အခန်း (၄၆၉)
Vol. 38 Ch. 469
ယခုအချိန်တွင် သူတို့အရှေ့ရှိ ထာဝရရှင်သန်ခြင်းဂိုဏ်း ဆရာသခင်ငါးယောက်လုံးသည့် နောက်ဆုံးတော့ နားလည်သွားလေပြီ ဖြစ်သည်။ ကြက်သားနှင့် ဝိုင်သည် အစကတည်းက အဆိပ်သင့်နေခဲ့ခြင်းပင်။
သို့သော် ကျိုးကျွင်းကို အရင်သောက်ခိုင်းသည့်အချိန်တွင် ကျိုးကျွင်းသည် မဆိုင်းမတွ သောက်ခဲ့လေသည်။
'ကျိုးကျွင်းပါ သူတို့နဲ့အတူ သေချင်နေတာလား?’
အကြီးအကဲခေါင်းဆောင်က အဆိပ်ဖြေဆေးကိုထုတ်ပြီး မျိုချလိုက်ပြီးနောက် သူ၏အတွင်းအားကို အသုံးပြုကာ အဆိပ်ကိုတွန်းထုတ်ရန် ကြိုးစားခဲ့လေသည်။
သို့သော်သူ၏ မူလအဆင့် အတွင်းအားကို စတင်လှည့်ပတ်လိုက်သည်နှင့်ပင် သူသည် ပါးစပ်အပြည့်သွေးများကို မီးပုံထဲသို့ တိုက်ရိုက်ထွေးထုတ်လိုက်ပြီးနောက် အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အဆိပ်၏အစွမ်းသည် သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်သွားခဲ့လေပြီ။
“ဒါက တစ္ဆေပိုးကောင်ရဲ့ အဆိပ်ပဲ...”
သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် ပြောလိုက်သည်။
တစ္ဆေပိုးကောင်အဆိပ်သည် တိမ်ကန္တာရနယ်မြေရှိ အဆိပ်အပြင်းဆုံး အဆိပ်သုံးမျိုးတွင် ထိပ်ဆုံးမှပါဝင်လေသည်။ ပုံမှန်အားဖြင့် ၎င်းသည် အသက်ရှူရှိုက်စာ (၁၀) ချက်အတွင်း လူတစ်ဦးကို သေစေနိုင်သည်။ သို့သော် ကျိုးကျွင်းသည် အမှန်တကယ်တွင် အဆိပ်ကို ဖျော့ဖျော့ထားပြီး ၎င်း၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများကို အားနည်းထားစေသောကြောင့် အဆိပ်ထိရောက်ရန် အချိန်အတော်ကြာခဲ့လေသည်။
သို့သော် ဆေးအာနိသင် ရောက်သည့်အချိန်က အတော်နောက်ကျနေပြီ ဖြစ်သည်။ တစ္ဆေပိုးကောင်အဆိပ်အတွက် ဖြေဆေးမရှိပေ။
“ဟား..ဟား… ဒီအဆိပ်ကို ကျိချန်းကျီရဲ့အလောင်းပေါ်မှ စတွေ့ကတည်းက မင်း ကြံနေခဲ့တာပဲ”
ယခုအချိန်မှာပင် ကျိုးကျွင်းသည် အားပါးတရ ရယ်မောလိုက်လေသည်။ သူသည် ကြာကြာထိန်းထားနိုင်ပုံလည်း မပေါ်သလို သူ့မျက်လုံးများကလည်း မပွင့်နိုင်တော့ပေ။ အခြားသူများမှာ ၎င်းတို့၏ အတွင်းအားကျင့်စဥ်ကို လည်ပတ်မိလိုက်သောကြောင့် လျင်မြန်စွာ သေဆုံးသွားခဲ့သော်လည်း ကျိုးကျွင်းသည် မည်သည့်သိုင်းပညာကိုမျှ အသုံးပြုခဲ့သဖြင့် ၎င်းတို့ထက်ပို၍ သက်သာနေခဲ့သည်။
“ညီ၄! သွားတော့….”
ကျိုးကျွင်းသည် လီဟမ်ရှန်းကိုကြည့်ကာ သူ့အတွက် အသက်ရှူရခက်လာသလို အသက်ရှုကြပ်လာခဲ့သည်။
“မိုးမလင်းခင် မင်းပြေးနိုင်သလောက် ပြေးပါ…. မဟုတ်ရင် မဟာသူတော်စင်နဲ့ တခြားသူတွေရောက်လာရင် မင်းတကယ် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး.... အခုပြေးရင် မင်းလွတ်မြောက်ဖို့ အခွင့်အလမ်း ရှိသေးတယ်...”
“ခဏနေဦး! ငါမင်းကို သမားတော်ပြဖို့ ခေါ်သွားမယ်…. မင်း ဒီမှာ မသေနိုင်ပါဘူး….”
