အခန်း (၄၆၄)
Vol. 38 Ch. 464
“တကယ်လို့ လီဟမ်ရှန်းသာဆိုရင် ငါတို့တော့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုလုပ်လိုက်ပြီပဲ….”
သူ့နံဘေးရှိလူက အံ့အားသင့်စွာ ပြောလိုက်သည်။
“လီဟမ်ရှန်းကို ရှာတွေ့တာကို ထာဝရရှင်သန်ခြင်းဂိုဏ်းဆီ သတင်းပို့လိုက်ရင် မဟာသူတော်စင်က ငါတို့ကို သေချာပေါက် ဆုချလိမ့်မယ်….”
“ဆု?”
ကျိချန်းကျီက လှောင်ရယ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အေးစက်စက် အကြည့်များ တောက်ပလာခဲ့သည်။
“အရင်က လီဟမ်ရှန်းကို မျက်လုံးစွမ်းအားသုံးပြီး လုပ်ကြံခဲ့တာ နှစ်တစ်ဝက်လောက် မျက်စိကွယ်ခဲ့ရတယ်…. ထာဝရရှင်သန်ခြင်းဂိုဏ်းက ငါ့ကို လျစ်လျူရှုခဲ့တယ်…. မဟာသူတော်စင်ကလည်း ငါ့ကို ဆုမပေးဘူး….. နှစ်တစ်ဝက်ကို ကျိမိသားစုထဲမှာပဲ နေခဲ့ရတယ်… ”
“ကာကွယ်သူ...”
သူမ နံဘေးရှိလူက တစ်ခုခုပြောချင်သော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးကြည့်မိသောအခါ သူဘာပြောရမှန်း မသိတော့ပေ။
ကျိချန်းကျီသည် သူ့ဘေးနားရှိလူကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဝူဖေး! ကျွန်မ ဂိုဏ်းထဲစဝင်ကတည်းက ရှင်ကျွန်မနောက်ကို လိုက်နေခဲ့တာ… ကျွန်မ ရှင်နဲ့ အဆင်ပြေပါတယ်…. ဟုတ်တယ် မဟုတ်လား…”
“ကာကွယ်သူက ကျွန်တော့်အပေါ် ကောင်းပါတယ်….”
ဝူဖေးက အမြန်ပြောလိုက်သည်။
“နားထောင်! ငါတို့ ဒီကိစ္စကို ထာဝရရှင်သန်ခြင်းဂိုဏ်းကို သတင်းပို့ရင် ရှင်ရော၊ ကျွန်မအတွက်ပါ အကျိုးရှိမှာမဟုတ်ဘူး…. မဟာသူတော်စင်က ငါတို့ကို ဂုဏ်ပြုမှာမဟုတ်ဘူး…. ဒါပေမယ့် ငါတို့ ကျိမိသားစုကသာ ဒီအခွင့်အရေးကိုရရင် အဲဒါက အခြေအနေ ကွာခြားသွားပြီ….”
ကျိချန်းကျီသည် တည်ငြိမ်စွာ ပြောလိုက်သည်။
“ကာကွယ်သူ! ကျိမိသားစုကို လူတွေကို ဖမ်းခိုင်းဖို့ ဆိုလိုတာလား…..”
ဝူဖေးက အလျှင်အမြန် မေးလိုက်သည်။
“အခုနကတော့ ဖျတ်ခနဲ မြင်လိုက်ရတာပဲ…. ကျွန်မကတော့ ဒီလူက လီဟမ်ရှန်း ဖြစ်သင့်တယ်လို့ထင်တယ်…. အခု မသေချာတော့ဘူး…. ဒါကြောင့် ရှင်အရင် စုံစမ်းကြည့်လိုက်….”
ကျိချန်းကျီက ပြောလိုက်သည်။
“ဟုတ်ကဲ့….”
