နောက်ဆုံးအစီအစဉ်
Vol. 82 Ch. 1219
ခန်းမထဲရှိ အသံဗလံတချို့ကို ခံစားမိသောအခါ.. မွေးနီတစ္ဆေက ပြေးချလာ၏။
“ဒီကလေးက ဘယ်က ဘယ်လို ရောက်လာတာလဲ”
သူသည် မျက်လုံးပြူး၍ ကိုယ်တော်ယွမ်ပေနှင့် ဆူဇီမိုကို ကြည့်ပြီး မေးမြန်းလိုက်၏။
သူ ဤနေရာတွင် မရှိသည်မှာ အချိန်ခဏမျှသာ ကြာမြင့်သေး၏။ ဤလူအိုကြီးနှစ်ယောက်ကြားတွင် ကလေးငယ်တစ်ယောက်က ဘယ်က ဘယ်လို ပေါ်ထွက်လာရတာလဲ..။
မွေးနီတစ္ဆေသည် ကြက်သီးမွေးညင်းများ ထလာပြီး သူ၏ခေါင်းကို အလောတကြီး ခါယမ်းကာ ထိုအတွေးကို ရှင်းထုတ်ပစ်လိုက်၏။
ပင်မခန္ဓာကိုယ်သည် မွေးကင်းစ ကလေးအရွယ်မျှသာ ဖြစ်သော်လည်း သူက ငိုယိုခြင်း သို့မဟုတ် အော်ဟစ်ခြင်း မရှိပေ။
ထိုအစား.. သူက ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေကို ကြောက်ရွံ့မှု တစ်စွန်းတစ်စမျှ မရှိဘဲ သူ၏ နက်မှောင်နေသော မျက်ဆံများဖြင့် ငေးကြည့်နေ၏။
ခဏမျှ ရပ်တန့်ပြီးနောက်.. သူက ရွှေရောင်သစ်သီး၏ ကွဲကြေနေသော အခွံများကို ဆွဲယူကာ သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။
ကွဲကြေနေသော သစ်သီးအခွံက မဟာအားဆေးတစ်ခုလည်း ဖြစ်လေသည်။
မွေးနီတစ္ဆေသည် ထိုသည်ကို မြင်သောအခါ.. အံ့အားသင့်မှုဖြင့် သူ၏လျှာကို ကိုက်မိသွား၏။
သူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သော်လည်း ဤကဲ့သို့သော အခြေအနေတစ်ရပ်နှင့် ဘယ်တုန်းကမှ မတွေ့ကြုံဖူးခဲ့ပေ။
မွေးကင်းစ ကလေးငယ်ကို ကြည့်ရင်း သူက ကလေးငယ်တစ်ယောက်နှင့် ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ တည်ငြိမ်ရင့်ကျက်သော အံ့မခန်း ပုဂ္ဂိုလ်တစ်ယောက်နှင့် တွေ့ဆုံနေရသည်ဟု ခံစားလာရ၏။
“အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”
တစ်ဖက်တွင်တော့.. ကိုယ်တော်ယွမ်ပေ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး တတွတ်တွတ် ရေရွတ်နေ၏။
“ဘာများဖြစ်လို့လဲ”
မွေးနီတစ္ဆေက မေးလိုက်၏။
ကိုယ်တော်ယွမ်ပေက ပင်မခန္ဓာကိုယ်ကို လက်ညိုးထိုးပြီး တည်တံ့စွာဖြင့် ပြောလိုက်၏။
“ငါက ဒီကလေးရဲ့ စိတ်ကို လုံးဝ ဖတ်လို့မရဘူး ဖြစ်နေတယ်”
ကိုယ်တော်ယွမ်ပေသည် မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓကျောင်းတော်များ၏ မဟာနတ်ဘုရားစွမ်းအား.. စိတ်နှလုံးထွင်းဖောက်သိမြင်ခြင်းကို ကျင့်ကြံထားပြီး အခြားသူများ၏ စိတ်ကို အလွယ်တကူ ဖတ်ရှုနိုင်၏။
ကိုယ်တော်ယွမ်ပေက ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့်အမျှ မည်သည့်လျှို့ဝှက်ချက်မှ ထိန်ချန်၍ ရတော့မည် မဟုတ်ပေ။
