← Chapters

ကျင်းကန်းဂိုဏ်းကို မီးလောင်တိုက်သွင်းခြင်း ( ၁ )

Vol. 5 Ch. 73

ကျင်းကန်းဂိုဏ်းကို မီးလောင်တိုက်သွင်းခြင်း ( ၁ )

Vol. 5 Ch. 73

“ မင်း ဘာလို့ ဒီကို ရောက်နေရတာတုံး ”

ကျင်းကန်းဂိုဏ်းချုပ်၏မျက်လုံးများ ရုတ်ခြည်း မှေးသွားသည်။ သူ၏ရင်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်လာပြီး မြင်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။

သူ မြင်နေရသောလူငယ်သည် အနက်ရောင်သားရေအနွေးထည်ကို ဝတ်ဆင်ထားပြီး ဆံပင်များ ရှုပ်ပွနေကာ မျက်နှာသည်လည်း ညစ်ပတ်ပေရေနေသည်။ သားရေအနွေးထည်ပေါ်တွင် စွန်းထင်းနေသော သွေးစီးကြောင်းများက ကြောက်မက်ဖွယ်အငွေ့အသက်များကို လှစ်ဟပြသနေသည်။

ရှုပ်ပွနေသော ဆံပင်ရှည်များနှင့် အညစ်အကြေးများက သူ၏မျက်နှာကို ဖုံးကွယ်ထားပါသော်လည်း အဆိပ်လေပြေတစ်ချက် ဆော်သွေးတိုက်ခတ်လိုက်လေရာ ဖုံးကွယ်ခြင်းငှာ မစွမ်းသာသည့် သူ၏အကြည့်စူးစူး ပေါ်လာသည်။

သိပ်သည်းထူထပ်သော ဓာတ်နှောမြူခိုးများထဲ သူ ရပ်နေသည့်တိုင်အောင် သူ၏မျက်လုံးများထဲတွင် ဖော်ပြ၍ မရနိုင်လောက်အောင် သွေးအေးရက်စက်သောအရိပ်အငွေ့များ သိသိသာသာ ပေါ်လွင်နေပေသည်။

သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားသည့်အခိုက် ကျင်းကန်းဂိုဏ်းချုပ်၏ရင်ထဲ စိမ့်တက်သွားရသည်။

“ ကလေး ”

ယခင်က ရွှီချင်း၏ရုပ်ပုံကို သူ တစ်ခါမှ မမြင်ဖူးသည့်တိုင်အောင် သူ၏စိတ်ထဲတွင် ရတနာမုဆိုးလူငယ်၏နာမည်ပြောင် ပေါ်လာသည်။

ဂိုဏ်းစောင့်ဘိုးဘိုး၊ အကြီးအကဲနှစ်ဦးနှင့် တပည့်အများအပြား ထိုလူငယ်လေးအား ပိုက်စိပ်တိုက် ရှာဖွေနေကြသည်ကို သူ သိသည်။ သို့သော်လည်း ဂိုဏ်းစောင့်ဘိုးဘိုးနှင့် အကြီးအကဲများ ပြန်ရောက်မလာကြသေးဘဲ လိုက်လံရှာဖွေခံနေရသည့် အနှီကလေးက ဂိုဏ်းထဲ ပေါ်လာလေသည်။

ထိုမြင်ကွင်းသည် ဂိုဏ်းချုပ်ကို ထိတ်လန့်သွားစေသည်။ သို့သော်လည်း ယခုအချိန်၌ များများစားစား တွေးတောနေရန် သူ့မှာ အချိန်မရှိချေ။ သူက ချက်ချင်း မန္တန်လက်ကွက်များ ဖော်လိုက်လေရာ အရပ်မျက်နှာအနှံ့မှ လေပြင်းများ တဟုန်းဟုန်းတိုက်ခတ်ကာ မုန်တိုင်းတစ်ခုအသွင် ဖြစ်တည်လာသည်။ အဆိပ်လေများ လွင့်ပါးသွားပြီး လေပြင်းမုန်တိုင်းက ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်လာသည်။

