အခန်း (၄၆၂)
Vol. 38 Ch. 462
ချီရှန်းတစ္ဆေအရှင်က ဦးဆောင်ပြီး အဖြူအနက် လျှို့ဝှက်နေမြေထဲသို့ ဝင်ရောက်သွားချိန်တွင် အခြားလူများအားလုံးကလည်း လှုပ်ရှားစပြုလာသည်။
ကောင်းကင်ပြင်တခွင်လုံး ပြည့်နှက်နေသော ကျီးကန်းများသည် လူတိုင်းကို သူတို့၏နှလုံးသားထဲထိ ဖိအားပေးနေသည့် ခံစားချက်ကို ခံစားစေရပြီး အသက်ရှုမဝအောင် ဖြစ်ခဲ့ရသည်။
ထို့အပြင်၊ အဓိကအားဖြင့် ဤအချိန်တွင် ပုံရိပ်တစ်ခုသည် မထင်မှတ်ဘဲ အမှောင်ထုကို ဖြတ်ကျော်ကာ အဖြူ၊အနက် လျှို့ဝှက်နယ်မြေအတွင်းမှ ပြေးထွက်လာခဲ့သည်။
“ဟား……. ဟား…….. ဟား…….”
“ငါ နောက်ဆုံးတော့ ထွက်လာပြီ….. ငါ နောက်ဆုံးတော့ ထွက်လာပြီကွ…”
ရောက်လာသောသူသည် စုတ်ပြတ်နေသော အဝတ်အစား၊ ဆံပင်များ ပွယောင်းယောင်းနှင့် အသက်အရွယ်ကြီးရင့်နေသူဖြစ်သည်။ ထိုသူပေါ်လာချိန်တွင်တော့ အားလုံး၏မျက်လုံးများက ထိုသူ့အပေါ်ရောက်ရှိနေကြသည်။
လူအိုကြီးသည် ပင်လယ်ရေ မျက်နှာပြင်ထက်တွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏အသွင်အပြင်တစ်ခုလုံးက ထူးဆန်းနေခဲ့သည်။
“နောက်ဆုံးတော့ ဒီငရဲလိုနေရာကနေ ထွက်လာနိုင်ခဲ့ပြီ…. ငါ့ရဲ့ နေ့ရက်ကောင်းတွေ ရောက်လာပြီကွ…. အနာဂတ်မှာ ငါသေရင်တောင် ဒီငရဲလိုနေရာကို ဘယ်တော့မှပြန်မလာဘူး….”
ထိုလူအိုကြီးကို ကြည့်နေရင်း လူသားမျိုးနွယ်များနှင့် တစ္ဆေမျိုးနွယ် အင်အားစုများသည် မည်သူကမျှ သူ့အနားမကပ်ရဲဘဲ အသိအမှတ်လည်း မပြုရဲကြချေ။ သူတို့ရှေ့ရှိလူက ဘယ်သူလဲဆိုသည်ကို မည်သူမျှ မသိဘူးဆိုသည်မှာ သိသာထင်ရှားလှသည်။
ထိုသူ၏ မူလအဆင့်ကတောင် မဟာပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီဖြစ်ပြီး ထိုသူ၏ ကျင့်ကြံဆင့်သည် အလွန်စွမ်းအားကြီးသည်ဟု ဆိုနိုင်ပေသည်။
သို့သော် အချိန်ကာလများ ပြောင်းလဲလာပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် အဖြူ၊အနက် လျှို့ဝှက်နယ်မြေအတွင်းသို့ ပထမဆုံးဝင်ရောက်ခဲ့ကာ ယခုအချိန်အထိတိုင် စွမ်းအားကြီးနေဆဲနှင့် အသက်ရှင်သန်နေဆဲရှိသူသည် မည်သို့သော မိသားစုမှဖြစ်သည်ကို ဘယ်သူက အတိအကျ မှတ်မိနိုင်ပါမည်နည်း။
“ဟွမ်ထျင်းတောင်ဂိုဏ်းကလူတွေ ဘယ်မှာလဲ…. သူတို့ရောက်နေကြပြီလား…..”
