စုဝေးကြခြင်း
Vol. 82 Ch. 1222
ဆူဇီမိုသည် မူလနတ္ထိတစ်ယောက်ဖြစ်သော်လည်း သူ၏ ပြုမှုလှုပ်ရှားမှုများသည် မြောက်ပိုင်းဒေသရှိ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကို ဆွဲဆောင်နိုင်လေသည်။
“အထီးကျန်သိုင်းသခင်က.. သူ့ဘဝရဲ့နေဝင်ချိန်ကို ရောက်နေပြီ... သူက သင်္ချိုင်းကုန်းကိုတောင် ခြေတစ်ဖက်လှမ်းနေပြီ... ဒါပေမယ့်လို့ သူ့မှာ ရတနာတွေအများကြီးရှိနေတုန်းပဲ... ငါတို့က အဲ့ဒီရတနာတွေကို အခြားသူတွေနောက် အပါမခံနိုင်ဘူး...”
“အထီးကျန်သိုင်းသခင် သေဆုံးသွားတာနဲ့ သူ့ရဲ့ရတနာတွေက ပိုင်ရှင်မဲ့ဖြစ်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် သွေးလွှမ်းတိုက်ပွဲတစ်ခုက သေချာပေါက်ထွက်ပေါ်လာလိမ့်မယ်”
ဤလောကတွင် ဒုတိယ တာအိုသက်ရှိ အထီးကျန်သိုင်းသခင် ဖြစ်မလာချင်သူ မည်သူရှိပါ့မလဲ...။
ဆူဇီမိုသည် သန်မာ၍ စွမ်းအားကြီးစဥ်ကပင် များစွာသော ကျင့်ကြံသူများနှင့် ဂိုဏ်းများသည် သူ၏ရတနာများကို လုယူချင်ခဲ့ကြ၏။
ယခု သူ့ဘဝနေဝင်ချိန်ကိုရောက်ရှိလာသောအခါ မြောက်ပိုင်းဒေသရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် ဂိုဏ်းများသည် လောဘရမ္မက်တက်လာခဲ့ကြ၏။
“ငါကြားတာတော့ အထီးကျန်သိုင်းသခင်က နေရဖို့ နှစ်၅၀ တောင် မကျန်တော့ဘူးတဲ့... သူက ဓမ္မဝိသေသအဆင့်ကို တကယ်ပဲ တက်လှမ်းနိုင်ပါ့မလား”
“ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ...”
“သူက သူ့ရဲ့စိတ်ကိုလျှော့ချပြီး သူ့ရဲ့အလိုဆန္ဒတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် လက်ကျန်နှစ် ၅၀ ကို သက်တောင့်သက်သာနေသွားနိုင်လိမ့်မယ်... သူက ခေါင်းမာပြီးတော့ ဓမ္မဝိသေသအဆင့်ကို ချိုးဖျက်တက်လှမ်းဖို့ လုပ်မယ်ဆိုရင်တော့ သူက တစ်နှစ်ထက်တောင် ပိုကြာကြာနေရမှာ မဟုတ်ဘူး...”
“အဲ့ဒါအမှန်ပဲ.... အဆင့်ကြီးတစ်ဆင့်ကို ချိုးဖျက်တက်လှမ်းဖို့က ဘယ်လောက်တောင်ခက်ခဲပြီး ဘယ်လောက်တောင် အန္တရာယ်များသလဲ.... အဲ့ဒါက အောင်မြင်နိုင်ပါ့မလားဆိုတာ မသေချာဘူး... နောက်ပြီး သူက သူ့ဘဝရဲ့ နေက်ဆုံးအချိန်ကို ရောက်နေခဲ့ပြီ...”
ချက်ချင်းပင် မြောက်ပိုင်းဒေသရှိ ကျင့်ကြံသူများသည် ဤကိစ္စကိုဆွေးနွေးလာကြ၏။
ယင်တစ္ဆေဂိုဏ်းတွင်....
