ဟက်ကာများ၏ ထိုးဖောက်မှုများ
Vol. 44 Ch. 652
ရဲ့လင်းချန်က ပခုံးတွန့်၍ ပြန်မေးလိုက်သည်။
“ဆိုတော့ မင်းက ငါ့ကို အပြစ်တင်နေတာလား”
ထိုသတင်း၏ နောက်ကွယ်မှ အင်အားစုက ဘယ်သူလဲ ဆိုသည်ကို အရူးပင် သိနိုင်ပေသည်။
သို့သော် ၎င်းသည် ရဲ့လင်းချန် စိုးရိမ်သော ပြဿနာ မဟုတ်ပေ။ အင်တာနက် လောကသည် ရှုပ်ထွေးလှပြီး ကွန်ရက် စောင့်ကြည့်ခြင်း၌ အထူးပြု ကျွမ်းကျင်သော သူများ ရှိသည်က သဘာဝပင်။ ၎င်း၏ နယ်ပယ်က ကြီးမားသော်လည်း ပုံမှန် မဟုတ်သော IP လိပ်စာများကို အာရုံစိုက်ခြင်းက သူတို့ အလုပ် မဟုတ်ပေ။ သူ၏ အဓိက အွန်လိုင်း လိမ်လည်သူများကို ခြေရာခံခြင်း၊ ဟက်ကာများကို ဖမ်းခြင်းနှင့် ဗိုင်းရပ်စ် ဖန်တီးသူများကို စုံစမ်းခြင်း ဖြစ်သည်။
ကွန်ရက်ဒေတာအတွင်းမှာ မူမမှန်မှုသည် လူအများစု အာရုံမထားသော အသေးစား ပြဿနာ တစ်ခု ဖြစ်သည်။
ကိုရီးယားနိုင်ငံ။
စွန့်ပစ်ဂိုထောင်တစ်လုံး၏ ကျယ်ပြန့်သော နေရာအကျယ်အဝန်းထဲ၌ ကွန်ပျူတာများနှင့် ပြည့်နေသည်။ လူတစ်ယောက်ပြီး တစ်ယောက် ဝင်လာပြီး ကွန်ပျူတာရှေ့၌ ထိုင်နေကြသည်။
ကွန်ပျူတာ ဖန်သားပြင်က မည်းနက်နေပြီး အင်္ဂလိပ်စာသားများစွာက ပေါ်နေသည်။
“Two of Hearts၊ အားလုံး ရောက်ပြီလား”
လူတစ်ယောက်က မေးလာသည်။
“ငါတို့စခန်းက အဆင်သင့်ပဲ၊ ဒါပေမဲ့ အခြားစခန်း သုံးခုက အသင့် မဖြစ်သေးဘူး”
Two of Hearts က ပြန်ပြောသည်။
“ဒါဆို ငါတို့ စောင့်ကြတာပေါ့”
“King of Spades၊ ငါတို့လူတွေက သူတို့ကို ဖျက်ဆီးတာထက်တောင် ပိုနေသေးတယ်၊ ဘာလို့ ငါတို့က စောင့်ဖို့ လိုတာလဲ”
“ငါတို့ နောက်ထပ် ညွှန်ကြားချက်တွေကို စောင့်နေတာ”
King of Spades က အသံ ခပ်နိမ့်နိမ့်ဖြင့် ပြန်ပြောသည်။
အခြား လျှို့ဝှက်နေရာ သုံးခုတွင်းလည်း အခြေအနေက အတူတူပင်။ လူအများစုက သူတို့၏ ကွန်ပျူတာရှေ့၌ ထိုင်နေပြီး စိတ်ရှည်လက်ရှည် စောင့်နေကြသည်။
“ဟဲဟဲ၊ အင်တာနက်ပေါ်က လူထုအမြင်ရဲ့ အကျိုးသက်ရောက်မှုကို စပြတော့မယ်၊ အထူးသဖြင့် နိုင်ငံတကာ ကဏ္ဍမှာပေါ့၊ ဒါက ငါတို့ကို အများကြီး အကျိုးအမြတ် ရစေတာပဲ”
တရုတ်နိုင်ငံ၌ ကင်ဟျွန်းမင် ဘာဖြစ်ခဲ့သလဲ ဆိုသည်ကို တရုတ်လူမျိုးများသာ သိသည်။ သို့သော် ကိုရီးယားနိုင်ငံက အမှားကို အမှန်လုပ်၍ အခြေအနေကို ပြောင်းပြန်လှန်ကာ ကမ္ဘာပေါ်ရှိ လူအများကို လှည့်စားနေသည်။
