Grant မိသားစုထဲသို့ ဝင်ခြင်း
Vol. 1 Ch. 23
Ace ငိုချင်သွားသော်လည်း မျက်ရည်များက ကျမလာပေ။ သူအခုနောင်တရနေပြီဖြစ်သည်။ သူ့အခန်းတံခါးပွင့်လာသည့်အချိန်ကတည်းက ဤနေရာမှ ထွက်ပြေးသွားခဲ့သင့်ပြီး Eva ဆီမှ အဝေးသို့ ထွက်ပြေးသွားခဲ့သင့်ပေသည်။ သို့သော် ဤကမ္ဘာပေါ်တွင် နောင်တရခြင်းအတွက် ဖြေဆေးမရှိပေ။
အခုသူမကို ကတိပေးပြီးသွားပြီဖြစ်တာကြောင့် ကူညီရပေတော့မည်။ သူ၏မိဘများနှင့် အဖိုးအဖွားများသည် ကတိကိုမချိုးဖျက်ရန်နှင့် ပြောပြီးသားစကားများကို ပြန်မရုတ်သိမ်းရန် အမြဲတမ်း သင်ကြားပေးခဲ့ကြ၏။
‘Kelby မိသားစုကို ဖြေရှင်းဖို့ကတောင် ခက်ခဲနေပြီ။ အခု Grant မိသားစုကိုလည်း လုယက်ရဦးမယ်။ အဲ့ဒီမိသားစုထဲက ဘယ်တစ်စုကိုပဲ လုယက်လုယက် ကျန်တဲ့မိသားစုတစ်စုက နိုးနိုးကြားကြားဖြစ်သွားလိမ့်မယ်။ ဒီနေရာက အပြင်ပိုင်းဒေသလည်း မဟုတ်ဘူး။ ပြီးတော့ Kelby မိသားစုကို အရင်လုယက်လိုက်ရင် Eva ဒုက္ခရောက်သွားပြီး Asher လည်း သေချာပေါက် တစ်ခုခုကို သတိပြုမိသွားလိမ့်မယ်။ Eva ကို သံသယတောင် ဝင်လာနိုင်တယ်။’ Ace အလေးအနက် တွေးလိုက်သည်။
‘သူမက စိတ်တိုစရာကောင်းပေမယ့်လည်း ကြင်နာတတ်ပြီး ရိုးသားတဲ့ မိန်းကလေးတစ်ယောက်ပဲ။ သူမရဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တွေကိုတောင်မှ ပြောပြခဲ့သေးတယ်။ ငါ့ကိုယုံကြည်မှုပေးထားတဲ့သူတွေကို ငါမစွန့်ပစ်နိုင်ဘူး။’
Ace အကျပ်အတည်းထဲသို့ ကျရောက်နေပြီဖြစ်သည်။ Eva သာ သူမ၏ အတိတ်နှင့်လျှို့ဝှက်ချက်များကို မပြောပြခဲ့လျှင် စနစ်၏တာဝန်ကိုသာ လုပ်ဆောင်မည်ဖြစ်သည်။ ထို့အပြင် သူဝန်မခံချင်သော်လည်း ယခုသည် သူ့တစ်ဘဝလုံးတွင် ပထမဆုံးအကြိမ် သူငယ်ချင်းလုပ်ခြင်းဖြစ်သည်။
“နင်ဘာလို့ မိုးရွာသလို ချွေးတွေထွက်နေရတာလဲ။ အဲ့လောက်တောင် Kelby မိသားစုကို လုယက်ချင်နေတယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ငါတို့မိသားစုနှစ်စုလုံးကို လုယက်လို့ရတယ်လေ။” Ace အလွန်တုံးအသည့်ပုံ ပြုမူနေသည်ကို မြင်လျှင် နူးညံ့စွာဖြင့် Eva ပြောလိုက်သည်။ ထိုအရာက တော်တော်လေးပျော်ရွှင်စရာကောင်းသည်ကို သူရှာတွေ့သွားလေသည်။
