ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ခြင်း
Vol. 82 Ch. 1225
ကျင့်ကြံသူများ အားလုံးသည် ပင်ယန်းမြို့ကို မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူး၍ ကြည့်နေကြ၏။
“အဲဒါက..”
“အထီးကျန်သိုင်းသခင်က အဆင့်ချိုးဖျက်တက်လှမ်းသွားပြီလား”
“မ.. မဖြစ်နိုင်လောက်ပါဘူး”
“အထီးကျန်သိုင်းသခင်က သူ့ဘဝရဲ့ နေဝင်ချိန် သေခါနီးဆဲဆဲမှာပဲ.. သူက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ဖို့ ဘယ်လိုလုပ်ပြီး စွမ်းအင်ကျန်ရှိနိုင်ဦးမှာလဲ”
လူအုပ်ကြီးက အုံးအုံးကျက်ကျက် ဖြစ်လာခဲ့ကြ၏။
သူတို့သည် အဲဒါကို ကိုယ်တိုင်မြင်တွေ့နေရလျှင်တောင် ကျင့်ကြံသူများက အဲဒါကို မယုံကြည်နိုင်ဆဲ လက်မခံနိုင်ဆဲ ဖြစ်နေကြ၏။
သူတို့အုပ်စုသည် အထီးကျန်သိုင်းသခင်၏ ပိုင်ဆိုင်မှုများအတွက် ဤနေရာသို့ ကြီးမားသော အင်အားစုဖွဲ့မှုဖြင့် ရောက်ရှိလာခဲ့ကြ၏။
အထီးကျန်သိုင်းသခင်က အဆင့်ချိုးဖျက်တက်လှမ်းပြီး ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်သွားမည်ဆိုလျှင် သူ၏ ဘဝသက်တမ်းက နှစ်တစ်သောင်း ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူက အသက်အန္တရာယ် ဆက်လက်၍ မရှိနိုင်တော့ပေ။
အထီးကျန်သိုင်းသခင်သာ သူ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေမည်ဆိုလျှင် မည်သူကများ သူ၏ ပိုင်ဆိုင်မှုကို ထိပါးရဲပါဦးမည်နည်း..။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ.. အထီးကျန်သိုင်းသခင်သည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်သွားပါက မြောက်ပိုင်းဒေသတွင် သူ့ကို ဖိနှိမ်နိုင်မည့်သူက မရှိသလောက် နည်းပါးသွားခဲ့လေပြီ။ ထိုအခါ မြောက်ပိုင်းဒေသအပေါ် ဘယ်လောက်တောင် ကြီးမားစွာ ရိုက်ခတ်လာမလဲ စဉ်းစားမကြည့်နိုင်အောင်ပင်။
လူတိုင်းက အဲဒါကို ယုံကြည်သည်ဖြစ်စေ.. မယုံကြည်သည်ဖြစ်စေ.. ကိစ္စမရှိပေ။
ပင်ယန်းမြို့၏ အထက်ကောင်းကင်တွင် ဧရာမ ဝဲကတော့တစ်ခုသည် ပိုပို၍ ကြီးမားလာပြီး ၎င်း၏ အရောင်က မှင်ရည်များ ပက်ဖြန်းထားသည့်အလား နက်မှောင်နေ၏။
ဝဲကတော့သည် အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိပြီး လောကရှိ ဓမ္မစွမ်းအားများကို အဆက်မပြတ် စုပ်ယူနေ၏။
ထိုမျှသာမက.. ငါးကီလိုမီတာအဝေးရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းမှ ဓမ္မစွမ်းအားများပင်လျှင် ဧရာမ အနက်ရောင် ဝဲကတော့၏ စုပ်ယူဝါးမျိုးခြင်းကို ခံရတော့မည့်အလား သူတို့၏ ခန္ဓာကိုယ်ထဲက စိမ့်ထွက်လာနေ၏။
“မ.. မဖြစ်နိုင်တာ”
ကျားနဂါးဂိုဏ်း၏ တာအိုအရှင် ဖေးမင်က သူ၏ခေါင်းကို ထပ်တလဲလဲ ခါယမ်းပြီး တုန်လှုပ်ချောက်ချားသော အမူအရာတစ်ခု ရှိလာ၏။
ဓမ္မဝိသေသ တာအိုအရှင် တစ်ရာကျော် ပင်ယန်းမြို့သို့ ဝင်ရောက်လာရဲသည့် အကြောင်းရင်းမှာ အထီးကျန်သိုင်းသခင်က သူ့ဘဝနေဝင်ချိန်သို့ ရောက်ရှိနေပြီး သူ၏ သွေးချီက အားနည်းနေသောကြောင့်ဖြစ်၏။