“ဒါ တရုတ်လူမျိုးတွေအတွက် သင်ခန်းစာတစ်ခု သက်သက်ပဲ၊ အရေးအကြီးဆုံးက နတ်ဆေးဆရာဝိုင်ရဲ့ ခွေးရူးပြန် ရောဂါ ကုသဆေး ဆေးညွှန်းကို ခြေရာခံဖို့ပဲ၊ အဲ့ဆေးညွှန်းကြောင့် သူ့ကိုယ်သူ မြင့်မြတ်ပြီလို့ ထင်နေတာလား မသိဘူး၊ ငါတို့ သူ့ကို ပညာ ပြပေးရတာပေါ့”
လူတိုင်း ရယ်နေကြသည်။
“ငါတို့လူမျိုးကို စော်ကားပြီး ငါတို့တွေကို ညီညွတ်ဖို့ ရှားရှားပါးပါး အခွင့်အရေး ပေးလာတာက သူတို့အတွက် ကံဆိုးတာပဲ၊ တရုတ်ရဲ့ ကွန်ပျူတာ နည်းပညာက နိုင်ငံတကာမှာ နောက်ကောက်ကျနေပြီ၊ အဲ့တော့ သူတို့ ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ဒီတခေါက် ငါတို့ သူတို့ကို တောင်းပန်တဲ့အဆင့် ရောက်အောင် သေချာလုပ်ရမယ်”
King of Spades: “အားလုံး ရန်သူကို အထင်မသေးကြနဲ့၊ တရုတ်နိုင်ငံမှာ လူတွေ အများကြီးပဲ၊ အဲ့တော့ ကျွမ်းကျင် ဟက်ကာသမားတွေ ရှိနေနိုင်တယ်၊ ရှင်းရှင်းပြောရရင် ငါတို့ တာဝန်ကို ပြီးဖို့ပဲ အာရုံစိုက်ရမယ်၊ ရည်ရွယ်ချက်မရှိဘဲ ရန်မဖြစ်နဲ့၊ ပြီးတော့ ရန်သူကို အထင်မသေးနဲ့”
Two of Hearts: “ကျစ် … ကျွမ်းကျင်သူနဲ့ တွေ့ဖို့က ငါ မျှော်လင့်နေတဲ့ အရာပဲလေ”
“ဟုတ်တယ်၊ ငါ့လက်ချောင်းတွေက နားလို့မရသလို ဖြစ်နေတယ်၊ ငါတို့ အင်အားချင်း ယှဉ်ဖို့ ငါ လက်ယားနေပြီ”
လူတိုင်း၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ဝဲပျံနေပြီး သာမန်လူတိုင်းကို ခေါင်းမူးသွားစေလောက်သည့် ပရိုဂရမ် စာသားများ တန်းစီ ရိုက်ကြလေသည်။ ကွန်ပျူတာသိပ္ပံ ပရော်ဖက်ဆာတောင်မှ ဤကုတ်စာသားများကို မြင်လျင် စိတ်ရှုပ်ထွေးသွားလောက်သည်။
ဟက်ကာ လောကအကြောင်း သိသူများဆိုလျင် ဤနေရာမှ လူတစ်စုကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကာ ကြက်သေ သေသွားလောက်သည်။
အကြောင်းရင်းမှာ ဤလူတစ်ဦးတစ်ယောက်ချင်းစီက ပိုင်ဆိုင်ထားသည့် ကြီးမားသော အရည်အချင်းကြောင့် ဖြစ်သည်။ သူတို့သည် အကျော်အမော်များ ဖြစ်ကြလေသည်။
Two of Hearts လူငယ်ဘဝကဆိုလျင် ဗိုင်းရပ်စ်တစ်ခုကို ကိုယ်တိုင် ဖန်တီးပြီး ကိုရီးယားနိုင်ငံ၏ ကွန်ရက် တစ်ခုလုံးကို ညတွင်းချင်း ဟက်ခဲ့သည်။ ထိုနေ့တွင် လူတိုင်း၏ ကွန်ပျူတာ ဖန်သားပြင်က ဖြူနေပြီး ဘီလီယံချီ၍ ဆုံးရှုံးနစ်နာမှုများ ဖြစ်ခဲ့ကြသည်။ သို့သော်ငြားလည်း သူ အပြစ်ကျူးလွန်းကြောင်း ပြနိုင်သည့် သက်သေ တစ်စုံတစ်ခုကိုပင် မပြနိုင်ခဲ့ပေ။
