အခန်း (၄၆၃)
Vol. 38 Ch. 463
အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ရွှယ်ချမ်းပိုင်၏ နှလုံးသား တုန်လှုပ်သွားပြီးနောက် အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး ထွက်လာခဲ့လေသည်….. ထိုသူသည် သူတောင်းစားတစ်ယောက်၏ ဝတ်စုံနှင့် ဆင်တူလှစွာ ၀တ်ဆင်ထားပြီး ထွက်လာချိန်တွင်တောင် သူ၏မျက်လုံးထဲရှိ အကြည့်များက ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသည်။ ယခုထိတိုင် အဖြူ၊အနက် လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာသည်ကို သူမယုံကြည်နိုင်သေးပုံပင်။
“ဝူလင်!”
ထိုအခိုက်အတန့်တွင် ချင်းယန်က ဝမ်းသာအားရ အော်ဟစ်ပြီး အဝေးသို့ကြည့်ကာ အလျှင်အမြန် အော်ပြောလိုက်သည်။
“ငါ ဒီမှာပါ…. ချင်းယန် လေ….”
သို့သော် ထိုအခိုက်အတန့်တွင် မြှားတစ်စင်းက ဖန်းဝူလင်ဆီသို့ ပြေးထွက်သွားပြီး ပေါက်ကွဲသွားလေသည်။ မြှားသည် လေထဲသို့ တက်သွားတော့သည်။
ဖန်းဝူလင်ကိုယ်တိုင် ထိုအရာကို မတုံ့ပြန်ရသေးမီ အဖြူရောင်ဝတ်ထားသော အရိပ်တစ်ခုသည် ဖန်းဝူလင် ရှေ့တွင်ရှိနေပြီး ဓားအလင်းတန်းတစ်ခုက ထိုမြှားဆီသို့ တိုက်ရိုက် ထိခတ်သွားလေသည်။ ဤနေရာတွင် ရှိနေသူတိုင်း ဖြစ်ပျက်သွားသည်ကို မယုံကြည်နိုင်ခဲ့ပေ။
ကွမ်လန်နန်းတော်ဂိုဏ်း၏ အကြီးအကဲသည် မဟာပြီးပြည့်စုံခြင်းအဆင့်၏ ကျင့်ကြံဆင့်တွင်ရှိနေပြီး ထိုမြှားသည် ဂိုဏ်းဆရာကိုတောင် သတ်ပစ်နိုင်ပေသည်။
ဓားအလင်းတန်း ပစ်လွှတ်လိုက်သောသူမှာ ချင်းရွှယ်အာဏာဓားအရှင်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ချိန်တွင် အံ့အားသင့်သွားခဲ့ကြသော်လည်း အဘယ်ကြောင့် ရွှယ်ချမ်းပိုင်က ဤမြှားကို ပိတ်ဆို့ထားရပါသနည်း။
ဖန်းဝူလင် သည် သူ့ရှေ့ရှိလူကို ကြည့်ရင်း အံ့အားသင့်သွားခဲ့လေသည်။ ချင်းယန်သည် ဖြူဖျော့သောမျက်နှာဖြင့် ကွမ်လန်နန်းတော်ဂိုဏ်း ရှိရာသို့ပင် ကြည့်နေလေသည်။
“ချင်းရွှယ်အာဏာဓားအရှင်! ကျုပ်မြှားကို ဘာကိစ္စ ပိတ်ဆို့ထားရတာလဲ…. ဒီလူ့နာမည်က ဖန်းဝူလင်…. သူ အရင်ကတည်းက ထာဝရရှင်သန်ခြင်းဂိုဏ်းကို ဝင်ခဲ့တာကြာလှပြီ….ဒီလူ သေသင့်တယ်….”
ကွမ်လန်နန်းတော်ဂိုဏ်း၏ ကွမ်ကျူးက အေးစက်စက် ပြောလိုက်သည်။
“သူ့အသက်ကို ကာကွယ်ဖို့ တစ်ခြားတစ်ယောက်ကို ကျွန်တော် ကတိပေးထားတယ်။”
ရွှယ်ချမ်းပိုင်က ခေါင်းခါရင်း ပြောလိုက်သည်။
“အကြီးအကဲ! ဒီလူက ငါ့ ချင်းယန်မင်းဆက်ရဲ့ စစ်သူကြီးပဲ…. သူက ဘယ်လိုလုပ် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်ဖြစ်နိုင်မှာလဲ… မှားယွင်းမှုတစ်ခု ဖြစ်နိုင်တယ်မလား….”