ထိုအချိန်မှာပင် လီဟမ်ရှန်းသည် ကျိုးကျွင်းကို သူ၏နောက်ကျောပေါ်သို့ တိုက်ရိုက်ဆွဲတင်လိုက်ပြီး ပြေးထွက်သွားလေသည်။
“မြို့က အတိအကျ ဘယ်မှာလဲ….”
လီဟမ်ရှန်းသည် အံတင်းတင်းကြိတ်ကာ ချိုင့်ဝှမ်းများနှင့် တောနက်နက်များတစ်လျှောက် ဖြတ်သန်းသွားခဲ့သော်လည်း ထိုနေရာနှင့် မရင်းနှီးသလို မြို့တည်နေရာကိုလည်း မသိခဲ့ပေ။
“ညီ၄! ငါ့ကိုချလိုက်ပါ… ငါအသက်မရှင်နိုင်တော့ဘူး…. မိုးမလင်းခင် မင်းပြေးနိုင်သလောက်ပြေး…. တကယ်လို့ ငါတို့ရဲ့ ညီနောင်သံယောဇဉ်ကို မင်းဂရုစိုက်သေးတယ်ဆိုရင် ငါ့ကိုသင်္ဂြိုလ်ဖို့ နေရာရှာလိုက်…. ငါသေပြီးရင် သားရဲရိုင်းတွေရဲ့ အစားမခံချင်ဘူး…. အဲ့တာက အရမ်းသနားဖို့ ကောင်းလိမ့်မယ်….”
ကျိုးကျွင်းက အားနည်းစွာ ပြောလိုက်သည်။ သို့သော် လီဟမ်ရှန်းက လုံးဝနားမထောင်ပေ။ သူသည် မိုးကြိုးဘောလုံးကို အသုံးပြုပြီး တောင်များနှင့် သစ်တောနက်များကို ဖြတ်၍ မိုးကြိုးပစ်သကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ လီဟမ်ရှန်းသည် မည်သည့်မြို့၏ တည်ရှိမှုကိုမျှ ခြေရာခံမတွေ့ရှိခဲ့ပေ။ တိမ်ကန္တာရနယ်မြေသည် အလွန်ကျယ်ပြန့်လှပေသည်။
“ဝေါ့!”
ကျိုးကျွင်းသည် နောက်ထပ် သွေးတစ်လုတ် ထပ်အန်လိုက်ပြီး သူ၏ အသက်ရှုသံများပင် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
“အစ်ကို၃!”
လီဟမ်ရှန်းသည် ထိုအချိန်တွင် ရပ်တန့်လိုက်ပြီး ကျိုးကျွင်းကို သူ့ပခုံးပေါ်မှ ချလိုက်သည်။ သူ့စိတ်ထဲတွင် ဝန်မခံချင်သော်လည်း လီဟမ်ရှန်းသည် ကျိုးကျွင်း၏ အသက်ရှူသံကို မကြားရနိုင်လောက်အောင်ပင် အားနည်းနေခဲ့ပြီး ပျောက်ကွယ်သွားတော့မည်ဟု ခံစားမိနိုင်လေသည်။
ထို့အပြင် သူ၏လည်ပင်းရှိ အနက်ရောင်သွေးလိုင်းသည် သူ၏မေးစေ့ထိတိုင် တက်လာခဲ့ပြီဖြစ်သည်။ ဤအချိန်တွင် မည်သည့်နတ်ဘုရားမှပင် မကူညီနိုင်တော့ဟု ဆိုနိုင်ပေသည်။
“မင်းငါ့ကို ဒီလိုခေါ်တာ မကြားရတာကြာပြီပဲ….”
ကျိုးကျွင်းသည် ယခုအချိန်တွင် မျက်လုံးပင်မဖွင့်နိုင်တော့ဘဲ ညည်းသံတိုးတိုးလေးဖြင့် ပြောနေခဲ့သည်။
“အကိုဘာလို့ အဲ့လိုလုပ်ရတာလဲ?”
လီဟမ်ရှန်းသည် သူ့ရှေ့တွင်ရှိသော မျက်နှာကိုကြည့်လိုက်ပြီး ယနေ့ည ဖြစ်ပျက်ခဲ့သည်များကို မယုံနိုင်သေးချေ။ ကျိုးကျွင်းသည် သူ့ကို ကယ်တင်ဖို့ရန်အတွက် သူ၏အသက်ကို အမှန်တကယ် အဆုံးရှုံးခံခဲ့ခြင်းဖြစ်သည်။
‘ဒါက ကျိုးကျွင်း လုပ်နိုင်တဲ့အရာလား?’