“ဂိုဏ်းချုပ်.... ကျုပ်တို့က ပင်ယန်းမြို့ကို သွားပြီး အထီးကျန်သိုင်းသခင်ရဲ့ ပိုင်ဆိုင်မှုတွေအတွက် တိုက်ခိုက်သင့်သလား”
ကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။
“သေချာတာပေါ့”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဂျူနီယာညီ မဟူရာသားရေ... ပင်ယန်းမြို့ဆီကို ဓမ္မဝိသေသ ၁၀ ယောက်နဲ့ မူလနတ္ထိ အယောက် ၅၀ ခေါ်သွား...”
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ဒါပေမယ့်လို့... အထီးကျန်သိုင်းသခင်က မသေသေးဘူးဆိုရင် အရမ်းကာရောဘာမှမလုပ်နဲ့ဦး”
“ဘာလို့လဲ....”
တာအိုအရှင် မဟူရာသားရေက ဒွိဟဖြစ်သွား၏။
“ကင်းခြေများတစ်ကောင်က သေဆုံးသွားရင်တောင် ဘယ်တော့မှ လဲကျမှာမဟုတ်ဘူး”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ အိတ်ကပ်ထဲမှာ တခြားဘာဝှက်ဖဲတွေရှိနေဦးမလဲ ဘယ်သူပြောနိုင်မလဲ... မင်းတို့အားလုံးလုပ်စရာရှိတာက အနီးနားဝန်းကျင်ကနေ စောင့်ကြည့်နေဖို့ပဲ... အထီးကျန်သိုင်းသခင် သေသွားမယ်ဆိုရင် ဘာမှတွေဝေတုံ့ဆိုင်းနေစရာမလိုဘူး... မင်းတို့က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ချက်ချင်းဝင်လုရမယ်”
“နားလည်ပါပြီ”
တာအိုအရှင်မဟူရာသားရေက လေးနက်သောအသံဖြင့် ပြောလိုက်၏။
တစ်ချိန်တည်းနီးပါးမှာပင် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း ၊ သွေးမြူဂိုဏ်း ၊ ယုဝမ်ကလန်နှင့် အခြားသော အဆင့်မြင့်ဂိုဏ်းနှင့် ရှေးတော်ဝင်မိသားစုများမှ ကျင့်ကြံသူများသည် ပင်ယန်မြို့သို့ ထွက်ခွာလာခဲ့ကြလေသည်။
ချက်ချင်းပင် မုန်တိုင်းတစ်ခုက အစပျိုးလာခဲ့၏။
သေးငယ်သော ပင်ယန်းမြို့လေးသည် မရေမတွက်နိုင်သောဂိုဏ်းများ အဖွဲ့အစည်းများ၏ ပစ်မှတ်ထားစရာဖြစ်လာခဲ့၏။
မုရုံရှေးတော်ဝင်မိသားစုတွင်....
မုရုံမိသားစုခေါင်းဆောင်က သူ၏ခေါင်းကို ညင်သာစွာ ခါပြီး ရေရွတ်ပြောဆိုလိုက်၏။
“သိုင်းတာအိုကို တည်ထောင်ပြီးတော့... လောကအတွက် ထာဝရအကျိုးဆောင်မှုတစ်ရပ်ကို ပြုလုပ်ပေးခဲ့တဲ့... ပြန်ဝင်စားမွန်းစတား တစ်ယောက်က ဒီလိုပုံစံနဲ့ အဆုံးသတ်ရတော့မှာပါလား”
“မိသားစုခေါင်းဆောင်.. အဆင့်မြင့်ဂိုဏ်းတွေရဲ့ ကျင့်ကြံသူတွေက အထီးကျန်သိုင်းသခင်ရဲ့ ပိုင်ဆိုင်မှုတွေအတွက် တိုက်ခိုက်ဖို့ အဲ့ဒီကိုသွားနေကြပြီလို့ ကျုပ်ကြားထားတယ်.. ကျုပ်တို့ကလည်း...”
