← Chapters

သိုင်းတာအို၏ သစ်သီး

Vol. 82 Ch. 1216

သိုင်းတာအို၏ သစ်သီး

Vol. 82 Ch. 1216

သိုင်းတာအို၏ လမ်းကြောင်းသည် ရှည်လျားပြီး ဆူဇီမိုက ယခုမှ အစပြုနိုင်ခဲ့ခြင်းမျှသာဖြစ်၏။

သို့သော်လည်း သိုင်းတာအိုသုတ္တန်၏ ဤတစ်ဝက်ကို ဖြန့်ဝေပေးခြင်းသည် ယခင်က သူချမှတ်ခဲ့သော မဟာစိတ်ဆန္ဒကို ဖြည့်ဆည်းလိုက်နိုင်ခြင်းနှင့်တူလေသည်။

လောကရှိ သက်ရှိများအားလုံးအတွက် သူတို့စိတ်ပါလိုလားသည်နှင့်အမျှ သူတို့သည် သိုင်းသုတ္တန်ကို ကျင့်ကြံနိုင်ကြလေသည်။ အမြုတေတစ်ခုဖွဲ့လာပြီးနောက် သူသည် အင်မော်တယ် ၊ ဗုဒ္ဓ နှင့် မိစ္ဆာတာအိုများကို ကျင့်ကြံဖို့အတွက် သူတို့၏စိတ်ဆန္ဒအတိုင်း ရွေးချယ်နိုင်ကြပေလိမ့်မည်။

သက်ရှိများအားလုံးက ကျင့်ကြံလာနိုင်ကြပေလိမ့်မည်။

အဲ့ဒါသည် လူတိုင်းအတွက် သူတို့၏ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးတစ်ခု ပေးလိုက်ခြင်းနှင့်တူလေသည်။

ကျင့်ကြံသူများ၊ သားရဲတောကောင်များ၊ ကပ်ဘေးများနှင့် ရင်ဆိုင်ရချိန်တွင် သာမန်မော်တယ်များပင်လျှင် သူတို့ကိုယ်သူတို့ ကာကွယ်လာနိုင်ပြီး အခြားသူများကို ဆက်လက်၍ အသနားခံတောင်ပန်နေရတော့မည်မဟုတ်ပေ။

“အစ်ကိုကြီး... ခင်ဗျားအဲ့ဒါကို မြင်ရဲ့လား...”

ကျောက်သားရုပ်ထုသုသာန်ထဲတွင် ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။ သူ၏ အိုမင်းသောမျက်နှာက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိလာခဲ့၏။ အဲ့ဒီမှာ စိတ်ခံစားချက်များ ၊ နောင်တတရားများနှင့် တမ်းတလွမ်းဆွတ်မှုများ.... ။

“အား....”

ဆူဇီမိုက လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

“အခုက... ထွက်ခွာဖို့ အချိန်ပဲ...”

သူ့မှာအသက်ရှင်သန်ဖို့အတွက် နှစ် ၅၀ သာ ကျန်ရှိ၏။

နှစ် ၅၀၀၀ ဘဝသက်တမ်းရှိသော မူလနတ္ထိများအတွက် ထိုဘဝသက်တမ်းက မဆိုသလောက်သာ ဖြစ်၏။ သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်မီးတောက်က အချိန်မရွေး ငြိမ်းသေသွားနိုင်လေသည်။

ဆူဇီမိုသည် ဤကဲ့သို့သော အခြေအနေဖြင့် ဓမ္မဝိသေသအဆင့်သို့တက်လှမ်းဖို့ ယုံကြည်မှုမရှိတော့ပေ။

ပုံမှန်အခြေအနေမှာဆိုလျှင် ထိုကဲ့သို့သော အဆင့်ကြီးတစ်ဆင့်ကို ချိုးဖျက်တက်လှမ်းရခြင်းက အလွန်တရာ ခဲယဥ်းလေသည်။

ကျင့်ကြံသူတစ်ယောက်၏ သွေးချီက သန်မာပြီး သူတို့၏အရွယ်က အထွတ်အထိပ်သို့ ရောက်ရှိနေမှသာလျှင် သူတို့က အောင်မြင်နိုင်ခြေများလေသည်။

မူလနတ္ထိများအတွက်တော့ သူတို့သည် အသက်နှစ် ၄၀၀၀ ကျော်လာသည်နှင့် သူတို့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိလာပြီဟု သတ်မှတ်နိုင်ပြီး ယခုဆူဇီမိုတွင် ဘဝသက်တမ်း နှစ် ၅၀ မျှသာ ကျန်ရှိတော့လေသည်။

နှစ် ၄၀၀၀ အရွယ်သို့ ဝင်ရောက်ပြီးနောက် ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော လူက မရှိသလောက်ပင်နည်းပါးလေသည်။

ဆူဇိမိုသည် ယခုအခါ အသက် နှစ် ၄၉၅၀ ရှိနေပြီး အချိန်မရွေးသေဆုံးသွားနိုင်၏။

ထိုစဥ်မှာပင်....