ကျိုးကျွင်းသည် သူ၏ ညီဖြစ်သူအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်သည်ဟု ယခင်က ပြောခဲ့ဖူးသော်လည်း ယနေ့တွင် သူ့ကို ကယ်တင်ရန်အလို့ငှာ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ထိုလူများနှင့်အတူ အမှန်တကယ် သေဆုံးသွားခဲ့သည်။
‘ဘာကြောင့်လဲ?’
“မင်းရဲ့ ပန်းတိုင်ကဘာလဲ?”
“မင်းဘဝရဲ့ ယုံကြည်ချက်ကဘာလဲ?”
“မင်းညီလေးကို မင်းထပ်ပြီး ဂရုမစိုက်တော့ဘူးလား… မင်းသေသွားရင် မင်းညီလေးက ဘာဖြစ်သွားမလဲ?”
လီဟမ်ရှန်းသည် ယခုအခိုက်အတန့်တွင် အလွန်အမင်း စိတ်မသက်မသာ ခံစားနေခဲ့ရသည်။
ကျိုးကျွင်းသည် သူ့လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်ပြီး ထိုလက်တွင်တော့ လက်လေးချောင်းသာ ရှိသည်။ သူသည် လီဟမ်ရှန်း၏ လက်ကောက်ဝတ်ကို အတတ်နိုင်ဆုံး ဆုပ်ကိုင်လိုက်ပြီး သူ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟကာ ပြောလာခဲ့သည်။
“အရင်တုန်းက... ငါ့ရဲ့ စတုတ္ထညီလေး ဆုံးပါးသွားတဲ့အချိန် ခံစားခဲ့ရတဲ့ အဲဒီခံစားချက်က ငါ့တစ်ဘဝလုံးနီးပါး အတူရှိနေခဲ့တယ်… စတုတ္ထညီလေး သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန် ငါဘာမှ မတတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးခဲ့မိတယ်။ သူ့အတွက်သာ ငါသေပေးနိုင်ခဲ့ရင် ဘယ်လောက်တောင် ကောင်းမလဲဆိုတာတောင် စဉ်းစားမိခဲ့တယ်….”
“ညီလေးတစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီ… အဲ့တာကြောင့် ဒီနေ့ နောက်ထပ်တစ်ယောက်ကို ထပ်မဆုံးရှုံးချင်တော့ဘူး…”
“ငါ စိတ်ရှုပ်ထွေးနေခဲ့ပြီး ငါလုပ်ခဲ့တာတွေက မှန်လား၊မှားလားတောင် မသိခဲ့ပေမယ့် ဘာပဲဖြစ်ဖြစ် ငါလုပ်ခဲ့ပြီးပြီ… စတုတ္ထညီလေးက ငါ့လိုအကိုမျိုးကို အပြစ်တင်မယ်လို့တော့ မထင်ဘူး…”
ကျိုးကျွင်း ပြောသည်များကို ရင်ဆိုင်လိုက်ရချိန်တွင် လီဟမ်ရှန်းသည် သူ၏မျက်ရည်များကို မထိန်းနိုင်တော့ပေ။
တစ်ချိန်တစ်ခါက သူ၏အစ်ကိုဟု မှတ်ယူခဲ့ရသည့် ဤလူသည် သူ့ကို စိတ်ပျက်လက်ပျက် အခြေအနေသို့ အကြိမ်ကြိမ် တွန်းပို့ခဲ့ဖူးသည်။ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ပင် လှည့်စားခံခဲ့ရပြီး သူ့ကို အူထဲအသည်းထဲထိတိုင် မုန်းတီးသွားစေခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့ သူ၏အသက်ကို ကာကွယ်ရန်အတွက် သူ့ဘဝနှင့်ရင်းခဲ့သည်။
“ညီ၄! ဟိုးအပေါ်ကို ကြည့်လိုက်စမ်း….”
ကျိုးကျွင်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
လီဟမ်ရှန်းက ထိုစကားကိုကြားသာ် သူ၏ခေါင်းကို ဖြည်းညှင်းစွာမော့လိုက်ပြီး ညကောင်းကင်ကို မော့ကြည့်လိုက်သည်။ မှောင်မိုက်သောညကောင်းကင်တွင် ကြယ်ပေါင်းများစွာတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အလင်းရောင်ဖြင့် လင်းလက်တောက်ပနေသည်။
“ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးကိုကြည့်လိုက်စမ်း… ဘယ်လောက်တောင် လှလိုက်လဲ...”