ကျင့်ကြံသူတစ်ယောက်က မေးလိုက်၏။
“မလုပ်ရဘူး”
မုရုံမိသားစုခေါင်းဆောင်က ခေါင်းခါလိုက်၏။
“ငါက တစ်ခါတုန်းက အထီးကျန်သိုင်းသခင်ကို ကတိပေးခဲ့ဖူးတယ်.. သူက သိုင်းတာအိုကို တည်ထောင်ပြီး လောကမှာရှိတဲ့ သက်ရှိအားလုံးကို ကျင့်ကြံခွင့်ပေးနိုင်မယ်ဆိုရင် ငါက သူ့ကို ကိုယ်တိုင်သွားပြီး ဂုဏ်ပြုပေးပါမယ်လို့”
“အခု... အထီးကျန်သိုင်းသခင်က သူ့ဘဝရဲ့ နေဝင်ချိန်ကိုရောက်နေပြီ.. ငါက အခုနေ ဂုဏ်ပြုဖို့သွားမယ်ဆိုရင် အဲ့ဒါက အဓိပ္ပါယ်မရှိတော့ဘူး.. သူ့ရဲ့ အနာဂတ်က မှောင်မိုက်နေခဲ့ပြီးပြီ.. ငါတို့က မြေနိမ့်ရာလှံမစိုက်ရဘူး... အဲ့ဒါက ရှက်စရာကောင်းလွန်းတယ်”
“အဲ့ဒါအမှန်ပါပဲ.... “
မုရုံမိသားစု၏ အကြီးအကဲတစ်ယောက်က ခေါင်းညိတ်လိုက်၏။
“အဲ့ဒါက အထီးကျန်သိုင်းသခင် ရသင့်ရထိုက်တဲ့ လေးစားမှုပဲ”
အဆင့်မြင့်ဂိုဏ်းများကြားတွင် ကြယ်တာရာဂိုဏ်း ၊ မီးလျှံကိုလံဘတ်တောင်ကြားနှင့် ကောင်းကင်ရွေ့လျားဂိုဏ်းတို့ကလည်း လှုပ်ရှားမှုများ ပြုလုပ်မလာကြပေ။
အဆင့်မြင့်ဂိုဏ်း ၃ ဂိုဏ်းမှ ဂိုဏ်းချုပ်များသည် သူတို့၏ ဂိုဏ်းသားကျင့်ကြံသူများကို ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားကြ၏။
မဟာကျိုးမြို့တော်တွင်...
အမျိုးသမီးနှစ်ယောက်သည် ဘေးချင်းယှဥ်၍ ရပ်နေကြ၏။ တစ်ယောက်က နူးညံ့သိမ်မွေ့၍ ချောမောလှပပြီး အခြားတစ်ယောက်ကတော့ မြင့်မြတ်ထည်ဝါ၍ ကျက်သရေရှိနေ၏။
သူတို့က ဆူရှောင်းနင်နှင့် မဟာကျိုးဧကရီ ကျိယောင်ရွှယ် ဖြစ်လေသည်။
“အစ်ကို....”
ရှောင်းနင်သည် ဝမ်းနည်းပူဆွေးသော အမူအရာတစ်ခုနှင့် ပင်ယန်းမြို့ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်၏။
“ကျွန်မက ပင်ယန်မြို့ကိုသွားပြီး သူ့ကိုနောက်ဆုံးအကြိမ်သွားကြည့်ရမယ်...”