ဝူဖေးသည် လှည့်ပြီး ထွက်သွားလိုက်လေသည်။
ကျိချန်းကျီသည်လည်း လက်ဖက်ရည်ဆိုင်တွင် ဆက်ထိုင်နေရင်း တစ်ခုခုကို တွေးတောနေမိသည်။ ဝူဖေးသည် နောက်တစ်နေ့ နေ့လည်ခင်းအထိ ပြန်မလာသေးပေ။ သူသည် လီဟမ်ရှန်းနှင့် ပတ်သက်သည့် အရာအားလုံးကို ရှာတွေ့သွားသောကြောင့် ကျိချန်းကျီဆီသို့ သတင်းပို့ရန် ရောက်လာခဲ့သည်။
“ကာကွယ်သူ! ဒီလူက နည်းနည်းတော့ ပြဿနာရှိနေတယ်…”
ဝူဖေးသည် ကျိချန်းကျီအား အဖြစ်အပျက်များ ပြောပြလိုက်သည်။
“လီယွင်?”
ကျိချန်းကျီသည် ထိုနာမည်ကို ကြားသောအခါ မျက်ခုံးပင့်လိုက်လေသည်။
“သူ့နာမည်က လီယွင်…. ပြီးတော့ သူက တောင်ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေက လာတာတဲ့လား…. အခု သူက တစ္ဆေမြို့တော်ရဲ့ ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်နေပြီ ဟုတ်လား? ဒါက တကယ့်ပြဿနာပဲ…. သူ့ကိုဘယ်သူမှ သတိမထားမိဘဲနဲ့ အဝေးကိုခေါ်ထုတ်သွားဖို့က လွယ်တော့မလွယ်ကူဘူး…. တစ္ဆေမြို့အရှင်က ရှင်လွယ်လွယ်လေး သွားရှုပ်လို့ရတဲ့သူ မဟုတ်ဘူး…”
“ဒါက မြို့အရှင်လေးပါပဲ… ဒီကိစ္စက အရမ်းထူးဆန်းတယ်….”
ဝူဖေးက သူ၏ထင်မြင်ချက်ကို ဖော်ပြလိုက်သည်။
“ဒီ လီယွင်က လီဟမ်ရှန်းဆိုတာ တကယ်မှန်ရင် တစ္ဆေမြို့အရှင်က ဒါကိုဘယ်လိုမှ မသိနိုင်စရာ အကြောင်းမရှိဘူး… အရင်တုန်းက စန်းယွမ်နယ်မြေအရှင် ယွဲ့ဟန်ကျွင်းက လီဟမ်ရှန်းရဲ့ ပုံတူကို တိမ်ကန္တာရနယ်မြေဆီ ပေးပို့ခဲ့ဖူးတယ်…. တစ္ဆေမြို့တော်မှာလည်း သေချာပေါက်ရှိလိမ့်မယ်…. ဒါတောင် သူတို့က လီဟမ်ရှန်းကို ဘာမှမလုပ်ခဲ့ဘူးဆိုတော့ သိပ်ယုတ္တိမတန်တော့ဘူး ဟုတ်တယ်မလား…”
“နည်းနည်းတော့ ထူးဆန်းတယ်….”
ဝူဖေး ပြောသည်ကို ကြားပြီးနောက် ကျိချန်းကျီ သည် သူ့ကိုယ်သူ ခဏလောက် သံသယဝင်သွားခဲ့သည်။
‘သူ့အတွက် အကျိုးရှိဖို့ ဒီလောက်ကြီးမားတဲ့ ကယ်ပေါက်တစ်ခု ရှိနိုင်ပါ့မလား။’
“နောက်ပြီး ထာဝရရှင်သန်ခြင်းဂိုဏ်းက ကျိုးကျွင်းကလည်း ဒီကိုရောက်နေပြီ… သူက လီဟမ်ရှန်းရဲ့ တတိယစီနီယာအစ်ကို ဖြစ်ခဲ့ဖူးတယ်… လီယွင် က တကယ်ပဲ လီဟမ်ရှန်းဆိုရင် ကျိုးကျွင်းက ဘယ်လိုလုပ် မသိဘဲနေမှာလဲ… ကျိုးကျွင်းက ချက်ချင်း သတင်းပေးလိုက်မှာကို ကျွန်တော် စိုးရိမ်တယ်….”
