ထောင်ယောင်၏အမျက်
Vol. 82 Ch. 1220
ကျားနဂါးဂိုဏ်းတွင်....
“ဆရာ... အထီးကျန်သိုင်းသခင်က နဂါးသင်္ချိုင်းတောင်ကြားကနေ ထွက်လာပြီး ပင်ယန်းမြို့ကိုရောက်လာတယ်လို့ ကျုပ်သတင်းရရှိထားတယ်... သူက အဲ့ဒီအချိန်ကတည်းက ပြန်ထွက်မလာတော့ဘူး...”
အရပ်ရှည်ရှည်တပည့်တစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
ကျားနဂါးဂိုဏ်းချုပ်သည် မြင့်မားသောထိုင်ခုံပေါ်မှာ ထိုင်နေပြီး အေးစက်စက်အကြည့်နှင့်အတူ ခေါင်းအနည်းငယ်ညိတ်ပြလိုက်၏။
အကြီးအကဲတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အဲ့လိုဆိုရင် အထီးကျန်သိုင်းသခင်က သူ့ဘဝသက်တမ်းကုန်ဆုံးတော့မယ်ဆိုတာ သိပြီး သူ့ရဲ့ဇာတိမြေမှာခေါင်းချဖို့ဆုံးဖြတ်လိုက်တဲ့ပုံပဲ... သေရတော့မယ့်သူတစ်ယောက်ကို ဂိုဏ်းချုပ်က ဆက်ပြီးတော့ အရေးလုပ်နေစရာ မလိုတော့ပါဘူး...”
“အထီးကျန်သိုင်းသခင်က မသေသေးသရွေ့ ကျားနဂါးဂိုဏ်းအတွက် ကြီးမားတဲ့ပြဿနာအဖြစ် အမြဲတမ်းရှိနေမှာပဲ...”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က ထက်ရှသော အကြည့်တစ်ခုရှိလာ၏။
“အရင်တုန်းက ငါတို့ဂိုဏ်းက အင်ပါယာတွေကြားတိုက်ပွဲမှာ ဝင်ပါခဲ့သလို... ဆန်းကြယ်တောင်ထွတ်ကိုလည်း တိုက်ခိုက်ခဲ့တယ်... ငါတို့ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကတောင် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့ကြိုးစားခဲ့တယ်... သူက အဲ့ဒီရန်ငြိုးရန်စတွေကို ဘယ်လိုလုပ်လွှတ်ချနိုင်ပါ့မလဲ...”
“အထီးကျန်သိုင်းသခင် သေသွားတာကို ငါ့မျက်စိနဲ့မမြင်ရသေးသရွေ့ ငါက စိတ်အေးလက်အေးမနေနိုင်ဘူး...”
အကြီးအကဲက ဆက်လက်၍ဖျောင်းဖျချင်နေလေသည်။ သို့သော်လည်း ကျားနဂါးဂိုဏ်းချုပ်က တည်ကြည်ပြတ်သား၍ စိတ်ပိုင်းဖြတ်ထားသည်ကို သူက မြင်လိုက်ရ၏။
သူက စိတ်ထဲကနေ သက်ပြင်ချ၍ တိတ်တဆိတ်ဖြင့် ခေါင်းခါလိုက်၏။
“ပင်ယန်းမြို့မှာရော... အခြေအနေဘာထူးလဲ”
ကျားနဂါးဂိုဏ်းချုပ်က ထပ်မံ၍မေးလိုက်၏။
“ဘာမှမထူးပါဘူး...”
အရပ်ရှည်ရှည်ဂိုဏ်းသားက ထပ်ပြောလိုက်၏။
“ကျုပ်က အဲ့ဒီနေရာမှာ အတော်ကြာတဲ့အထိ စောင့်ကြည့်ခဲ့တယ်... ဒါပေမယ့် မြို့ထဲမှာ မော်တယ်တွေပဲရှိကြတယ်... သူတို့ရဲ့အသက်တွေက အတော်အတန်ရှည်ကြတယ်ဆိုပေမယ့် ဘယ်သူကမှ ကျင့်ကြံမထားကြဘူး...အော်... ဒါနဲ့ မြို့ကို ဝိုင်းပတ်ထားတဲ့ မက်မွန်ပင်တွေတော့ အများကြီးရှိတယ်”
“ပြောရမယ်ဆိုရင်... အထီးကျန်သိုင်းသခင်က အခုချိန်မှာ သူ့ကိုကာကွယ်ပေးနေတဲ့သူ တစ်ယောက်မှမရှိဘူးပေါ့...”
