← Chapters

သိုင်းတာအို အစစ်အမှန်ခန္ဓာ

Vol. 82 Ch. 1218

သိုင်းတာအို အစစ်အမှန်ခန္ဓာ

Vol. 82 Ch. 1218

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သိုင်းတာအိုအတွက် သေဆုံးသွားမှာကို မွေးနီတစ္ဆေက ဂရုစိုက်ခြင်း မရှိပေ။ အစစ်အမှန် နဂါးခန္ဓာကိုယ် ရှိနေသမျှ အရာရာတိုင်းက အဆင်ပြေလေသည်။

သို့သော်လည်း ကိုယ်တော်ယွမ်ပေက နှမျောတမ်းတသည့် အမူအရာဖြင့် စိတ်ထဲကနေ သက်ပြင်းချ၏။

ဆူဇီမိုသည် ဘာပဲပြောပြော လူသားတစ်ယောက်ဖြစ်၏။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ် သေဆုံးမှုသည် လူသားမျိုးနွယ်နှင့် သူ၏ နောက်ဆုံးလက်ကျန် ဆက်သွယ်မှု ပြတ်တောက်သွားခြင်းနှင့် တူလေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်၊ မျိုးဆက်သွေးနှင့် ဝိညာဉ်တို့ကို လူသားမျိုးနွယ်က ဆက်လက်၍ ပိုင်ဆိုင်တော့မည် မဟုတ်ပေ။

ကိုယ်တော်ယွမ်ပေက အဲဒါကို မကြည့်ရက်နိုင်ပေ။

သို့သော်လည်း.. သူ၏ အစွမ်းအစနှင့်ပင်လျှင် ဆူဇီမိုကို မကယ်တင်နိုင်ပေ။

ဘဝသက်တမ်း နှစ် ၅၀ အောက် ကျန်ရှိတော့သည့် အချိန်တွင် သူ၏သွေးချီက အားနည်းလာပြီး သူ၏ခန္ဓာကိုယ်က အိုမင်းရင့်ရော်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်က ညိုးခြောက်လာပေလိမ့်မည်။ သူ့အနေဖြင့် ဓမ္မဝိသေသအဆင့်သို့ ချိုးဖျက်တက်လှမ်းဖို့က မဖြစ်နိုင်တော့ပေ။

“ဇီမိုက သူ့ရဲ့ တာအိုကို သက်ရှိအားလုံးဆီ ဖြန့်ဝေပေးနိုင်ခဲ့တယ်.. သူ့ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က သူ့ရဲ့ တာအိုအတွက် စွန့်လွှတ်စတေးသွားတယ်ဆိုရင်တောင် အဲဒါက ထာဝရ တည်တံ့နေလိမ့်မယ်”

ကိုယ်တော်ယွမ်ပေက ပြောလိုက်၏။

မွေးနီတစ္ဆေက ခေါင်းညိတ်လိုက်၏။

“အဲဒါအတွက်တော့ သူ့ကို ကျုပ်လည်း ချီးကျူးမိတယ်.. သူက သိုင်းတာအိုကို သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဖန်တီးပြီး လူသားမျိုးနွယ်က မော်တယ်အားလုံးကို ကျင့်ကြံနိုင်စေခဲ့တယ်ဆိုတဲ့ အချက်က လူသားမျိုးနွယ်အတွက် တကယ့်ကို မကြုံစဖူး အံ့မခန်း အကျိုးဆောင်မှုတစ်ရပ်ပဲ”

“ဒီသိုင်းတာအိုသုတ္တန်တစ်ဝက်ကတင် သူ့ကို လူသားဧကရာဇ်နဲ့ ယှဉ်ဖို့ လုံလောက်နေပြီ”

. . . . .

တစ်ခဏအတွင်းမှာပင်.. ဆယ်ရက်တာက ကုန်ဆုံးသွားခဲ့၏။

ဆူဇီမိုသည် ဘုရားကျောင်းအိုထဲရှိ ခန်းမထဲမှာ ဆယ်ရက်ကြာအောင် အိပ်စက်ပြီးနောက် နိုးထလာခဲ့၏။

သူသည် နှစ်ငါးထောင်ကြာအောင် ကောက်ချက်ချ အဖြေထုတ်နေခဲ့ပြီးနောက်.. အလွန်တရာ ပင်ပန်းနေခဲ့၏။

သူ့စိတ်နှလုံးထဲရှိ အစွဲအလမ်းတချို့ကြောင့်သာ မဟုတ်လျှင် သူက အိပ်မောကျ၍ ဘယ်တော့မှ ပြန်လည်နိုးထမလာတော့တာ ဖြစ်နိုင်လေသည်။