ရုတ်တရက် ထိုလူအိုကြီးသည် လှည့်ပတ်ကြည့်ကာဖြင့် အော်ပြောလိုက်သည်။
“ကျုပ်က ဟွမ်ထျင်းတောင်ဂိုဏ်းရဲ့ မျိုးဆက်ခြောက်ဆက်မြောက် အကြီးအကဲပဲ… ကျုပ်ကို တစ်ယောက်ယောက်များ မှတ်မိကြသေးလား...”
လူအိုကြီးက ထိုသို့ပြောပြီး လှည့်ပတ်ကြည့်လိုက်လေသည်။
ထိုစကားများ ပျံ့နှံ့လာပြီးနောက်တွင် အင်အားကြီးမားလှသည့် လူသားမျိုးနွယ်စုထဲမှ လူနှစ်ယောက်က ရှေ့သို့ အမြန်လျှောက်လှမ်းလာခဲ့သည်။
“မင်းက မျိုးဆက်ခြောက်ဆက်မြောက် အကြီးအကဲလား? ဒါဆိုမင်းက အကြီးအကဲစွန်းကျောက်ဟီပဲ ဖြစ်ရမယ်…..”
အရှေ့ထွက်လာသော ဟွမ်ထျင်းတောင်ဂိုဏ်းခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
“ဟိုးအရင်တုန်းက တိမ်ကန္တာရနယ်မြေထဲမှာ ခင်ဗျားသေသွားပြီဆိုတဲ့ ကောလဟာလတွေရှိခဲ့ပေမယ့် အဖြူ၊အနက် လျှို့ဝှက်နယ်မြေထဲမှာ အခုအချိန်အထိ အသက်ရှင်ကျန်နေလိမ့်မယ်လို့တော့ ကျွန်တော်မမျှော်လင့်ထားမိဘူး…..”
“အိုး…. မင်းက ဘယ်သူလဲ?”
စွန်းကျောက်ဟီသည် ရောက်လာသောသူကို ကြည့်ပြီး သူ့ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေလိုက်သည်။ ရောက်လာသောသူသည် ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။
“နောက်ပိုင်းမျိုးဆက် ဟုကျန်း…. အခုလက်ရှိ ဟွမ်ထျင်းတောင်ဂိုဏ်းရဲ့ မျိုးဆက်ကိုးဆက်မြောက် ခေါင်းဆောင်ပါ…”
“ဟုကျန်း?”
စွန်းကျောက်ဟီသည် အချိန်အတော်ကြာ စဉ်းစားနေပေမယ့် သူ့ရှေ့က ဒီလူက ဘယ်သူလဲဆိုသည်ကို မမှတ်မိတော့ပေ။ ထို့နောက် ရိုးရှင်းစွာ ပြောလိုက်လေသည်။
“မင်းဘယ်သူပဲဖြစ်ဖြစ် ငါထွက်လာပြီဆိုတော့ ဟွမ်ထျင်းတောင်ဂိုဏ်းကို ပြန်သွားတော့….ငါ ဒီငရဲပြည်လိုနေရာမှာ တကယ်ပဲ အချိန်ကြာကြီးနေခဲ့ပြီးပြီ…..”
“ကောင်းပါပြီ….”
