← Chapters

အခန်း (၄၅၉)

Vol. 38 Ch. 459

အခန်း (၄၅၉)

Vol. 38 Ch. 459

ရုပ်ဖျက်ပြီးသည့်နောက်တွင် သူ့ကိုမည်သူကမျှ သိတော့မည်မဟုတ်ပေ။ သို့ပေမယ့် လီဟမ်ရှန်းသည် ရုပ်မဖျက်တတ်ချေ။ ကံကောင်းသွားသည်မှာ စစ်သူကြီးစံအိမ်၌ ရုပ်ပြောင်းရုပ်လွှဲ ပညာရှင်တစ်ဦး ရှိနေခြင်းပင်ဖြစ်သည်။ ထိုပညာရှင်က လီဟမ်ရှန်း၏ ရုပ်ရည်သွင်ပြင်ကို ကူညီ၍ပြောင်းလဲပေးခဲ့သည်။

လီဟမ်ရှန်းသည် ယခုအချိန်တွင်တော့ သက်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်သွားပြီး သူမှန်ထဲပြန်ကြည့်လိုက်သောအခါ သူ့အသက်သည် လေးဆယ်ခန့်ရှိပေလိမ့်မည်။ အသားအရည်က မည်းနက်နေပြီး ရာသီဥတုဒဏ်ကို ကောင်းကောင်းခံစားခဲ့ရသည့် မျက်နှာထားရှိသည်။

သူ၏ မျက်ဝန်းထောင့်စွန်းများတွင် ဓားဒဏ်ရာများကိုပင် တွေ့ရပေလိမ့်မည်။ သူ့ပုံစံသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် လုပ်ရည်ကိုင်ရည်ရှိသော လူတစ်ဦး၏ဟန်ပန်ဖြစ်ပြီး မျက်ဝန်းများကလည်း စုးရှထက်မြက်နေသည်။ ခန္ဓာကိုယ်မှာလည်း တောင့်တင်းကြံ့ခိုင်နေပြီး လောကဓံတရားကို ကောင်းကောင်းကြုံ‌တွေ့ခဲ့ရသော လူတစ်ဦးနှင့် တူလိမ့်မည်ဖြစ်သည်။

လီဟမ်ရှန်းသည် မိမိပုံရိပ်ကိုပင် မိမိမမှတ်မိပေ။ နောက်တနေ့တွင်တော့ လီဟမ်ရှန်းသည် ကင်းလှည့်ရန်အတွက် တာဝန်ပေးခြင်းခံရပါသည်။ သူ၏လက်အောက်ရှိ တပ်မှူးများကို ဆင့်ခေါ်လိုက်ပြီးနောက် တပ်မှူးငါးယောက်စလုံးကို စစ်သည်အင်အားပေးပြီးနောက် ကင်းလှည့်ရန်အတွက် တာဝန်ခွဲပေးလိုက်သည်။

လီဟမ်ရှန်းကတော့ လမ်းထဲတွင်တစ်ဦးတည်း လျှောက်လှမ်းနေခဲ့သည်။ အရေးပေါ် တစ်စုံတစ်ခုဖြစ်သည်နှင့် သူသည် နီးစပ်ရာတပ်မဟာသို့သွားပြီး ဖြေရှင်းရမည်ဖြစ်သည်။

လမ်းလျှောက်ရင်းနှင့် လီဟမ်ရှန်းသည် လမ်းမထက်တွင် လူသားမျိုးနွယ်များစွာကို တွေ့မြင်နေခဲ့ရသည်။ ထိုလူသားမျိုးနွယ်များက မိမိတို့၏ ဂိုဏ်းတပည့်ဝတ်စုံများကို ဝတ်ဆင်ထားကြလေသည်။

‘လူသားမျိုးနွယ်ဝင်တွေက ဒီကိုလာပြီး လာလေ့ကျင့်တာပဲဖြစ်ရမယ်။ တိမ်ကန္တာရနယ်မြေမှာ တစ္ဆေမြို့တော်က လူသားမျိုးနွယ်များအတွက် အလုံခြုံဆုံးပဲဖြစ်တော့ လူသားမျိုးနွယ်တွေ ဒီကိုရောက်လာတာ ဆန်းတော့မဆန်းပါဘူး။’