ရွှီချင်းသည် အေးတိအေးစက်လှမ်းကြည့်လိုက်ပြီး ဂိုဏ်းချုပ်ကို ဝင်မတိုက်ချေ။ သူ နောက်ဆုတ်သွားပြီး မျက်တောင်တစ်ချက်ခတ်အတွင်း တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူသည် ဦးတည်ရာပြောင်းကာ ပြေးထွက်သွားပြီး အနက်ရောင်ဆေးလုံးများစွာ ပစ်ပေါက်လိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ချက်ချင်း ပဲ့တင်ထပ်သွားသည်။ ဂိုဏ်းချုပ်သည် အနက်ရောင်ဆေးလုံး၏ ထူးဆန်းသောအစွမ်းကို သိလိုက်ပြီး မျက်နှာပျက်သွားပြန်သည်။ သူက ခြေတစ်ချက်ဆောင့်လိုက်ပြီး ရွှီချင်းကို ရပ်တန့်ရန် နောက်မှလိုက်သွားသည်။

သို့သော်လည်း ရွှီချင်းက သူနှင့်မတိုက်ခိုက်ဘဲ ထပ်မံရှောင်တိမ်းလိုက်သည်။ သူက ပျံသန်းစေနိုင်သော အဆောင်၏ အမြန်နှုန်းကို အသုံးချကာ ဂိုဏ်းတစ်ခွင် ဆက်လက် ပျံသန်းသွားလေရာ ဂိုဏ်းချုပ်သည်လည်း ပျံသန်းစေနိုင်သော အဆောင်ကို အသုံးပြုလိုက်ရသည်။

အဝေးမှကြည့်လျှင် ဂိုဏ်းချုပ်နှင့် ရွှီချင်းသည် တစ်ယောက်နောက်သို့ တစ်ယောက်က ကပ်လျက်လိုက်နေသည်ကို မြင်နိုင်သည်။ သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း တဝုန်းဝုန်းမြည်ဟည်းသံများ အဆက်မပြတ် လွင့်ပျံနေသည်။

ထိုမြည်ဟည်းနေသောအသံများကြားတွင် ရွှီချင်းသည် အနက်ရောင်ဆေးလုံးများကို တရစပ် ပစ်ပေါက်နေ၏။

“ ခွေးကောင်လေး … ”

ဂိုဏ်းချုပ်သည် ဒေါသအမျက်ချောင်းချောင်းထွက်နေပြီး ရွှီချင်းကို ရပ်တန့်ချင်နေပါသော်လည်း သူတို့နှစ်ယောက်လုံး ပျံသန်းစေနိုင်သော အဆောင်များကို အသုံးပြုထားကြသည်ဖြစ်၍ များစွာ မြန်ဆန်နေကြသည်။ သို့ဖြစ်ရာ ရွှီချင်းကို အလွယ်တကူ ဖမ်းဖိရန် မဖြစ်နိုင်အောင် ဖြစ်နေတော့သည်။

မကြာခင် တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ အနက်ရောင်ဆေးလုံးများကြောင့် ဖြစ်ပေါ်လာသော လေပွေများစွာ ပေါ်ထွက်လာသည်။ ဓာတ်နှောများ၏ သိပ်သည်းဆသည်လည်း ကြောက်ခမန်းလိလိ အနေအထားသို့ အလျင်အမြန် ရောက်ရှိသွားပြီး တားမြစ်နယ်မြေတစ်ခုအသွင် ဖြစ်လာသည်။

ရွှီချင်း၌ အနက်ရောင်ဆေးလုံး အနည်းအကျဉ်းသာ ကျန်ရှိတော့သည့်အချိန်တွင် ကျင်းကန်းဂိုဏ်းတစ်ဂိုဏ်းလုံး လေပွေကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီဖြစ်သည်။

ထိုလေပွေကြီးက အဆက်မပြတ် လှည့်ပတ်နေပြီး အဆုံးအစမဲ့ ဓာတ်နှောများစွာ ဝင်ရောက်လာသည်။ ထိုဓာတ်နှောများက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံ၍ ကောင်းကင်ကြီးကိုပင် ကွယ်ဝှက်ထားနိုင်လောက်အောင် သိပ်သည်းထူထပ်လာကာ တရွှီရွှီမြည်သံပေးနေသော မြူခိုးများအသွင် ဖြစ်လာသည်။