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏မျက်လုံးကိုမှေးကျဥ်း၍ တီးတိုးရေရွတ်လိုက်၏ ။
ခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က အရပ်ရှည်ရှည်တပည့်ကို ကြည့်ကာ ပြတ်သားစွာဖြင့်အမိန့်ပေးလိုက်၏။
“ထျန်ကျဲ့... မင်းက ငါ့ရဲ့အကြီးဆုံးတပည့်ပဲ... မင်းက ဂိုဏ်းကိုရောက်တာ နှစ်ပေါင်များစွာကြာခဲ့ပြီး... အခုဆို ဂိုဏ်းရဲ့ နံပါတ်တစ်မူလနတ္ထိတစ်ယောက်ဖြစ်နေခဲ့ပြီ... ငါက အဲ့ဒီကြီးလေးတဲ့တာဝန်ကို မင်းကိုပဲ ပေးရမှာပဲ...”
“နားလည်ပါပြီ”
ထျန်ကျဲ့ဟုအမည်ရသော ဂိုဏ်းသားက လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်လေသည်။
“ဂိုဏ်းမှာရှိတဲ့ တိုက်ခိုက်ရည်အသန်မာဆုံး မူလနတ္ထိ ဂိုဏ်းသားဆယ်ယောက်ကို မင်းနဲ့အတူလိုက်ဖို့ခေါ်သွား... မင်းက ဒီတစ်ခေါက် ဘာအမှားအယွင်းမှဖြစ်လို့မရဘူး”
“ကျုပ်က ပင်ယန်းမြို့ထဲကို ခိုးဝင်ပြီးတော့ တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းရမှာလား...”
ထျန်ကျဲ့က မေးလိုက်၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စွာလှောင်ရယ်ပြီး ခေါင်းခါပြလိုက်၏။
“မင်းက မင်းရဲ့လမ်းကြောင်းကို ဘာမှဖုံးကွယ်နေစရာမလိုဘူး... တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ဆီကို တန်းတန်းမတ်မတ်သွားပြီး မင်းက သူနဲ့ လက်ရည်စမ်းတိုက်ခိုက်ချင်တယ်လို့ပြောလိုက်”
“အထီးကျန်သိုင်းသခင်က ထက်ရှလွန်းပြီးတော့ မာန်မာနကြီးမားတဲ့လူတစ်ယောက်ပဲ... သူရဲ့ ကျင့်ကြံမှုဒီအဆင့်ထိ သူက ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး... သူက ဘဝနေဝင်ချိန်ကို ရောက်နေတယ်ဆိုရင်တောင် မင်းကိုကြောက်မှာမဟုတ်သလို မင်းရဲ့စိန်ခေါ်မှုကို သေချာပေါက်လက်ခံပြီး မင်းနဲ့တိုက်ခိုက်လိမ့်မယ်”
ထျန်ကျဲ့က နားလည်သွားပြီး ပြောလိုက်၏။
“အဲ့ဒီအချိန်ကျရင် ကျုပ်ကသူ့ကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ရမှာပေါ့...”