“ငါတို့က ဘယ်လိုလို့ နှစ်ခုလုံးကို လုယက်နိုင်မှာလဲ?!?” Ace ချက်ချင်း ပြန်မေးလိုက်သည်။ ဖြစ်နိုင်လျှင် မည်သူ့ဆီကမှ သူမလုယက်ချင်ပေ။
“ငါ့အမေက တစ်ချိန်တည်းမှာပဲ ဘဏ္ဍာတိုက်သုံးခုကို လုယက်ဖူးတဲ့အကြောင်း ပြောပြဖူးတယ်။” သူမအမေ၏ အောင်မြင်မှုများကို သူမကိုယ်ပိုင် အောင်မြင်မှုလို ဂုဏ်ယူစွာဖြင့် Ace ကို ပြန်ပြောလိုက်လေသည်။
“အဲ့အကြောင်း ငါ့ကိုပြောပြ” ဒေါင်းလိုမာနကြီးသော ပုံစံမျိုးဟန်ဆောင်နေသော Eva ကို Ace လျစ်လျူရှုလိုက်ကာ သူ့ကိုဇာတ်ကြောင်းတစ်ခုလုံးပြောပြရန် တိုက်တွန်းလိုက်သည်။
Ace သည် ကျွမ်းကျင်သော သူခိုးတစ်ယောက်မဟုတ်ဘဲ ဤလောကထဲတွင် ဖွံ့ဖြိုးစလူသစ်ကလေး ဖြစ်ပေသည်။ မိသားစုကြီးတစ်ခုကို သူလုယက်နိုင်သော်လည်း တစ်ချိန်တည်းမှာပဲ နှစ်ခုလုံးကို လုယက်ရန်ကတော့ သူ့အတွက်လက်ရှိစွမ်းရည်များနှင့် မဖြစ်နိုင်သလောက်နီးပါးတာဝန်ပင်။ ထို့ကြောင့် Eva ၏အမေသာ အမှန် သူခိုးကြီးတစ်ယောက်ဆိုလျှင် သူမ၏အတွေ့ကြုံများသည် သူ့ကိုအကူညီဖြစ်စေနိုင်သော တန်ဖိုးရှိသည့်အရာများ ဖြစ်ပေသည်။
“သေချာနားထောင်” Eva စတင်၍ လေးလေးနက်နက်ပြောလိုက်လေသည်။
၂နာရီကြာပြီးနောက်
Eva ၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် Ace ၏ မျက်လုံးများသည် ကြယ်များလို တောက်ပနေပြီဖြစ်ပြီး ထိုသို့ခိုးယူလုယက်မှုကို ပြီးမြောက်နိုင်သည့် နည်းလမ်းကြောင့် အံဩနေ၏။ သူယခု အပြည့်အဝ ယုံကြည်ချက်ရှိနေပြီ ဖြစ်သည်။ Eva ၏အမေသည် အမှန်ကို ကြီးမြတ်သောသူခိုးတစ်ယောက်ဖြစ်ပြီး သူမ၏ဇာတ်ကြောင်းတစ်ပုဒ်ထဲကနေပင် သူအများအပြားကို လေ့လာသင်ယူနိုင်ခဲ့၏။
‘ဘယ်အရူးက သူခိုးတစ်ယောက်ဖြစ်ရတာကို လွယ်ကူတယ်လို့ ပြောခဲ့တာလဲ။ ခိုးယူမှုတစ်ခုပဲဆိုရင်တောင် အစီစဥ်တွေအများကြီး လိုအပ်တယ်။ ငါ့အမြင်မှာတော့ သူခိုးတစ်ယောက်ဖြစ်ရတာက ကောင်းကင်ဘုံကို တက်ရတာထက်တောင် ခက်သေးတယ်။’ ခါးသီးစွာဖြင့် Ace ပြောလိုက်သော်လည်း စိတ်လှုပ်ရှားမှု အရိပ်ယောင်များ သူ့မျက်လုံးထဲတွင် ရှိနေ၏။