အဝေးမှကြည့်မည်ဆိုပါက ကျင်းကန်းဂိုဏ်းကို တရွှီရွှီမြည်သံပေးနေသည့် မြူခိုးများက လွှမ်းခြုံထားသည်ကို မြင်နိုင်ပေသည်။ ဂိုဏ်းထဲရှိ ဂိုဏ်းသားများအားလုံး တုန်လှုပ်ချောက်ချားနေကြတော့သည်။

တချိန်တည်းမှာပင် လူသားအရင်းအမြစ် နည်းပါးနေခြင်းကြောင့် အဆိပ်လေပြေအနည်းအကျဉ်း လွင့်ပါးသွားပါသော်လည်း လေနှင့်အတူ အဆိပ်မှုန့်များ ပို၍ လွင့်ပျံလာကြပြန်သည်။ ထိုအဆိပ်မှုန့်များသည် ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းလျက် ကျင်းကန်းဂိုဏ်းထဲကို တိုက်ခတ်နေပြီး မြူခိုးများနှင့် ရောယှက်သွားသည်။

ထိုအဆိပ်လေများ ဖြတ်သန်းသွားသည့်နေရာတိုင်း အပင်နှင့်အသီးအရွက်များအားလုံး ညှိုးခြောက်သွားကြသည်။ ကျောက်တောင်ကြီးများသည်ပင် တဖျစ်ဖျစ်မြည်ဟည်းကာ တိုက်စားခံလိုက်ရသည်။

ထိုအချိန်၌ စူးစူးဝါးဝါး အော်ညည်းသံများ ပဲ့တင်ထပ်လာသည်။

ကျင်းကန်းဂိုဏ်းတစ်ဂိုဏ်းလုံး ဆိုးဆိုးဝါးဝါး ဖြစ်ပျက်နေ၏။ သိပ်သည်းထူထပ်သော ဓာတ်နှောများက လေထဲတွင် စိမ့်ဝင်နေပြီး အရာအားလုံးကို ညစ်နွမ်းအောင် လုပ်နေသည်။ လေနှင့်အတူ ပါလာသော အဆိပ်ငွေ့များက နေရာအားလုံးကို လွှမ်းခြုံသွားပြီး ဓာတ်နှောများနှင့် ပေါင်းစပ်၍ တုန်လှုပ်ချောက်ချားဖွယ်ရာအတိ ဖြစ်နေတော့သည်။

ထိုအခြင်းအရာအားလုံးသည် အသက်တစ်ရာရှူချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ဖြစ်ပျက်သွားချိန်က မြန်ဆန်လွန်းလှသည်ဖြစ်၍ တုံ့ပြန်ရန် ခက်ခဲသွားပြီး ကျင်းကန်းဂိုဏ်းတစ်ဂိုဏ်းလုံး ဝရုန်းသုန်းကာ ဖြစ်နေတော့သည်။

ဂိုဏ်းသားတစ်အုပ်က လွတ်မြောက်ရန် ကြိုးစားနေကြပါသော်လည်း အဆိပ်ငွေ့များက ပြင်းထန်နေသည်။ အဆိပ်ဖြေဆေးများ သူတို့ သောက်ထားကြသည့်တိုင်အောင် အနည်းငယ်သာ အသုံးဝင်သည်။ မကြာခင် သူတို့၏ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာပြီး စူးစူးဝါးဝါး အော်ဟစ်နေကြတော့သည်။

ဂိုဏ်းသားတချို့က ပုန်းအောင်းနေကြပါသော်လည်း အသုံးမဝင်ချေ။

တခြားဂိုဏ်းသားများကတော့ ဂိုဏ်းချုပ်၏ ဒေါသတကြီး ငေါက်ငမ်းသံများကြားထဲတွင် ရွှီချင်းနောက်ကို လိုက်နေကြသည်။

သို့သော်လည်း တစ်ဂိုဏ်းလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေပြီး ရွှီချင်းက ကြောက်ခမန်းလိလိ မြန်ဆန်နေသည်။ သူသည် ဖရိုဖရဲဖြစ်နေသည်ကို အခွင့်အရေးယူကာ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အစအနရှာမရအောင် ပျောက်သွားသည်။ တခြားလူများက သူ့ကို လိုက်ရှာလိုက်ကြပါသော်လည်း မနီးမဝေးတစ်နေရာတွင် မီးတောက်များ တောက်လောင်နေသည်ကို မြင်လိုက်ကြရသည်။