King of Spades သည် ကိုရီးယားနိုင်ငံတွင်း၌ နာမည်ကြီး ဟက်ကာတစ်ဦး ဖြစ်ပြီး ဝါရင့်များထဲမှ တစ်ယောက်ဟု ဆိုနိုင်ပေသည်။ သူသည် တစ်ချိန်က ကလဲ့စားချေလိုသည့် စိတ်ဖြင့် စာရင်းရှိသော ကုမ္ပဏီတစ်ခု၏ ဌာနချုပ်ကို ဟက်ကာ ကုမ္ပဏီ၏ လျှို့ဝှက်ချက်များနှင့် မှောင်ခို အရောင်းအဝယ်များအား အများပြည်သူကို ချပြခဲ့သည်။ သူသည် တစ်ညတည်းနှင့်တင် ထိုကုမ္ပဏီကို ဒေဝါလီခံရပြီး ပြိုလဲအောင် လုပ်နိုင်ခဲ့သည်။
သူတို့နှစ်ယောက်အပြင် အခြားသူများသည်လည်း ကိုရီးယားနိုင်ငံမှ ထိပ်တန်း ဟက်ကာများ ဖြစ်ကြသည်။ အချို့သည် ဗိုင်းရပ်စ် ကာကွယ်သည် ဆော့ဖ်ဝဲလ်များကို ဖန်တီးခဲ့ပြီး အချို့က ကိုရီးယားနိုင်ငံ တစ်ခုလုံး၏ ကွန်ရက် လုံခြုံရေးအတွက် တာဝန်ယူထားသူများ ဖြစ်သည်။ သူတို့၏ နာမည်ဆိုးဖြင့် ကျော်ကြားခြင်းက လူတိုင်းကို ကြောက်လန့်သွားစေလောက်သည်။
သူတို့ထဲက မည်သူမဆို၌ အင်တာနက်လောကတွင် ကိုယ်စီ ကျော်ကြားမှုများ ရှိကြလေသည်။
သို့သော် ယနေ့၌ သူတို့သည် အင်အား ပူးပေါင်းသကဲ့သို့ စည်းလုံးနေကြသည်။
“ငါ IP ဝင်ပေါက်ကို တွေ့ပြီ”
သူတို့ထဲက တစ်ယောက်က ရုတ်တရက် အော်ပြောလာသည်။ တစ်ချိန်တည်းမှာပင် လူတိုင်း၏ desktop မှ အကြောင်းအရာက ပြောင်းလဲကုန်ပြီး သူတို့၏ အမူအရာများက လေးနက်လာလေသည်။
အားလုံး အသင့်ပြင်၊ စတော့၊ မင်းတို့ရဲ့ ကိုယ်ပိုင် တိုက်ပွဲကို ဆင်နွှဲပြီး အခွင့်အရေးကို ရှာကြ၊ မင်းတို့ အပျော်ရှာပြီး ဝရုန်းသုန်းကား ဖြစ်အောင် လုပ်လို့ရတယ်၊ ဒါပေမဲ့ ဒီနေ့အတွက် မင်းတို့ရဲ့ တာဝန်တွေကို သတိရကြ၊ နတ်ဆေးဆရာဝိုင်နဲ့ ပတ်သက်တဲ့ တည်နေရာနဲ့ သတင်းအားလုံးကို ခြေရာခံကြ၊ အထူးသဖြင့် သူ့ရဲ့ ခွေးရူးပြန် ရောဂါ ကုသဆေးရဲ့ ဆေးညွှန်းပဲ၊ ငါတို့ အဲ့ဒါကို ငါတို့လက်ထဲ ရောက်အောင် လုပ်ကိုလုပ်ရမယ်”
“ဟေး … ဘုရင်ကြီးနဲ့ ဘုရင်လေးက မရောက်သေးဘူးလေ၊ ငါတို့ ဒီလိုပဲ လှုပ်ရှားတော့မလို့လား”
“ငါတို့မှာ လူလုံလုံလောက်လောက် ရှိနေပြီပဲ၊ ငါတို့ ဘာလို့ ဘုရင်ကြီးနဲ့ ဘုရင်လေးကို လိုဦးမှာလဲ၊ တရုတ်တွေရဲ့ နည်းပညာက အမေရိကန်ကို ယှဉ်နိုင်မယ်လို့ ထင်လား”
“မင်းတို့ ကာဗာ ယူထားတာကို သတိထားကြ၊ မင်းတို့ရဲ့ IP လိပ်စာတွေကို ဖုံးထားပြီးတော့ ဘာသက်သေမှ မကျန်စေနဲ့”
“အိုကေ”
“နားလည်ပြီ”
“ဝါးဟားဟားဟား … ငါ မစောင့်နိုင်တော့ဘူးဟေ့”