ကြယ်ကြွေကျလာသည်နှင့်အမျှ လီဟမ်ရှန်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့်လက်သည်လည်း ခွန်အားပျောက်ဆုံးကာ မြေပြင်ထက်သို့ ကျသွားလေသည်။
လီဟမ်ရှန်းသည် ငုံ့မကြည့်ခဲ့ပေ။ သူ၏လည်ချောင်းကို လှိမ့်လိုက်ပြီး ကြယ်စုံနေသည့် ကောင်းကင်ကြီးကို မော့ကြည့်နေတုန်းပင်။ သူသည် သူ၏လက်မောင်းဖြင့် ကျိုးကျွင်းကို ရစ်ပတ်လိုက်ပြီး အနည်းငယ်တင်းကျပ်စွာဖြင့် ဖက်ထားလေသည်။
သတ်ဖြတ်သူတစ်သောင်း တောင်ထိပ်ပေါ်တွင် :
မင်းကိုတွေ့ရတာ ဝမ်းသာပါတယ်။
“ကျုပ်နာမည်က ကျိုးကျွင်းပါ… ကျုပ်က မူဟိုင်ဖုန်းတောင် ရဲ့ တိုက်ရိုက်တပည့်ပါ…”
“ဆရာသခင်ကသာ မင်းကို သူ့တပည့်အဖြစ်လက်ခံရင် ငါက အငယ်ဆုံးတပည့် ဖြစ်တော့မှာမဟုတ်ဘူး ဟား…ဟား…”
“မင်းငါ့တပည့်ဖြစ်လာပြီးရင် မင်းငါ့တောင်ကို လာကစားလို့ရတယ်… ပြီးတော့ မင်းကို ဒုတိယစီနီယာအစ်မဆီကနေ ကြက်ခိုးယူခိုင်းမယ်….”
“ညီ၄! မင်းက အရမ်းယုံလွယ်ပြီး နှလုံးသားနူးညံ့နေတုန်းပဲ…. ဒါက တနေ့နေ့မှာ မင်းအတွက် ဒုက္ဖြစ်လာလိမ့်မယ်…..”
“ညီ၄! မင်းငါ့ကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပေမယ့် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်….”
လီဟမ်ရှန်း၏နားထဲတွင် စကားလုံးတိုင်းက ပဲ့တင်ထပ်လာခဲ့သည်။ သို့သော် သူ့လက်ထဲရှိလူကတော့ ဘယ်သော်အခါမှ အသံမထွက်နိုင်တော့ပေ။
လရောင်အောက်တွင် လီဟမ်ရှန်းသည် နက်နဲသောတွင်းကို တူးလိုက်ပြီး ကျိုးကျွင်း၏အလောင်းကို ထိုနေရာတွင်ထည့်လိုက်သည်။
သို့သော် ကျိုးကျွင်း၏ခန္ဓာကိုယ်ကို ရွှေ့လိုက်ချိန်တွင် ကျိုးကျွင်း၏ခန္ဓာကိုယ်ထဲမှ စာရွက်လိပ်တစ်လိပ် ထွက်လာသော်လည်း လီဟမ်ရှန်းသည် လျစ်လျူရှုခဲ့သည်။
သူသည် အခြားကျောက်တုံးတစ်တုံးကို ရှာတွေ့ပြီး ကျိုးကျွင်းအတွက် အထိမ်းအမှတ် ကျောက်တုံးတစ်ခုကို စိုက်ထူခဲ့သည်။ သို့သော် ထိုအထိမ်းအမှတ် ကျောက်တိုင်ပေါ်တွင် မည်သည့်စာမျှ ရေးသားထားခြင်းမရှိပေ။
လီဟမ်ရှန်းသည် သူ့အရှေ့ရှိ ကျိုးကျွင်း၏သင်္ချိုင်းကို စိုက်ကြည့်ရင်း စကားမပြောဘဲ အကြာကြီး ရပ်နေခဲ့လေသည်။ ထို့နောက် စာလိပ်ကို ကောက်ယူပြီးနောက် သူသည် နောက်သို့လှည့်ကာ ညအမှောင်တွင် ပျောက်ကွယ်သွားခဲ့လေသည်။
ညဉ့်နက်နေပြီဖြစ်၍ မိုးသောက်ချိန်ရောက်ရန် အချိန်သိပ်မကျန်တော့ပေ။ လီဟမ်ရှန်းသည် သူ့တွင် အချိန်သိပ်မကျန်တော့ကြောင်းနှင့် ဤနေရာမှ အမြန်ထွက်ပြေးရမည်ကို သိလိုက်သည်။
သို့မဟုတ်လျှင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်မှ သူ့ကို ရှာတွေ့သွားခဲ့လျှင် သူသေရမည်မှာ ကျိန်းသေပင်ဖြစ်ပြီး ကျိုးကျွင်း သေဆုံးခဲ့ရသည်က အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
လီဟမ်ရှန်းနှင့် ကျိုးကျွင်း နှစ်ယောက်စလုံး မမျှော်လင့်ထားသည့်အရာမှာ မိုးသောက်ချိန်တွင်မှ ဤနေရာသို့ ရောက်ရှိလာမည်ဟု ယူဆရသည့် မဟာသူတော်စင်သည် ချိုင့်ဝှမ်းသို့ တစ်နာရီစောပြီး ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။