← Chapters

မြောက်ပိုင်းဒေသမှာ ပြောင်းလဲသွားပြီ

Vol. 82 Ch. 1226

မြောက်ပိုင်းဒေသမှာ ပြောင်းလဲသွားပြီ

Vol. 82 Ch. 1226

ကျားနဂါးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်၏ အမူအရာက အေးခဲသွားပြီး သူ၏မျက်လုံးက ပြူးကျယ်သွား၏။

ညဝိညာဥ်၏ လက်သည်းများသည် သူ၏ဦးခေါင်းခွံနှင့် အမြုတေစိတ်ဝိညာဥ်ကို အလွယ်တကူထိုးဖောက်သွားခဲ့၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က နေရာမှာပင် သေဆုံးသွားခဲ့လေပြီ...။ လူတစ်ယောက်သည် ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံပြီးသောအခါ သူက စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်လာပြီး သူတို့သည် သူတို့၏ ဘဝသက်တမ်း မကုန်ဆုံးသေးသရွေ့ သေရဖို့က အလွန်တရာခဲယဥ်းလေသည်။

အကြောင်းမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဓမ္မစွမ်းအားများသည် အကန့်အသတ်မဲ့ပြီး သူတို့၏ ပြတ်တောက်သွားသော ခြေလက်များကို ပြန်ပေါက်နိုင်စေသောကြောင့်ဖြစ်၏။

သူတို့၏ ခြေလက်များက ပိုင်းဖြတ်ခံရမည်ဆိုလျှင်တောင် သူတို့၏ သွေးချီကိုသာ ဆုံးရှုံးရမည်ဖြစ်ပြီး ခြေလက်အင်္ဂါများက လျင်မြန်စွာ ပြန်လည်ပေါက်လာပေလိမ့်မည်။ ထိုကဲ့သို့သောနည်းလမ်းက တကယ့်ကို လက်ဖျားခါချင်စရာပင်။

ညဝိညာဥ်သည် သတ်ဖြတ်ရမှာ ပြတ်သားပြီး မလိုအပ်သော မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ... သူ၏ သေကွင်းသေကွက်ကိုသာ ချိန်ရွယ်ခဲ့လေသည်။

ထိုသည်ကိုမြင်သောအခါ လူအုပ်ကြီးက တုန်လှုပ်သွားရ၏။

အဲ့ဒါက... ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်တွင် မဟာယာနမျိုးနွယ်စုခေါင်းများသည် လူမြင်ကွင်းတွင် ပေါ်ထွက်လာခဲပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များက ကျင့်ကြံရေးလောကမှာ အထွတ်အထိပ်နီးပါးတည်ရှိမှုဖြစ်ပြီး လောကတစ်ခွင်ကျင်လည်ကျက်စားနိုင်ကြ၏။

သို့သော် ယခုအခါ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကျင့်ကြံသူများ၏ရှေ့မှောက်မှာ ဤကဲ့သို့ပင် သေဆုံးသွားရလေသည်။

ဖြစ်စဥ်တစ်ခုလုံးက အသက်ရှုချိန်အနည်းငယ်မျှသာ ကြာမြင့်ခဲ့၏။

ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် ဆူဇီမို၏ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကိုယ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အရေးနိမ့်နေပြီး ထိုစဥ်မှာပင် ညဝိညာဥ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ သူက တိုက်ခိုက်ဖို့ဒုတိယအခွင့်အရေးပင် မရရှိခဲ့ပေ။

​ကျားနဂါးဂိုဏ်းဘက်ခြမ်းတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သေဆုံးသွားခြင်းနှင့်အတူ အခြေအနေက ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။

မျောက် ၊ နန်းကြည် ၊ ထောင်ယောင်နှင့် အခြားသူများက စိတ်အားမာန်များတက်ကြွသွား၏။

တာအိုအရှင်ဖေးမင်နှင့် အခြားသူများကတော့ တုန်လှုပ်ချောက်ချားနေပြီး နောက်သို့ဆုတ်ခွာချင်ကြ၏။

အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်လာသောအခါ သူ၏ဘဝသက်တမ်းက နှစ်တစ်သောင်းသို့ ရောက်ရှိသွားလေပြီ။ သူ၏ လက်ကျန်ဘဝသက်တမ်းက နှစ် ၅ ထောင်ထိ တိုးမြှင့်သွားသည်ဟု အဓိပ္ပါယ်ရလေသည်။

အစကတော့ သူသည် ဘဝသက်တမ်း နှစ် ၅၀ ပင် မကျန်တော့ဘဲ သေအံ့ဆဲဆဲ ဖြစ်နေခဲ့၏။

သို့သော် ယခုအခါ ဘဝသက်တမ်း နှစ်တစ်သောင်းရှိသော အထီးကျန်သိုင်းသခင်အနေဖြင့် သူ၏ အထွတ်အထိပ်အရွယ်မှာ ရောက်ရှိနေလေသည်။

သူ၏ အထွတ်အထိပ်အရွယ်တွင် ကျားနဂါးဂိုဏ်းမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် သူ့ကို မယှဥ်နိုင်ခဲ့ပေ။ ထိုဓမ္မဝိသေသတာအိုအရှင်များက အထီးကျန်သိုင်းသခင်၏ ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်ပါတော့မလဲ။

“ထွက်ပြေးကြ”

ဓမ္မဝိသေသ တာအိုအရှင်အချို့သည် အလွန်တရာလျင်မြန်စွာ တုံ့ပြန်၍ အဝေးတစ်နေရာသို့ ချက်ချင်းပြေးထွက်လိုက်ကြ၏။

သို့သော်လည်း သူတို့အနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့က နောက်ကျသွားခဲ့လေပြီ။

ဘုန်း....

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကိုယ်သည် သူ၏ ကြီးမားသည့် ခန္ဓာကိုယ်နှင့်အတူ လူအုပ်ကြီးထဲသို့ ပြေးဝင်ပြီး မည်သူကမှ သူ့ကို မယှဥ်နိုင်ကြပေ။

ဓမ္မဝိသေသ တာအိုအရှင်အချို့သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ ပစ်တိုက်ခြေမွှခြင်းကို ခံရကာ အလောင်းပင်မကျန်ရစ်ခဲ့ကြပေ။

ရွှစ်....

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် မိစ္ဆာချီများဖြင့် လွှမ်းခြုံနေသော ၎င်း၏လက်ဖဝါးကို ဝေ့ယမ်းပြီး ဧရာမဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေ၏။ ထိုဝဲကတော့က ဓမ္မဝိသေသ တာအိုအရှင် ၆ ယောက်ကို စုပ်ယူဆွဲသွင်းလိုက်၏။

ဓမ္မဝိသေသ တာအိုအရှင်များသည် အနက်ရောင်ဝဲကတော့ထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရပြီး တစ်စွန်းတစ်စမကျန်ပျောက်ကွယ်သွားကြ၏။ သူတို့က မိစ္ဆာချီ၏ သန့်စင်ခြင်း ခံရပြီးနောက် ကြွယ်ဝသော အဆီအနှစ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကြ၏။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ထိုအဆီအနှစ်စွမ်းအင်များစွာကို လက်ခံရရှိပြီးနောက် ၎င်း၏ မျက်လုံးထဲရှိ အလင်းရောင်က ပို၍ပင် တောက်ပလာခဲ့၏။

၎င်းက ရှေ့သို့လျှောက်လှမ်းပြီး သူ၏ကြီးမားသည့်​ခြေထောက်ဖြင့် ဆောင့်နင်းချကာ ပေ ၅၀ ကနေ ၆၀ ထိ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအချို့ကို ပျက်စီးကြေမွ၍ မြေပြင်ကိုတုန်ခါသွားစေ၏။

ကျားနဂါးဂိုဏ်းမှ ကျင့်ကြံသူများစုဖွဲ့ထားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် အလွန်ဆုံး ပေ ၆၀ ထိသာ ရှိကြ၏။

သူတို့သည် ၈၅ ပေမြင့်မားသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝကို နုနယ်ပျော့ညံ့နေကြ၏။

ဧရာမတံစဥ်သည် လေထုကိုဆုတ်ဖြဲပြီး သေမင်းခေါ်သံနှင့်တူသော တုန်လှုပ်ချောက်ချားဖွယ်ရာ တဇီဇီအသံများကို ထွက်ပေါ်လာစေ၏။

အေးစက်၍ နက်မှောင်နေသော အလင်းတစ်ခုက ဖျပ်ခနဲလက်သွား၏။

ဖောက်....ဖောက်.. ဖောက်....