ဟက်ကာ အဖွဲ့က ကွန်ပျူတာကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ နှုတ်ခမ်းသပ်၍ သူတို့၏ ကီးဘုတ်၌ ရိုက်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများကြောင့် တည်ငြိမ်နေသော ကွန်ရက်သည် ရုတ်တရက် လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။ ထိုလှိုင်းက ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်း ဟက်ကာများ၏ အာရုံကို ဖမ်းစားသွားလေသည်။
“လခွမ်း … ဘာတွေ ဖြစ်နေတာလဲ၊ အင်တာနက်ပေါ်မှာ ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်နေပြီ”
သတိရှိသော နိုင်ငံတကာ ဟက်ကာများထဲမှ တစ်ယောက်က ပုံမှန်မဟုတ်မှုကို ချက်ချင်း သတိထားမိသွားသည်။
“နေဦး၊ ဒီလှုပ်ရှားမှုရဲ့ အရင်းအမြစ်ကို စစ်ဆေးကြည့်ရမယ်”
“ချီး … ဒါက ကြည့်လို့ကောင်းတော့မှာပဲ၊ ဟက်ကာ စစ်ပွဲပေါ့လေ … ဟုတ်စ”
“သူတို့ IP ကို ငါ ခြေရာခံပြီးသွားပြီ၊ ဒီနည်းပညာက … ကိုရီးယားနိုင်ငံက King of Spades ရဲ့ နည်းပညာနဲ့ တူတယ်၊ လခွမ်း … ငါ ကန်ထုတ်ခံလိုက်ရပြီဟ”
“ချကွာ … IP ကို ခြေရာခံပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဒီဟက်ကာ စစ်ပွဲကို ကြည့်ရအောင်၊ ငါတို့ အဲ့ဒါကနေ အကျိုးအမြတ် ရလာနိုင်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ”
“တရုတ်ရဲ့ ကွန်ရက်ကတော့ ဆူညံလာတော့မှာပဲ၊ သူတို့ရဲ့ ဟက်ကာ စွမ်းရည်က အဲ့လောက် ကောင်းတဲ့ပုံ မပေါ်ဘူး၊ ဟားဟားဟား … ဒါ ခွေးရူးပြန် ရောဂါပိုး ကုသဆေးညွှန်းကြောင့် ဖြစ်လာတာလား”
…
တစ်ခဏအတွင်းမှာပင် နိုင်ငံတကာ ဟက်ကာများလည်း ပါဝင်လာကြသည်။ အချို့က စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရုံသာ ဖြစ်ပြီး အခြားသူများက ကမောက်ကမများအလယ်၌ အမြတ်ရရန် ကြိုးစားနေကြသည်။ အချို့မှာမူ ပြဿနာအိုးများကဲ့သို့ ပြုမူ၍ အလွန် အသက်ဝင်သော အဖြစ်အပျက်ဖြစ်အောင် ပြုလုပ်နေကြ လေသည်။
အချိန်မှာ ညနေ ခြောက်နာရီခွဲဖြစ်ပြီး ကောင်းကင်ယံက မှောင်မိုက်လာသည်။
ရဲ့လင်းချန်က ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို ခေါ်၍ မေးလိုက်သည်။
“တောထဲမှာ ကြီးကြီးမားမား ကစားပွဲတစ်ခုခုလောက် မရှိဘူးလား”
ရှောင်ချင်နှင့် ရှောင်ဟွေတို့က တစ်ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်လေသည်။
“ဆင်တွေ၊ သစ်ကုလားအုတ်တွေ၊ မြင်းကျားတွေ၊ နွားရိုင်း၊ ဝက်ဝံညို …”
ရဲ့လင်းချန်က ခပ်မြန်မြန် ဖြတ်ပြောလိုက်သည်။
“နွားရိုင်းဆို အဆင်ပြေတယ်၊ ငါ့အတွက် တစ်ကောင်လောက် အမဲလိုက်လာခဲ့”
ရှောင်ချင်နှင့် ရှောင်ဟွေတို့က ချက်ချင်း ပြေးထွက်သွားပြီး လည်ကိုဆန့်၍ အူလိုက်သည်။