ဟွမ်ထျင်းတောင်ဂိုဏ်း၏ စွမ်းအားကြီးလှသော လူနှစ်ဦးစလုံးသည် အံ့သြဖွယ်ကောင်းလှသည်။ ဟွမ်ထျင်းတောင်ဂိုဏ်းသည် သူတို့၏ကိုယ်ပိုင်မိသားစုမှ မူလအဆင့် မဟာပြီးပြည့်စုံခြင်းအဆင့်ရှိသော စွမ်းအားကြီးလူတစ်ဦး ထပ်မံပူးပေါင်းလာခြင်းသည် သူတို့အတွက် ကြီးမားသော အကျိုးကျေးဇူးတစ်ခုဖြစ်သည်။
ထိုအချိန်တွင် ဟုကျန်း၏ နောက်လိုက်တစ်ဦးသည် ချက်ချင်းပြောလိုက်လေသည်။
“စီနီယာ! အဖြူ၊အနက် လျှို့ဝှက်နယ်မြေထဲကို စူးစမ်းလေ့လာဖို့ တစ်စုံတစ်ယောက် စေလွှတ်သင့်သေးလား….. အဖြူ၊အနက် လျှို့ဝှက်နယ်မြေထဲမှာ ရတနာတွေနဲ့ ပြည့်နေပြီး ထာဝရအသက်ရှင်သန်ခြင်းရဲ့ လျှို့ဝှက်ချက်တချို့ ရှိတယ်လို့ ကျွန်တော်ကြားဖူးပါတယ်…. အဲ့ဒါကြောင့် ကျွန်တော် ဂျူနီယာက ဒီတစ်ခါတော့ ဝင်ကြည့်ချင်ပါတယ်…. ”
ထိုသည်ကိုကြားသောအခါ စွန်းကျောက်ဟီက မထင်မှတ်ဘဲ ကျိန်ဆဲလိုက်လေသည်။
“အမိုက်အမဲကောင်….. အဲဒီမှာအသက်ရှင်ဖို့ ဒီလောက်တောင် ခက်ခဲနေတာ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးရှိတယ်ဆိုတာက ဘာကြီးလဲ….. ဒါကိုမင်းက အခွင့်အလမ်း ရှာချင်နေသေးတာလား…. ချီး! ကိုရှာ… ပြန်လှည့်သွားလိုက်တော့…. အခုကစပြီး ကျုပ်တို့ ဟွမ်ထျင်းတောင်ဂိုဏ်းအတွက် နောက်ထပ်စည်းမျဉ်းတစ်ခုက ကျုပ်တို့ရဲ့ ဟွမ်ထျင်းတောင်ဂိုဏ်း သားစဉ်မြေးဆက်အားလုံးကို အဖြူ၊အနက် လျှိူ့ဝှက်နယ်မြေအတွင်း ဝင်ရောက်ခွင့်မပြုတော့ဘူး….. ဒီနေရာက လှည့်စားမှုတစ်ခု သက်သက်ပဲ….”
စွန်းကျောက်ဟီ ထိုသို့ပြောသည်ကို မြင်လိုက်ကြသူများသည် ဘာတစ်ခွန်းမျှ ထပ်မပြောရဲကြတော့ပေ။
“ကောင်းပါပြီ!”
ထိုအချိန်တွင် ထိုတွင်းနက်အတွင်းမှ အခြားလူတစ်ယောက် ထွက်လာခဲ့ပြန်သည်။ တဖြည်းဖြည်းနှင့် လူများပိုများလာပြီး အတွင်းထဲမှ ထွက်လာသူများအားလုံးသည် သူတို့မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နေကြလေသည်။ ထိုသူတို့အတွက် တွင်းနက်ကြီးထဲမှ အသက်ရှင်လျှက် ထွက်လာနိုင်ခြင်းထက် အခြားကောင်းသောအရာ ထပ်မရှိနိုင်တော့သည်မှာ သိသာလှပေသည်။
တစ်ချို့သူများသည် သမုဒ္ဒရာ၏အစွန်းသို့ တိုက်ရိုက်ရောက်ရှိလာကြပြီး မြေပြင်ထက်တွင် ဒူးထောက်ကာ လတ်ဆတ်သောလေကို ရှူရှိုက်ကြရင်း တပည့်သားချင်းများ၏ ခေါ်သံများကိုပင် လျစ်လျုရှုကာ သူတို့ဘာလုပ်နေမှန်းမသိကြဘဲ အမြန်ထွက်ခွာသွားကြသည်။
အပြင်ထွက်လာပြီးနောက် လူအချို့သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်လှပြီး သူတို့၏ မျက်လုံးများထဲတွင် လူသတ်ရန်ရည်ရွယ်ချက်ကိုပင် ဖုံးကွယ်မထားနိုင်တော့ဘဲ လူစိတ်ပျောက်ကာ အရပ်မျက်နှာအနှံ့ လိုက်သတ်နေကြသည့် သူများလည်းရှိသည်။
နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် တစ္ဆေမြို့နယ်တွင်ပင် အသတ်ခံခဲ့ရလေသည်။ လူမျိုးပေါင်းစုံရှိ၍ ထွက်လာသမျှလူတိုင်းက ထိန်လန့်စရာကောင်းလှသည်။
ယခုအခိုက်အတန့်တွင် မင်းသမီးချင်းယန်၏ နှလုံးသားသည် ထွက်လာသောသူများ၏ ထိန်လန့်တုန်လှုပ်ဖွယ် အသွင်အပြင်ကို မြင်လိုက်ရသောအခါ အထူးတလည် နာကျင်ခံစားခဲ့ရလေသည်။ ဖန်းဝူလင် ထွက်လာပြီးနောက် ထိုသို့သော အခြေအနေနှင့် ထပ်တူကျနေမည်ကို သူမ စိုးရိမ်နေမိသည်။
ထိုအချိန်တွင် မင်းသမီးချင်းယန်၏ စိုးရိမ်ပူပန်မှုကို ခံစားမိပုံပေါ်သော ရွှယ်ချမ်းပိုင်ကလည်း
“စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ……”
“အင်း….”