လီဟမ်ရှန်းသည် သူနှင့်ရင်းနှီးသော ဂိုဏ်းတပည့်ဝတ်စုံများကိုပင် တွေ့ခဲ့ရသည်။ ဥပမာဆိုရသော် သံဓားဂိုဏ်း၊ မဟာယွမ်မင်းဆက်နှင့် တစ်ခြားသောဂိုဏ်းများပင်ဖြစ်သည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ သူနှင့် ဂိုဏ်းတူတပည့်များကိုပင် တွေ့ရမလားဟု တွေးနေမိလေသည်။ နေ့လည်ခင်းသို့ရောက်သော် လီဟမ်ရှန်းသည် အမိုးပွင့်စားသောက်ဆိုင်တစ်ဆိုင်တွင် ဝင်ထိုင်လိုက်သည်။

“ဆိုင်ရှင်! ကျုပ်ကို သေရည်နှစ်အိုးနဲ့ ဟင်းနှစ်ပွဲပေးဗျာ….”

လီဟမ်ရှန်းက ပြောလိုက်သည်။

“ခဏစောင့်ပါ….”

ဆိုင်ရှင်သည် လူသားတစ်ဦးဖြစ်သည်။ လီဟမ်ရှန်းကို သူမသိသော်လည်း လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါများသည် သာမာန်နှင့်မတူ‌သောကြောင့် ဆိုင်ရှင်သည် လီဟမ်ရှန်းကို မောင်းမထုတ်ရဲသလို စော်လည်းမစော်ကားရဲချေ။ ထို့ကြောင့် ခပ်မြန်မြန်ပင် လီဟမ်ရှန်းမှာသည့် အရာများကို ချပေးလိုက်လေသည်။

“သေရည်နှစ်အိုးနှင့် ဟင်းပွဲနှစ်ပွဲ….”

လီဟမ်ရှန်းသည် သေရည်တစ်ခွက် ငှဲ့လိုက်ပြီး ကောင်းကင်ရှိနေမင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် တစ်ကျိုက်မော့သောက်လိုက်ပြီး သူသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုအခိုက် သူ၏အနောက်တွင် ဆူညံသောအသံတစ်သံ ထွက်ပေါ်လာလေသည်။

“ဒီမှာ! ဒီမှာ! စားသောက်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်… ဒီမှာနားရအောင် စစ်တုကော…. တစ္ဆေမျိုးနွယ်ဝင်တွေရဲ့ သေရည်ကို ကျုပ်သောက်ကြည့်ချင်တယ်… ဒါပေမယ့် ဒီဆိုင်ကတော့ လူသားမျိုးနွယ် ဖွင့်ထားတဲ့ဆိုင်ပဲ...…”

အသံတစ်သံသည် မကျေမနပ် ပြောနေလေသည်။

“တစ္ဆေမျိုးနွယ်တွေရဲ့ သေရည်က ဘယ်လို့လုပ်ကောင်းမှာတုန်း…. ငါတို့လူသားမျိုးနွယ်တွေ ချက်လုပ်တဲ့ သေရည်ကမှပိုကောင်းတာ…”

ကြမ်းရှရှ အသံတစ်သံ ထွက်ပေါ်လာလေသည်။

“ဂျူနီယာ ညီမလေးလု! ညီမလေးကော ဘယ်လိုထင်လဲ?”

“ကျွန်မ မသိဘူး….”

အသံတစ်သံက ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ကျွန်မ အရက်မသောက်ဘူး…..”

ထိုအသံကိုကြားသည်နှင့် လီဟမ်ရှန်းသည် သေရည်ငှဲ့နေရင်း တစ်ချက်တန့်သွားလေသည်။ ထိုအသံကို သူမှတ်မိသည်။

“သူမတောင်မှ ဒီကိုရောက်လာတာလား….”

သူ့ခန္ဓာကိုယ်မှ နေလအင်မော်တယ် နတ်ဆိုးခန္ဓာကိုယ်သည် ထိုမိန်းကလေး၏ ကြယ်နတ်သမီးနတ်ဘုရားရုပ်ခန္ဓာကိုယ်ကို ဆွဲဆောင်နေလေသည်။ လီဟမ်ရှန်းက ‌အနောက်သို့လုံးဝ လှည့်မကြည့်ပေ။ သူသည် တိတ်ဆိတ်စွာ သေရည်သောက်နေလေသည်။

“အရင်ဆုံး ထိုင်လိုက်ကြရအောင်….”