သို့သော်လည်း ကိုယ်တော်ယွမ်ပေသည် ဤကလေးကို စစ်ဆေးကြည့်ဖို့အတွက် စောစောက စိတ်နှလုံးထွင်းဖောက်သိမြင်ခြင်းကို ထုတ်ဖော်ခဲ့သော်လည်း သူက ဤကလေး၏ စိတ်ကို လုံးဝ ဖတ်နိုင်ခြင်း မရှိပေ။
မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်အနေဖြင့် သူက ကလေးငယ်တစ်ယောက်ကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိတော့ပေ။
ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါက သေချာပေါက် အုံးအုံးကျက်ကျက် ဖြစ်လာပေလိမ့်မည်။
ဆူဇီမိုက ဘာမှပြန်မဖြေဘဲ တိတ်တဆိတ် ပြုံးနေ၏။
ပင်မခန္ဓာကိုယ်၏ တည်ရှိမှုက အရေးကြီးသော အလှည့်အပြောင်းတစ်ရပ်ဖြစ်၏။
အဲဒါသည် သုံးလောကနှင့် ဒြပ်စင်ငါးမျိုးကနေ လွတ်ထွက်နေ၏။
ကိုယ်တော်ယွမ်ပေ၏ စိတ်နှလုံးထွင်းဖောက်သိမြင်ခြင်းကို မပြောနှင့်.. မနောအာရုံတွက်ချက်ခြင်းမှာ အထူးတလည်ကျွမ်းကျင်သော ပဟေဠိနန်းတော်မှ မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ပင်မခန္ဓာကိုယ်ကို ထွင်းဖောက်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
မည်သူကမှ ပင်မခန္ဓာကိုယ်၏ ကံကြမ္မာကို ဗေဒင်တွက်ချက်နိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ ပင်မခန္ဓာကိုယ် တည်ရှိမှုနှင့်အတူ ဆူဇီမိုအနေဖြင့် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို စတေးရမည်ဆိုလျှင်တောင် သူ့အတွက် ဆုံးရှုံးမှုတစ်ရပ် မဟုတ်တော့ပေ။
တကယ်တော့ သူက အဲဒါကို လက်လျှော့မည်တော့ မဟုတ်ပေ။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်သွားလျှင် သိုင်းတာအိုအပေါ် သူ၏ ကောက်ချက်ချခဲ့ခြင်းများမှ အသီးအပွင့်များက ထွက်ပေါ်လာပေတော့မည်။
“အဲဒီကလေးလေးက ဘယ်သူလဲ”
မွေးနီတစ္ဆေက မနေနိုင်ဘဲ မေးလိုက်၏။
“သူက ကျုပ်ပဲ”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“အာ… “
မွေးနီတစ္ဆေက မှင်သက်ငေးမောသွား၏။
“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နဲ့ အစစ်အမှန်နဂါးခန္ဓာကိုယ်ရဲ့ တည်ရှိမှုလိုမျိုးပဲ.. ဒီကလေးငယ်က ကျုပ်ရဲ့ သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်ပဲ”
ဆူဇီမိုက ရိုးရှင်းစွာပင် ရှင်းပြလိုက်၏။
ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေသည် အတွေးနက်စွာဖြင့် ငေးမောသွားကြ၏။