“ပထမဆုံး ငါတို့ရဲ့ ပစ်မှတ်ကို ရွေးရမယ်။ အဲ့တာကို မင်းရွေးလိုက်။ ငါက Grant မိသားစုထဲကို ခိုးဝင်မယ်။ ငါတို့ဒါကို လုပ်ရင် တော်တော်လေးကို ဂရုစိုက်မှရမယ်။ အမှားသေးသေးလေးပဲ လုပ်မိရင်တောင် ငါတို့သွားပြီပဲ။ ငါကတော့ လွတ်မြောက်နိုင်တယ်ဆိုပေမယ့် နင်ကတော့ သေသွားလိမ့်မယ်။ အဲ့တော့ အမြဲတမ်းသတိထားဖို့ မှတ်ထား။” Ace သူမကို လေးနက်စွာ သတိပေးလိုက်သည်။
Eva ကို အပြင်လူတစ်ယောက်ဟု သူသဘောမထားတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူတောင်းဆိုခဲ့သည်ထက် ပို၍ ကူညီပေးနေပြီး မသိလိုက်စွာဖြင့် သူမကို အမှန်တစ်ကယ် အသင်းဖော်တစ်ယောက်လို စတင်ဆက်ဆံနေပြီဖြစ်သည်။
“စိတ်မပူပါနဲ့။ အရေးအကြီးဆုံးတာဝန်က နင်လုပ်ရမှာ။ နင်က ဒီတာဝန်ရဲ့ အဓိကပဲ။ အဲ့တော့ နင်ကငါ့ထက်ပိုပြီး ဂရုစိုက်ရမယ်။” ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကာ သူမပြန်ပြောလိုက်သည်။
Ace ၏သဘောထားများ ပြောင်းလဲသွားသည်ကို သူမလည်း သတိပြုမိပေသည်။ သူ၏အသံထဲမှနေ၍ စစ်မှန်သော စိုးရိမ်ပူပန်မှုကို ခံစားရပေသည်။ အဆုံးမှာတော့ သူမဒါတွေအားလုံးကို လုပ်ခဲ့သည်မှာ Ace ၏ ယုံကြည်မှုနှင့် ရိုးသားမှုကို ရရှိရန်ဖြစ်ပြီး သူနှင့် အသင်းဖွဲ့ချင်ခဲ့၍ပင်။ သူမအမေတစ်ခါက သူမကို ပြောခဲ့ဖူးသည်မှာ “ကြီးမြတ်တဲ့သူခိုးတစ်ယောက်မှာ ကြီးမြတ်တဲ့အသင်းဖော်တစ်ယောက် လိုအပ်တယ်” ဟူ၍ပင်။ ထို့ကြောင့် Ace သည် သူမအတွက် ပြီးပြည့်စုံသော အသင်းဖော်တစ်ယောက်ပင်။ သူသည် ဉာဏ်ကောင်းကာ၊ ထက်မြက်သော စွမ်းရည်များနှင့် သစ္စာရှိပြီး ယုံကြည်၍ရသောသူ ဖြစ်လေသည်။ သူမဝန်ခံရမည်မှာ သူသည် ချောမောသောသူတစ်ယောက်လည်း ဖြစ်ပေသည်။
ထို့ကြောင့် အစကတည်းက သူ့ကို အမှန်များသာပြောပြခဲ့ပေသည်။ Ace လိုလူမျိုးသည် စစ်မှန်သောသူငယ်ချင်းကောင်းတစ်ယောက်ကို စွန့်ပစ်မှာ၊ သစ္စာဖောက်မှာ မဟုတ်ဟု သူမသိ၍ ဖြစ်သည်။ ထို့အပြင် သူမနှင့်သူသည် နီးစပ်သည်ဟု ဝိုးတိုးဝါးတားခံစားမိပြီး သူမ၏ ယုံကြည်မှုများအားလုံးကို မသိသောအကြောင်းပြချက်ကြောင့် ပုံအပ်ခဲ့၏။ ထိုယုံကြည်မှုသည် သူမ၏သွေးနှင့် စိတ်ဝိညာဥ်ဆီမှ တိုက်ရိုက်လာခြင်းပင်။