ဘုန်းကြီးအိုက ဆူဇီမို၏ ဘေးကနေ စောင့်ကြည့်နေ၏။ ဆူဇီမို နိုးထလာသည်ကို မြင်သောအခါ သူက ကြင်နာသော အမူအရာဖြင့် မေးလိုက်၏။

“ဇီမို.. မင်းရဲ့ အစီအစဉ်က ဘာတွေလဲ”

“ကျုပ်.. ဒီကနေ ထွက်ခွာရမယ်”

ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။

“ကျုပ်.. ပင်ယန်းမြို့ကို ပြန်မယ်”

သူ၏ ဘဝသက်တမ်းက ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့လေပြီ။ သူက အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်း မရှိလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က ပင်ယန်းမြို့ရှိ ခြံဝန်းထဲတွင် သူ၏အစ်ကို ဆူဟုန်ဘေးမှာ လှဲလျောင်းအိပ်စက်နိုင်ပါက အကောင်းဆုံးဖြစ်၏။

ကိုယ်တော်ယွမ်ပေသည် ဆူဇီမို၏ စိတ်ကို ဖတ်မိနိုင်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

မြေခွေးတစ်ကောင်သည် သူ၏ တွင်းထဲမှာပင် သေပြီး သစ်ရွက်တစ်ရွက်က ၄င်း၏ အပင်ခြေရင်းမှာပင် ဆင်းသက်လေသည်။ ဆူဇီမိုအနေဖြင့် ပင်ယန်းမြို့သို့ ပြန်သွားခြင်းက အကောင်းဆုံးရလဒ် ဖြစ်ကောင်းဖြစ်နိုင်လေသည်။

“မပူပါနဲ့ ဆရာ.. ကျုပ်က လက်မလျှော့သေးပါဘူး”

ကိုယ်တော်ယွမ်ပေ၏ စိတ်နှလုံးထဲရှိ ပူဆွေးဝမ်းနည်းမှုကို ခံစားမိ​ပြီး ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

“လက်ကျန်နှစ်ငါးဆယ်အတွင်း ကျုပ်က အဆင့်ချိုးဖျက်တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်”

အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူတို့အနေဖြင့် ကျန်ရှိနေသော ဘဝသက်တမ်း နှစ်ငါးဆယ်အတွင်း အဆင့်ချိုးဖျက်တက်လှမ်းနိုင်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း ဆူဇီမိုအတွက် အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ပေ။ အကြောင်းမှာ နှစ်ငါးထောင်ကြာပြီးနောက် သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့်​ မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းလျှို့ဝှက်အမွေအနှစ် ၃၀ ကျော်ကို လက်ခံရရှိထားခဲ့၏။

သူ၏ အသိစိတ်ထဲမှာ ဖန်တီးခြင်းကြာခုံကလည်း ရှိနေသေး၏။

ဆူဇီမို၏ သွေးချီသည် ဆုတ်ယုတ်၍ သူ၏ ခန္ဓာကိုယ်က အိုမင်းရင့်ရော်လာသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က ဖန်တီးခြင်းကြာခုံ၏ အားဖြည့်ပေးမှုအောက်တွင် ညိုးခြောက်သွားခြင်း မရှိပေ။

သူ၏ အမြုတေစိတ်ဝိညာဉ်က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အာရုံခံမိနိုင်ဆဲဖြစ်၏။

အဲဒါတွေက သူ၏အားထားရာများ ဖြစ်​လေသည်။

တကယ်တော့ သူ၏ လက်ကျန်ဘဝသက်တမ်းသည် တိုတောင်းလွန်းပြီး ဆူဇီမိုအနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့လည်း ယုံကြည်မှု ကောင်းကောင်းမရှိပေ။

ထို့ကြောင့်ပင် သူက ပင်ယန်းမြို့သို့ ပြန်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သူ့အနေဖြင့် အောင်မြင်နိုင်ခဲ့မည်ဆိုလျှင် အကောင်းဆုံးရလဒ်ဖြစ်၏။

သို့သော်လည်း သူက ကျရှုံးသွားမည်ဆိုလျှင် သူ၏ ဇာတိမြေမှာ ခေါင်းချရခြင်းက အကောင်းဆုံးဟု သတ်မှတ်နိုင်၏။ သူ့မှာ သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ် ရှိနေသေးပြီး သူက တျဲယွဲ့နှင့် တွေ့ဆုံဖို့ အခွင့်အရေးတစ်ရပ် ရှိနေသေး၏။ အဲဒါက အဆိုးဝါးဆုံး ရလဒ်တစ်ခုတော့ မဟုတ်သေးပေ။

ဒါ့အပြင် ထောင်ယောင်က ပင်ယန်းမြို့မှာ သူ့ကို စောင့်ဆိုင်းနေဆဲဖြစ်၏။

ထိုစဉ်မှာပင် ဆူဇီမို၏ စိတ်နှလုံးက လှုပ်ခတ်သွား၏။ တစ်စုံတစ်ရာကို ခံစားမိသွားသည့်အလား သူ၏ သိုလှောင်အိတ်ကို ထိ​ပြီး ရွှေရောင်သစ်သီးတစ်လုံးကို ထုတ်ယူလိုက်၏။

“ဒါက..”