ဒဏ္ဍာရီထဲတွင်.. အထက်ဘုံရှိ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကြားတွင် အင်မော်တယ်ဂိုဏ်းများ၏ အစစ်အမှန်သုံးခန္ဓာ၊ မိစ္ဆာဂိုဏ်းများ၏ အလောင်းသုံးဖော်၊ ဗုဒ္ဓကျောင်းတော်များ၏ ခန္ဓာသုံးပါးကဲ့သို့သော ထိပ်တန်းအဆင့် ကိုယ်ပွားခြင်းနည်းစနစ်များ ရှိကြလေသည်။
သို့သော် ယခုအခါ.. အကြောင်းအခွင့်တိုက်ဆိုင်စွာဖြင့် ဆူဇီမိုသည် သူ၏ သီးသန့်မူပိုင် အစစ်အမှန်ခန္ဓာကိုယ် သုံးခုကို ဖန်တီးနိုင်ခဲ့လေသည်။
“ဒီကလေးကို ငါတို့နဲ့ ထားခဲ့ပါလား”
မွေးနီတစ္ဆေက မနေနိုင်ဘဲ ပြောဆိုလိုက်၏။
“ငါက တစ်နေ့တစ်နေ့.. ဒီဘုန်းကြီးအိုကြီးကိုပဲ ကြည့်ကြည့်နေရတာ.. ဒီကလေးနဲ့ဆို ငါက အဖော်ရသွားပြီ”
“ဒါပေ့ါ”
ဆူဇီမိုက အလွယ်တကူပင် သဘောတူလိုက်၏။
သူ၏ ပင်မခန္ဓာကိုယ်သည် သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သော်လည်း အဲဒါက မွေးကင်းစ ကလေးတစ်ယောက်၏ ပုံစံမှာရှိပြီး သူ့ကိုယ်သူ မကာကွယ်နိုင်သေးပေ။ သူ့အနေဖြင့် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ နေပြီး ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေ၏ ကာကွယ်မှုအောက်မှာ ကျင့်ကြံမည်ဆိုပါက အကောင်းဆုံးရွေးချယ်မှု ဖြစ်လေသည်။
“ဇီမို.. မင်းက အဲဒီကို သွားဦးမှာလား”
ကိုယ်တော်ယွမ်ပေက မေးလိုက်၏။
“အင်း..”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ဂရုစိုက်ဦး”
ကိုယ်တော်ယွမ်ပေက စကားများစွာ ပြောဆိုခြင်းမရှိဘဲ သတိပေးလိုက်၏။
ဆူဇီမိုက သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
“ကျုပ်ရဲ့ ဘဝက လမ်းဆုံးခါနီးနေပြီ.. အတိတ်ကာလကတုန်းက ကျုပ်ရဲ့ မဟာရန်သူတော်တွေတောင် ကျုပ်ကို အရေးလုပ်ပြီး တိုက်ခိုက်နေမှာ မဟုတ်တော့ဘူး”
ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုသည် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေကို အလေးအနက် ဦးညွှတ်ကာ သူ၏ ပင်မခန္ဓာကိုယ်ကို ချန်ထားရစ်ခဲ့ပြီး လှည့်ထွက်သွားလေသည်။
မြောက်ပိုင်းဒေသသို့ ပြန်ရောက်လာပြီးနောက် သူ့တွင် အချိန်များစွာ မကျန်ရှိတော့ဘဲ သူ၏ မိတ်ဆွေဟောင်းများကိုလည်း နှုတ်ဆက်နေတော့မည် မဟုတ်ပေ။ သူက သူ၏ စိတ်ဝိညာဉ်ယာဉ်ပျံကို ဆင့်ခေါ်ထုတ်ပြီး ပင်ယန်းမြို့ဆီသို့ ဦးတည်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် သူ၏ အမြုတေစိတ်ဝိညာဉ်သည် ဖန်တီးခြင်းကြာခုံ၏ အားဖြည့်ပေးမှုအောက်မှာ ညိုးခြောက်သွားခြင်း မရှိခဲ့ပေ။
မဟုတ်ပါက.. စိတ်ဝိညာဉ်ယာဉ်ပျံကို အချိန်ကာလကြာမြင့်စွာ ထိန်းချုပ်ရခြင်းက သူ၏ အသက်ဓာတ်ကို လျင်မြန်စွာ ကုန်ခမ်းစေပေလိမ့်မည်။
. . . .