ဦးခေါင်းသုံးလုံးက လွင့်ပျံသွားပြီး လေထဲတွင် သွေးများက ရေပန်းများကဲ့သို့ ဖွားခနဲထွက်လာ၏။

ဓမ္မဝိသေသ တာအိုအရှင်သုံးယောက်၏ ဦးခေါင်းများက လေထဲမှာရှိနေစဥ်မှာပင် နက်မှောင်နေသောမိစ္ဆာချီများသည် သူတို့၏အသိစိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ချက်ချင်းသတ်ဖြတ်ပစ်လိုက်၏။

နင်မှောင်နေသော တံစဥ်၏ ထပ်တလဲလဲ ရိတ်ဖြတ်မှုတွင် ထိုဓမ္မဝိသေသ တာအိုအရှင်များ၏အသက်က မြက်ပင်များကဲ့သို့ဖြစ်နေ၏။

မည်သူကမှ မလွတ်မြောက်နိုင်ကြပေ။

ပုံရိပ်များသည် လေထဲကနေ တစ်ယောက်ပြီးတစ်​ယောက် ပြုတ်ကျလာကြ၏။

သွေးချီများက ပျံ့နှံသွားပြီး မြေပြင်က နီစွေးသွား၏။

ကောင်းကင်ပင်လျှင် သွေးရောင်သန်းလာခဲ့၏။

ယင်တစ္ဆေဂိုဏ်း ၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း ၊ ယုဝမ်ကလန်နှင့် များစွာသော အခြားဂိုဏ်းနှင့် အဖွဲ့အစည်းများမှ ကျင့်ကြံသူများသည်ကြက်သေသေနေသော အမူအရာများဖြင့် တုန်လှုပ်ချောက်ချားဖွယ်ရာမြင်ကွင်းကို ငေးမောကြည့်နေကြ၏။

လူတိုင်းသည် တစ်စုံတစ်ရာကို တဖြည်းဖြည်း နားလည်သဘောပေါက်လာကြ၏။

မြောက်ပိုင်းဒေသက ပြောင်းလဲသွားခဲ့လေပြီ။

“မြန်မြန်... ဂိုဏ်းကို သတင်းပို့ကြ”

တာအိုအရှင်မဟူရာသားရေက သူ၏ ငေးငိုင်နေရာကနေ နိုးထလာပြီး အလောတကြီးပြောလိုက်၏။

“ကိစ္စတွေက ပြောင်းလဲကုန်ပြီ... အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီး ကျားနဂါးဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က တာအိုအရှင်တစ်ရာကျော်နဲ့အတူ သေဆုံးသွားခဲ့ပြီ”

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း ၊ သွေးမြူဂိုဏ်းနှင့် အခြားသောဂိုဏ်းနှင့် အဖွဲ့အစည်းများမှ ကျင့်ကြံသူများသည်လည်း သူတို့၏ငေးငိုင်နေရာကနေ နိုးထလာပြီး သူတို့၏ သိုလှောင်အိတ်ထဲကနေ သတင်းပို့ကြိုးကြာများကို ထုတ်ယူလိုက်ကြ၏။

ထိုစဥ်မှာပင် ကျင့်ကြံသူအုပ်စုသည် ရုတ်တရက် သူတို့၏ နှလုံးများက တဒိတ်ဒိတ်ခုန်၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်ကာ ကြက်သီးမွေးညင်းများ ထလာကြ၏။

မလှမ်းမကမ်းတွင်.... တိုက်ပွဲမြေပြင်ပေါ်ရှိ သွေးအိုင်ပေါ်မှာ မြင့်မားသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုရှိပြီး သွေးသံရဲရဲတံစဥ်တစ်ခုကို ကိုင်ဆွဲထား၏။ သူက အေးစက်စက်အကြည့်နှင့်အတူ သူတို့ကိုလှမ်းကြည့်လိုက်၏။

