အခန်း (၄၆၀)
Vol. 38 Ch. 460
ခေါင်းလောင်းသံ တစ်ခုသည် တိမ်ကန္တာရနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။ တိမ်ကန္တာရနယ်မြေတွင် ရှိကြသော လူတိုင်းအားလုံးသည် ထိုခေါင်းလောင်းသံကို ကြားလိုက်ရ၏။ ခေါင်းလောင်းသံသည် တိတ်ဆိတ်သော ညတွင် ခြောက်ခြားဖွယ်ရာ ဖြစ်နေ၏။
ကြားလိုက်ရသော လူတိုင်းကို နှလုံးသားထဲထိအောင် စိမ့်သွားစေခဲ့ပါသည်။ ခေါင်းလောင်းက ကိုးချက် တီးပါသည်။ ထိုခေါင်းလောင်းသံ ကိုးချက်သည် တစ်စုံတစ်ခု ပွင့်တော့မည့်အလား အချက်ပေးလိုက်သလို ဖြစ်နေခဲ့သည်။
ထိုခြောက်ခြားဖွယ်ရာ ခေါင်းလောင်းသံကို ကြားလိုက်ရသည့်အခါတွင် တိမ်ကန္တာရနယ်မြေ၌ စောင့်ဆိုင်းနေကြသော စွမ်းအားကြီး ပုဂ္ဂိုလ်တို့သည် မှိတ်ထားသော မျက်ဝန်းများကို ဖွင့်လိုက်ပါတော့သည်။ ခေါင်းလောင်းသံသည် အဖြူအနက် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ပြီဟူသော ကြေငြာချက်လည်း ဖြစ်ပါ၏။
ချက်ချင်းပင်လျှင် တိမ်ကန္တာရ နယ်မြေတွင် ရှိသော ကောင်းကင်ထက်ရှိ တိမ်တိုက်များသည် ခေါင်းလောင်းသံနှင့်အတူ အုံ့မှိုင်းလာခဲ့ပါတော့သည်။ လူတိုင်းက အဖြူအနက် လျှို့ဝှက်နယ်မြေ တည်ရှိရာ နေရာသို့ အလောတကြီးနှင့် ပြေးထွက်သွားခဲ့ပါတော့သည်။ အဝင်ဝတွင်တော့ မြောက်မြားလှသော လူများက ကြိုတင်၍ စောင့်နေကြပြီး ဖြစ်ပါသည်။ ဤနေရာသည် တစ္ဆေပင်လယ်ဟု ခေါ်သော နေရာ ဖြစ်ပါသည်။
ခေါင်းလောင်းသံသည် ပင်လယ်၏ အနက်ပိုင်း နက်ရှိုင်းသော နေရာမှ လာခဲ့ခြင်း ဖြစ်၏။ ပင်လယ်ရေ မျက်နှာပြင်ထက်တွင်လည်း ထူထဲလှသော မြူခိုးတို့ ပိတ်ဆို့နေပြီး သဲသဲကွဲကွဲ မမြင်ရပါ။ ထိုပုံစံသည် တစ္ဆေပင်လယ်အား လွန်စွာ ဆန်းကြယ်စေခဲ့ပါသည်။ ယခုအချိန်တွင်တော့ တစ္ဆေပင်လယ်ထံသို့ ပုံရိပ်များ တစ်ခုပြီး တစ်ခု ရောက်ရှိလာကြပါသည်။ လူသားမျိုးနွယ်ဖြစ်စေ၊ တစ္ဆေမျိုးနွယ်ဖြစ်စေ ဤနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
လူတိုင်းက အဖြူအနက် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ချင်နေကြပါ၏။ တချို့လူများကတော့ အဖြူအနက်လျှို့ဝှက်နယ်မြေသို့ ရောက်လာမည့် သူငယ်ချင်းဟောင်းများကို စောင့်ဆိုင်းနေကြသည်။ တချို့လူတွေကတော့ အဖြူအနက်လျှို့ဝှက်နယ်မြေကို လာခြင်းမှာ အခွင့်အလမ်းများ ရလိုခြင်းအတွက်ပင် ဖြစ်ပါသည်။
တချိုု့လူများကတော့ အဖြူအနက် လျှို့ဝှက်နယ်မြေ၏ ဆန်းကြယ်မှုများကို ရှာဖွေတွေ့ရှိလိုသောကြောင့် ရောက်လာကြခြင်းပဲ ဖြစ်ပါသည်။ သို့သော် ဤ အဖြူအနက်လျှို့ဝှက်နယ်မြေ အဝတွင်တော့ ဘယ်သူကမှ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြပါ။ ဤနေရာတွင် တိုက်ခိုက်ခြင်းသည် အလကားသာ ဖြစ်ပါသည်။ ဤနေရာတွင် အင်အားစု တစ်ခုနှင့်တစ်ခု တိုက်ခိုက်ခြင်းက တခြားသူများအတွက် အခွင့်အရေး ပိုရသွားစေမည် ဖြစ်သည်။