“အဲ့ဒါအမှန်ပဲ... “
ကျားနဂါးဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် အေးစက်စက်သတ်ဖြတ်လိုစိတ်က ဖျပ်ခနဲ လက်သွားပြီး သူကဆက်ပြောလိုက်၏။
“အခြေအနေမဟန်ဘူးထင်ရင် မင်းတို့တွေအားလုံးပူးပေါင်းပြီးတော့ သူ့ကိုသတ်ပစ်လိုက်... “
ခဏမျှရပ်တန့်ပြီးနောက် သူက မှင်သေသေဖြင့် ဆက်ပြောလိုက်၏။
“မင်းက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်နိုင်မယ်ဆိုရင် သူ့ရဲ့ရတနာတွေအကုန်လုံးက မင်းအပိုင်ဖြစ်လာလိမ့်မယ်”
ထျန်ကျဲ့၏ မျက်လုံးက ဝင်းလက်သွား၏။
အထီးကျန်သိုင်းသခင်က သူ၏တာအိုကိုသင်ကြားပေးပြီးနောက် မော်တယ်လောကသည် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး အရင်ကထက် တစ်မူထူးခြားစွာ ပို၍သက်ဝင်လှုပ်ရှားလာခဲ့၏။
လောကရှိ သက်ရှိအားလုံးသည် အင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းချင်ကြ၏။
မည်သူက ထာဝရအသက်ရှည်ခြင်းကို မလိုချင်ပဲနေပါ့မလဲ...။
သို့သော်လည်း မော်တယ်အများစုသည် အင်မော်တယ်ဖြစ်လာဖို့အတွက် အခွင့်အရေးမရှိသလို အဆင့်မမီကြပေ။
သို့သော် ယခုအခါမှာတော့ ထိုအခွင့်အရေးက သူတို့ရှေ့မှောက်သို့ရောက်ရှိလာပြီး မည်သူက အဲ့ဒါကို မတပ်မက်ဘဲ နေပါမလဲ။
မော်တယ်များအားလုံးနီးပါးသည် သိုင်းတာအိုကိုကျင့်ကြံဖို့ ကြိုးပမ်းလာကြ၏။
သို့သော် သိုင်းတာအိုသုတ္တန်က တူညီသော်လည်း လူတိုင်းသည် မတူညီသော ပါရမီအလားအလာများရှိကြပြီး မတူညီသော နားလည်ဆင်ခြင်နိုင်စွမ်းများရှိကြ၏။
မော်တယ်အချို့သည် သိုင်းတာအိုသုတ္တန်တွင်ပါဝင်သော သိမ်မွေ့နက်နဲမှုကို နားလည်သဘောပေါက်နိုင်ကြ၏။
သို့သော်လည်း အချို့မော်တယ်များက အခြေခံလောက်ကိုသာ နားလည်နိုင်ကြ၏။
အဲ့ဒီမှာ လုံးဝနားမလည်နိုင်သော မော်တယ်များစွာလည်းရှိလေသည်။
ပင်ယန်းမြို့မှာလည်း ထို့အတူပင်။ ယောင်္ကျားဖြစ်စေ... မိန်းမဖြစ်စေ... အိုမင်းသူဖြစ်စေ... ငယ်ရွယ်သူဖြစ်စေ... သူတို့အားလုံးသည် သိုင်းသုတ္တန်ကို ကျင့်ကြံဖို့ ကြိုးစားလာကြ၏။
မထင်မှတ်ထားစွာပင် ဤမြို့မှာရှိသော မော်တယ်များအတွက် သိုင်းတာအိုသုတ္တန်ကို ကျင့်ကြံဖို့ များစွာပိုမိုလွယ်ကူပြီး သူတို့က သက်တောင့်သက်သာ အားထုတ်မှုကိုသာ လိုအပ်လေသည်။
ဤနေ့တွင်....
မဖိတ်ခေါ်ထားသော ဧည့်သည် ၁၁ ယောက်သည် ပင်ယန်းမြို့အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ထိုကျင့်ကြံသူများသည် စွမ်းအားကြီးသောအော်ရာများရှိပြီး မည်သူကမှ သူတို့၏လမ်းကြောင်းကို ဖုံးကွယ်မထားကြပေ။ သူတို့သည် ကျားနဂါးဂိုဏ်း၏ ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ခေါင်းဆောင်က ဗလတောင့်တောင့်လူတစ်ယောက်ဖြစ်၏။ သူက ကျားနဂါးဂိုဏ်း၏ တာအိုသက်ရှိ ထျန်ကျဲ့ဖြစ်လေသည်။
ထျန်ကျဲ့၏ဦးဆောင်မှုအောက်တွင် မူလနတ္ထိ ၁၀ ယောက်သည် ပင်ယန်းမြို့ထဲသို့ လျှောက်လှမ်းလာကြ၏။
သူတို့မြို့ထဲသို့ရောက်မလာခင်မှာပင် မက်မွန်ပင်ကိုင်းများသည် အသက်ရှိနေသည့်အလား ယှက်ဖြာကျလာပြီး သူတို့ကို တားဆီးလိုက်၏။
“အားလုံးပဲ... ကျေးဇူးပြုပြီး ပြန်သွားကြပါ.. လောလောဆယ် ပင်ယန်းမြို့မှာ လူအဝင်အထွက်ကို ပိတ်ဆို့တားမြစ်ထားပါတယ်...”