“ငါ့ကောင်တို့ လာကြဟေ့၊ မင်းတို့ နွားရိုင်းတစ်ကောင်ကောင်လောက် တွေ့မိကြလား”
ရဲ့လင်းချန် ပြုံးလိုက်မိသည်။ ခွေးဘာသာစကားကို သင်ယူလိုက်နိုင်ခြင်းက သူ့အတွက် အတော်လေး အသုံးဝင် လေသည်။ အနည်းဆုံးတော့ သူတို့ သူ့အတွက် အမဲလိုက်လာပေးသည့် ဘယ်တိရစ္ဆာန်ကိုမဆို စားရခြင်းထက် သူတို့ကို သူ အမဲလိုက်စေချင်သည့် တိရစ္ဆာန်အား ရွေးချယ်နိုင်ပေသည်။
“နင် ငါ့ကို လာနောက်နေတာလား၊ နင်က တော်တော်ကို အလုပ်သရဲ ဖြစ်နေတာပဲ၊ နင် အနားမယူချင်ဘူးလား”
ဟောင်ယွင်နှင့် တုန်းမြောင်မြောင်သည် သူတို့နားသို့ လျှောက်လာပြီး အသည်းအသန် အလုပ်လုပ်နေသော အိုးရန်ချင်းကို ကြည့်၍ ပြောလာသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အိုးရန်ချင်း၏ အဖွဲ့ကို သနားမိသည်။ သူမကဲ့သို့သော သူဌေး၏ မျှော်လင့်ချက်ကို ခက်ခက်ခဲခဲ လိုက်နေရသည့် သူတို့က သနားစရာ ကောင်းလှပေသည်။
သူတို့၏ အစာအိမ်များက တဂွီဂွီ မြည်နေပြီး ရဲ့လင်းချန်အား ညစာအတွက် မေးရန် အသင့်ဖြစ်နေကြသည်။
အိုးရန်ချင်းက ဟောင်ယွင်ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ အလုပ်ဆက်လုပ်နေသည်။ ဉာဏ်ရည်မြင့် လုံခြုံရေးစနစ်က အရေးကြီးသော အပိုင်းသို့ ရောက်နေပြီး တစ်ချက်တည်းနှင့် အောင်မြင်တော့မည် ဖြစ်သည်။
“ဥက္ကဋ္ဌရဲ့၊ ကျွန်မ ဆေးပင်တွေကို စိုက်ပျိုးဖို့ စီစဉ်ပြီးပါပြီ၊ ကျွန်မ လိုက်ပြမယ်လေ”
တုန်းမြောင်မြောင်က ရဲ့လင်းချန်က သူမ ဆွဲထားသော အစီအစဉ်ကို ပြသလေသည်။
“ဒီမှာ ထိုင်နေကြဦး၊ ငါ ဒီည အားလုံးကို နွားရိုင်းသား ကျွေးမယ်”
ရဲ့လင်းချန်က ခေါင်းညိတ်၍ ပြုံးလိုက်သည်။ သူသည် တုန်းမြောင်မြောင်၏ စိုက်ပျိုးရေး အစီအစဉ်ကို ကြည့်၍ အချို့သော ဟာကွက်များကို ညှိခြင်း သို့မဟုတ် တိုးတက်အောင် စီမံခန့်ခွဲလိုက်သည်။
ရဲ့လင်းချန်က လူတိုင်းကို နွားရိုင်းသား ကျွေးမည်ဟု ပြောသည်ကို ကြားပြီး ဟောင်ယွင်နှင့် တုန်းမြောင်မြောင်၏ မျက်လုံးများက မျှော်လင့်ချက်နှင့် တောက်ပလာသည်။ ထိုအခိုက်တွင် အိုးရန်ချင်းနှင့် အခြားသူများသည် နွားရိုင်း၏ အရိပ်ကိုပင် မမြင်ကြသဖြင့် ပဟေဠိ ဖြစ်နေကြသည်။
*ဒါဆိုရင် ဒီနွားရိုင်းသားက ဘယ်က ရောက်လာမှာလဲ*
ထိုစဉ် အိုးရန်ချင်း၏ အဖွဲ့မှ လူငယ်တစ်ယောက်က ရုတ်တရက် ပါးစပ်အဟောင်းသား ဖြစ်ကာ တအံ့တဩ ထပြောလာသည်။
“သွားပြီ၊ တရုတ်ရဲ့ အဓိက အနုပညာ website တွေအားလုံး အဟက်ခံလိုက်ရပြီ”