ဤနေ့တွင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်က ပင်ယန်းမြို့သို့ ရောက်ရှိလာခဲ့၏။
ပင်ယန်းမြို့ရှေ့မှာ မတ်တတ်ရပ်ရင်း အဘိုးအိုက မြို့ကို ငေးကြည့်ကာ စိတ်ခံစားချက်များဖြင့် တီးတိုးရေရွတ်လိုက်၏။
“အစ်ကိုကြီး.. ကျုပ်ပြန်လာပြီ”
“အဘိုး.. တောင်းပန်ပါတယ်”
ပင်ယန်းမြို့ထဲကနေ ပြေးထွက်လာသော ကလေးငယ်တစ်ယောက်သည် ဆူဇီမိုကို ဝင်တိုက်မိသွားပြီး အလောတကြီး ဦးညွတ်ကာ တောင်းပန်လိုက်၏။
“ဘာမှမဖြစ်ပါဘူး”
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
ကလေးငယ်သည် မလုံမလဲ ခံစားနေပုံရပြီး မြို့ဆီသို့ လက်ညိုးထိုးကာ တီးတိုးပြောဆိုလိုက်၏။
“အဘိုး.. အဘိုးကို ကျုပ်က လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်”
“ပင်ယန်းမြို့ထဲမှာ မက်မွန်ပင် အင်မော်တယ်တစ်ပါးရှိတယ်.. အဘိုးက လောလောဆယ် မြို့ထဲမှာ နေလို့ရတယ်.. အဘိုးက ကံကောင်းပြီး မက်မွန်ပင် အင်မော်တယ်နဲ့ တွေ့ပြီး သူ့ဆီက မက်မွန်သီးတချို့ စားရမယ်ဆိုရင်.. အဘိုးက အခုထက်ပိုပြီး အသက်ရှည်လာလိမ့်မယ်”
“ကျေးဇူးပဲ ကလေး”
ဆူဇီမိုက ပြုံး၍ ကလေးငယ်၏ ဦးခေါင်းကို ပွတ်သပ်ပြီး ပင်ယန်းမြို့ထဲသို့ ဝင်ရောက်လာခဲ့၏။
ပင်ယန်းမြို့မှာ အကြီးအကဲအချို့သည် ဆူဇီမို၏ နောက်ကျောကို ကြည့်ပြီး ရင်းနှီးနေသလို ခံစားရ၏။ သို့သော်လည်း သူတို့က ခေါင်းကိုခါပြီး ထိုအတွေးကို ချက်ချင်းပင် ဖယ်ထုတ်လိုက်၏။
ဆူဇီမိုသည် ခြံဝန်းတစ်ခုရှေ့သို့ ရောက်ရှိလာသောအခါ.. နူးညံ့သော အသံတစ်သံက ထွက်ပေါ်လာ၏။
“ခင်ဗျား ဘယ်သူလဲ”
နုနယ်သော ကလေးငယ်တစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာပြီး ဆူဇီမို၏ရှေ့ကနေ ပိတ်ဆို့တားဆီးကာ သူ့ကို ဒေါသတကြီး ကြည့်လိုက်၏။
“ဒီနေရာကို ဘယ်သူမှ ဝင်လို့ မရဘူး”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး ကောင်လေးကို ပြုံး၍သာ ကြည့်နေ၏။
ဆယ်နှစ်ကြာပြီးတာတောင် ထောင်ယောင်သည် မည်သည့်ပြောင်းလဲမှုမှ မရှိဘဲ ကလေးငယ်တစ်ယောက်အဖြစ် ရှိနေဆဲပင်။
“အား.. ခင်.. ခင်ဗျားက သခင်လေးလား”
ထောင်ယောင်က တုန်လှုပ်မှုဖြင့် မျက်လုံးပြူးသွား၏။
အဲဒီနောက် ထောင်ယောင်က နှာခေါင်းတစ်ချက်ရှုံ့ပြီး ဆက်လက်၍ သံသယမရှိတော့ပေ။ ချက်ချင်းပင် သူ၏မျက်လုံးများက နီရဲလာပြီး ရှိုက်ငိုလိုက်၏။