မင်းသမီးချင်းယန် ကလည်း စိုးရိမ်တကြီး မေးလိုက်သည်။
“စန်းယွမ်ခန်းမရဲ့ အချက်အလက်စုံစမ်းမှုကို ကိုယ်တိုင် စုံစမ်းကြည့်လို့ ရပါတယ်…. အမှားမရှိပါဘူး…. ဒီလူက ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် တစ်ယောက်ပဲ”
ကွမ်လန်နန်းတော်ဂိုဏ်း၏ ကွမ်ကျူးသည် အေးစက်စက် ပြောလိုက်သည်။
“သူက ထာဝရရှင်သန်ခြင်းဂိုဏ်းဝင် တစ်ယောက်ဆိုရင်တောင် သူ့ကိုကာကွယ်ပေးမယ်လို့ တစ်ခြားတစ်ယောက်ကို ကတိပေးထားတယ်….”
ရွှယ်ချမ်းပိုင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မင်း သူ့ကို မကာကွယ်နိုင်မှာကို ငါစိုးရိမ်မိပါတယ်……”
ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် ဖိအားတစ်ခု ကျဆင်းလာတော့သည်။ ထိုအရာသည် ကွမ်ကျူးကိုယ်တိုင် ထုတ်လွှတ်လိုက်သော ဖိအားပင်။
ရွှယ်ချမ်းပိုင်၏ မျက်နှာသည် မည်းမှောင်နေပြီး ချင်းရွှယ်အာဏာဓားသည်လည်း ကောင်းကင်ထက်သို့ ခုတ်ပိုင်းလိုက်လေသည်။
“ကွမ်ကျူး! သက်ညှာပေးပါ….”
ထိုအချိန်တွင် လောရှောင်ချွမ်သည် အလျင်အမြန်ထရပ်ကာ စကားပြောလိုက်သည်။ ရွှယ်ချမ်းပိုင်သည် ၎င်းတို့ ရှေးဟောင်းတာအို တောင်တန်းဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်သည်။
ကွမ်ကျူးသည် ရွှယ်ချမ်းပိုင်၏ဓားကို ရင်ဆိုင်ရင်း အေးစက်စွာ အော်လိုက်ပြီး သူ၏လက်ဖြောက်တခတ်စာအချိန်တွင် ရွှယ်ချမ်းပိုင်၏ ဓားစွမ်းအင်ကို ကွဲကြေသွားစေပြီး တစ်ချိန်တည်းမှာပင် သူ၏ဝတ်ရုံစ လှုပ်ခါမှုနှင့်အတူ ရွှယ်ချမ်းပိုင်က လွင့်ပျံသွားခဲ့လေသည်။ ရွှယ်ချမ်းပိုင်သည် မြေပြင်ပေါ်သို့ မရောက်မီ ပါးစပ်မှသွေးများ ပန်းထွက်သွားလေသည်။
“အားရွှယ်!”
ရွှယ်ချမ်းပိုင် အမှန်တကယ် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် မင်းသမီးချင်းယန်၏ မျက်နှာကလည်း ဖြူဖျော့သွားခဲ့သည်။
ရွှယ်ချမ်းပိုင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ပါးစပ်မှ သွေးများထွက်နေသော်လည်း ဒဏ်ရာ လုံးဝမရရှိခဲ့ပေ။
“ ချမ်းပိုင် မေ့လဲချင်ယောင်ဆောင်လေကွာ မင်းဘာလုပ်နေတာလဲ…..”
ထိုအချိန်တွင် ကွမ်ကျူး၏အသံပို့လွှတ်မှုက ထွက်ပေါ်လာလေသည်။
“အိုး……….”