“ငါလည်း နင်နဲ့လိုက်ခဲ့မယ်”
ကျိယောင်ရွှယ်က ပြောလိုက်၏။
“အစ်မယောင်ရွှယ် မလိုက်ပါနဲ့... ပင်ယန်းမြို့က အခုဆိုရင် အန္တရာယ်များနေပြီ... အစ်မက ဧကရီတစ်ပါးပဲ... ဒီလိုမျိုးအန္တရာယ်ကို စွန့်စားစရာမလိုဘူး”
ရှောင်းနင်က ပြောလိုက်၏။
“အဲ့ဒါက အရမ်းကို အန္တရာယ်များတယ်ဆိုရင်တောင် ငါက ဇီမို့ဆီကို သွားရမှာပဲ”
ကျိယောင်ရွှယ်၏ လေသံက တည်ငြိမ်၍ အလွန်တရာ ပြတ်သားနေ၏။
ရှောင်းနင်သည် အတန်ကြာစဥ်းစားပြီးနောက် သူမကိုထပ်မံ၍ ဖျောင်းဖျမနေတော့ပေ။
သူတို့သည် မဟာကျိုးအင်ပါယာအတွက် စီစဥ်နေရာချမှုတချို့ ပြုလုပ်ပြီးနောက် ပင်ယန်မြို့ဆီသို့ ထွက်ခွာလာခဲ့ကြ၏။
ဆန်းကြယ်တောင်ထွတ်တွင်....
အင်မော်တယ်ကြိုးကြာအိုနှင့် နန်းကြည်သည် ထိုသတင်းကို ရရှိသည့်အချိန်မှာပင် ပင်ယန်းမြို့ဆီသို့ ချက်ချင်းပင်ထွက်ခွာလာခဲ့ကြ၏။
ခြင်္သေ့ရိုင်းတောင်ကျောရိုးတွင်....
မျောက်နှင့် အခြားသူများသည် ဝမ်းနည်းပူဆွေးသော အမူအရာများနှင့် အတူတကွ စုဝေးလိုက်ကြ၏။
မြေခွေးလေး၏ မျက်လုံးများက နီရဲနေ၏။ သူမက စောစောကတင် ငိုထားသည်မှာ သိသာလေသည်။
“တကယ်ပါပဲ အစ်ကိုကြီးရာ.. အဲ့ဒီသုံးစားမရတဲ့ သိုင်းတာအိုအတွက် ခင်ဗျားအသက်ကို ဘာလို့စတေးရတာလဲ”
စိတ်ဝိညာဥ်ကျားက မကျေမချမ်းဖြစ်နေ၏။
ထိုစကားကိုကြားရသည့်အခါ မြေခွေးလေးက ထပ်မံ၍ ငိုတော့မည့်ပုံပင်။
ရုတ်တရက်ညဝိညာဥ်က ပြောလိုက်၏။
“တကယ်တော့...အခြေအနေက ခင်ဗျားတို့ တွေးထင်ထားသလောက်လည်း ဆိုးဝါးမနေပါဘူး... အစ်ကိုကြီးမှာ နောက်ထပ်အစစ်အမှန်ခန္ဓာကိုယ်တစ်ခုရှိသေးတယ်လို့ ကျုပ်ကြားမိတယ်”
“သူ့ရဲ့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်က သေဆုံးသွားမယ်ဆိုရင်တောင် သူက အပြီးတိုင်သေဆုံးသွားမှာ မဟုတ်ဘူး”
“တကယ်ပြောနေတာလား...”
“အား...”
“အဲ့ဒါက အမှန်ဟုတ်ဟုတ် မဟုတ်ဟုတ်.. ငါတို့က ပင်ယန်းမြို့ကို အရင်သွားရမှာပဲ... လူသားမျိုးနွယ်က သောက်ကျင့်မကောင်းတဲ့ကောင်တွေက.. နံပါတ်တစ်ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူချင်နေတယ်လို့ ငါကြားထားတယ်... တကယ့်ကို မျိုးမစစ်ကောင်တွေပဲ”
မျောက်က ကျိန်ဆဲလိုက်၏။
“သွားကြတာပေါ့...”