ထိုလူတစ်အုပ်သည် အတွင်းသို့ဝင်လာလေသည်။ ရောက်လာသောသူများသည် တပည့်ငါးဦးဖြစ်သည်။ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်သည်။

ကွမ်လန်နန်းတော်ကို ကိုယ်စားပြုသော နတ်သမီးတစ်ပါးအဖြစ် လုရှီရန်ကလည်း တိမ်ကန္တာရနယ်မြေသို့ရောက်လာပြီး လာရောက်လေ့ကျင့်ရသည်။

လုရှီရန်သည် တိုက်တိုက်ဆိုင်ဆိုင် လီဟမ်ရှန်း၏နောက်ကျောတွင် ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးသည် ကျောခိုင်းကာ ထိုင်နေကြလေသည်။

သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် ပေတစ်ဝက်ခန့်သာ ရှိပေလိမ့်မည်။ နီးကပ်လွန်းလှသော်လည်း မိုင်ပေါင်းထောင်ချီမက ကွာဝေးလွန်းနေသလို ခံစားနေခဲ့ရသည်။ လူတိုင်းသည် သေရည်သောက်ရင်း ပျော်ပါးစွာ စကားပြောနေခဲ့သည်။

လုရှီရန်မှာမူ စကားတစ်လုံးစ၊ နှစ်လုံးစသာ ဝင်ပြောလေသည်။ လူတိုင်းသည် လုရှီရန်၏ မတုန်မလှုပ်သော အနေအထားကို နားလည်ပြီးသားဖြစ်သည်။

လီဟမ်ရှန်းက သေရည်နောက်တစ်အိုး မှာလိုက်ပြီးနောက်တွင် နေရာမှမထဘဲ တိတ်ဆိတ်စွာ သေရည်သောက်နေလိုက်ပြီး နောက်သို့ လုံးဝလှည့်မကြည့်ချေ။

လုရှီရန်ကလည်း သူ့ကို လှည့်မကြည့်ပေ။ သူမသည် သူမ၏ခန္ဓာကိုယ်က လီဟမ်ရှန်း၏ခန္ဓာကိုယ်ကို ပြန်လည်တုံ့ပြန်နေသည့်တိုင် လီဟမ်ရှန်းကို မမှတ်မိသလိုမျိုး လုံးဝလှည့်မကြည့်ပေ။

လူတိုင်းက နာရီဝက်ခန့် ထိုင်ပြီးသောအခါတွင် တပည့်တစ်ဦးက ကျသင့်ငွေရှင်းပေးလိုက်ပြီးနောက် ပြောလိုက်သည်။

“ငါတို့ သွားရအောင်….”

သို့သော် ထိုအခိုက်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေသည့် လုရှီရန်က ရုတ်တရက် စကားထပြောလိုက်သည်။

“ကျွန်မ ဗိုက်မဝသေးဘူး…. ခေါက်ဆွဲ နောက်တစ်ပွဲလောက် စားပါရစေ…”

လူတိုင်းသည် လုရှီရန်အား ထူးဆန်းနေသောအမူအယာဖြင့် ကြည့်လိုက်သည်။ သာမာန်အချိန်တွင် လုရှီရန်သည် ထိုမျှမစားသောက်ပေ။ ယနေ့တွင်တော့ သူမသည် အလွန်တရာ စားသောက်နေလေသည်။

“ဆိုင်ရှင်! နောက်ထပ် ခေါက်ဆွဲတစ်ပွဲလောက် ပေးပါဦး….”

တပည့်များက ဆိုင်ရှင်ကို ခေါ်လိုက်လေသည်။

“ရ ရပါမယ်….”

ဆိုင်ရှင်က ခပ်မြန်မြန်ပင် လုရှီရန်အတွက် ခေါက်ဆွဲတစ်ပွဲ ပြင်ဆင်ပေးလိုက်သည်။ ခေါက်ဆွဲရပြီးသည့်အခါ တပည့်များသည် ခေါက်ဆွဲပန်းကန်ကို လုရှီရန်၏ရှေ့တွင် ချပေးပြီးနောက် ပြုံးပြလိုက်လေသည်။

“ဂျူနီယာ ညီမလေးလု! ဒီမှာ ခေါက်ဆွဲရပါပြီ…. ဖြည်းဖြည်းချင်းစားပါ….”