အနည်းငယ်နုနယ်သော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
ထျန်ကျဲ့သည် စိတ်ထဲကနေလှောင်ရယ်၍ ထိုအသံကို လျစ်လျူရှုလိုက်၏။ ထိုအစားသူက ကျယ်လောင်စွာပြောလိုက်၏။
“ကျုပ်က ကျားနဂါးဂိုဏ်းရဲ့ တာအိုသက်ရှိ ထျန်ကျဲ့ပဲ... ကျုပ်က အထီးကျန်သိုင်းသခင်ရဲ့ ကြီးမြတ်တဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ... ကျုပ်ကဒီကို တကူးတကအလည်လာခဲ့တာပဲ... ကျေးဇူးပြုပြီး ကျုပ်ရဲ့ အလည်အပတ်ရောက်ရှိလာမှုကို လက်ခံပေးပါ အထီးကျန်သိုင်းသခင်”
“ခင်ဗျားက ဘာတွေလျှောက်အော်နေတာလဲ....”
ဗြုန်းခနဲဆို ကောင်လေးတစ်ယောက်က မြို့၏ဝင်ပေါက်ဝမှာ ပေါ်ထွက်လာ၏။ သူက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ထျန်ကျဲ့နှင့်အခြားသူများကို တစ်နည်းတစ်ဖုံ ဒေါသထွက်ဟန်ဖြင့် ကြည့်လိုက်၏။
“ကောင်လေး... မင်းကဘယ်သူလဲ”
မူလနတ္ထိတစ်ယောက်က တည်တံ့စွာဖြင့်မေးလိုက်၏။
“ကျုပ်က ထောင်ယောင်...ကျုပ်က သခင်လေးကို အလုပ်အကျွေးပြုတယ်...”
ကောင်လေးက တည်ကြည်လေးနက်စွာဖြင့် ပြန်ဖြေလိုက်၏။
ထောင်ယောင်သည် သူ၏သခင်လေးက မည်သူဖြစ်သည်ကို မပြောသော်လည်း ထျန်ကျဲ့နှင့်အခြားသူများက ခန့်မှန်းမိလိုက်ကြ၏။
ထျန်ကျဲ့က သွားဖြီးလိုက်လေသည်။
“ကောင်လေး... မင်းရဲ့သခင်လေးကို ငါအလည်လာတယ်လို့ မြန်မြန်သွားပြောစမ်းပါ”
“သူက အခုလောလောဆယ် ဘယ်ဧည့်သည်ကိုမှ လက်ခံမှာမဟုတ်ဘူး... ကျေးဇူးပြုပြီး ပြန်ကြပါ”
ထောင်ယောင်က ယဥ်ကျေးစွာဖြင့် သူ၏လက်နှစ်ဖက်ကို ယှက်ဖြာလိုက်ဆဲ ဖြစ်၏။
ထျန်ကျဲ့၏ မျက်နှာပေါ်ရှိအပြုံးက ပိုမိုတောက်ပလာ၏။
အထီးကျန်သိုင်းသခင်သည် သူတို့ကို မတွေ့ဆုံလိုသည့်အချက်မှာ သူ့တွင် ဘဝသက်တမ်းများစွာမကျန်ရှိတော့ကြောင်း ထပ်မံ၍ သက်သေပြပေးနေ၏။
သူက သေအံ့ဆဲဆဲလူတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ပကတိယုံကြည်မှုရှိလာ၏။
ထျန်ကျဲ့၏အမူအရာက တည်ကြည်လေးနက်လာပြီး သူ၏သတ်ဖြတ်လိုစိတ်က လျှံထွက်လာခဲ့၏။ သူက မကောင်းဆိုးဝါးဆန်ဆန်ပြောလိုက်လေသည်။
“ကောင်လေး... ဒီကိစ္စက မင်းဘာသာမင်း ဆုံးဖြတ်ချက်ချလို့ မရဘူး... မင်းက ငါတို့လမ်းမှာ ပိတ်ရပ်နေမယ်ဆိုရင် မယဥ်ကျေးတဲ့အတွက် ငါတို့ကိုအပြစ်မတင်နဲ့”
အစကတော့ သူ၏ ကြမ်းကြုတ်ခက်ထန်မှုကို ထုတ်ဖော်ချိန်တွင် ဤကောင်လေးက လိပ်ပြာလွင့်မတက် ကြောက်လန့်သွားမည်ဟု သူကတွေးထင်ခဲ့၏။
မထင်မှတ်ထားစွာပင် ထောင်ယောင်က မည်သည့်ကြောက်ရွံမှုကိုမှ မပြသပေ။ ထိုအစား သူ၏အမူအရာက အနည်းငယ်တင်းမာလာ၏။
“ခင်ဗျားတို့တွေက ကျုပ်ရဲ့သခင်လေးကို ဒုက္ခပေးချင်နေတာလား...”