တိုက်ခိုက်မည် ဆိုပါကလည်း မိမိတို့၏ စွမ်းအားမှာ တခြားသူများကို ကြောက်ရွံ့နေစရာ မရှိတော့သည့် အနေအထားမှသာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။ လူတိုင်းက ထူထဲလှသော မြူခိုးများ ပျောက်ကွယ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြပါသည်။ တဖြည်းဖြည်းနှင့် စွမ်းအားကြီး ပုဂ္ဂိုလ်များပါ ရောက်လာခဲ့ကြပါ၏။
ကောလဟာလတွင် သေဆုံးသွားပြီဟု နာမည်ကြီးသော မကောင်းဆိုးဝါးအိုကြီးများပင်လျှင် ရောက်လာကြသည်ကို တအံ့တဩနှင့် မြင်တွေ့ကြရမည် ဖြစ်သည်။ နောက်ထပ် ကောလဟာလ တစ်ခုလည်း ရှိပါသည်။ အဖြူအနက် လျှို့ဝှက်နယ်မြေသည် မိမိတို့၏ ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သည်ဟူသော ကောလဟာလလည်း ရှိနေခဲ့ပါသေး၏။ ထိုကဲ့သို့သော ကောလဟာလများကြောင့်လည်း မြောက်များစွာသော လူတို့က အဖြူအနက်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ချင်နေကြခြင်းလည်း ဖြစ်ပါ၏။
ချင်းယန်မင်းဆက်မှ မင်းသမီးချင်းယန်ကလည်း အဖြူအနက်လျှို့ဝှက်နယ်မြေထဲသို့ ကိုယ်တိုင် ရောက်လာခဲ့ပါသည်။ သူမကို စွမ်းအားကြီး ကျင့်ကြံသူများက စောင့်ရှောက်ပေးနေခဲ့ပါ၏။ မင်ရှန်းနန်းတော်မှ ကျွမ်းကျင်သူများကလည်း သူမကို စောင့်ရှောက်ပေးနေပါသည်။ မင်ရှန်းနန်းတော်သည် မင်းသမီးချင်းယန်အား ချင်းရွှယ်အာဏာဓားသခင်က ကာကွယ်ပေးနေသည်ဟူသော သတင်းကို ကြားပြီးသည့်နောက်တွင် ချင်းယန်မင်းသမီးကို ပြဿနာမရှာတော့ဘဲ အပြည့်အဝကို ကူညီထောက်ပံ့ပေးနေကြပါပြီ.။
သူမကို ကူညီထောက်ပံ့ပေးသော လူများကို ချင်းယန်ကလည်း လက်ခံထားပါ၏။ ယခုအချိန်တွင်တော့ မင်းသမီးချင်းယန်သည် စိတ်သက်သာရာ ရသလို တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေခဲ့ပါသည်။ သူမ၏ နံဘေးတွင် ရွှယ်ချမ်းပိုင် ရှိနေသောကြောင့် သူမသည် လုံခြုံသော ခံစားချက်ကို ရပါ၏။ စိတ်လှုပ်ရှားနေသော ခံစားချက်မှာ အဖြူအနက် လျှို့ဝှက်နယ်မြေ ဖွင့်လာတဲ့အခါတွင် သူမ၏ ငယ်ချစ်ဦး ဖန်းဝူလင်က ပြန်ထွက်လာနိုင်မလားဆိုတာကို စောင့်မျှော်နေခြင်းလည်း ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ်သည် သူမ၏ အတွေးထဲ၌ နေ့ရောညရော ရှိနေသော ပုဂ္ဂိုလ်ပင် ဖြစ်ပါသည်။ ဖန်းဝူလင်ကို သူမ အလွန်အင်မတန် ချစ်မြတ်နိုးပါ၏။