လုရှီရန်က ခေါင်းညိတ်ပြလိုက်လေသည်။ သူသည် ခေါက်ဆွဲကို အလွန်အမင်း ဖြည်းညင်းစွာဖြင့် တစ်လုပ်ပြီးတစ်လုပ် စားနေလိုက်သည်။ ခေါက်ဆွဲတစ်ပွဲ ကုန်သည့်အခါတွင် နောက်ထပ်လေးဆယ့်ငါးမိနစ် ကုန်သွားပြီဖြစ်သည်။

လီဟမ်ရှန်းကလည်း မထပေ။ သူသည် နောက်ထပ် သေရည်တစ်အိုး ထပ်မှာလိုက်ပြန်သည်။ လုရှီရန်က ခေါက်ဆွဲတစ်ပွဲ စားပြီးသည့်အခါတွင် နောက်ထပ်တစ်ပွဲ ထပ်မှာလိုက်ပြန်သည်။ ထိုဖြစ်ရပ်က ကျန်သောသူများကို အံ့အားသင့်သွားစေသည်။

“ဒီနေ့ လုရှီရန်က ဘယ်လိုဖြစ်ပြီး အရမ်းစားနေရတာလဲ….”

“နောက်ထပ်တစ်ပွဲ ထပ်ပေးပါဦး…”

လုရှီရန်က တတိယတစ်ပွဲ ထပ်မှာလိုက်သည်။

“ဂျူနီယာ ညီမလေးလု အဆင်ပြေရဲ့လား…. အဲ့လောက်ရော စားနိုင်လို့လား….”

အမျိုးသမီးတပည့်တစ်ဦးမှ စိတ်ပူနေသောလေသံဖြင့် မေးလိုက်လေသည်။

“ကျွန်မ စားနိုင်ပါတယ်…. ကျွန်မ ဗိုက်ဆာလို့ပါ…”

လုရှီရန်က ဖြည်းညင်းစွာ ဖြေလိုက်လေသည်။ လူတိုင်းသည် ဘာမျှမပြောဘဲ ဆိုင်ရှင်ကို နောက်တစ်ပွဲပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ ခေါက်ဆွဲ ရောက်လာသောအခါ လုရှီရန်က ထပ်စားလိုက်ပြန်သည်။

“ဆိုင်ရှင်! ကျသင့်ငွေကို စားပွဲပေါ်မှာ ကျုပ်ထားခဲ့တယ်…”

လီဟမ်ရှန်းက ငွေတုံးများကို စားပွဲပေါ်တွင် ပစ်ချလိုက်ပြီးနောက် သေရည်အိုးကိုကိုင်ကာ ဆိုင်ထဲမှ ထွက်သွားလေသည်။ ထိုအခိုက်တွင် နေစောင်းနေပြီဖြစ်ပြီး လီဟမ်ရှန်း၏ ပုံရိပ်သည် နေမင်းမှထိုးသောအရိပ်ကြောင့် ရှည်လျားသည့်ဟန်ရှိနေသည်။

လီဟမ်ရှန်း၏နောက်ကျော တဖြည်းဖြည်း ဝေးကွာသွားသည့်အခါတွင် ခေါက်ဆွဲစားနေသည့် လုရှီယန်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာပြီးနောက် တစ်ခဏတွင် သူမ၏မျက်ဝန်းများမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့သည်။ မျက်ရည်များသည် ခေါက်ဆွဲပန်းကန်ထဲသို့ပင် ကျဆင်းသွားလေသည်။

လုရှီရန်သည် ထိုအရာများကို သတိမပြုမိဘဲ မျက်ရည်များရောနှောနေသော ခေါက်ဆွဲများကိုသာ ဆက်စားနေခဲ့မိသည်။ အခြားတပည့်များသည် ထိုဖြစ်ရပ်ကြောင့် တိတ်ဆိတ်သွားကြလေသည်။ ဘာဖြစ်သွားသည်ကို သူတို့နားမလည်ကြဘဲ ခပ်မြန်မြန်မေးလိုက်ကြသည်။

“ဂျူနီယာ ညီမလေးလု….”

မဟာယွမ်မင်းဆက်၏ တပည့်တစ်ဦးမှ သတိကြီးကြီးထားပြီး မေးလိုက်သည်။

“ကျွန်မ ဗိုက်ပြည့်သွားပြီ….”

