြေ၏ အထိခိုက်မခံဆုံးသော ကာလဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေမျိုးနွယ်များစွာတို့က အဖြူ၊အနက် လျှို့ဝှက်နယ်မြေအဝသို့ ရောက်လာရုံသာမက လူသားမျိုးနွယ်တို့ကပါ ရောက်လာသောကြောင့်ဖြစ်သည်။
ထိုကဲ့သို့ လူစုံတက်စုံရောက်လာခြင်းသည် ပြဿနာကို အလွယ်တကူဖြစ်ပေါ်စေပြီး မကြာခဏ တိုက်ပွဲများ ဖြစ်ပေါ်စေသောကြောင့်ပင်။
သို့သော် ယခုအချိန်တွင်တော့ အရင်တုန်းကလိုမျိုး တိုက်ပွဲများစွာ မဖြစ်ခဲ့ပေ။ ယခုချိန်တွင် ထူးထူးခြားခြားဖြင့် အင်အားစု အတော်များများသည် အမှောင်ထဲမှ စောင့်ကြည့်နေကြလေသည်။ လူတိုင်းက အခွင့်အရေးတစ်ခု ထွက်ပေါ်လာမှာကို စောင့်ဆိုင်းနေကြလေသည်။
အရင်စလှုပ်ရှားသူတိုင်းက တစ်ခြားသူများ၏ လှည့်ကွက်များ၊ အစီအစဉ်များတွင် ပါဝင်သွားပြီး အဆုံးသတ်လှပမည် မဟုတ်ပေ။ ဘယ်လောက်ပဲ အင်အားကြီးသည့် အင်အားစုဖြစ်ပါစေ အချိန်မရွေး ပြိုလဲသွားနိုင်မည့် အနေအထားသို့ ရောက်နေခဲ့လေသည်။
ယခုလိုမျိုး အခွင့်အရေးကြီးပေါ်လာသည့် အခြေအနေတွင်တော့ လူသားမျိုးနွယ်၏ အင်အားစုများစွာတို့ကလည်း မိမိတို့၏ မျိုးဆက်သစ်တပည့်များကို တစ္ဆေမျိုးနွယ်ဝင်များရှိရာ တိမ်ကန္တာရနယ်မြေသို့ စေလွှတ်ခဲ့လေသည်။
ပထမရည်ရွယ်ချက်မှာ အတွေ့အကြုံရရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာ တိမ်ကန္တာရနယ်မြေအကြောင်း သိရှိရန်နှင့် အမြင်ကျယ်ပြန့်သွားစေရန်အတွက် ဖြစ်သည်။
ယခုတလောတွင် လူသားမျိုးနွယ်မှ ပါရမီရှင် အတော်များများသည် တစ္ဆေမြို့တော်တွင် ထွက်ပေါ်လာခဲ့သည်။ တစ္ဆေမြို့အရှင်ကလည်း လူသားများနှင့် တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့သည်။
လီဟမ်ရှန်းသည် သူ၏စံအိမ်တော်အတွင်း၌ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်လောကသို့ လုံးဝမထွက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသာအပြင်ထွက်လိုက်ပါက လူသားမျိုးနွယ်ဝင်များက သူ့ကိုမြင်သည်နှင့် တန်းပြီးမှတ်မိသွားပေလိမ့်မည်။
သူအပြင်ထွက်လိုက်ပါက အချိန်မရွေး ထျန်းဟိုင်မြို့တော်သို့ ပြန်လည်၍ အဖမ်းခံသွားရနိုင်ချေများပေသည်။ ထို့ကြောင့် ထိုအခြေအနေကို အကောင်းဆုံးကိုင်တွယ်ရန်အတွက် သူသည် တံခါးပိတ်ကျင့်ကြံနေခြင်းက အဖြေဟု တွေးထားလေသည်။
သို့သော် တံခါးပိတ်ကျင့်ကြံပြီး တတိယမြောက်နေ့တွင်တော့ သူ့အား စစ်သူကြီးတဲကောင်းက ဆင့်ခေါ်စာပို့လိုက်လေသည်။ သံသယများစွာနှင့် လီဟမ်ရှန်းသည် စစ်သူကြီးတဲကောင်းစံအိမ်သို့ ရောက်လာခဲ့လေသည်။ စံအိမ်တွင်တော့ ဟုန်ရှန်းအပြင် အခြားသောခေါင်းဆောင်နှစ်ဦးကိုလည်း တွေ့လိုက်ရပေသည်။