အထီးကျန်သိုင်းသခင်သာ ဓမ္မဝိသေသအဆင့်မှာ ရှိလာမည်ဆိုလျှင် မည်သူကမှ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
“မင်းတို့တွေက ဘာလို့ အဲ့လောက်ထိ ကြောက်နေရတာလဲ”
ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က အော်ငေါက်လိုက်၏။
“ဒီနေရာမှာ ငါရှိနေမှတော့.. အဲဒီကောင်လေး အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားတယ်ဆိုတော့ရော ဘာဖြစ်လဲ”
ကျားနဂါးဂိုဏ်း၏ ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် မဟာအကြီးအကဲတစ်ယောက် ဖြစ်လေသည်။ သူက အချိန်တိုင်းလိုလို တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး အထီးကျန်သိုင်းသခင်၏ နာမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။
“အ.. အကြီးအကဲ.. ခင်.. ခင်ဗျားက နားလည်မှာ မဟုတ်ဘူး”
တာအိုအရှင် ဖေးမင်က တံတွေးကို မျိုချပြီး တုန်လှုပ်စွာဖြင့် ပြောလိုက်၏။
“အဲဒီ အထီးကျန်သိုင်းသခင်က မူလနတ္ထိအဆင့်မှာကတည်းက ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတစ်ခုကို စုဖွဲ့နိုင်နေခဲ့ပြီးပြီ”
“ဘာ..”
ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က မျက်မှောင်ကြုတ်၍ အံ့အားတသင့် ရေရွတ်လိုက်၏။ သူသည် နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်နေထိုင်လာခဲ့ပြီး သူ၏ အတွေ့အကြုံနှင့်ပင်လျှင် ထိုကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြားဖူးခဲ့ပေ။
တာအိုအရှင် ဖေးမင်က ဆက်ပြောလိုက်၏။
“ဒါ့အပြင်.. သူ့ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက အဲဒီအချိန်ကတည်းက ပေ ၈၀ ရှိနေခဲ့ပြီ”
သူက မူလနတ္ထိအဆင့်မှာပင် ပေ ၈၀ မြင့်မားသော ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်သည်တဲ့လား..။
“အဓိပ္ပာယ်မရှိတာကွာ”
အစကတည်းက သံသယဝင်နေသော ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာသည် ထိုစကားကို ကြားသောအခါ ဒေါသတကြီး အော်ငေါက်လိုက်၏။
တာအိုအရှင် ဖေးမင်က ပြောလိုက်၏။
“အကြီးအကဲ.. အထီးကျန်သိုင်းသခင်က စတင်ကျင့်ကြံကတည်းက ရှုံးနိမ့်မှုကို တစ်ခါမှ မခံစားခဲ့ဖူးဘူး.. သူ့မှာ သူ့ထက် ကျင့်ကြံမှုအဆင့် မြင့်မားတဲ့ ပြိုင်ဘက်တွေကို သတ်ဖြတ်နိုင်တဲ့ ဝှက်ဖဲများစွာ ရှိတယ်.. ကျုပ်ပြောနေတာက အဆင့်ကြီးတစ်ဆင့် ကွာဟတာကို ပြောတာနော်”
ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာက ပို၍ပင် လက်မခံနိုင်ဖြစ်လာ၏။ သူက ဒေါသထောင်းခနဲထွက်သွားပြီး အေးစက်စွာဖြင့် ပြောလိုက်၏။
“ဘာလဲ.. အဲဒီကောင်လေးက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ရောက်ချင်းမှာပဲ ငါ့ကို သတ်ဖြတ်နိုင်မယ်လို့ မင်းက ပြောချင်တာလား”