Eva သည် ထိုထူးဆန်းပြီး ရှင်းပြ၍မရနိုင်သော ခံစားချက်များကို သူမအမေနှင့်တူသော သူခိုးတစ်ယောက်နှင့် တွေ့ဆုံခဲ့ရတာကြောင့်ဟုသာ တွေးလိုက်သည်။ သူမ၏ စိတ်အာရုံများအားလုံးသည် သူမကို နှစ်များစွာ အစေခံလိုဆက်ဆံခဲ့သော မိသားစုနှစ်စုလုံးကို လုယက်ခိုးယူရန်အပေါ်တွင်သာ ထားရှိထား၏။ နောက်ဆုံးတွင် သူမ၏ ချိုမြိန်သောလက်စားချေမှုအတွက် အချိန်ကျရောက်ပြီဖြစ်သည်။
သူမတစ်ချိန်တည်းတွင် စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုကို ခံစားရ၏။ စိတ်လှုပ်ရှားသည်မှာ နောက်ဆုံးတွင် သူမ၏အိမ်မက် အမှန်တစ်ကယ်ဖြစ်လာပြီး သူမအမေလိုမျိုး ဖြစ်လာနိုင်ပြီဖြစ်သည်။ ကြောက်ရွံ့သည်မှာ မည်သည့်မတော်တဆမှုကြောင့်ပင်ဖြစ်စေ Ace နှင့်အဖွဲ့ကို မပျက်စီးသွားစေချင်၍ ဖြစ်သည်။
“မင်းအရင်သွားပြီး Asher ကို ပြန်တင်ပြသင့်တယ်။ သူကငါတို့အစီစဥ်ရဲ့ အကြီးမားဆုံး အတားအဆီး ဖြစ်နိုင်တယ်။ အဲ့တော့ ဖြစ်နိုင်သမျှမြန်မြန် သူ့ကို ဖယ်ရှားသင့်တယ်။” Ace ၏မျက်နှာပေါ်တွင် နတ်ဆိုးအပြုံးတစ်ခုရှိနေကာ ပြောလိုက်သည်။
“ဟုတ်ပြီ။ နက်ဖြန်မှ တွေ့မယ်” ထို့နောက် နောက်ဆုံးတစ်ကြိမ် Ace ကို Eva ကြည့်လိုက်ကာ မီးခိုးလို ပျောက်ကွယ်သွားတော့သည်။
“သူမမှာ စွမ်းရည်အချို့တော့ရှိပုံပဲ။” Ace ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
မနက်ခင်း Kelby ဆိုင်၏ ထပ်ဆုံးအလွှာတွင်
“မင်းသူ့ကို မရှာနိုင်ဘူးလား” Asher ၏ ဒေါသသံသည် အလွှာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
“ဟုတ်ကဲ့။ သူ Caleb ဆီကနေ လွှတ်မြောက်သွားပြီးတဲ့နောက် မြို့ထဲကနေ အလျင်အမြန်ပဲ ထွက်ပြေးလွှတ်မြောက်သွားခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတော့ အတွင်းပိုင်းဒေသရဲ့အစောင့်က သူနဲ့ပုံစံတူရှိတဲ့သူတစ်ယောက်က အတွင်းပိုင်းဒေသကနေ ထွက်သွားတာ မြင်လိုက်ရတယ်လို့ ရှာတွေ့ခဲ့တယ်။” အေးစက်နေသော်လည်း ချိုမြိန်သော အသံသည် ပြန်ဖြေလိုက်၏။ သူမသည် Eva ဖြစ်ပြီး ယခုတွင် အနက်ရောင်မြေခွေးဖြစ်လေသည်။ သူမ၏ ပုံမှန်ဝတ်ဆင်နေကြ ဝတ်စုံပြည့်အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားကာ သူမမျက်လုံးများသည် ရေခဲလို အေးစက်နေ၏။ ယမန်နေ့ညက Ace နှင့်တွေ့ဆုံခဲ့သော ဖျတ်လတ်တက်ကြွနေသည့် မိန်းကလေးနှင့် လုံးဝမတူပေ။