ကျင့်ကြံသူများ၏ ခြေလက်များသည် အေးစက်လာပြီး သူတို့၏နှလုံးက သူတို့၏ ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မည့်အလား နေရာမှာပင် တောင့်တင်းအေးခဲနေကြ၏။

ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် သန်မာသော်လည်း ၎င်းက သူတို့အားလုံးကို ကြောက်ရွံ့မှုဖြင့် တိတ်ဆိတ်ငြိမ်သက်ပြီး လုံးဝမလှုပ်ရှားရဲအောင်ထိ မခြိမ်းခြောက်နိုင်ပေ။

သူတို့ကို တကယ်တမ်းထိတ်လန့်ကြောက်ရွံ့စေသည့်အရာမှာ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာပေါ်ရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူဖြစ်လေသည်။

မားမားမတ်မတ်ရပ်တည်နေသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် နှိုင်းယှဥ်လျှင် ထိုပုဂ္ဂိုလ်က အလွန်တရာ သေးငယ်သည်ဟု ထင်ရ၏။ သို့သော်လည်း ထိုအခိုက်အတန့်တွင် မည်သည့်ကျင့်ကြံသူကမှ သူ့ကိုလျစ်လျူမရှုရဲကြပေ။

ဆူဇီမိုသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထား၏။ သူ၏အနက်ရောင်ဆံပင်များက ကခုန်နေပြီး သူ၏အရေပြားက မည်သည့်အတွန့်အတွမှမရှိဘဲ ချောမွတ်နေ၏။ သူ့တွင် မည်သည့်အိုမင်းရင့်ရော်သည့် အရိပ်အယောင်မှ မရှိတော့ပေ။

“အစ်ကိုကြီး...”

“သခင်လေး...”

မျောက် ၊ နန်းကြည်နှင့်အခြားသူများသည် ကျေနပ်နှစ်ခြိုက်သော အမူအရာများနှင့်အတူ အော်ဟစ်အားပေးလိုက်ကြ၏။

ဆူဇီမိုသည် လူတိုင်းကို ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြလိုက်၏။

အဲ့ဒီနောက် သူ၏အကြည့်က တာအိုအရှင်မဟူရာသားရေနှင့် အခြားသူများပေါ်သို့ ဆင်းသက်သွားခဲ့၏။

ထိုကျင့်ကြံသူများ၏ နှလုံးက တဒိတ်ဒိတ်ခုန်လာကြ၏။

သူ၏အကြည့်ကအလွန်တရာ တည်ငြိမ်နေသော်လည်း မည်သူကမှ သူနှင့်အကြည့်ချင်းမဆုံရဲကြပေ။

သူတို့သည် ရောက်လာစဥ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း သူတို့မှာ အခြားသော ရည်ရွယ်ချက်များ ရှိနေခဲ့ကြ၏။ သူတို့သည် အထီးကျန်သိုင်းသခင်၏ ပိုင်ဆိုင်မှုများကို ရယူချင်ခဲ့ကြ၏။

အခြားတစ်စုံတစ်ယောက်၏ ပိုင်ဆိုင်မှုများကို သူတို့မသေခင်မှာပင် ရယူလိုခြင်းက သေချာပေါက် တားမြစ်ချက်တစ်ခုဖြစ်လေသည်။

အထီးကျန်သိုင်းသခင်က ထိုအကြောင်းပြချက်နှင့် သူတို့အားလုံးကို သတ်ဖြတ်လိုက်မည်ဆိုပါက သူတို့မှာ ရှင်းပြဖို့ပင် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။

အတန်ကြာ ငြိမ်သက်နေပြီးနောက် ဆူဇီမိုက သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။

ထိုကျင့်ကြံသူများသည် သူတို့၏ရင်ထဲမှာ ပေါ့ပါးသွားသည်ဟု ခံစားရပြီး မသိလိုက်မသိဘာသာနှင့်ပင် သူတို့က ချွေးအေးများဖြင့် စိုရွှဲနေခဲ့ကြလေပြီ။

ကျင့်ကြံသူအချို့သည် မြေပြင်ပေါသို့ ပစ်လဲကျသွားပြီး သည်းထန်စွာမောဟိုက်နေ၏။

သူတို့က ထိုငါးမျှားချိတ်ကနေ လွတ်မြောက်သွားပြီလား။

“မြန်မြန်ပြေးကြ... ဒီနေရာကနေ ထွက်ခွာရအောင်”