ကောင်းကင်ထက်မှ ရွှေရောင်ပုံရိပ် ၈၁ ခုသည် ရွှေရောင်အလင်းတန်းများအသွင်ပြောင်းလဲပြီး ကျောက်သားရုပ်ထုသုသာန်ထဲသို့ ပြန်လည်ရောက်ရှိလာကာ ဆူဇီမို၏ရှေ့မှာ စုဝေးလိုက်၏။

တစ်ခဏအတွင်းမှာပင် ပုံရိပ် ၈၁ ခုသည် လက်တစ်ဝါးအရွယ် ရွှေရောင်အလင်းလုံးတစ်လုံးအဖြစ် သိပ်သည်းစုဖွဲ့သွားပြီး တဖျပ်ဖျပ်တလက်လက် အလင်းဖြင့် တောက်ပလာ၏။

“ဒါက... ဘာပါလိမ့်....”

ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွားခဲ့၏။

သူသည် ဤရွှေရောင်အလင်းလုံးဖြင့် မျိုးဆက်သွေးဆက်သွယ်ချက်တစ်ခု အမှန်တကယ်ပင် ရရှိနေ၏။

“အဲ့ဒါက... တာအိုသစ်သီးတစ်လုံးများ ဖြစ်နေမလား...”

ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက ရှေးဟောင်းကျမ်းစာများတွင် သူဖတ်မှတ်ခဲ့ရသော မှတ်တမ်းအချို့ကို ပြန်လည်အမှတ်ရသွားပြီး သူ့စိတ်ထဲသို့ အတွေးတစ်ခုက ဖျပ်ခနဲ ဝင်ရောက်လာ၏။

ဒဏ္ဍာရီအရဆို ပေါက်မြောက်သော တန်ခိုးကြီးဘုန်းတော်ကြီးတစ်ချို့သည် သူတို့မကွယ်လွန်ခင် သူတို့၏ တစ်ဘဝလုံးစာ ကျင့်ကြံခြင်းအဆီအနှစ်များကို တာအိုသစ်သီးများအဖြစ် စုဖွဲ့ပြီး ရေစက်ပါသော လူများအတွက် အမွေအနှစ်ပုံစံတစ်ခုအနေဖြင့် ချန်ထားရစ်ခဲ့တတ်ကြ၏။

အဲ့ဒါကို အလွန်တရာမြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေမှသာ ပြုလုပ်နိုင်၏။

ဆူဇီမိုကိုမပြောနှင့် မဟာယာန မျိုးနွယ်စုခေါင်းဆောင်များကပင်လျှင် အဲ့ဒါကို လုပ်နိုင်မည်မဟုတ်ပေ။

ပို၍ပင်ထူးဆန်းသည့်အချက်မှာ ရွှေရောင်သစ်သီးမှ အသက်ဓာတ်အတက်အကျတစ်ခု ခပ်ဖျော့ဖျော့ ရှိနေပြီး အဲ့ဒါက ဒဏ္ဍာရီများတွင်ဖော်ပြထားသော တာအိုသစ်သီးများနှင့် ခြားနားမှုရှိလေသည်။

တကယ်တော့ ဆူဇီမို၏ခန့်မှန်းချက်က မမှားပေ။

ရွှေရောင်သစ်သီးက သိုင်းတာအို၏ သစ်သီးဖြစ်လေသည်။

သာမန်တာအိုသစ်သီးများတွင် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအနှစ်သာရများနှင့် များစွာသော အမွေအနှစ်လျှို့ဝှက်အတတ်များ သို့မဟုတ် ထိုးထွင်းသိမြင်ဉာဏ်များ ပါဝင်လေသည်။

ထိုတာအိုသစ်သီးများအနေဖြင့် အသက်ဓာတ်တစ်ခုကို ပိုင်ဆိုင်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း ဆူဇီမို၏အခြေအနေက ကွဲပြားခြားနားလေသည်။