“အဲ့လူလိမ်က ငါ့ကို ဒီလိုတွေလုပ်ပြီး ထွက်ပြေးသွားတယ်ပေါ့။ သူ့ကို မနှိပ်စက်ရမချင်း ငါငြိမ်းငြိမ်းချမ်းချမ်း မအိပ်စက်နိုင်ဘူး။ သူလာခဲ့တဲ့နေရာကို သွားရှာ။ ဘာပဲဖြစ်ဖြစ် သွားရှာလာခဲ့!!” Asher ဒေါသကြောင့် အံကြိတ်လိုက်ကာ အော်ဟစ်လိုက်၏။ Ace ကို မတွေ့တွေ့အောင်ရှာဖွေရန် သူဆုံးဖြတ်ထားလေသည်။
အနက်ရောင်မြေခွေး ခံစားချက်မဲ့စွာ ပြန်ဖြေလိုက်သည်။ “ရှာခဲ့ပြီးပါပြီ။ သူက အနီရောင်တောင်တန်းမြို့တော်ကနေ ထွက်ပေါ်လာခဲ့တာ။”
“ဘာ!? အနီရောင်တောင်တန်းမြို့တော်?” Asher ၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြို့တော်ကို သူသေချာပေါက်သိ၏။ ပြဿနာသည် အနီရောင်တောင်တန်းမြို့တော်က ကြယ်တစ်ပွင့်မြို့တော်ဖြစ်နေခြင်းပင်။ ဆိုလိုသည်မှာ ထိုမြို့သည် သူအကြောင်းမရှိဘဲ သွားရှုပ်၍မရသော မြို့ကြီးဖြစ်လေသည်။
“အဲ့ကောင်က အနီရောင်တောင်တန်းမြို့တော်ကဆိုတာ သေချာလား” Asher မရေရာစွာ မေးလိုက်သည်။
“ဟုတ်ကဲ့ နှစ်ကြိမ်တောင် စစ်ဆေးခဲ့ပြီးပါပြီ။ ကြည့်ရတာတော့ သူက အနီရောင်တောင်တန်းမြို့တော်က သေချာပါတယ်။” Eva အေးစက်စွာ ပြန်ဖြေလိုက်သည်။
အနက်ရောင်မြေခွေးက သူ့ကို လိမ်ရဲမည်ဟု သူတွေးပင် မတွေးရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမနှင့်အတူရှိနေသည်မှာ ငါးနှစ်ရှိပြီဖြစ်ပြီး ဘယ်တုန်းကမှ သူ့ကို မလိမ်ခဲ့ဖူးသလို သူမ၏ တာဝန်များကိုလည်း မကျရှုံးခဲ့ဖူးပေ။ သူမသည် မပင်ပန်းနိုင်သော သို့မဟုတ် အမိန့်များကို ဆန့်ကျင်မှုမရှိသော စက်ရုပ်လိုပင်ဖြစ်သည်။ ထို့ကြောင့် သူမကို သူမျက်စိစုံမှိတ်ယုံကြည်၏။ ထိုအရာက Ace နှင့် Eva တို့၏ သူ့ကိုလမ်းမှားရောက်စေမည့် အကြံစည်ဖြစ်သည်ဟု ရှာတွေ့စေလိမ့်မည် မဟုတ်ပေ။
Asher သက်ပြင်းရှည်ကြီး ချလိုက်ကာ အလွန်အမင်းစိတ်ပျက်သွားသည်။ သူ့ကို ကြွက်-ျီးနံ့ရှူစေခဲ့သော တစ်စုံတစ်ယောက်သည် သူ့လက်ထဲမှ ထွက်ပြေးလွှတ်မြောက်သွားသည်ကို ယုံကြည်ရန် ခက်ခဲနေ၏။ ထိုအရာသည် သူ့ဘဝ၏အကြီးမားဆုံး အရှက်တကွဲဖြစ်ခြင်းပင်။ သို့သော် လက်စားပင်ပြန်မချေနိုင်ခြင်းမှာ သူ့ဒေါသကို နောက်အဆင့်တစ်ခုသို့ ရောက်ရှိသွားစေသည်။