မျောက်တို့အုပ်စုက ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။
တကယ်တော့ ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြားကနေ ထွက်ခွာလာပြီးနောက် ရှောင်းနင်နှင့် မျောက်တို့အုပ်စုကဲ့သို့ သူ၏ ဆွေမျိုးမိတ်ဆွေများဆီသို့ အလည်အပတ်မသွားခဲ့သည်မှာ အကြောင်းပြချက်ရှိလေသည်။
သူ၏ အခြေအနေက သိပ်မကောင်းလှတော့ပေ။ နဂါးသင်္ချိုင်းတောင်ကြားကနေ ပင်ယန်းမြို့သို့သွားသော ခရီးရှည်သည် သူ၏အကန့်အသတ်ဖြစ်နေခဲ့လေပြီ။
သူသည် ခြင်္သေ့ရိုင်းတောင်ကျောရိုး ၊ ဆန်းကြယ်တောင်ထွတ်နှင့် မဟာကျိုးမြို့တော်ဆီသို့ လည်ပတ်သွားရောက်ဖို့ စွမ်းအင်မကျန်ရှိတော့ပေ။
ဒါ့အပြင် သူ၏လက်ရှိအခြေအနေအရ ဖြစ်နိုင်ချေနှစ်ခုသာလျှင် ရှိလေသည်။
ပထမ... အဆင့်ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးခြင်း...။
ညဝိညာဥ်ပြောခဲ့သလိုပင် သူ၏အဆင့်ချိုးဖျက်တက်လှမ်းခြင်းက ကျရှုံးသွားမည်ဆိုလျှင်တောင် သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ် ကျန်ရှိနေသေး၏။
ဒါ့အပြင် သူ၏ ပင်မခန္ဓာကိုယ်လည်း ရှိနေခဲ့လေပြီ။ သူက အပြီးတိုင်သေဆုံးသွားမည်မဟုတ်ပေ။
အဲ့ဒါက ရှောင်းနင်နှင့် အခြားသူများကို သွားရောက်နှုတ်ဆက်ခြင်းဖြင့် သူတို့ကိုပို၍ ဝမ်းနည်းပူဆွေးစေရုံမျှသာရှိပေလိမ့်မည်။ သူက ထိုသို့လုပ်စရာမလိုအပ်ပေ။
ဒုတိယဖြစ်နိုင်ချေမှာ....အဆင့်ချိုးဖျက်တက်လှမ်းရာမှာ အောင်မြင်သွားခြင်း...။
ထိုသို့ဆိုလျှင် သူ့အနေနှင့် ရှောင်းနင်နှင့်အခြားသူများကို သွားရောက်နှုတ်ဆက်ဖို့ ပို၍ပင်မလိုအပ်ပေ။
ထိုအခိုက်အတန့်တွင် ပင်ယန်းမြို့အပြင်ဘက်မှာ အုန်းအုန်းကျက်ကျက်ဖြစ်လာခဲ့လေပြီ...။
ပင်ယန်းမြို့သည် ထောင်ယောင်၏ကာကွယ်မှုအောက်မှာ တည်ငြိမ်အေးချမ်းနေဆဲ ဖြစ်၏။ မြို့ထဲရှိလူများသည် မည်သည့်သက်ရောက်မှုမှမရှိဘဲ သူတို့၏ ရှင်သန်နေထိုင်မှုကို ဖြစ်ရိုးဖြစ်စဥ်အတိုင်း သွားလာလှုပ်ရှားနေကြ၏။
ခြံဝန်းထဲတွင် ဆူဇီမို၏ အဆင့်ချိုးဖျက်တက်လှမ်းမှုက အရေးကြီးဆုံးအခြေအနေတစ်ခုသို့ ရောက်ရှိလာခဲ့လေပြီ။
ဓမ္မဝိသေသအဆင့်....