ကိုယ်တော်ယွမ်ပေက အာရုံစိုက်၍ ကြည့်လိုက်၏။

သူပင်လျှင် မခွဲခြားနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် အော်ရာတစ်ခုက ရွှေရောင်သစ်သီးကနေ ဖြာထွက်နေ၏။

သူက ညင်သာစွာ သက်ပြင်းချလိုက်၏။

ပို၍ပင် ထူးဆန်းသည့်အရာမှာ ရွှေရောင်သစ်သီးထံမှ အသက်ဓာတ်အားလှိုင်းတစ်ခုက ဖြာထွက်နေခြင်းပင်။ အဲဒါက အချိန်မရွေး ရုန်းကန်ထွက်ပေါ်လာတော့မည့်အလား ပို၍ ရှင်းလင်းကာ အားကောင်းလာခဲ့၏။

ဆူဇီမိုကလည်း မျက်လုံးပြူးသွား၏။

ရွှေရောင်သစ်သီးထဲကနေ တစ်စုံတစ်ရာ မွေးဖွားပေါ်ထွက်လာတော့မည်ဟု သူက ခံစားမိနေ၏။

ချက်.. ချက်.. ချက်..

ရုတ်တရက်ဆိုသလို.. ရွှေရောင်သစ်သီး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာ၏။

သစ်သီးခွံသို့ တစ်စုံတစ်ရာက ပစ်တိုက်လိုက်သည့်အလား ဒုတ်ခနဲမြည်သံက ထွက်ပေါ်လာခဲ့၏။

မကြာမီ.. သစ်သီးခွံသည် အပိုင်းအစများအဖြစ် ကွာကျသွားပြီး ပန်းရောင်သန်း၍ နုနယ်သော မွေးကင်းစ ကလေးငယ်တစ်ယောက်က ပေါ်ထွက်လာ၏။ ဆူဇီမို၏ လက်ဖဝါးပေါ်တွင် လှဲလျောင်းရင်း သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းနေ၏။

ဆူဇီမိုနှင့် ကိုယ်တော်ယွမ်ပေက ကြောင်အ,မှင်တက်သွားကြ၏။

ဒီမှာ ဘာတွေဖြစ်နေတာပါလိမ့်..။

ဆူဇီမိုသည် အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်ပြီး သူ၏စိတ်ထဲမှာ ခန့်မှန်းချက်တစ်ခုက တဖြည်းဖြည်း ဖြစ်ပေါ်လာ၏။

ကိုယ်တော်ယွမ်ပေကတော့ တုန်လှုပ်နေသော အမူအရာတစ်ခုရှိပြီး မွေးကင်းစ ကလေးငယ်၏ လှုပ်ရှားနေသော လက်နှစ်ဖက်ကို ခဏကြာအောင် စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲရှိ တုန်လှုပ်မှုက သိပ်သည်းစုဖွဲ့လာခဲ့၏။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

ကလေးငယ်၏ လက်နှစ်ဖက်က ဒီတိုင်းရူးသွပ်စွာ ဝှေ့ယမ်းနေခြင်း မဟုတ်ကြောင်း သူနားလည်လာသောအခါ သူက ပို၍ပင် ကြောင်အ,မှင်တက်သွား၏။

ကလေးငယ်၏ နုနယ်သော လက်နှစ်ဖက်သည် လောကရှိ လျှို့ဝှက်ဆန်းကြယ်ဆုံး စွမ်းအားများကို နှိုးဆွနိုင်သည့်အလား သိမ်မွေ့နက်နဲဆန်းကြယ်သည့် လမ်းကြောင်းတစ်ခုကို ထုတ်ဖော်နေ၏။