ဝူဖေးက ရှင်းပြလိုက်သည်။
“နောက်ထပ် ဖြစ်နိုင်ချေတွေ ရှိသေးတယ်….”
ကျိချန်းကျီသည် လက်ဖက်ရည်ကြမ်းတစ်ငုံ သောက်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကျိုးကျွင်းက လီဟမ်ရှန်းကို ကာကွယ်ပေးနေတာ… သူတို့တွေက ဆရာတူညီအစ်ကိုတွေပဲလေ…. ကျိုးကျွင်းက သူ့ကို ကာကွယ်ချင်တာဆိုရင်တော့ အရင်က အချက်နှစ်ချက်ကို ရှင်းပြဖို့လွယ်ပါတယ်…. အခု ကျိုးကျွင်းက တစ္ဆေမြို့တော်ရဲ့ ယာယီမြို့အရှင်…. တစ္ဆေမြို့တော်မှာရှိတဲ့ ပုံတူကိုသာ ပြောင်းလဲနိုင်ရင် လီဟမ်ရှန်း ကို ဘယ်သူမှမှတ်မိမှာ မဟုတ်တော့ဘူး…..”
“အာ……. ဒီလိုလား…...”
ဝူဖေးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“မဖြစ်သင့်ဘူး မဟုတ်လား…. ကျိုးကျွင်းက ဒီနှစ်တွေထဲမှာ အချိန်အကြာကြီး ထာဝရရှင်သန်ခြင်းဂိုဏ်းကို ကြီးကြီးမားမား ပံ့ပိုးပေးခဲ့တယ်လေ…. နောင်အနာဂတ်မှာ ဘိုးဘေးနိုးလာတဲ့အခါကျရင် ဘိုးဘေးက သူ့ညီကို ပထမဆုံး အသက်ပြန်ရှင်စေမယ့် သူလည်းဟုတ်တယ်….သူ့ညီအတွက်ဆို သူကအရာအားလုံး ပေးခဲ့တာ…. အခုလည်း လီဟမ်ရှန်း အတွက်နဲ့တော့ အရာအားလုံးကို သူစွန့်လွှတ်မှာမဟုတ်ဘူး ဟုတ်တယ်မလား….”
“လူသားတွေရဲ့ နှလုံးသားတွေက နားလည်ရခက်တယ်….”
ကျိချန်းကျီက ခေါင်းခါလိုက်ပြီး
“ဒီ လီယွင်က လီဟမ်ရှန်း ဟုတ်၊ မဟုတ်ဆိုတာ ငါတို့ စမ်းကြည့်သရွေ့ တော့ အဲဒါကို သိလာလိမ့်မယ်….”
“စုံစမ်းရမယ်?”
ဝူဖေးသည် ကျိချန်းကျီအား ထူးဆန်းစွာ ကြည့်လိုက်သည်။
ကျိချန်းကျီ က စာတစ်စောင်ထုတ်ပြီး ဝူဖေး၏ လက်ထဲပေးကာ ပြောလိုက်သည်။
“ဒီစာကို ကျိမိသားစုဆီ မြန်မြန်ပို့ပေးပြီး ကျိမိသားစုရဲ့ ဆရာသခင်တွေကို လာခိုင်းလိုက်….”
“ကောင်းပါပြီ….”