“သခင်လေး.. ခင်ဗျားပြန်လာပြီပဲ.. ကျုပ် အရမ်းကိုပျော်တယ်.. ဒါ.. ဒါပေမဲ့.. ခင်ဗျားရဲ့ ဘဝသက်တမ်းက.. “
ထောင်ယောင်သည် သူ၏သိုလှောင်အိတ်ထဲကနေ မက်မွန်သီးများကို အလောတကြီး ထုတ်ယူပြီး ဆူဇီမို၏ ရင်ခွင်ထဲသို့ တပွေ့တပိုက် ထည့်ပေးကာ အလောတကြီး လောဆော်လိုက်၏။
“သခင်လေး.. စား.. စား.. အဲဒါတွေကို အကုန်လုံး စားလိုက်”
ထောင်ယောင်၏ မက်မွန်သီးများသည် မော်တယ်တစ်ယောက်၏ ဘဝသက်တမ်းကို တိုးမြှင့်ပေးနိုင်လေသည်။
သို့သော်လည်း သူတို့က ဆူဇီမိုအပေါ် အသုံးဝင်မှု မရှိသလောက်ပင်။
ဆူဇီမိုက ငြင်းပယ်ခြင်း မရှိဘဲ မက်မွန်သီးများကို ယူကာ တစ်ကိုက်ကိုက်၍ ချီးကျူးလိုက်၏။
“မဆိုးဘူးပဲ”
ထောင်ယောင်က ဘာမှမပြောဘဲ တိတ်တဆိတ်ဖြင့်သာ ရှိုက်ငိုနေ၏။
သူသည် ဆူဇီမို၏ ဘဝနေဝင်ချိန်အော်ရာကို ခံစားမိနိုင်၏။
သူက ဆူဇီမိုကို ထပ်မံမတွေ့မြင်ရတော့မည်ကို စိုးရိမ်ပူပန်နေ၏။
“ငါက အဆင်ပြေပါတယ်”
ဆူဇီမိုက ထောင်ယောင်၏ မျက်နှာပေါ်မှ မျက်ရည်စများကို သုတ်ပေးပြီး ညင်သာစွာ ပြောလိုက်၏။
“ငါ မင်းကို တာဝန်တစ်ခု ပေးစရာရှိတယ်”
“ပြောပါ သခင်လေး”
ထောင်ယောင်က သူ၏နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“ငါက ဒီနေရာမှာ ကျင့်ကြံပြီးတော့.. ငါ့ရဲ့ နောက်ဆုံးအဆင့်ချိုးဖျက်တက်လှမ်းမှုအတွက် ကြိုးစားကြည့်ချင်တယ်.. အဲဒီအချိန်တွင်း ငါ့ကို ဘယ်သူမှ အနှောင့်အယှက်ပေးလို့ မရဘူး.. မင်းက ဒီမှာနေပြီး ငါ့ကို စောင့်ရှောက်ပေးရမယ်”
“ကောင်းပါပြီ”
ထောင်ယောင်၏ အမူအရာက ပြတ်သားလာခဲ့၏။
“ခင်ဗျားကို သေချာပေါက် ဘယ်သူမှ မနှောင့်ယှက်စေရဘူး”
ခဏမျှ တိတ်ဆိတ်နေပြီးနောက်.. ဆူဇီမိုက တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“တကယ်လို့.. ငါ့ရဲ့ အဆင့်ချိုးဖျက်တက်လှမ်းမှုက ကျရှုံးသွားပြီး ငါ့ရဲ့ ဘဝသက်တမ်း ကုန်ဆုံးသွားမယ်ဆိုရင် မင်းက ဘာမှ ဝမ်းနည်းနေစရာ မလိုဘူး.. ငါ့ကို ဒီခြံဝန်းထဲမှာပဲ မြှုပ်ပေးပါ”
ဆူဇီမိုပင်လျှင်.. ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ဖို့အတွက် သူ့ကိုယ်သူ ယုံကြည်မှု ကောင်းကောင်းမရှိပေ။
သူသည် နောက်ဆုံးအစီအစဉ်များအတွက် ကြိုတင်ပြင်ဆင်ခဲ့ရပေမည်။
“သခင်လေး.. ခင်ဗျားက သေမှာမဟုတ်ပါဘူး”
ထောင်ယောင်က နောက်တစ်ဖန် အော်ငိုပြီး သူ၏ခေါင်းကို ခါယမ်းနေ၏။