ထိုမြင်ကွင်းကြောင့် ဂိုဏ်းသားအားလုံး ဦးရေခွံများ စပ်ဖျင်းဖျင်း ဖြစ်သွားကြသည်။ ဂိုဏ်းချုပ်မှာ ပို၍ပင် အလန့်တကြား ဖြစ်သွားရပြီး ရွှီချင်းနောက်ကို လိုက်မနေတော့ဘဲ ချက်ချင်းပင် သူ့တပည့်များကို ဆင့်ခေါ်၍ မီးငြှိမ်းခိုင်းလိုက်သည်။

သို့သော်လည်း မီးတောက်များက တစ်နေရာတည်းတွင် တောက်လောက်နေခြင်း မဟုတ်ပေ။ မကြာခင် ဂိုဏ်းထဲတွင် မီးတောက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေကြတော့သည်။

“ ကလေး ”

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏အမျက်ဒေါသများသည် အဆုံးစွန်သောအခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်ပါသော်ငြား ကလေးကို အချိန်တိုအတွင်း ရှာမတွေ့နိုင်ချေ။ မီးတောက်များကိုသာ သူ အစွမ်းကုန် ငြှိမ်းသက်နိုင်သည်။

တချိန်တည်းမှာပင် ရွှီချင်းသည် ဂိုဏ်းတောင်ထိပ်ရှိ ထည်ဝါသောအဆောက်အအုံများအနက် တစ်လုံးထဲကို ဝင်ရောက်သွားသည်။ သူက ထိုအဆောက်အအုံထဲ ဝင်၍ သူ သယ်နိုင်သမျှ ပစ္စည်းအားလုံး သယ်ဆောင်သွားပြီးနောက် မီးရှို့ကာ ချက်ချင်း ထွက်ခွာသွားသည်။

ဖြစ်စဉ်တစ်ခုလုံး လွန်စွာ မြန်ဆန်နေသည်။ များမကြာမီ ရွှီချင်းသည် ပို၍ ထည်ဝါသော အဆောက်အအုံတစ်ခုရှေ့ကို ရောက်လာသည်။ ထို့နောက် ဆိုင်းဘုတ်ပေါ်ရှိ စာသားများကို သူ မြင်သွား၏။

“ ရတနာဆောင် ”

ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ သူက အနားကပ်သွားပြီးနောက် ညာလက်သီးဖြင့် ထိုးနှက်လိုက်သည်။

ထိုအခါ ရတနာဆောင်တံခါးသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး အပြင်ဘက်မှ အဆိပ်မြူများ အထဲကို ဝင်ရောက်သွားသည်။ ထို့နောက် ရွှီချင်းက ဝင်သွားပြီး ရတာဆောင်ထဲရှိ အတန်းလိုက်ရှိနေသော စင်များကို မြင်သွားသည်။

စင်များပေါ်တွင် ဆေးဝါးအမျိုးမျိုး၊ ဝိညာဉ်ကြေးပြားများနှင့် ရတနာများစွာ ရှိသည်။

ရွှီချင်းက ဖျတ်ခနဲ ကြည့်လိုက်ပြီး ရင်တဒိန်းဒိန်းခုန်လာသည်။ သူ ချက်ချင်းပင် သွားကာ သူတတ်နိုင်သရွေ့ ပစ္စည်းများအားလုံး ယူဆောင်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။

ထိုအချိန်တွင် သူ၏မျက်လုံးများ မှေးသွားပြီး ရတနာခန်းမဆောင်အတွင်း၌ အဆိပ်မြူများသည် နံရံများအထဲကို မမြင်နိုင်သော အပေါက်လေးများမှတစ်ဆင့် တိုးဝင်သွားလေရာ တံခါးတစ်ချပ်ပုံစံဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။ ထိုနေရာတွင် လျှို့ဝှက်တံခါးတစ်ချပ် ရှိနေဟန်တူသည်။

All Chapters