တကယ်တော့... အဲ့ဒါသည် သူ၏ အတိတ်ကာလကျင့်ကြံမှုများကို အနှစ်ချုပ်ရခြင်းဖြစ်လေသည်။
ဓမ္မပညာရပ်များအားလုံး၏ ပေါင်းစည်းမှုသည် ကောင်ကင်နဲ့မြေကြီး ဓမ္မဝိသေသတစ်ခုကို ဖြစ်လာစေပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် အရမ်းကို သန်မာရသည့်အကြောင်းရင်းမှာ ဤဓမ္မဝိသေသတွင် ကျင့်ကြံသူတစ်ယောက်၏ အတိတ်ကာလကျင့်ကြံမှုများ၏ ဆင်ခြင်နားလည်မှုများ ၊ အဆီအနှစ်များနှင့် စွမ်းအားများအားလုံး ပါဝင်နေသောကြောင့်ပင်။
ပုံမှန်အခြေအနေမှာဆိုလျှင် ဤကဲ့သို့ အနှစ်ချုပ်ခြင်းဖြစ်စဥ်က အလွန်တရာ ရှည်လျားပြီး စိတ်စွမ်းအင်အမြောက်အမြား သုံးစွဲဖို့လိုအပ်လေသည်။ ကျင့်ကြံသူအချို့သည် နှစ် ၅၀ မပြောနှင့်.. နှစ် ၅၀၀ ကြာပြီးတာတောင် ဓမ္မဝိသေသအဆင့်ကို အောင်မြင်စွာ ချိုးဖျက်တက်လှမ်းနိုင်ချင်မှ တက်လှမ်းနိုင်ပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ အခြေအနေက ကွဲပြားခြားနားလေသည်။
သူသည် တာအိုအမွေအနှစ်ကုန်းမြေမှာ ကျောက်သားရုပ်ထုအမွေအနှစ် ၃၀ ကျော်ကို လက်ခံရရှိထားခဲ့၏။ သူသည် အင်မော်တယ် ၊ ဗုဒ္ဓ နှင့် မိစ္ဆာဂိုဏ်းများ၏ ကျင့်ကြံရေးနည်းစနစ်များကို အနှစ်ထုတ်ထားခဲ့ပြီးပြီ ဖြစ်ပြီး အဲ့ဒါတွေနှင့် သူက ရင်းနှီးကျွင်းဝင်နေခဲ့ပြီးသားပင်။
ထိုကဲ့သို့သော ကောက်ချက်ချထုတ်နုတ်မှုမရှိဘဲ သူက သိုင်းတာအိုကို ဖန်တီးနိုင်ဖို့ ခက်ခဲပေလိမ့်မည်။
အဲ့ဒါကြောင့် ဤဖြစ်စဥ်က အပြင်လူများအတွက် အခက်ခဲဆုံးဖြစ်သော်လည်း အဲ့ဒါက ဆူဇီမိုအတွက်တော့ စိန်ခေါ်မှုတစ်ရပ် ဖြစ်မလာခဲ့ပေ။
သူ၏ခန္ဓာကိုယ်နှင့် သွေးချီသည် ခမ်းခြောက်နေခဲ့ပြီဖြစ်သော်လည်း သူ၏ကျင့်ကြံမှုအဆင့်က လျင်မြန်စွာတိုးတက်လာပြီး ဓမ္မဝိသေသအဆင့်သို့ အလွန်တရာနီးကပ်လာခဲ့၏။
နှစ် ၅ ထောင်နီးပါး ကောက်ချက်ချအဖြေထုတ်နေခဲ့ခြင်းက လုံးဝအလဟဿမဖြစ်ခဲ့ပေ။
အချိန်ကာလသည် ဓမ္မဝိသေသအဆင့်၏ အဟန့်အတားကို အရည်ဖျော်ပစ်နေပြီး ဆူဇီမိုလုပ်စရာရှိသည်မှာ သက်တောင့်သက်သာနှင့် ထိုအဆင့်ကိုဖြတ်သန်းနေခြင်းဖြစ်၏။
ဤအဆင့်ချိုးဖျက်တက်လှမ်းခြင်းသည် ဆူဇီမို၏ကျင့်ကြံမှုတစ်လျှောက် အလွယ်ကူဆုံးပင် ဖြစ်ကောင်းဖြစ်လာနိုင်လေသည်။