ရွှယ်ချမ်းပိုင်သည် သူ့မျက်လုံးများကို လှိမ့်လိုက်ပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် လှဲလျောင်းကာ မေ့ချင်ယောင်ဆောင်နေလိုက်သည်။
“အိုင်း…. လီချန်ချင်းကသာ ငါ့ကို ဒီလို ပေါတောတော ပြဇာတ်ကို လုပ်ဖို့ အကူအညီတောင်းတာ မဟုတ်ရင် ငါ ဒီလိုသိက္ခာအကျခံပြီး လုပ်မှာ မဟုတ်ဘူး….”
ကွမ်ကျူးသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်၏။ လီချန်ချင်းက ကွမ်ကျူးထံ စာတစ်စောင် ရေးသားခဲ့သည့်အပြင် ကျူးရွှမ်းဓားအစီအရင်ကိုလည်း ချေးငှားခဲ့လေသည်။
စာထဲတွင်တော့
‘ဒီကိစ္စအတွက် ကွမ်ကျူးကို တောင်းပန်ပါတယ်။ ဖန်းဝူလင်ကို စာရင်းရှင်းပြီး ရွှယ်ချမ်းပိုင်ကို မိန်းမရအောင် ကူညီပေးလိုက်ပါ။’ ဟု လီချန်ချင်းက ရေးသားခဲ့ပါ၏။
ထိုအချိန်တွင်၊ ကွမ်ကျူးသည် ဖန်းဝူလင်ကိုကြည့်ကာ ပြောလိုက်သည်။
“မင်းက ထာဝရရှင်သန်ခြင်း ဂိုဏ်းသားတစ်ယောက် ဟုတ်တယ်မလား….”
ဖန်းဝူလင်သည် ကွမ်ကျူး၏ အရှိန်အဝါကို ရင်ဆိုင်ရင်း နှလုံးသား ပြိုလဲသွားသည်မှာ ကြာလှပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် ဤမျှအစွမ်းထက်သော ကွမ်ကျူးကို ရင်ဆိုင်ကာ ခေါင်းညိတ်လိုက်ပြီး လိမ်ပြောရန်လည်း သတ္တိမရှိခဲ့ပေ။
ဖန်းဝူလင် ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသဖြင့် မင်းသမီးချင်းယန်ပင် အံ့အားသင့်သွားခဲ့သည်။ ဖန်းဝူလင်သည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ တစ်စုံတစ်ယောက်ဖြစ်လာမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ယနေ့ခေတ်တွင် ထာဝရရှင်သန်ခြင်း ဂိုဏ်းအဖွဲ့ဝင်များသည် လူတိုင်း၏ ရန်သူဖြစ်ခဲ့ကြပြီး ပရမ်းပတာ အခြေအနေများကို အများအပြား လုပ်ဆောင်ခဲ့ကြသည်။
ဖန်းဝူလင် ဝန်ခံသည်ကိုမြင်သောအခါ ကွမ်ကျူးသည် သူ့လက်ကိုမြှောက်လိုက်ပြီး ဖန်းဝူလင် ကို ပြာအဖြစ် ပြောင်းသွားစေခဲ့သည်။ ဖန်းဝူလင် သေဆုံးသွားခဲ့ပြီဖြစ်သည်။
မင်းသမီးချင်းယန်သည် ခဏတာ အံ့အားသင့်သွားခဲ့လေသည်။
“အကြီးဆုံးမင်းသမီး! ချင်းရွှယ်အာဏာဓားအရှင်ကို ပြန်ခေါ်လာပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပါတယ်…”
သူ့ဘေးရှိ အဖော်မိန်းကလေးက အလျှင်အမြန် ပြောလိုက်သည်။ထိုအခါမှသာ ချင်းယန်သည် ရွှယ်ချမ်းပိုင်ကို လှည့်ကြည့်လိုက်ပြီး ရွှယ်ချမ်းပိုင်သည် သူမအတွက်နှင့် ဒဏ်ရာရခဲ့လေသည်။
ရွှယ်ချမ်းပိုင်ကိုယ်တိုင်က လီချန်ချင်းသည် ဒီလိုယုတ်ညံ့သည့် အမိုက်စားအကြံများကို လုပ်လိမ့်မည်ဟု မထင်ထားမိပေမယ့် လီချန်ချင်းသည် အစွမ်းကုန် ကြိုးစားထားခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် အရင်ဘဝတွင် လီချန်ချင်းသည် ဇနီးတစ်ယောက် လက်ထပ်နိုင်ခဲ့ခြင်းကပင် ကံကောင်းခြင်းတစ်ခုဟု ယူဆထားပြီးသားပင်။