“မဟုတ်ပါဘူး.. ကျုပ်က အဲ့လိုပြောတာတော့ မဟုတ်ဘူး”
တာအိုအရှင် ဖေးမင်က အလောတကြီး ရှင်းပြလိုက်၏။
“ကျုပ်က ခင်ဗျားကို သတိထားစေချင်တာပါ.. အကြီးအကဲ.. သတိဆိုတာ ပိုတယ်မရှိပါဘူး”
“ဟမ်”
ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာက လှောင်ရယ်မော၍ ကြိမ်းဝါးလိုက်၏။
“ဓမ္မဝိသေသနဲ့ ပေါင်းစည်းခန္ဓာအဆင့်ကြားက ကွာဟချက်က မင်းတို့ စဉ်းစားကြည့်နိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူးဆိုတာ ငါ ဒီနေ့ မင်းတို့တွေကို ပြပေးမယ်”
“အဲဒီကောင်လေးက ပေ ၈၀ မြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသကို ဆင့်ခေါ်နိုင်တယ်ဆိုရင်တောင်.. ငါက အဲဒါကို ငါ့ရဲ့ ကိုယ်ကာယသက်သက်နဲ့ ဖျက်ဆီးပြမယ်”
ပေါင်းစည်းခန္ဓာတစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်နှင့် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ပေါင်းစည်းထားခဲ့ပြီးပြီဖြစ်၏။ ထိုကြောင့်ပင်လျှင် ဤအဆင့်ကို ပေါင်းစည်းခန္ဓာအဆင့်ဟု ခေါ်ဆိုခြင်းဖြစ်၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ ဝင်ရောက်ပြီးနောက်.. သူတို့၏ ပြုမူလှုပ်ရှားမှုတိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားနှင့် လောကဆိုင်ရာ စွမ်းပကားတို့က ပါဝင်နေ၏။
ထိုအခိုက်အတန့်တွင်.. ပင်ယန်းမြို့ အထက်ရှိ အနက်ရောင် ဝဲကတော့သည် ပိုမို၍ ကြီးမားလာပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်နေသည့်အလားပင်။
“ကြည့်စမ်း.. အဲဒါ ဘာကြီးလဲ”
ကျင့်ကြံသူအချို့သည် ဧရာမ အနက်ရောင် ဝဲကတော့ကို လက်ညိုးထိုး၍ တုန်ယင်နေသော အသံများဖြင့် ရေရွတ်ပြောဆိုလိုက်ကြ၏။
အနက်ရောင် ဝဲကတော့ အတွင်းတွင် ပုံရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်လေသည်။ အစကတော့ ထိုပုံရိပ်သည် အနည်းငယ် ဝေဝါးနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်းက ပိုမို၍ ရှင်းလင်းလာခဲ့၏။
မြင့်မားသော ထိုပုံရိပ်သည် အနက်ရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး မိစ္ဆာချီများဖြင့် လွှမ်းခြုံနေ၏။ သူက အေးစက်တောက်ပနေသော ဧရာမ အနက်ရောင် တံစဉ်တစ်လက်ကို ကိုင်ဆွဲထား၏။
“အား.. အဲဒါက အထီးကျန်သိုင်းသခင်ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသပဲ”
“အမှန်ပဲဟေ့.. အဲဒီ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက တာအိုအရှင် ရွှမ်ယီကို အနိုင်ယူခဲ့တာပဲ”
လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားသင့်မှု ရောထွေးနေသော အသံလှိုင်းများက ထွက်ပေါ်လာခဲ့၏။
မြင့်မားသော ပုံရိပ်သည် အနက်ရောင် ဝဲကတော့အတွင်းမှာ မလှုပ်မယှက်ရှိနေပြီး သူ၏ပုံရိပ်က ဆက်တိုက်မြင့်တက်လာနေ၏။
ပေ ၁၀..
ပေ ၃၀..
ပေ ၅၀..
ပေ ၈၀..