တာအိုအရှင်မဟူရာသားရေက သူ၏စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ အသံတစ်ခုကို ထုတ်လွင့်ပို့လွှတ်ပြီး နောက်ပြန်လှည့်ခြင်းမရှိဘဲ အရပ်တစ်ဘက်သို့ ပြေးထွက်လိုက်၏။

သူသည် သူ၏လက်ကျန်ဘဝတစ်လျှောက် ဤပင်ယန်းမြို့သို့ နောက်တစ်ဖန်ပြန်လည်ခြေမချတော့ဘူးဟု သူ၏ စိတ်ထဲကနေ ကျိန်ဆိုလိုက်၏။

အခြားသော ကျင့်ကြံသူများသည်လည်း ဒီရေများကဲ့သို့ တဖြည်းဖြည်း ဆုတ်ခွာသွားကြ၏။

“ဟမ့်....”

စိတ်ဝိညာဥ်ကျား၏ အမူအရာက ခက်ထန်လာပြီး အံကိုတင်းတင်းကြိတ်လိုက်၏။

“အစ်ကိုကြီးက ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားတာကံကောင်းတယ်... မဟုတ်ရင် သူက အဲ့ဒီသူခိုးဓားပြတွေရဲ့ အရှက်ခွဲတာနဲ့ အမြတ်ထုတ်တာကို ခံရတော့မလို့”

ဆူဇီမိုက ဘယ်လောက်တောင်ကျော်ကြားနေပြီလဲ။

သူသည် သူ၏ သိုင်းတာအိုကို တည်ဆောက်ပြီးနောက် သူ၏ နာမည်ဂုဏ်သတင်းက ရှေးဟောင်းဧကရာဇ်များကိုပင် လိုက်မီလာခဲ့လေပြီ။

သူက ဤနေရာမှာ အမှန်တကယ်ပင် သေဆုံးသွားပြီး သူ၏ပိုင်ဆိုင်မှုများကို များစွာသော ဂိုဏ်းနှင့်အဖွဲ့အစည်းများက တိုက်ခိုက်လုယူကြမည်ဆိုလျှင် သူက အလောင်းပင်လျှင် အကောင်းပကတိကျန်ရှိတော့မည်မဟုတ်ပေ။

“ဒီကိစ္စအတွက် ငါ့အစီအစဥ်နဲ့ငါ ရှိပါတယ်”

ဆူဇီမိုကပြောလိုက်၏။

နောက်ဆုံးမှာတော့... ယင်တစ္ဆေဂိုဏ်းနှင့် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းကဲ့သို့ ဂိုဏ်းနှင့်အဖွဲ့အစည်းများသည် လှုပ်ရှားမှုတစ်ခု မပြုလုပ်ခဲ့ကြပေ။ သူတို့က သူ၏အဓိကပစ်မှတ် မဟုတ်ပေ။

ကျားနဂါးဂိုဏ်း၏ အပြုအမူကသာလျှင် သူ၏ အောက်စည်းကို အမှန်တကယ်ဖြတ်ကျော်ခဲ့လေသည်။

မျောက် ၊ ထောင်ယောင်နှင့် အခြားသူများက ဤတိုက်ပွဲပြီးနောက် ဒဏ်ရာရရှိသွားကြ၏။ သူတို့၏ ဒဏ်ရာများက မပြင်းထန်သော်လည်း ဆူဇီမိုက အဲ့ဒါကို သည်းမခံနိုင်ပေ။

“အခုက... ဂိုဏ်းတစ်ချို့အတွက် သင်ခန်းစာတစ်ခုပေးရမယ့်အချိန်ပဲ”

အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်ရင်း ဆူဇီမိုက သူ၏အင်္ကျီလက်စကို ညင်သာစွာ ဝေ့ယမ်းကာ မျောက်နှင့်အခြားသူများကို ခမ်းနားထည်ဝါသော တိမ်စိုင်တစ်ခုပေါ်သို့ ပွေ့တင်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ငါ့နောက်က လိုက်ခဲ့ကြ”

All Chapters