ဝူဖေး နှင့် ကျိချန်းကျီတို့သည် တစ်လှေတည်းစီး ခရီးသွားဖော်များ ဖြစ်သောကြောင့် သူသည် ကျိချန်းကျီ၏အမိန့်ကို သဘာဝအတိုင်း နာခံခဲ့လေသည်။
လီဟမ်ရှန်းသည် သူ ပစ်မှတ်ထားခံနေရသည်ကို မသိခဲ့ပေ။ တစ်စုံတစ်ယောက်က လီဟမ်ရှန်းအား ပစ်မှတ်ထားနေကြောင်းကို ကျိုးကျွင်းပင် မသိခဲ့ချေ။
နေ့ရက်များသည် ငြိမ်သက်အေးချမ်းနေပြီး နှစ်လအကြာ လေ့ကျင့်ပြီးနောက် လီဟမ်ရှန်းသည် သူ၏ မူလအဆင့် စွမ်းအားကျင့်ကြံဆင့်၏ ၈၀% ထိ ရောက်ရှိသွားပြီဖြစ်သည်။
လီဟမ်ရှန်းသည် သူ၏ စစ်မှန်သောစွမ်းအားကို မဟာပြီးပြည့်စုံသော အခြေအနေသို့ ပြောင်းလဲရန် နောက်ဆုံး ၂၀% သာ လိုအပ်ပေတော့သည်။ လီဟမ်ရှန်းသည် အလွန်စိတ်လှုပ်ရှားနေပြီး ထိုနေ့သည် များမကြာမီ ရောက်ရှိလာတော့မည်ဟု ခံစားနေမိသည်။
ရွှယ်ချမ်းပိုင်သည် ချီရှန်းအမိန့်ပြားကိုယူပြီး ချီရှန်းတစ္ဆေအရှင်ကို တစ်စုံတစ်ခုရှာဖွေရန် တောင်းဆိုခဲ့သော်လည်း ဘာသတင်းမျှ မရသေးပေ။ တိမ်ကန္တာရနယ်မြေသို့ ရောက်ပြီးနောက်တွင် လီဟမ်ရှန်းသည် ချီရှန်းတစ္ဆေအရှင်က မည်သည့်အရာဆိုသည်ကို လေ့လာခဲ့လေသည်။
ချီရှန်းတစ္ဆေအရှင်သည် တစ္ဆေမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဆိုသော်ငြား သူသည် တစ္ဆေမျိုးနွယ်စု၏ ကိစ္စရပ်များတွင် မည်သည့်အခါမျှ ပါဝင်လေ့မရှိသည့်အပြင် လူသားမျိုးနွယ်စုများကို ပစ်မှတ်ထားခြင်းလည်း မရှိပေ။ သူသည် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားလေသည်။ သူက တကယ့်ကို ကျင့်ကြံခြင်းတွင် ဝါသနာပါသူပင်။
ပို၍အရေးကြီးသည်မှာ ဤ ချီရှန်းတစ္ဆေအရှင်သည် တစ်ချိန်က အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော် ဇာတိဖြစ်ပြီး ရှေးခေတ်ဘုရင်၏ ဘိုးဘေးများထဲမှ တစ်ဦးဖြစ်သည်။ နောက်ပိုင်းတွင်သူသည် အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်မှ ထွက်ခွာပြီး ချီရှန်းတောင်တွင် သီးသန့်နေထိုင်ခဲ့သည်။
ထာဝရရှင်သန်ခြင်းဂိုဏ်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံတော်အား သိမ်းပိုက်သည့်ညတွင်ပင် ချီရှန်းတစ္ဆေအရှင်သည် မည်သည့်စကားမျှ မပြောခဲ့ပေ။
ချီရှန်းတစ္ဆေအရှင်သည် ကမ္ဘာပေါ်တွင် အမှန်တကယ် အကောင်းဆုံးဖြစ်ကြောင်း ကောလဟာလများရှိခဲ့သည်။ အကယ်၍ သူသာ စန်းယွမ်နယ်မြေ၏ အရှင်သခင်နေရာကို စိတ်ဝင်စားပါက ကျန်းထျန်းယွမ်သည် သူ၏ အထွတ်အထိပ်တွင်ပင် ချီရှန်းတစ္ဆေအရှင်နှင့် မယှဉ်နိုင်ပေ။
သို့သော် ထိုအရာသည် လူထု၏ ထင်မြင်ယူဆချက် သက်သက်ပင်ဖြစ်သည်။