သိပ်မကြာမီ.. ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ပေ ၈၀ အမြင့်ထိ ရောက်ရှိလာခဲ့၏။ သို့သော်လည်း ထိုအမြင့်က ရပ်တန့်မသွားသေးပေ။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုသည် ပေ ၈၀ အမြင့်သို့ ရောက်ရှိပြီးသည်နှင့် နောက်ထပ် တစ်ပေစီတိုးဖို့ အလွန်တရာ ခက်ခဲလေသည်။
သို့သော် ယခုအခါ.. တစ်ခဏအတွင်းမှာပင် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ၈၅ ပေ အမြင့်ထိ မြင့်တက်လာခဲ့၏။
ထိုအခိုက်အတန့်တွင်.. ယင်တစ္ဆေဂိုဏ်း၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း၊ သွေးမြူဂိုဏ်း၊ ယုဝမ်ဂိုဏ်းနှင့် အခြားသော ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများသည် ဖြူဖပ်ဖြူလျော် မျက်နှာများနှင့်အတူ တိတ်ဆိတ်ငြိမ်သက်ကုန်ကြ၏။ သူသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက ၈၅ ပေအထိ မြင့်မားလာခြင်းသည် စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။
ရွှေခေတ်ဖြစ်သော ရှေးဟောင်းခေတ်မှာပင်လျှင် ထိုအမြင့်ထိ ရောက်ရှိခဲ့သော လူသားပြိုင်စံရှားများ ရှိခဲ့လိမ့်မည် မဟုတ်ပေ။
လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က မြင့်တက်လာသည်နှင့်အမျှ သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကလည်း ပိုမိုသန်မာလာပေလိမ့်မည်။
သူသည် အစောပိုင်း ဓမ္မဝိသေသအဆင့်မှာပင်လျှင် ၈၅ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုကို စုဖွဲ့နိုင်နေခဲ့ပြီဖြစ်၏။
သူက ပကတိ ဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံလိုက်မည်ဆိုလျှင် ဤကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပေ ၉၀ မြင့်မားသော အန္တိမဓမ္မဝိသေသ ဖြစ်လာဖို့များလေသည်။
ကျားနဂါးဂိုဏ်းမှ ပေါင်းစည်းခန္ဓာ၏ အမူအရာက အလွန်တရာ ပျက်ယွင်းလာခဲ့၏။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဓမ္မဝိသေသ တာအိုအရှင်များကို အလွယ်တကူ ဖိနှိမ်နိုင်စွမ်း ရှိလေသည်။
သို့သော်လည်း ဤအဆင့်ထိ ရောက်ရှိလာသော ဓမ္မဝိသေသတစ်ယောက်၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို အမှန်တကယ်ပင် ရင်ဆိုင်နိုင်စွမ်း ရှိလေသည်။
အနက်ရောင် ဝဲကတော့ထဲတွင် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် သူ့လက်ထဲရှိ အနက်ရောင် တံစဉ်တစ်လက်နှင့်အတူ မားမားမတ်မတ် ရပ်တည်နေ၏။ သူက အလွန်တရာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ လောကကို ငုံ့ကြည့်ပြီး သူ၏မျက်လုံးနှစ်ဖက်က အေးစက်စက် အလင်းတန်းနှစ်ခုဖြင့် တောက်ပနေ၏။
ဤကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှင့် ရင်ဆိုင်ရချိန်တွင် အခြားသော ဓမ္မဝိသေသ တာအိုအရှင်များသည် သူ၏ခြေရင်းမှာ ပုရွက်ဆိတ်များကဲ့သို့ သိမ်ငယ်လာကြ၏။
ကျားနဂါးဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ အော်ရာပင်လျှင် ၈၅ ပေ မြင့်မားသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် ရင်ဆိုင်ရချိန်မှာ အရေးနိမ့်လာခဲ့၏။
ရုတ်တရက်ဆိုသလို.. ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက လှုပ်ရှားလိုက်၏။
ခြေတစ်လှမ်းနှင့်အတူ သူက ပင်ယန်းမြို့အပြင်သို့ လျှောက်လှမ်းထွက်လာခဲ့၏။
ချက်ချင်းပင် မြေပြင်က တုန်ခါသွားပြီး ရာသီဥတုက ပြောင်းလဲသွား၏။
“အဘိုးကြီး.. သေပေတော့”
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက တုန်လှုပ်ချောက်ချားဖွယ်ရာ ဟိန်းဟောက်သံတစ်သံကို ထုတ်ဖော်လိုက်၏။
ထို့နောက် ချက်ချင်းပင် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် သူ၏လက်နှင့် တံစဉ်ကိုမြှောက်ပြီး လေထဲတွင် ပြီးပြည့်စုံသော အနက်ရောင် စက်ဝန်းတစ်ခုကို ရေးဆွဲကာ လေဟာနယ်ကို နှစ်ပိုင်းပြတ်ကျစေပြီး ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
“အား..”