မိန်းကလေးများနှင့် ပရောပရည်လုပ်ရာတွင် ဘယ်လိုများ အတွေ့အကြုံရှိနေနိုင်မည်နည်း။ သူအရင်က ကြည့်ခဲ့ဖူးသည့် အပေါစား ဒရာမာအချို့ကိုသာ ကြည့်ပြီး ထိုထဲက အတိုင်း ချင်းယန်၏ နှလုံးသားကို ရရှိစေရန် လိုက်လုပ်ထားခြင်းဖြစ်သည်။ ဤဖျော်ဖြေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မြေအင်မော်တယ်တပါးက ကူညီပေးခြင်းကလည်း အရမ်းကံကောင်းနေပြီဖြစ်သည်။
အနည်းဆုံးတော့ မင်းသမီးချင်းယန်သည် ဒါကိုလုံးဝ မမြင်ခဲ့သလို ရွှယ်ချမ်းပိုင်လည်း သူမ၏အချစ်ပြိုင်ဖက်ကို ဖြေရှင်းဖို့ ကူညီပေးခဲ့လေသည်။ လီချန်ချင်းသည် ဤနေရာတွင် သူ့တာဝန်ပြီးဆုံးပြီဟု ခံစားမိပြီး ကျန်သည့်အပိုင်းကို ရွှယ်ချမ်းပိုင်အား သူ့ဘာသာသူ လုပ်ခွင့်ပေးလိုက်သည်။
ကွမ်ကျူးသည် သူ၏ ကွမ်လန်နန်းတော်မှ အသန်မာဆုံးလူများ ထွက်လာရန် စောင့်ဆိုင်းနေခဲ့သော်လည်း နောက်ဆုံးအချိန်အထိ ကွမ်လန်နန်းတော်မှ လူများ ပေါ်မလာခဲ့ချေ။
ထိုအချိန်တွင် အဖြူ၊အနက် လျှို့ဝှက်နယ်မြေထဲသို့ စတင်ဝင်ရောက်လာသူ အများအပြား ရှိနေပြီဖြစ်သည်။ သူတို့သည် အဖြူ အနက် လျှို့ဝှက်နယ်မြေတွင် မြင့်မြတ်သော ရတနာများရှိနေကြောင်း အခိုင်အမာ ယုံကြည်ထားသောကြောင့် ၎င်းတို့ကို ဝင်ရောက်ရှာဖွေလိုကြသည်။
အသက်ကန့်သတ်ချက် ကြီးကြီးမားမား နီးကပ်လာနေသော စွမ်းအားရှင်များသည်လည်း အဖြူ၊အနက် လျှို့ဝှက်နယ်မြေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာခဲ့ကြသည်။
အဖြူ၊အနက် လျှို့ဝှက်နယ်မြေ ဝင်ပေါက်တစ်ခုလုံးကို တစ်နှစ်ကြာ ထိန်းသိမ်းထားမည်ဖြစ်သည်။
သို့သော် တိမ်ကန္တာရနယ်မြေ တစ်ခုလုံးသည် မည်မျှကြီးမားသည်ဖြစ်စေ အရာအားလုံးသည် လီဟမ်ရှန်းနှင့် မည်သည့်အရာမျှ မသက်ဆိုင်သလို လီဟမ်ရှန်းသည်လည်း မူလအဆင့် ပန်းတိုင်တစ်ခုတည်းအတွက် ကျင့်ကြံနေဆဲဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်သုံးလ ကုန်ဆုံးသွားလေသည်။ ဤသုံးလတာကာလအတွင်းတွင် လီဟမ်ရှန်းသည် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ့တွင်ရှိသော အရင်းအနှီးများနှင့်အတူ လျင်မြန်စွာတိုးတက်ခဲ့ပြီး ယခုအခါ သူ၏ မူလအဆင့်ကျင့်ကြံမှု ခုနစ်ဆယ်ရာခိုင်နှုန်းကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
တစ္ဆေမြို့တော်တွင် ပေါ်လာသော မျိုးဆက်သစ်မျိုးနွယ်စု အရေအတွက်လည်း လျော့ပါးလာပြီး လီဟမ်ရှန်းသည်လည်း လူစည်ကားသောလမ်းများပေါ်တွင် သူ့ကိုယ်သူရုပ်ဖျက်ရန် မလိုအပ်တော့ပေ။
လက်ဖက်ရည်ဆိုင်တွင် ငြိမ်သက်စွာထိုင်နေသော မိန်းကလေးတစ်ဦးရှိသည်။ မိန်းကလေးသည် လက်ဖက်ရည်သောက်ရင်း သူ့ဘေးနားတွင် ကျွမ်းကျင်သူက လေးလေးစားစား ရပ်နေလေသည်။
“ကာကွယ်သူ! ငါတို့ ဒီမှာစောင့်နေတာသုံးရက်ရှိပြီ…. ကျိုးကျွင်းကို မသင်္ကာဘူး…သူအပြင်မထွက်တာ သုံးရက်ရှိနေပြီ….”