ယခုလတွင်ပင် လီဟမ်ရှန်းသည် ကြီးမားသောမျိုးနွယ်စုကြီးကို ပြန်လည်သိမ်းပိုက်ရန်အတွက် သူ၏တပ်မှူးများကို ခေါ်ဆောင်ခဲ့ရန် စစ်သူကြီးတဲကောင်းထံမှ အမိန့်ကို ရရှိခဲ့သည်။
ယေဘူယျအားဖြင့် ဤလူမျိုးစုသည် တိုက်ပွဲကို ဦးဆောင်ရန် ခေါင်းဆောင်တစ်ဦး လိုအပ်ပေသည်။ လီဟမ်ရှန်းသည် မငြင်းဘဲ သူ၏တပ်မှူးငါးယောက်နှင့်အတူ စတင်ထွက်ခွာခဲ့ကြသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တစ်လခွဲအကြာတွင် သူတို့ ပြန်ထွက်လာခဲ့ကြသည်။
လီဟမ်ရှန်းသည် ဤမျိုးနွယ်စု၏ မူလအဆင့် ဆရာသခင်နှစ်ဦးကို သတ်ပြီးနောက် သူ၏ လက်အောက်ငယ်သားများနှင့်အတူ ပြန်သွားခဲ့သည်။
ဒါဇင်နှင့်ချီသော အသေအပျောက်များ ရှိခဲ့ပြီး ၎င်းသည် မျိုးနွယ်စုကြီးတစ်ခုကို သိမ်းပိုက်ခဲ့သည့် အဖွဲ့အတွက် ပြီးပြည့်စုံသော ရလဒ်တစ်ခုပင်ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် လီဟမ်ရှန်းသည် ထောင်ပေါင်းများစွာသော သူ၏တပ်သားများကို ဦးဆောင်ခဲ့ပြီး တစ္ဆေမြို့တော်ရှိရာသို့ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် ကြီးမားသော ချောက်နက်ကြီးတစ်ခုကို ဖြတ်သွားရသည်။ ချောက်နက်ကြီးတစ်ခုလုံးသည် လုံးဝတိတ်ဆိတ်နေပြီး လေတိုးသံလေးမျှသာ ရှိလေသည်။
ချောက်နက်သည် အလွန်ရှည်လျားလှပြီး မြင်းပေါ်စီးနင်းရင်းနှင့်ပင် အစွန်းတစ်ဖက်မှ တစ်ဖက်သို့ကူးရန် အချိန်တစ်နာရီခန့် ကြာမြင့်လေသည်။
လီဟမ်ရှန်းသည် အစပထမပိုင်းတွင် ဘာကိုမျှဂရုမစိုက်သော်လည်း သူချောက်နက်ထဲမှ ထွက်လာသည့်အချိန်တွင် တစ်စုံတစ်ခု မှားနေပြီဟု ခံစားမိသွားသည်။
“ရပ်…..”
လီဟမ်ရှန်း က သူ့လက်ကိုဝှေ့ယမ်းရင်း ပြောလိုက်သည်။ ထိုအချိန်တွင် စစ်သားများစွာကလည်း ရပ်တန့်သွားခဲ့ကြပြီး လီဟမ်ရှန်းသည် လူတိုင်းကို ပြန်လှည့်ကြည့်ခဲ့သည်။ သူ့ကို လူတိုင်းကထူးဆန်းစွာဖြင့် ဘာကြောင့်များ ရုတ်တရက် ရပ်ခိုင်းတာလဲဟု နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
“သွားကြရအောင်….”
လီဟမ်ရှန်းသည် ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ အားလုံးကလည်း ခရီးဆက်လာကြသည်။
သို့သော် မီတာသုံးဆယ်နီးပါး လမ်းလျှောက်ပြီးနောက် လီဟမ်ရှန်းသည် ရုတ်တရက် ရပ်တန့်လိုက်ပြန်သည်။ သူသည် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ပြီး သူ့လက်ချောင်းများကို ဆတ်ခနဲတချက် လှုပ်ရှားလိုက်ကာ ပေါက်ကွဲထွက်လာသော စွမ်းအားများဖြင့် ခေါင်းဆောင်တစ်ဦးကို သတ်ပစ်လိုက်သည်။ သို့သော် သူ၏ စွမ်းအားများ ထိုခေါင်းဆောင်၏ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသောအခါ သူ့ရှေ့ရှိမြင်ကွင်းသည် ချက်ချင်း ပြိုကျသွားသည်။