ရွှယ်ချမ်းပိုင်ကတော့ သူ၏ချင်းရွှယ်အာဏာဓားကို လက်မောင်းထဲတွင် ပိုက်ပြီး မျက်လုံးမှိတ်ကာ မတ်တပ်ရပ်နေ၏။ သူ၏နှလုံးသားထဲတွင်တော့ ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေပါသည်။ ဖန်းဝူလင်ကို အပြင်သို့ ပြန်မထွက်လာစေချင်ပါ။ ဖန်းဝူလင်သာ အဖြူအနက် လျှို့ဝှက်နယ်မြေထဲတွင် သေသွားခဲ့ပါက မင်းသမီး ချင်းယန်သည် သူမ၏ မျှော်လင့်ချက်များအားလုံးကို စွန့်လွှတ်လိုက်မည် ဖြစ်သည်။
ထို့အပြင် ဖန်းဝူလင်သည် သာမန်လူမဟုတ်ဘဲ ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်တစ်ဦးလည်း ဖြစ်နေပါသေးသည်။ ဖန်းဝူလင်သာ အဖြူအနက်လျှို့ဝှက်နယ်မြေမှ ပြန်လာပြီး မင်းသမီးချင်းယန်နှင့် လက်ဆက်ကာ ချင်းယန်ဘုရင် ဖြစ်လာပါက ချင်းယန်မင်းဆက်တစ်ခုလုံးကို အေးအေးဆေးဆေး ထိန်းချုပ်ပြီး ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ခွန်အားကို တိုးမြှင့်သွားစေမည် ဖြစ်ပါသည်။
ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်ရင် သူဘယ်လိုလုပ်ရပါ့မလဲ ..။ ရွှယ်ချမ်းပိုင် မသိပါ။
ဟား…. ရွှယ်ချမ်းပိုင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ လီချန်ချင်းမသေခင် ဒီကိစ္စကို သူသေချာ ဆွေးနွေးခဲ့သည်ဟု တွေးခဲ့မိပါသည်။ နောက်ဆုံးအကြိမ် လီချန်ချင်းနဲ့ သူစကားပြောခဲ့စဉ်က လီချန်ချင်းသည် ဆန်းကြယ်စွာ သူ့ကို တစ်ချက် ပြုံးပြရင်း ဖန်းဝူလင်နှင့်ပတ်သက်ပြီးတော့ သူက စီစဉ်စရာရှိတာများကို စီစဉ်ပြီးသားဟုသာ ပြောခဲ့ပါသည်။
တိတိကျကျကိုတော့ ရွှယ်ချမ်းပိုင်က မေးသော်လည်း လီချန်ချင်းက ပြုံးသာပြုံးနေပြီး ဘာမှ ပြန်မပြောခဲ့ပါ။
လီချန်ချင်း၏အပြုံးကို သာ မြင်ခဲ့ရသော ရွှယ်ချမ်းပိုင်၏ နှလုံးသားတစ်ခုလုံးသည် မလွယ်ကူသော ခံစားချက်ကို ရရှိနေခဲ့ပါသည်။ သူ၏ဘဝတစ်လျှောက်လုံးတွင် ယခုလိုမျိုး မလွယ်ကူသော ခံစားချက်ကို ရခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပါပြီ။ ယခုအချိန်တွင်တော့ သူသည် ခြေမကိုင်မိလက်မကိုင်မိ အခြေအနေကို ရောက်ရှိနေပြီ ဖြစ်၏။
ချင်းရွှယ်အာဏားဓားအရှင်လိုမျိုး အရာရာကို လစ်လျူရှုတတ်သော စရိုက်သဘောသဘာဝရှိသည့် ပုဂ္ဂိုလ်တစ်ဦးက အမျိုးသမီးတစ်ယောက်ကြောင့် ပြာယာခတ်နေသည်ဟူသော သတင်းကို တခြားလူများသာ ကြားသွားပါက ယုံကြည်ကြလိမ့်မည် မဟုတ်ပါ။ တစ်ချိန်တည်းမှာပင် တစ္ဆေပင်လယ်ထံသို့ စွမ်းအားကြီးသော အရှိန်အဝါများ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
တစ္ဆေမျိုးနွယ်ဝင် မြေအင်မော်တယ်နှစ်ပါးဆင်းသက်လာ၏။ တစ်ဦးသည် ကံကြမ္မာကြယ်နန်းတော်၏ ဘိုးဘေးကြီး တစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည် ယင်ရှုမျှော်စင်၏ ဘိုးဘေးကြီး ဖြစ်ပါသည်။ ကြောက်မက်ဖွယ်ကောင်းသော မြေအင်မော်တယ်အဆင့်ရှိသော ဘိုးဘေးကြီးနှစ်ဦး ရောက်လာခြင်းသည် လူသားမျိုးနွယ်ကို အရေးနိမ့်သွားစေခဲ့ပါ၏။