ထိုတာအိုသစ်သီးသည် သူ၏ကျင့်ကြံခြင်းအဆီအနှစ်ကနေ စုဖွဲ့ထားခြင်းမဟုတ်ဘဲ သိုင်းတာအို၏ လေးနက်သိမ်မွေ့မှုနှင့် အနှစ်သာရကနေ စုဖွဲ့ထားခြင်းဖြစ်၏။

ထိုမျှသာမက ဤတာအိုသစ်သီးသည် သိုင်းတာအို၏ စိတ်အားမာန်နှင့် အများလူထု၏ ယုံကြည်သက်ဝင်မှုတို့ပါဝင်နေ၏။

ထိုကဲ့သို့သော စွမ်းအားအမျိုးမျိုး အထွတ်အထိပ်သို့ရောက်ရှိလာခြင်းက အသက်ဓာတ်အားမာန်ဖြင့် ပြည့်ဝနေသော သိုင်းတာအိုသစ်သီးတစ်လုံးကို ပေါ်ထွက်လာစေခဲ့၏။

အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာမပြောနှင့် ကမ္ဘာသုံးထောင်မှာပင်လျှင် မကြုံစဖူး အံ့မခန်းဖြစ်ရပ်တစ်ခုဖြစ်လေသည်။

ဤသိုင်းတာအိုသစ်သီးသည် သုံးလောကကိုကျော်လွန်ပြီး အံမခန်းထူးခြားသည့် တည်ရှိမှုတစ်ခုဟု သတ်မှတ်နိုင်ကာ ဒြပ်စင်ငါးမျိုးထဲတွင်လည်း မပါဝင်ပေ။ အဲ့ဒါက တကယ့်ကို မကြုံစဖူး အံ့မခန်း တစ်ခုတည်းသောတည်ရှိမှု ဖြစ်နေ၏။

ဆူဇီမိုသည် သူ့ရှေ့တွင်ရှိသော ရွှေရောင်သစ်သီးကို ကြည့်ကာ အတန်ကြာစဥ်းစားတွေးတောနေ၏။ သူက ဘာကိုမှမဖော်ထုတ်နိုင်တော့ဘဲ ၎င်းကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ရ၏။

အဲ့ဒီနောက်ဆူဇီမိုသည် သူ၏ အိုမင်းရင့်ရော်နေသော ခန္ဓာကိုယ်ကို တရွတ်ဆွဲပြီး သုသာန်မြေကနေ တစ်လှမ်းခြင်း လျှောက်လှမ်းထွက်လာခဲ့၏။

ကပ်ဘေးသုံးဆင့်နယ်မြေအပြင်ဘက်တွင်….

များစွာသော ကျင့်ကြံသူများသည် ထိုနေရာမှာ စုဝေးပြီး အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။

“အထီးကျန်သိုင်းသခင်က… ဒီတာအိုအမွေအနှစ် ကုန်းမြေမှာ သိုင်းတာအိုကို ကောက်ချတ်ချ ထုတ်နုတ်ခဲ့တာပဲ ဖြစ်ရမယ်… ဟုတ်တယ်မလား”

“အဲ့လိုပဲ… ဖြစ်ရမှာပေါ့ ဒီတည်ဆောက်မှုပုံသဏ္ဌာန် ဆုတ်ပြဲကြောင်းက ဒီနားတစ်ဝိုက်မှာ ရှိနေတာပဲ”

“ထူးဆန်းတယ်…. အထီးကျန်သိုင်းသခင်နဲ့ ရွှမ်ယွီတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ၁၅ နှစ်တောင် မရှိသေးဘူး… အထီးကျန်သိုင်းသခင်က သူက နှစ်၅၀၀၀ နီးပါးကို ကုန်ဆုံးစေခဲ့ပြီလို့ ဘာလို့ပြောခဲ့တာပါလိမ့်…”

ထိုကျင့်ကြံသူများသည် စူးစမ်းလိုစိတ်ဖြင့် ရောက်ရှိလာရုံသာမဟုတ်ဘဲ သူတို့ဂိုဏ်းများ၏ အမိန့်ကြောင့်လည်း ပါဝင်လေသည်။

သူတို့ကြားတွင် မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများမှ ကျင့်ကြံသူများလည်း ပါဝင်လေသည်။

ယခုအချိန်တွင် ဆူဇီမိုက ကျင့်ကြံရေးလောက တစ်ခုလုံးတွင်… အထူးသဖြင့် မြောက်ပိုင်းဒေသတွင် အရေးကြီးသော ပုဂ္ဂိုလ်တစ်ယောက် သေချာပေါက် ဖြစ်လာခဲ့လေပြီ။