မင်းသမီးချင်းယန်သည် ခေါင်းညိတ်လိုက်ပြီး နွေးထွေးမှုတစ်ခု ခံစားလိုက်ရသလိုပင် ရွှယ်ချမ်းပိုင်၏လက်ကို မသိစိတ်ကနေ လှမ်းဆုပ်ကိုင်လိုက်မိသည်။
သူ့လက် ဆုပ်ကိုင်ခံထားရသော ရွှယ်ချမ်းပိုင်သည် သူ့လက်ဖဝါးပေါ်ရှိ နူးညံ့သောအထိအတွေ့ကို ခံစားမိပြီးနောက် ခဏတာမျှ သူ့နှလုံးသား တုန်လှုပ်သွားခဲ့ပြီး စိတ်ထဲတွေးနေမိသည်။
’ဖန်းဝူလင် ထွက်မလာစေဖို့ သူဘယ်လောက်တောင် ဆန္ဒရှိနေခဲ့လိုက်လဲ။ သူ အဲ့အထဲမှာပဲ သေဆုံးသွားရင်ကောင်းမယ်။’
“အရူးပဲ….…”
ပြေးထွက်လာကြသည့် လူအုပ်ကြီးထဲရှိ လူတစ်ယောက်သည် လေး၊မြှားဖြင့် ပစ်သတ်ခံလိုက်ရသည်။ ထိုပြေးထွက်လာကြသော လူအုပ်ကြီးရှိ လူများအားလုံးသည် ထိုသူ၏အလောင်းကို မြင်လိုက်ရသဖြင့် အံအားသင့်စွာ တစ်ချက်လှည့်ကြည့်လိုက်ကြသည်။
အံ့သြစရာကောင်းသည်မှာ လုပ်ကြံသူသည် ကွမ်လန်နန်းတော်ဂိုဏ်းမှ လူတစ်ယောက်ဖြစ်ပြီး ကွမ်လန်နန်းတော်ဂိုဏ်း၏ အကြီးအကဲပင်ဖြစ်သည်။ သူ့လက်ထဲတွင်တော့ အနီရောင်လေးတစ်ခုကို ကိုင်ဆောင်ထားပြီး အပစ်ခံလိုက်ရသည့်မြှားကလည်း သူ့လက်ထဲမှ ထွက်လာခြင်းပင်။
ထိုလူ သေဆုံးသွားသည်ကိုမြင်လျှင် တစ္ဆေမျိုးနွယ်စုမှ စွမ်းအားကြီး ကျင့်ကြံသူနှစ်ယောက်က အင်အားကြီးကျင့်ကြံသူ အမြောက်အများကြားမှ ချက်ချင်းထွက်ခွာလာလေသည်။ ထိုသူတို့နှစ်ဦးစလုံးသည် မျိုးနွယ်စုခေါင်းဆောင်အဆင့်တွင်ရှိကြပြီး ကွမ်လန်နန်းတော်ဂိုဏ်းဆီသို့ ဒေါသတကြီးဖြင့် ကြည့်လိုက်ကြသည်။
“ကွမ်လန်နန်းတော်ဂိုဏ်း! ငါတို့ တစ္ဆေမျိုးနွယ်စုက လူတွေကို မင်းဘာလို့သတ်တာလဲ…. ဖြစ်နိုင်တာက မင်းစစ်ပွဲတစ်ခု စချင်နေတာလား?”