သူ့အနားရှိကျွမ်းကျင်သူက ထိုမိန်းကလေးကို စကားပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့….”
မိန်းကလေးက မတုန်မလှုပ် ပြောလိုက်သည်။
“မဟာသူတော်စင်က ငါတို့ကိုလာခိုင်းတာ အကြောင်းပြချက်ရှိတယ်…. ဒီ ကျိုးကျွင်းက ပြဿနာရှိနိုင်တယ်…. ကာကွယ်သူ တမန်တော်လေးပါး ပူးပေါင်းတာတောင် ရွှယ်ချမ်းပိုင်ကို မဖမ်းနိုင်ခဲ့ဘူး….. မဟာသူတော်စင်က ဒီသတင်းပေါက်ကြားမှုရဲ့ အကြောင်းခံက ကျိုးကျွင်းကြောင့်လို့ သံသယရှိနေတယ်…. နောက်ထပ် ရက်အနည်းငယ် ထပ်စောင့်ရအောင်….”
“ဟုတ်ကဲ့….”
“တကယ်လို့ ဒါကအလုပ်မဖြစ်ခဲ့ရင် ရှင်သူ့ကို စမ်းကြည့်လို့ရတယ်….”
မိန်းကလေးက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ပြောလိုက်သည်။
“မဟာသူတော်စင်က သခင်မရဲ့ မျက်လုံးစွမ်းအားကို လုံးဝမလိုအပ်ရင် အသုံးမပြုဖို့ ပြောခဲ့တယ်….”
သူ့နံဘေးရှိကျွမ်းကျင်သူက အလျှင်အမြန် ပြောလိုက်သည်။
“ဒါပေါ့.. ကျွန်မ သိပါတယ်…. မဟုတ်ရင် ကျိမိသားစုဘက်ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ဘူး….”
ကောင်မလေးသည် စကားပြောနေရင်း အဝေးရှိလမ်းထောင့်တွင် လူငယ်တစ်ဦးပေါ်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ကောင်မလေးက မျက်မှောင်ကြုတ်ကာ မထိန်းနိုင်ဘဲ မေးလိုက်သည်။
“အဲဒါ သူပဲလား….”
“ဘယ်သူလဲ?”
သူ့နံဘေးရှိလူက မေးလိုက်သည်။
“လီဟမ်ရှန်းက ဘာလို့ဒီကို ရောက်နေတာလဲ?”
မိန်းကလေးက အံ့အားသင့်စွာ ပြောလိုက်သည်။
“လီဟမ်ရှန်း?”
သူ့နံဘေးရှိ ကျွမ်းကျင်သူကလည်း ခက်ထန်စွာ ကြည့်လိုက်သော်လည်း မည်သူမျှ မတွေ့ရပေ။
“ကျွန်မ မမှားသင့်ဘူး…..”
မိန်းကလေးက အသေအချာပြောလိုက်ပြီး လွန်ခဲ့သည့် နှစ်နှစ်လောက်က လီဟမ်ရှန်းကို လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
သူမသည် ကျိမိသားစု ၏ ကျိချန်းကျီ ဖြစ်လေသည်။