ထောင်ယောင်သည် လူ့လောက၏ နည်းလမ်းများတွင် အတွေ့အကြုံမရှိဘဲ သူက ကြည်လင်သန့်စင်သော နှလုံးသားတစ်ခုသာ ရှိလေသည်။ သို့သော်လည်း သူကအရူးမဟုတ်ပေ။
“စီနီယာအစ်ကို... ခင်ဗျားက ဒီကောင်လေးနဲ့ ဘာလို့အချိန်ဖြုန်းနေရတာလဲ”
မူလနတ္ထိတစ်ယောက်က ရှေ့သို့လျှောက်လှမ်းပြီး ထောင်ယောင်၏လည်ပင်းကို ဖမ်းဆွဲလိုက်၏။
“ကျုပ်တို့က ဒီလိုမျိုးကောင်လေးကို အလွယ်တကူသတ်ပစ်လိုက်ရုံပေါ့”
“ခင်ဗျားတို့တွေက တကယ့်ကိုမကောင်းတဲ့ သူတွေပဲ...”
ထောင်ယောင်သည် မူလနတ္ထိ၏ ဝင်ရောက်လာသောလက်ကိုကြည့်ပြီး ရုတ်တရက်တိုက်ခိုက်လိုက်၏။ သူ၏ သေးသွယ်သောလက်က မူလနတ္ထိ၏လက်ပေါ်သို့ ရုတ်တရက်ရောက်ရှိလာခဲ့၏။
ရစ်ပတ် ၊ ဆွဲခါ.....
ဖြောက်.. ဖြောက်...ဖြောက်...
အရိုးများကျိုးပဲ့သံက ထွက်ပေါ်လာခဲ့၏။
ထျန်ကျဲ့နှင့် အခြားသူများ၏ ရှေ့မှောက်မှာပင် ထိုမူလနတ္ထိ၏ လက်သည် သွင်သွင်ကျိုးသွားပြီး သူ၏လက်ထဲရှိ အရိုးများက ကြေမွကုန်၏။
ထိုမူလနတ္ထိသည် ခဏမျှရပ်တန့်ပြီးမှသာ တုံ့ပြန်လာ၏။ သူ၏အမူအရာက တောင့်တင်းနေပြီး ချွေးစေးများက ချက်ချင်းပင်ကျဆင်းလာခဲ့၏။
“အား.....”
ထိုသူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
“အားလုံးပဲ... သတိထားကြ... ဒီကောင်လေးက သားရဲတစ်ကောင်အဖြစ် ကျင့်ကြံထားတယ်... သူက မိစ္ဆာသားရဲတစ်ကောင်ပဲ”
ထျန်ကျဲ့က ကျိန်ဆဲလိုက်၏။
“သေစမ်း.... ငါသူ့ကို အကဲဖြတ်မှားသွားတာပဲ...”
“မြန်မြန်ထွက်သွားလိုက်ကြ... မဟုတ်ရင်တော့ ကျုပ်အဆိုးမဆိုကြနဲ့”
ထောင်ယောင်က တည်ကြည်လေးနက်စွာဖြင့် သတိပေးလိုက်၏။
အဲ့ဒါက မျောက်နှင့်အခြားသူများသာဆိုလျှင် ဘာစကားမှမပြောတော့ဘဲ ဤလူအုပ်စုကို သတ်ဖြတ်လိုက်ပြီဖြစ်၏။
သို့သော်လည်း ထောင်ယောင်ကတော့ မတူပေ။ သူ၏လက်က မည်သည့်သွေးမှ မစွန်းထင်းခဲ့သလို သူက မည်သည့်သက်ရှိကိုမှလည်း မသတ်ဖြတ်ခဲ့ဖူးပေ။
ယခုအချိန်တွင် မူလနတ္ထိတစ်ယောက်၏လက်ကို ချိုးလိုက်ခြင်းသည် သူလှုပ်ရှားဖူးသမျှထဲ အပြင်းထန်ဆုံး လှုပ်ရှားကွက်ဖြစ်လေသည်။