ယခင်က ရွှမ်ယွီနှင့် တိုက်ခိုက်ပြီးတဲ့နောက် သူသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရသော်လည်း သူက မထိမခိုက်လွတ်မြောက်လာနိုင်ခဲ့၏။

စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက်၏ ခြွင်းချက်မရှိသေဆုံးသွားမှုက အဆင့်မြင့်ဂိုဏ်းများကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီတစ်ပုဒ်ဖြစ်နေဆဲပင် ။

အတိတ်ကာလတုန်းက ဆူဇီမိုကို ဆန့်ကျင်ခဲ့သော ကျားနဂါးဂိုဏ်းနှင့် ယင်တစ္ဆေဂိုဏ်းကဲ့သို့သော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် ဆူဇီမို၏ အ​ခြေအနေနှင့်ပတ်သက်၍ ပို၍ပင် စိုးရိမ်ပူပန်နေကြ၏။

လူအုပ်ကြီးက ဆွေးနွေးပြောဆိုနေစဥ်မှာပင် ပုံရိပ်တစ်ခုသည် ကပ်ဘေးသုံးဆင့်နယ်မြေမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ယင်လေ၏ တိုက်ခတ်မှုတွင် သူက အချိန်မရွေး လဲပြိုသွားတော့မည့်အလား ဒယီးဒယိုင်ဖြစ်နေ၏။

ဆူညံပွက်လောရိုက်နေသောအသံများက တဖြည်းဖြည်းတိတ်ဆိတ်ငြိမ်သက်သွား၏။

ကျင့်ကြံသူများအားလုံးက မမှိတ်မသုန်စောင့်ကြည့်နေကြလေသည်။

သိပ်မကြာမီ ထိုပုံရိပ်က တဖြည်းဖြည်း ပို၍ရှင်းလင်းလာပြီး ကပ်ဘေးသုံးဆင့်နယ်မြေအပြင်ဘက်သို့ လျှောက်လှမ်းထွက်လာခဲ့၏။

အဲ့ဒါက ဆံပင်များဖြူဖွေး၍ ပါးရေနားရေများတွန့်နေသော အဖိုးအိုတစ်ယောက် ဖြစ်လေသည်။ သူ၏မျက်လုံးများက ထိုင်းမှိုင်းနေပြီး သူ၏သွေးချီက အားနည်းနေလေပြီ။

အဖိုးအို၏ ကျောရိုးသည် အနည်းငယ် ကွေးညွတ်နေပြီး ကုတ်ကိုင်းကိုင်းဖြစ်နေ၏။

နှစ်ငါးထောင်နီးပါးကြာခဲ့ပြီးနောက် ထိုပိန်ပါး၍ အိုမင်းသော ခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဟောင်းနွမ်းစုတ်ပြတ်နေသော အစိမ်းရောင်ဝတ်ရုံကို ဆက်လက်၍ မလဲလှယ်နိုင်တော့ပေ။

ကျင့်ကြံသူများသည် ငေးမောမှင်တက်သွားပြီး သူတို့၏ ပါးစပ်များကို အနည်းငယ်ဖွင့်ဟလိုက်ကြ၏။

လူတိုင်း၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာကြ၏။

အဲ့ဒါက တာအိုသက်ရှိ အထီးကျန်သိုင်းသခင်မှ ဟုတ်ရဲ့လား…။

အဲ့ဒါက တစ်ခါတုန်းက မည်ကာမတ္တတပည့်များစွာကို ဤနေရာမှာသတ်ဖြတ်ခဲ့ပြီး လောကကို အထက်စီးကနေ ကြည့်ရှုခဲ့သော ပြိုင်ဘက်ကင်း ပြန်ဝင်စားမွန်းစတားမှ ဟုတ်ရဲ့လား….။

အဲ့ဒါသည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်၏ သတ်ဖြတ်ခြင်းခံရပြီးနောက် တစ်ကြော့ပြန်လည်ထွန်းတောက်လာခဲ့သော အနှိုင်းမဲ့ ပြိုင်စံရှားမှ ဟုတ်ရဲ့လား။

မည်သည့်ကျင့်ကြံသူကမှ ဆူဇီမို၏ ပုံပန်းသဏ္ဌာန်ကို မမြင်နိုင်ကြတော့ပေ။

အတိတ်ကာလတုန်းက သူ၏ထက်ရှမှု ၊ သန်မာမှုနှင့် လွှမ်းမိုးခြယ်လှယ်နိုင်မှုတို့က နှစ်ငါးထောင်ကြာပြီးနောက် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။