သို့သော်လည်း သူကြယ်တစ်ပွင့်မြို့သို့ လက်စားချေရန် မသွားနိုင်ပေ။ အကယ်၍ သူသွားခဲ့လျှင်ပင် ထိုမြို့ကြီးထဲမှ မည်သည့်နေရာတွင် သွားရှာဖွေရမည်နည်း။ သူ၏ပုံစံမည်သို့ရှိသည်ကိုပင် သူ မသိပေ။ Caleb တစ်ယောက်သာ သိ၏။
Asher အရှက်တကွဲဖြစ်မှုကို မျိုသိပ်လိုက်ကာ လက်စားချေရန် လက်လျှော့တော့မည့်အချိန်တွင် Eva ပြောလိုက်သည်။ “သူနေခဲ့တဲ့နေရာကနေ ဒီစာတိုလေးကိုလည်း ရှာတွေ့ခဲ့တယ်။” ခေါက်ထားသော စာရွက်ဖြူလေးတစ်ရွက်ကို Asher ဆီသို့ သူမလှမ်းပေးလိုက်သည်။
ထိုစာရွက်လေးသည် Asher ၏နောက်ဆုံးသည်းခံမှုကောက်ရိုးမျှင်လေးကို ပြတ်ထွက်သွားစေမည့် အရာလေးပင်။
Asher ၏မျက်ခုံးများ ကြုပ်သွားကာ စာရွက်ကို ယူလိုက်သည်။ “ငါ့ရဲ့လက်ဆောင်က ဘယ်လိုနေလဲ? ဟီးဟီးဟီး!”
ထိုစကားလုံးများတွင် လှောင်ပြောင်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်းများ ပြည့်နှက်နေ၏။
“ခွေးသူတောင်းစား မျိုးမစစ်ကောင်!!!” Asher ဒေါသများဖြင့် ပေါက်ကွဲသွားတော့သည်။ သူ၏ချောမောသော မျက်နှာသည်လည်း မီးသွေးခဲလို နက်မှောင်သွားကာ သူ၏နှဖူးပေါ်မှ သွေးကြောများသည်လည်း အချိန်မရွေး ပေါက်ကွဲသွားတော့မလို ထောင်ထနေ၏။ ဤကဲ့သို့ မထီမဲ့မြင်ပြုသောစကားလုံးများကို မည်သူရေးခဲ့သည်ကို သူသိပေသည်။
“အနက်ရောင်မြေခွေး! ငါ့အဖိုးဆီကို သွားပြီးတောင်းဆိုခဲ့။ ဘယ်လောက်ပဲကုန်ကျပါစေ၊ အဲ့မျိုးမစစ်ကောင်ကို ငါရချင်တယ်။ ငါကိုယ်တိုင်ငရဲကို သွားရမယ်ဆိုရင်တောင်မှပဲ။” အမုန်းတရားများပြည့်နေသော မျက်နှာဖြင့် Asher အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် သူ၏ဆင်ခြင်သုံးသပ်နိုင်မှု ပျောက်ဆုံးသွားပြီဖြစ်သည်။ Ace က သူ့ကို မြို့ပြင်ပို့ရန် စီစဥ်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု ဘယ်တော့မှ တွေးမိလိမ့်မည်မဟုတ်ပေ။
“ဟုတ်ကဲ့” Asher ၏ အမိန့်ကို လက်ခံရရှိပြီးနောက် Eva ပျောက်ကွယ်သွားတော့သည်။
‘အရူးကောင်’ သူမစိတ်ထဲမှနေ၍ Asher ကို လှောင်ပြောင်လိုက်သည်။
Asher ပေါက်ကွဲနေချိန်တွင် Ace သည် Grant မိသားစုနယ်မြေသို့ ဦးတည်လာနေ၏။