လူအများ ရောက်ရှိနေပြီဖြစ်သောကြောင့် စစ်သူကြီးတဲကောင်းက သူတို့ကိုခေါ်လိုက်ရသည့် အကြောင်းကို ရှင်းပြလေသည်။ တစ္ဆေမြို့တော်၌ လူများစွာရောက်ရှိလာသောကြောင့် မြို့အရှင်က တစ္ဆေမြို့တော်ကို နယ်မြေလေးခုခွဲပြီး စောင့်ကြပ်ရန်အတွက် တာဝန်ပေးလိုက်သည်။
စစ်သူကြီးစံအိမ်သုံးခုက နယ်မြေတစ်ခုစီကို တာဝန်ယူရမည်ဖြစ်ပြီး ကျန်ရစ်သောနယ်မြေကိုတော့ မြို့အရှင်က ကိုယ်တိုင်စောင့်ကြပ်မည်ဖြစ်သည်။ ခေါင်းဆောင်အဆင့် ရာထူးရှိသူများသည် ပြင်ပသို့ထွက်ပြီး ကင်းလှည့်ရမည်ဖြစ်သည်။ မည်သို့သော ပြဿနာမှ တက်ရန်မဖြစ်ပေ။
ထို့အပြင် အင်အားစုကြီးများမှ မျိုးဆက်သစ်လူငယ်များကို ကောင်းကောင်းစောင့်ကြည့်ရမည်ဖြစ်သည်။ သူတို့ကိုယ်တိုင် ပြဿနာရှာ၍ မရသလို သူတို့ကို ပြဿနာတက်အောင်လည်း ပြုလုပ်၍မရချေ။ ထိုသို့မဟုတ်ပါက တစ္ဆေမြို့တော်တွင် မဖြေရှင်းနိုင်မည့် ပြဿနာများစွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထိုအခြေအနေကို လီဟမ်ရှန်းကြားသော် တစ်ခုခုလွဲနေသလို စတင်ခံစားနေခဲ့ရသည်။ သူသာ အပြင်သို့ထွက်လိုက်ပါက လူတိုင်းကသူ့ကို မှတ်မိသွားလိမ့်မည်ဖြစ်သည်။ လောကကြီးတစ်ခုလုံးတွင် သူ့ကိုအလိုရှိသော ဝရမ်းပုံရိပ်များကို နေရာအနှံ့ကပ်ထားပြီးသား မဟုတ်ပါလားပင်။
တစ္ဆေမြို့တော်တွင်ရှိသော အလိုရှိသည့် ကြေငြာစာရွက်များကိုတော့ ကျိုးကျွင်းက တိတ်တဆိတ် လဲလှယ်ထားခြင်းကြောင့်သာ တစ္ဆေမြို့တော်လူများက သူ့ကိုမသိကြခြင်းဖြစ်သည်။
“စစ်သူကြီးခင်ဗျား! ကျွန်တော် ရုပ်ဖျက်လို့ရမလား....”
လီဟမ်ရှန်းက တစ်ခဏအတွင်း မေးလိုက်သည်။ လူတိုင်းက လီဟမ်ရှန်းကို ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။ စစ်သူကြီးတဲကောင်းကလည်း လီဟမ်ရှန်းကိုကြည့်ပြီး ဘာမျှမပြောပေ။ သူသည် လီဟမ်ရှန်း ဖြေမည့်အဖြေကို စောင့်ဆိုင်းနေပုံရလေသည်။
“ကျွန်တော်က တောင်ဘက်လွင်ပြင်ဒေသကနေ တစ္ဆေမြို့တော်ကို ပြေးလာခဲ့တာပါ... ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ... အခုလိုမျိုး လူစုံနေတဲ့ အနေအထားမှာ ကျွန်တော့်ရဲ့ရန်သူဟောင်းတွေနဲ့ ပြန်တွေ့မှာကို စိတ်ပူမိပါတယ်....”
လီဟမ်ရှန်းသည် အကြောင်းပြချက်တစ်ခုကို ပေါ့ပေါ့ပါးပါးနှင့် ပေးလိုက်လေသည်။
“ကျွန်တော် ရန်သူဟောင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါကျရင် တစ္ဆေမြို့တော်ပါ ဒုက္ခရောက်နိုင်ချေများလို့ပါ....”
လီဟမ်ရှန်းက ထပ်မံပြောလိုက်လေသည်။ စစ်သူကြီးတဲကောင်းက သဘောတူသည့်ဟန် တစ်ချက်ပြုလိုက်ပြီး စကားဆက်မပြောတော့ပေ။ လီဟမ်ရှန်းသည် ထိုအခါမှသာ သက်ပြင်းမောကို မှုတ်ထုတ်လိုက်တော့သည်။