ရင်းနှီးကျွမ်းဝင်သည့် တစ်ခုတည်းသောအချက်မှာ ထိုအဖိုးအိုက သူ၏အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားခြင်းပင်။

လက်ရှိကျင့်ကြံသူများအားလုံးသည် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို တစ်ချက်ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် ဘဝသက်တမ်းကုန်ခါနီး သေခါနီးဆဲဆဲအရွယ်မှာ ရောက်နေပြီဖြစ်ကြောင်း သိလိုက်ကြ၏။

“ဟားဟားဟားဟား…”

နောက်ဆုံးမှာတော့ ကျင့်ကြံသူအချို့သည် ဟားတိုက် ရယ်မောလိုက်ကြ၏။

“အထီးကျန်သိုင်းသခင်… အို… အထီးကျန် သိုင်းသခင်.. မင်းက တစ်ခါတုန်းကတော့ လွှမ်းမိုးခြယ်လှယ်ပြီး မောက်မာခဲ့တယ်မလား… အခု မင်းအတွက် ဒီလိုနေ့မျိုးရောက်လာခဲ့ပြီပေါ့”

“အဲ့ဒါက ကံကြမ္မာပဲ”

လူအုပ်ကြီးထဲမှ လှောင်ပြောင်ထေ့ငေါ့သံများက ထွက်ပေါ်လာခဲ့၏။

ဤနှစ်များအတွင်း ပြိုင်စံရှားဟုခေါ်သော ဤလူများသည် ဆူဇီမို၏ ဆိုးဆိုးဝါးဝါးဖိနှိမ်ခြင်းကို ခံနေရ၏။

ထိုနာမည်က ကျင့်ကြံသူများစွာအတွက် သူတို့မေ့ဖျောက်လို့မရနိုင်မည့် အိမ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့၏။

အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ မည်ကာမတ္တတပည့်များသည် ဆူဇီမိုတစ်ယောက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

ဆူဇီမိုအသက်ရှင်နေသမျှ သူတို့သည် သူ၏အောက်မှာ တစ်ဆင့်နိမ့်နေရ၏။

“အား…. ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်သလဲ…”

ကျင့်ကြံသူတစ်ယောက်က သူ၏ခေါင်းကို ညင်သာစွာခါပြီး ရေရွတ်ပြောဆိုလိုက်၏။

“အထီးကျန်သိုင်းသခင်လို… ပြန်ဝင်စားမွန်းစတားတစ်ယောက်တောင်မှ အချိန်ကာလရဲ့ တိုက်စားမှုဒဏ်ကနေ မလွတ်မြောက်နိုင်ဘူးပဲ….”

“သူက ဒီလိုရလဒ်ရလာအောင် ဘာတွေများ တွေ့ကြုံခံစားခဲ့ရသလဲ ငါသိချင်မိတယ်”

“သက်ရှိအားလုံးကို သိုင်းတာအိုသင်ကြားပေးခြင်းက ကောင်းကင်ဘုံကိုဖီဆန်တဲ့ တစ်စုံတစ်ရာပဲ… အဲ့ဒါက အရမ်းကိုခက်ခဲမှာ… အထီးကျန်သိုင်းသခင်က သိုင်းတာအိုသုတ္တန်ရဲ့ တစ်ဝက်ကို ရရှိဖို့အတွက် သူ့မှာရှိသမျှ အရာအားလုံးကို စွန့်လွှတ်စတေးလိုက်ရတာလို့ ငါထင်တယ်”

လူအချို့က အူမြူးအားရနေကြပြီး အချို့က ညည်းတွားရေရွတ်လိုက်ကြ၏။ အချို့ကတော့ ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေကြ၏။

လူသားများ၏ သဘောသဘာဝက ဆူဇီမို၏ စိတ်နှလုံးကို ဆက်လက်၍ မလှုပ်ခတ်နိုင်စေတော့ပေ။

သူက ညင်သာစွာ ပြုံး၍ တည်ဆောက်မှုပုံသဏ္ဌာန် ဆုတ်ပြဲကြောင်းရှေ့သို့ ရောက်ရှိလာခဲ့၏။ သူက မည်သူ့ကိုမှ မကြည့်ဘဲ အထဲသို့လျှောက်လှမ်းကာ ပျောက်ကွယ်သွားခဲ့လေသည်။

All Chapters