ရုတ်တရက် လေပြေလေညှင်းသည် သူ့ကိုဖြတ်သန်းသွားကာ သူ၏လက်ထဲသို့ စာရွက်တစ်ရွက်ရောက်လာ၏။ ထိုအရာသည် အနက်ရောင်မြေခွေးကြောင့်ဖြစ်မှန်း သိတာကြောင့် သူအံ့ဩမသွားပေ။
ထိုစာရွက်မှ စာကိုဖတ်လိုက်ကာ မကောင်းဆိုးဝါးတစ်ကောင်လို ရယ်မောတော့သည်။ “Eva ပြောသလိုပဲ။ ဒီအရူးက တစ်ကယ်ယုံသွားတယ်။” ထိုစာထဲတွင် Asher ၏ လက်ရှိလုပ်ရပ်များကို ရေးထား၏။ စာဖတ်လိုက်ပြီးနောက် ထိုစာရွက်ထဲသို့ ကောင်းကင်ဘုံချီအနည်းငယ်ကို ပို့လွှတ်လိုက်သည့်အခါ စာရွက်အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွား၏။
‘ကြည့်ရတာ အခုငါ့အလှည့်ပဲ’ Ace ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းလိုက်ကာ Grant မိသားစုနယ်မြေထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
Grant မိသားစုသည် ချီအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေလှမ်းတစ်ဝက်မျှသာ လိုတော့သည့် ချီတံခါးနယ်ပယ်၏ အထွတ်အထိပ်သို့ရောက်ရှိနေသော ကျွမ်းကျင်သူရှိတာကြောင့် ဤအတွင်းပိုင်းဒေသထဲတွင် နံပါတ်၂နေရာ၌ရှိ၏။ ထိုကျွမ်းကျင်သူသည် Grant မိသားစုကို လက်ရှိဦးဆောင်နေသည့် Asher ၏အဖိုး Rylan Grant ပင် ဖြစ်သည်။
ချီအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်သည် ချီတံခါးနယ်ပယ်ပြီးနောက် နောက်တစ်ဆင့်ဖြစ်သည်။ မြို့တော်သခင်၏ Layton မိသားစုသည် အတွင်းပိုင်းဒေသထဲတွင် နံပါတ်၁ဖြစ်ပြီး မြို့တော်သခင်သည်သာ ချီအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်တွင် ရှိ၏။
လက်ရှိတွင် Ace သည် အဆောက်အဦးဟောင်းတစ်ခု၏ရှေ့တွင် မတ်တပ်ရပ်နေ၏။
ထိုနေရာသည် Grant မိသားစု၏ အစေခံများအားလုံးနေသော နေရာဖြစ်ပြီး Grant မိသားစုသည် အစေခံများကို သူတို့၏နယ်မြေအတွင်းမှ အပြင်သို့ ထွက်ခွင့်မပြုပေ။ Grant မိသားစုဝင်များ၏ မျက်လုံးများထဲတွင် သူတို့သည် လူများမဟုတ်ဘဲ အစေခံများသက်သက်သာ ဖြစ်၏။
Ace လျင်မြန်စွာဖြင့် အဆောက်အဦးထဲသို့ ဝင်သွားသည်။ ဤနေရာတွင် အစောင့်မကြပ်သည်ကို သူသိပေသည်။ အစေခံများ၏ အစောင့်ကိုလည်း သူဂရုမစိုက်ပေ။ မိသားစုစစ်ဆေးရေးဂိတ်များအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး အစေခံများနေရာအဆောက်အဦးသို့ ရောက်ရှိခဲ့လျှင် အစောင့်များ ထပ်မရှိတော့ပေ။