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် တစ္ဆေမျိုးနွယ်စုအများအပြားသည် ကွမ်လန်နန်းတော်ဂိုဏ်းအား ၎င်းတို့၏မျက်လုံးများဖြင့် ဒေါသတကြီး ကြည့်နေကြသည်။
ထိုအချိန်မှာပဲ ထိုအကြီးအကဲသည် ထူးခြားမှုမရှိစွာ ပြောလိုက်သည်။
“မင်းတို့ကို ကူညီဖို့ ငါလုပ်ခဲ့တာ… ဒီလူက အဖြူ၊အနက် လျှို့ဝှက်နယ်မြေထဲကို မဝင်ခင်ကတည်းက ထာဝရရှင်သန်ခြင်းဂိုဏ်းထဲကို ဝင်ခဲ့ပြီးပြီ…. ခင်ဗျားတို့ရဲ့ သစ္စာဖောက်ကိုဖယ်ရှားဖို့ ကျုပ်တို့ ကူညီပေးခဲ့တာ… ခင်ဗျားတို့က ကျုပ်တို့ ကွမ်လန်နန်းတော်ဂိုဏ်းကို ကျေးဇူးတင်သင့်တယ်…..”
“မဟုတ်တမ်းတရားတွေ! သူက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ခင်ဗျားပြောနေမှတော့ ဘယ်မှာလဲသက်သေ?”
တစ္ဆေမျိုးနွယ်စုမှ ဂိုဏ်းသားအချို့က ဒေါသတကြီးဖြင့် မေးလိုက်သည်။ ထိုအကြီးအကဲသည် လှောင်ရယ်နေခဲ့ပြီး ပြောလိုက်သည်။
“သက်သေ? မင်းတို့တွေ ပြန်ပြီး စုံစမ်းမနေနဲ့တော့….. ဒီသတင်းက စန်းယွမ်ခန်းမ ဆီကနေလာတာ…. စန်းယွမ်ခန်းမရဲ့ သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး သံသယရှိနေသေးတာလား…”
“စန်းယွမ်ခန်းမရဲ့ ထောက်လှမ်းရေး?”
ထိုစကားကိုကြားသောအခါ နှစ်ယောက်လုံး တုံ့ဆိုင်းသွားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် စန်းယွမ်ခန်းမ၏ ထောက်လှမ်းရေးသည် မှားနိုင်ဖွယ်ရာမရှိပေ။
“အရင်တုန်းက ကျန်းထျန်းယွမ်နဲ့ လီရွှမ်းရှီတို့က ကျုပ်ရဲ့ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေမှာ တချို့မသင့်လျော်တာတွေ လုပ်ဖို့အတွက် တိုက်ပွဲဖြစ်ကြတဲ့အချိန် ထာဝရရှင်သန်ခြင်းဂိုဏ်းက အခွင့်ကောင်းယူသွားခဲ့တယ်….. အခု ကွမ်လန်နန်းတော်ဂိုဏ်းက အရှေ့ပိုင်းဆိတ်ငြိမ်ခြင်း နယ်မြေကိုယ်စား အပြင်ထွက်လာတဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် လူတွေအားလုံးကိုသတ်ဖို့ ဒီနေရာကို ရောက်လာခဲ့တာ….. သူတို့ရဲ့ အရင်မျိုးနွယ်စုတွေကို တိုက်ခိုက်တာကနေ ကယ်တင်ဖို့အတွက်ပေါ့….”