လူသားမျိုးနွယ်က ကံကြမ္မာကြယ်နန်းတော်၏ တစ္ဆေဘုရင်နှင့် ယင်ရှုမျှော်စင်၏ နတ်ဆိုး(၈)ပါး တစ္ဆေအရှင်တို့ ရောက်လာမည်ကို မမျှော်လင့်ကြပေ။ အဘယ်ကြောင့်ဆိုသော် အဖြူအနက်လျှို့ဝှက်နယ်မြေ ပွင့်သည့်အခါတွင် ယခုလောက် စွမ်းအားကြီးမားသော ကျင့်ကြံသူများ ထွက်လာစရာ အကြောင်းမရှိသောကြောင့်ပင် ဖြစ်ပါသည်။
ထို့အပြင် ထိုတစ္ဆေအင်အားစု နှစ်စုမှ ဘိုးဘေးကြီးများက ယခုအချိန်ထိ အသက်ရှင်ဦးလိမ့်မည်ဟု မမျှော်လင့်ထားသည်ကလည်း ပါပါသည်။
“မင်းတို့နှစ်ယောက်ပါလား… ဘယ်လိုလဲကွ နေကောင်းရဲ့လား”
ထိုအခိုက်မှာပင် အသံတစ်သံ ထွက်ပေါ်လာ၏။ ရွှေရောင်အလင်းတန်းတစ်တန်းသည် လူသားမျိုးနွယ်ထံသို့ ဆင်းသက်လာ၏။ ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက အလင်းတန်းထဲမှ ထွက်လာသည်။ ထိုလူသည် ချမ်းသာလှသော ပုဂ္ဂိုလ်တစ်ဦးနှင့်တူပါ၏။ သူက တစ္ဆေမျိုးနွယ်ဝင် ကျင့်ကြံသူနှစ်ဦးကို ဂရုမစိုက်သည့် အကြည့်ဖြင့် ကြည့်လိုက်ပါသည်။
“ကျူရွှမ်းမင်း ပါလား.. မင်းပါရောက်လာမယ်လို့ ငါမထင်ထားဘူး”
ရောက်ရှိလာသောလူကို မြင်သောအခါ ကံကြမ္မာကြယ်နန်းတော်မှ တစ္ဆေဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျူရွှမ်းမိသားစုက လောကအရေးအရာတွေနဲ့ ကင်းကွာပြီးတော့ နေတာ ကြာနေပြီ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ငါတို့ တစ္ဆေမျိုးနွယ်ဝင်တွေ ရှိတဲ့နေရာကို ရောက်လာရတာလဲ”
“ဘာရယ် မဟုတ်ပါဘူး…။ မိတ်ဆွေဟောင်းတွေ တွေ့လို့ လာနှုတ်ဆက်တာပါ”
ကျူရွှမ်းမင်းကလည်း ထိုကဲ့သို့သာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်ပါသည်။
“တကယ်ကို လူများနေတာပဲ”
ထိုအခိုက်မှာပင် သံတုတ်တစ်ချောင်းက ကောင်းကင်ထက်မှ ပျံသန်းလာပါ၏။ သံတုတ်ပေါ်တွင်တော့ လူတစ်ဦးသည် ထိုင်နေခဲ့၏။ သူက တစ္ဆေပင်လယ်အထက်တွင် ပျံသန်းနေပါသည်။ ဂိုဏ်းချုပ်ပါ ရောက်လာတာလား..။ ရွှယ်ချမ်းပိုင်သည် ရောက်လာသောလူကို မြင်သောအခါ အံ့အားသင့်သွားသည်။ ရောက်ရှိလာသော လူသည် လောရှောင်ချွမ်ပင် ဖြစ်ပါသည်။
မြေလျှောက်အင်မော်တယ် လတ်လတ်ဆတ်ဆတ် ဖြစ်ကာစ လောရှောင်ချွမ်သည် ယခုအချိန်တွင်တော့ သူ၏ အရှိန်အဝါက ပင်လယ်ကြီးတစ်ခုကဲ့သို့ မှန်းဆရခက်ခဲပြီး ကျယ်ပြန့်လွန်းလှပါသည်။ လောရှောင်ချွမ်၏ မှော်တုတ်တံကို မြင်သောအခါတွင် တစ္ဆေဘိုးဘေးနှစ်ဦးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။
“ဂိုဏ်းချုပ်လောတောင်မှ အဖြူအနက်လျှို့ဝှက်နယ်မြေကို ရောက်လာပြီး ကံကြမ္မာကို လာရှာဖွေတာပဲလား”