ခေါက်ဆွဲစားပြီးသည့်အခါတွင် လုရှီရန်က တည်ငြိမ်စွာပြောလိုက်သည်။

“ဒါဆိုလည်း သွားရအောင်…..”

လူတိုင်းသည် ခပ်မြန်မြန် ပြောလိုက်လေသည်။

လုရှီယန်သည် လီဟမ်ရှန်း ထွက်ခွာသွားသည့်အရပ်ကို မျက်ရည်များဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ သူမ လုံးဝလှည့်မကြည့်တော့ပေ။

သူတို့နှစ်ဦးသည် စကားတစ်ခွန်းမျှ မပြောသော်လည်း၊ နှစ်ဦးသား တစ်ယောက်နှင့်တစ်ယောက် လှည့်မကြည့်ခဲ့သော်လည်း တစ်ယောက်၏တည်ရှိမှုကို ကျန်တစ်ယောက်က နှလုံးသားထဲထိတိုင် ခံစားခဲ့မိပေသည်။

သူတို့နှစ်ဦးသည် ကျောခိုင်းပြီး နေ့လည်စာကို အတူတကွ စားသောက်ခဲ့သည်။ လုရှီရန်က ခေါက်ဆွဲစားပြီး လီဟမ်ရှန်းက သေရည်သောက်သည်။ စကားတစ်လုံးမျှမပြောသော်လည်း သူတို့နှစ်ဦးသားသည် နှလုံးသားထဲထိပြည့်အောင် တိတ်ဆိတ်သောစကားများကို ပြောခဲ့သည့်အလားပင်။

‌ဝင်လုဆဲဆဲနေရောင်၏ ရွှေရောင်အလင်းတန်းများက လုရှီရန်၏မျက်နှာထက် ကျဆင်းနေပြီး သူမ၏ ကော့စင်းနေသော မျက်တောင်များက တစ်ချက်လှုပ်ခတ်သွားလေသည်။

မျက်တောင်ထက်တွင်တော့ တွဲလွဲခိုနေသော မျက်ရည်ဥလေးများရှိပြီး နေရောင်၏ ရောင်ပြန်ဟပ်မှုကြောင့် မျက်ရည်ဥလေးများက ရွှေရောင်အလင်းတန်းများလို ထွန်းတောက်ကာ ဖြာထွက်နေလေသည်။

လုရှီရန်၏ မျက်နှာထက်တွင် ရှားပါးလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လီဟမ်ရှန်း၏သတင်းကို မကြားရသည်မှာ နှစ်တစ်ဝက်ခန့်ရှိနေပြီဖြစ်ပြီး သူသေသည်လား၊ ရှင်သည်လားဆိုသည်ကို သူမမသိချေ။ ယခုအချိန်တွင်တော့ လီဟမ်ရှန်း၏အခြအနေကို သူမ မြင်ခဲ့ရလေပြီ။ ရှားပါးလှသော အပြုံးတစ်ခုက လုရှီရန်၏မျက်နှာထက် ဖြစ်တည်လာခဲ့သည်။

“ဂျူနီယာညီမလေးလု ပြုံးနေတာလား.....”

ထိုအခိုက် လုရှီရန်၏ အပြုံးကိုမြင်သော် တပည့်များသည် အံ့အားသွားလေသည်။ လုရှီရန်၏အပြုံးကို သူတို့မမြင်ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ သူမသည် အေးတိအေးစက်နှင့် ပြုံးခဲလေသည်။

“ဂျူနီယာညီမလေးက ဒီနေ့ပျော်နေတဲ့ပုံပဲ...”

အမျိုးသမီးတပည့်တစ်ဦးက ပြုံးရင်းပြောလိုက်သည်။

“ဒီလို ပြုံးရလောက်တဲ့အထိ ပျော်နေရအောင် ဘာတွေများဖြစ်ခဲ့လို့လဲ...”

“ဘာလို့လဲဆိုတော့............”

လုရှီရန်က တစ်ချက်ရပ်လိုက်ပြီး သေရည်ဆိုင်သို့ လှည့်ကြည့်လိုက်လေသည်။ သေရည်ဆိုင်ထဲတွင်တော့ လူတစ်ဦးမှ မရှိတော့ပေ။

“ကျွန်မ အရမ်းကောင်းတဲ့ခေါက်ဆွဲကို စားခဲ့ရလို့ပေါ့....”

All Chapters