အဆောက်အဦးဟောင်းကြီးထဲသို့ Ace ဝင်သွားသည်။
အထဲတွင် သန့်ရှင်းနေသော်လည်း ထူးဆန်းသောအနံ့များ ထွက်နေ၏။ အခန်းများအတန်းလိုက်ကို မြင်လိုက်ရပြီး အခန်းတံခါးများအားလုံးတွင် သော့များမရှိပေ။ မည်သူမဆို ဆန္ဒရှိသလို ဝင်ထွက်သွားလာနိုင်၏။ ၎င်းသည် Grant မိသားစုက သူတို့၏အစေခံများအပေါ် ဆက်ဆံသောပုံစံပင်။ သူတို့ကို တရိစ္ဆာန်များလိုသာ ဆက်ဆံ၏။
Ace ဒေါသထွက်သွားသည်။ အတွင်းပိုင်းဒေသမှ ဂုဏ်သရေရှိသော မိသားစုများသည် အပြင်ပိုင်းဒေသထက် ပိုဆိုးဝါးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အနည်းဆုံး အပြင်ပိုင်းဒေသတွင် လူသားများကို တိရိစ္ဆာန်များလို မဆက်ဆံကြပေ။
သို့သော်လည်း အမှန်တစ်ကယ်မှာတော့ ထိုသို့ ဆက်ဆံခံရမှုများရှိပေသည်။ Ace က ထိုအကြောင်းများကို မသိခြင်းသာ။
Ace ဒေါသများကို ဖိနှိပ်လိုက်ကာ အပေါ်ထပ်ဆီသို့ အလျင်အမြန်တက်သွားလိုက်သည်။ ထိုနေရာတွင် ပထမထပ်ထက် ပို၍အခန်းများနည်းပါးပေသည်။ သို့သော် ထိုအခန်းများတွင် မည်သည့်တံခါးမှ မပါရှိဘဲ အထဲတွင် ငယ်ရွယ်သောကောင်လေးများ ရှိ၏။ သူတို့၏အခြေနေသည် သေနေသည်ထက်ပင် ပို၍ ဆိုးဝါးနေ၏။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ဒါဏ်ရာများရှိနေပြီး အချို့မှာ ခြေလက်များပင် မရှိတော့ပေ။
ထိုကောင်လေးများသည် Grant မိသားစု၏ သခင်လေးများအတွက် ‘လေ့ကျင့်ရေးအဖော်များ’ ဖြစ်ပေသည်။ သူတို့တွင် အလုပ်တစ်ခုတည်းရှိကာ ထိုအလုပ်မှာ အရိုက်နှက်ခံရရန် ဖြစ်လေသည်။ သူတို့သည် Grant မိသားစု၏ မျိုးဆက်သစ်များ စွမ်းရည်စမ်းသပ်ရာတွင် ကူညီပေးနေသည့် သက်ရှိရုပ်သေးရုပ်များလိုသာ နေထိုင်နေကြရခြင်းဖြစ်၏။ လေ့ကျင့်နေစဥ်အတွင်း သေဆုံးသွားခဲ့လျှင်ပင် မည်သူမှ ဂရုစိုက်မည်မဟုတ်ပေ။ သူတို့နေရာတွင် အခြားသူဖြင့် အစားထိုးခံလိုက်ရမည်သာ ဖြစ်၏။ သူတို့သည် Grant မိသားစု၏ မျိုးဆက်သစ်များ ထက်မြက်လာစေရန်အတွက် မထင်မရှား စမ်းသပ်ခံကျောက်တုံးလေးများသာဖြစ်၏။
Ace သည် ဤနေရာတွင် ‘လေ့ကျင့်ရေးအဖော်’ ဖြစ်လာရန် ရောက်လာခဲ့ခြင်းပင်။