နတ်ဆိုး(၈)ပါးတစ္ဆေအရှင်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ လောရှောင်ချွမ်ကို သူက မကြောက်ပါ။ အဘယ်ကြောင့်ဆိုသော် လောရှောင်ချွမ်သည် အခုမှ မြေလျှောက်အင်မော်တယ် ဖြစ်ကာစဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည်ကား မြေလျှောက်အင်မော်တယ်ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
သို့သော် လောရှောင်ချွမ် လက်ထဲတွင်ရှိသည့် မှော်တုတ်တံကိုကတော့ သူအနည်းငယ် ထိတ်လန့်ပါသည်။
“ကံကြမ္မာနဲ့ ငြင်းခုန်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်..။ ဒါပေမဲ့ ကံကြမ္မာဆိုတာ မပြောင်းလဲနိုင်တာတော့လည်း မဟုတ်ဘူးလေ”
လောရှောင်ချွမ်က ပြုံးရင်းနဲ့ ဖြေလိုက်သည်။
“ကျုပ်ဒီနေ့ ဒီကို လာတာက ကျုပ်ရဲ့ ခန့်မှန်းချက် မှန်မမှန်ဆိုတာကို လာကြည့်တာပါ”
“အို… ဘယ်လိုမျိုးလဲ”
ကျူရွှမ်းမင်းက စိတ်ဝင်စားသွားခဲ့သည်။
“သေရမယ့် ကံကြမ္မာရှိတဲ့ လူတစ်ယောက်ရှိတယ်။ ဒါပေမဲ့ အဲ့လူက ဒီနေ့ အဖြူအနက်လျှို့ဝှက်နယ်မြေထဲက ပြန်ထွက်လာလိမ့်မယ်”
“သူက သေမျိုးဆိုမှတော့ ဘယ်လိုဖြစ်ပြီး ပြန်ထွက်လာနိုင်မှာလဲ..။ သေခြင်းတရားဆိုတာက လူသားတစ်ယောက်မှပဲ ဆုံးဖြတ်နိုင်တဲ့အရာပါ။ ဒါပေမဲ့ အသက်ရှင်သန်နိုင်တဲ့ အခွင့်အရေးကတော့ ကောင်းကင်ဘုံက ဆုံးဖြတ်ပေးတာပါ။ ဒါပေမဲ့ ဒီနေ့ ကိစ္စမှာတော့ တစ်ယောက်ယောက်က ကောင်းကင်ဘုံရဲ့ ဆန္ဒကို ကြားကနေ ဝင်နှောင့်ယှက်ခဲ့တယ်လေ”
လောရှောင်ချွမ်သည် အလွန်လေးနက်စွာဖြင့် ရှင်းပြလိုက်သည်။
“လူတော်တော်များများက ကံကြမ္မာကို ဆန့်ကျင့်ဖို့အတွက် နည်းမျိုးစုံနဲ့ အသုံးပြုခဲ့တာပဲ..။ အဲ့တာ ဘာများထူးဆန်းလို့လဲ”
တောင်တစ္ဆေဘုရင်က မကျေမနပ်ဖြင့် ဝင်ပြောလိုက်သည်။
“ငါတို့တွေက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကျင့်ကြံနေတာပဲ..။ ဒီဟာကပဲ အရိုးရှင်းဆုံး ဥပမာပဲလေ”
“မဟုတ်ဘူး… မဟုတ်ဘူး..။ ကျုပ်တို့က ကောင်းကင်ရဲ့ ဆန္ဒကို ဆန့်ကျင်နေတယ်ဆိုပေမဲ့ ကံကြမ္မာရဲ့ လမ်းညွှန်မှုနောက်ကို လိုက်နေတာပဲလေ။ တကယ်တမ်း ကောင်းကင်ရော မြေကြီးရောကပါ ခွင့်မပြုဘူးဆိုရင် ခင်ဗျားအနေနဲ့ လုံးဝကျင့်ကြံနိုင်မှာတောင် မဟုတ်ဘူး။
ဒီတစ်ခေါက် ကျုပ်ရဲ့ ကံကြမ္မာဖတ်ခြင်းအတတ်ကနေ မြင်နေရတဲ့လူက ခင်ဗျားတို့ မဟုတ်ဘူး..။ အဲ့လူက ကောင်းကင်နဲ့မြေကြီးက မဟုတ်ဘဲ ဒီလောကနဲ့ မသက်ဆိုင်တဲ့လူပဲ”
လောရှောင်ချွမ်က လေးနက်စွာဖြင့် ထပ်ပြောပြန်သည်။ လူတိုင်းက လောရှောင်ချွမ်သည် အနည်းငယ် ရူးသွပ်နေပြီဟု တွေးထားကြသောကြောင့် သူ့အားဆက်လက်၍ စကားမပြောတော့ပါ။