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်က နမော်နမဲ့ မလုပ်ရဲပေ။ သူက သူ့လက်ထဲရှိ ကျာပွတ်ကို လွှတ်ချပြီး သိုလှောင်အိတ်ထဲကနေ သံမဏိလက်ရိုက်တုတ်ကို ထုတ်ယူကာ ဝင်ရောက်လာသော အနက်ရောင် တံစဉ်ကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
ဘုန်း..
လက်နက်နှစ်ခုက ကျယ်လောင်သော မြည်ဟိန်းသံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး တုန်လှုပ်ချောက်ချားသော အမူအရာတစ်ခုက သူ၏မျက်နှာထက်မှာ ပေါ်ထွက်လာ၏။ သူက တစ်ဘက်သို့ လည်ကျသွားပြီး သူ၏ပါးစပ်ကို ဟကာ သွေးများကို ထွေးထုတ်လိုက်ရ၏။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် မိစ္ဆာဂိုဏ်းများ၏ အသန်မာဆုံး ဓမ္မဝိသေသများထဲမှ တစ်ခုဖြစ်၏။
၈၅ ပေ မြင့်မားသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
အကန့်အသတ်မဲ့သော မိစ္ဆာချီက နက်မှောင်နေသော အနာကွန်ဒါများကဲ့သို့ ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆီသို့ ရစ်ပတ်လာခဲ့၏။
သေရေးရှင်ရေး အခိုက်အတန့်တွင် ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် သူ၏ အသက်ကို စွန့်စားပြီး သူ၏ အစွမ်းကုန်ရှိသမျှနှင့်အတူ သူ၏သွေးချီကို လှည့်ပတ်လိုက်၏။ သူက များစွာသော အဆောင်လက်ဖွဲ့များနှင့် ဓမ္မလက်နက်များကို ထုတ်ဖော်ပြီး မိစ္ဆာချီ၏ တိုက်စားမှုကို ခုခံဖို့ ကြိုးစားလိုက်၏။
ကျားနဂါးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဓမ္မစွမ်းအားများ ထောက်ပံ့မှု မရှိသောအခါ သားရဲဖိနှိမ်ကြိုးသည် ညဝိညာဉ်ကို ဆက်လက်၍ ချုပ်နှောင်ထားနိုင်ခြင်း မရှိတော့ပေ။
ညဝိညာဥ်က နေရာကနေ ပျောက်ကွယ်သွားပြီး အရောင်မှိန်ကျနေသော ကြိုးတစ်ချောင်းသာ ကျန်ရှိခဲ့သည်ကို မည်သူကမှ သတိမထားမိလိုက်ကြပေ။
ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ တိုက်ခိုက်မှုကို အတတ်နိုင်ဆုံး ကြိုးစား၍ ခုခံတော့မည့်ဆဲဆဲမှာပင် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပုံရိပ်တစ်ခုက သူ၏ဘေးသို့ ဖျတ်ခနဲ ဝင်ရောက်လာပြီး နက်မှောင်နေသော မိစ္ဆာချီများနှင့် ရောထွေးကာ မမြင်ရလုနီးပါးပင်။
“ဖောက်..”
ကျားနဂါးဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ ဦးခေါင်းထက်တွင် လက်ဝါးတစ်ဖက်က ပေါ်ထွက်လာ၏။
လက်ချောင်းများက ထက်ရှနေပြီး သူ၏ခေါင်းကို ထိုးဖောက်လိုက်၏။