ထိုပြုမူလှုပ်ရှားပုံက ရင်းနှီးနေသည်ဟု ထင်ရ၏။

ကိုယ်တော်ယွမ်ပေသည် ခဏမျှ စဉ်းစားပြီးနောက်.. ရင်ထဲမှာ ဒိတ်ခနဲ တစ်ချက်ခုန်သွား၏။

ထိုပြုမူလှုပ်ရှားမှုများနှင့် ကိုယ်နေဟန်ထားသည် သိုင်းတာအိုသုတ္တန်တွင် ဆူဇီမို ဖန်တီးခဲ့သော လျှို့ဝှက်ခန္ဓာမီးဆေးနည်းစနစ်များ ဖြစ်လေသည်။

ဤကလေးငယ်သည် သိုင်းတာအို အသိစိတ်ရရှိလာပြီးနောက် မွေးဖွားပေါ်ထွက်လာသော ဘဝတစ်ခုဖြစ်နေနိုင်ကြောင်း ဆူဇီမိုက ဝိုးတဝါး ခန့်မှန်းမိလိုက်၏။

တစ်ချိန်တည်းမှာပင်.. သိုင်းတာအိုသစ်သီး ဖြစ်ပေါ်လာသည့် ဇစ်မြစ်က ဆူဇီမိုကိုယ်တိုင်ပင် ဖြစ်နေ၏။

ထိုအတွေးက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင်.. မွေးကင်းစ ကလေးငယ်သည် သူ၏လက်နှစ်ဖက် ဝှေ့ယမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

ထိုအခိုက်အတန့်တွင် ဆူဇီမိုနှင့် ကလေးငယ်ကြားမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာ၏။

ထိုဆက်သွယ်ချက်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နှင့် အစစ်အမှန်နဂါးခန္ဓာကိုယ်အကြား ဆက်သွယ်မှုနှင့် လုံးဝ မခြားနားပေ။

သာမန်တာအိုသစ်သီးများသည် အသိစိတ်ရရှိမည် မဟုတ်သလို အသက်ဘဝတစ်ခုကိုလည်း ပိုင်ဆိုင်လာလိမ့်မည် မဟုတ်ပေ။

သိုင်းတာအိုသစ်သီးကတော့ မဟာစိတ်ဆန္ဒများ၊ သိုင်းတာအို၏ ရည်ရွယ်ချက်နှင့် သက်ရှိအားလုံး၏ ယုံကြည်သက်ဝင်မှုတို့ဖြင့် စုစည်းဖြစ်တည်လာခဲ့ခြင်းဖြစ်၏။ အကြောင်းအခွင့် တိုက်ဆိုင်စွာနှင့်ပင်.. ၎င်းက စိတ်ဝိညာဉ်အသိစိတ်ကို ရရှိလာ​ပြီး အသက်တစ်ခုအဖြစ် မွေးဖွားပေါ်ထွက်လာခဲ့၏။

သိုင်းတာအိုကနေ မွေးဖွားပေါ်ထွက်လာသော ဤကလေးငယ်သည် ဆူဇီမိုပင်လျှင် ဖြစ်လေသည်။

ဆူဇီမိုက ကျေနပ်အားရသွား၏။

အစကတော့.. သိုင်းတာအိုကို ကောက်ချက်ချပြီး သိုင်းသုတ္တန်တစ်ဝက်ကို ဖန်တီးပြီးနောက် သူ့မှာ နောင်တအချို့ ရှိနေခဲ့၏။

ဘာပဲပြောပြော.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြစ်စေ.. အစစ်အမှန်နဂါးခန္ဓာကိုယ်ဖြစ်စေ.. သူတို့အနေဖြင့် ဤအဆင့်ထိရောက်အောင် ကျင့်ကြံဖို့က အလွန်တရာ ခက်ခဲခဲ့၏။ သူတို့၏ တာအိုအခြေခံအုတ်မြစ်များသည် ခိုင်မာနေပြီး သူတို့အနေဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်ကို ဖျက်ဆီးကာ အသစ်တစ်ဖန် ပြန်လည်ကျင့်ကြံဖို့က မဖြစ်နိုင်တော့ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင်.. ဆူဇီမိုသည် သိုင်းတာအိုကို တည်ထောင်ခဲ့သူဖြစ်သော်လည်း သူက အဲဒါကို ကျင့်ကြံဖို့ အခွင့်အရေး မရှိတော့ပေ။

ဒါ့အပြင် သူသည် သိုင်းသုတ္တန်၏ တစ်ဝက်ကို ကောက်ချက်ချပြီးနောက် စိတ်ဝိညာဉ်ရင်းမြစ် မရှိသော မော်တယ်များ မကျင့်ကြံနိုင်သည့် ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်၏။ သို့သော်လည်း သူက အဲဒါကို ဆက်လက်၍ ကောက်ချက်ချ အဖြေထုတ်ဖို့ စွမ်းအင် သူ့မှာ မကျန်ရှိတော့ပေ။