“ဒီမှာ စာရင်း…. ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ကိစ္စတွေကို ကျုပ်ဖြေရှင်းပြီးတဲ့အချိန် ဒီစာရင်းကို မင်းကိုပေးမယ်…. ပစ်မှတ်ကို ဖြေရှင်းပြီးရင် ကိုယ့်ဘာသာကိုယ် ပြန်ပြီး စုံစမ်းနိုင်တယ်… ဒီလူက ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် ဟုတ်၊မဟုတ် စုံစမ်းစစ်ဆေးချိန်မှာတော့ ပြဿနာအများကြီး မရှာသင့်ဘူး… ဟုတ်တယ်မလား….”
ထိုသို့ ကွမ်ကျူးက အေးအေးဆေးဆေး ပြောလိုက်လေသည်။
“ကျေးဇူးအများကြီးတင်ပါတယ်…. ကွမ်ကျူး!”
အရှေ့ဘက်ဆိတ်ငြိမ်ခြင်းနယ်မြေရှိ လူသားမျိုးနွယ်စုအားလုံးက လေးလေးစားစား ပြောဆိုလိုက်သည်။
ယခုအချိန်တွင် ရွှယ်ချမ်းပိုင်သည် ကွမ်လန်နန်းတော်ဂိုဏ်း၏ ကွမ်ကျူးဆီသို့ လှမ်းကြည့်လိုက်ရင်း အနည်းငယ် အံ့အားသင့်သွားလေသည်။ ကွမ်အကြီးအကဲသည် ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်များကိုသတ်ရန် ကွမ်လန်နန်းတော်၏ စွမ်းအားကြီး ကျင့်ကြံသူများကိုပင် ဤနေရာသို့ ခေါ်ဆောင်လာခဲ့လေသည်။
‘ဒီလိုသာဆိုရင် ဖန်းဝူလင် ကလည်း ကွမ်ကျူးလက်ထဲမှာ သေရမှာမဟုတ်ဘူးလား။’
ရွှယ်ချမ်းပိုင် တွေဝေနေစဉ် ရွှယ်ချမ်းပိုင်၏ နားထဲတွင် သိမ်မွေ့သောအသံတစ်ခု မထင်မှတ်ပဲကြားလိုက်ရပြီး ရွှယ်ချမ်းပိုင်သာ ကြားနိုင်သောအသံဖြစ်သည်။ တစုံတဦးက ရွှယ်ချမ်းပိုင်ကို အသံပို့လွှတ်ခဲ့၏။
ထို့နောက် အတွင်းမှထွက်လာသော လူများကို ကွမ်လန်နန်းတော်၏ လေးများနှင့် မြှားများဖြင့် ပစ်သတ်လိုက်ပြန်သည်။ တစ်နာရီအတွင်းတွင်ပင် ကွမ်လန်အကြီးအကဲသည် လူခုနစ်ဦးကို ပစ်သတ်ခဲ့လေသည်။
လူအများက သံသယများရှိကြသော်လည်း ကွမ်ကျူးသည် ဒီအခြေအနေ ပြီးဆုံးသွားချိန်တွင် သူတို့ကို ရှင်းပြပေးလိမ့်မည်ဟုလည်း ယုံကြည်ထားကြသည်။
အကယ်၍သာ ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်များသာဆိုလျှင် သူတို့ကိုယ်တိုင်က ထိုသူတို့ကိုခေါင်းဖြတ်ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရပေလိမ့်မည်။
နောက်ဆုံးတွင်တော့ ထာဝရရှင်သန်ခြင်းဂိုဏ်းသည် မြေအင်မော်တယ်နှစ်ပါး တိုက်ပွဲကို အခွင့်ကောင်းယူကာ အင်အားစုတိုင်းလိုလိုကို အန္တရာယ်ပြုခဲ့ပြီး လူတိုင်းက ၎င်းတို့ကို သတ်ပစ်ရမည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
“အဲဒါ သူပဲ!”
ထိုအချိန်တွင် မင်းသမီးချင်းယန်၏ မျက်လုံးများက တောက်ပလာခဲ့သည်။ သူမသည် အလျှင်အမြန် မတ်တပ်ထရပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ
“အားရွှယ်! ကြည့်စမ်း…. ဝူလင် ဝူလင်ထွက်လာပြီ…..”