ယခု သူ့မှာ ဤကလေးငယ် ရှိလာပြီဖြစ်ပြီး သူ၏ ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်သွားလေပြီ။

ဤကလေးငယ်သည် သိုင်းတာအိုကြောင့် မွေးဖွားပေါ်ထွက်လာခြင်းဖြစ်သလို သိုင်းတာအိုအတွက် မွေးဖွားလာခြင်းလည်း ဖြစ်၏။

ကလေးငယ်၏ ကျင့်ကြံမှုလမ်းကြောင်းက လုံးဝ ဗလာကျင်းနေပြီး သူက သိုင်းတာအိုကို ကျင့်ကြံနိုင်ကာ အသွင်ပြောင်းလဲခြင်း ၉ ရပ်ကို ဖြတ်ကျော်ပြီးနောက် သိုင်းတာအိုကို ဆက်လက်၍ ကောက်ချက်ချ အဖြေထုတ်နိုင်ပေလိမ့်မည်။

အစစ်အမှန် နဂါးခန္ဓာကိုယ်နှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်တို့နှင့် ဆင်တူစွာ ဤကလေးငယ်သည် သိုင်းတာအို၏အစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာပေမည်။

အတိအကျဆိုရလျှင်.. ဤကလေးငယ်ကမှ အစစ်အမှန် ဆူဇီမိုဖြစ်လေသည်။

အကြောင်းမှာ ဤကလေးငယ်က သူ၏ ရည်မှန်းချက်များ၊ စိတ်ပိုင်းဖြတ်မှုများ၊ မာန်မာန၊ တာအိုနှလုံးသားနှင့် သူ၏ သိုင်းတာအိုကိုပင် အမွေဆက်ခံရရှိထားသောကြောင့်ဖြစ်၏။

တကယ်တော့.. အစစ်အမှန်နဂါးခန္ဓာကိုယ်ဖြစ်စေ.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြစ်စေ.. သူတို့နှစ်ယောက်စလုံးသည် သူတို့ကျင့်ကြံမှု၏ ဤအဆင့်အရောက်၌ ဆူဇီမို လက်ခံယုံကြည်ထားသော စစ်မှန်သည့် လမ်းကြောင်းကနေ သွေဖယ်သွားခဲ့ပြီဖြစ်၏။

အစစ်အမှန် နဂါးခန္ဓာကိုယ်သည် လူသားတစ်ယောက် မဟုတ်ဘဲ နဂါးတစ်ကောင်ဖြစ်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည်လည်း ကြာရိုး၊ကြာရွက်များကနေ ဖန်တီးပြုလုပ်ထားခြင်းဖြစ်၏။

သူတို့ထဲ မည်သူ့ကိုမှ ဆူဇီမိုအဖြစ် မသတ်မှတ်နိုင်ပေ။

သည့်ယခင်က.. ဆူဇီမိုအနေဖြင့် သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုထဲတွင် ဘယ်တစ်ခုက စစ်မှန်သောသူ ဖြစ်မလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်ခဲနေခဲ့၏။

ထို့ကြောင့်ပင် သူက သူ၏ ပင်မခန္ဓာကိုယ်ကို မရွေးချယ်ရသေးခြင်းဖြစ်၏။

ယခု သူက ဤကလေးငယ်ကို တွေ့မြင်လိုက်သည့် အခိုက်အတန့်မှာပင် ဆူဇီမိုက ဆက်လက်၍ တွေဝေတုံ့ဆိုင်း မနေတော့ပေ။

ဤသိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်ကမှ အစစ်အမှန်ဆူဇီမိုဖြစ်လေသည်။

အစစ်အမှန်ခန္ဓာကိုယ် သုံးခုကြားတွင် သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်က သူ၏ ပင်မခန္ဓာကိုယ် ဖြစ်လာပေမည်။

သူ၏ ပင်မခန္ဓာကိုယ်သည် အစစ်အမှန်နဂါးခန္ဓာကိုယ်နှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ ကန့်သတ်ချုပ်နှောင်မှုကနေ လုံးဝလွတ်မြောက်ပြီး သူ၏ ကိုယ်ပိုင်တာအိုကို ကောက်ချက်ချကာ မကြုံစဖူး အံ့မခန်း ဂုဏ်ကျက်သရေ ထွန်းတောက်မှုတစ်ခုကို ဖန်တီးရပေမည်။

ဤနေရာအရောက်၌.. ဆူဇီမို၏ အနာဂတ်ကို တျဲယွဲ့ပင်လျှင် ကြိုတင်ခန့်မှန်းတွက်ချက်နိုင်တော့မည် မဟုတ်ပေ။

All Chapters