ခြိမ်းခြောက်ခြင်းနည်းဗျူဟာ
Vol. 82 Ch. 1227
ယင်တစ္ဆေဂိုဏ်း....
တာအိုအရှင်မဟူရာသားရေနှင့် အခြားကျင့်ကြံသူများသည် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသောအခါ သူတို့အားလုံးသည် ညစ်ပေပွနေပြီး ကြီးမားသည့် တုန်လှုပ်မှုကို တွေ့ကြုံခံစားခဲ့ရသည့်ပုံပေါ်နေ၏။
“ဘာလို့လဲ.... မင်းတို့တွေက မအောင်မြင်ခဲ့ဘူးလား”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အထီးကျန်သိုင်းသခင်ရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်ဂိုဏ်းက ရသွားလဲ... သွေးမြူဂိုဏ်းလား ဒါမှမဟုတ် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းလား”
“သူတို့ မရဘူး”
တာအိုအရှင်မဟူရာသားရေက ခေါင်းခါပြလိုက်၏။
“ဘယ်သူမှ မရဘူးလား”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က အေးစက်စွာဖြင့် နှစ်တစ်ချက်မှုတ်လိုက်၏။
“အထီးကျန်သိုင်းသခင်မှာ ဒီလောက်ရတနာတွေအများကြီးရှိတာတောင် မင်းတို့တွေက ဘာတစ်ခုမှရမလာခဲ့ဘူးလား”
“ဂိုဏ်းချုပ်... ကိစ္စတစ်ခုဖြစ်ပွားခဲ့တယ်”
တာအိုအရှင်မဟူရာသားရေက သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး ပြောလိုက်၏။
“ကျားနဂါးဂိုဏ်းက ဓမ္မဝိသေသတာအိုအရှင် တစ်ရာကျော်နဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ပင်ယန်းမြို့ဆီ စေလွှတ်ခဲ့တယ်”
တာအိုအရှင်မဟူရာသားရေက ပြီးဆုံးအောင်မပြောရသေးခင်မှာပင် ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းညိတ်၍ ရွံမုန်းစွာပြောလိုက်၏။
“မင်းတို့တွေက... ဘာမှရမလာခဲ့တာ မထူးဆန်းတော့ဘူး... အထီးကျန်သိုင်းသခင်ရဲ့ ပိုင်ဆိုင်မှုအတွက်နဲ့ ကျားနဂါးဂိုဏ်းက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို စေလွှတ်ခဲ့တာလား”
“မဟုတ်သေးဘူး”
တာအိုအရှင်မဟူရာသားရေက အလောတကြီးထပ်ပြောလိုက်၏။
“ဘယ်သူမှကို မအောင်မြင်ခဲ့တာ.... အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို အဆင့်ချိုးဖြတ်တက်လှမ်းဝင်ရောက်သွားပြီ”
“ဘာ....”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ထိတ်ထိတ်ပျာပျာအမူအရာဖြင့် တုန်လှုပ်သွားပြီး သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက ပြည့်နှက်လာ၏။
“အဲ့ဒါက... ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
သူက အလောတကြီး ဆက်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဘဝသက်တမ်းနှစ်အနည်းငယ်ပဲ ကျန်ပြီး သူ့ရဲ့သွေးချီကလည်း အားနည်းနေပြီ... သူက ဓမ္မဝိသေသအဆင့်ကို ဘယ်လိုတောင်တက်လှမ်းနိုင်ရတာလဲ”
“အဲ့ဒါက ပကတိအမှန်တရားပါပဲ”
တာအိုအရှင်မဟူရာသားရေက ပြောလိုက်၏။
“အဲ့ဒါတင်မကသေးဘူး... အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ရောက်ခြင်းမှာပဲ ၈၅ ပေမြင့်မားတဲ့ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်ခဲ့တယ်”
၈၅ ပေ....
ယင်တစ္ဆေဂိုဏ်းချုပ်၏ အမူအရာက နောက်တစ်ဖန်ပြောင်းလဲသွား၏။
သို့သော်လည်း အဲ့ဒါက လက်ခံ၍ ရနိုင်လေသည်။
မူလနတ္ထိအဆင့်မှာတုန်းကပင် အထီးကျန်သိုင်းသခင်က ပေ ၈၀ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကိုပင် စုဖွဲ့နိုင်ခဲ့ပြီဖြစ်၏။ ယခုသူက အဆင့်ကြီးတစ်ဆင့်ချိုးဖြတ်တက်လှမ်း၍ ၈၅ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို စုဖွဲ့နိုင်သည်မှာ တကယ်ပင်ဖြစ်နိုင်ချေရှိလေသည်။
တာအိုအရှင်မဟူရာသားရေက ဆက်ပြောလိုက်၏။
“အဲ့ဒီနောက်... ကျားနဂါးဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က အဲ့ဒီဓမ္မဝိသေသခန္ဓာနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး ဒဏ်ရာရရှိသွားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ အထီးကျန်သိုင်းသခင်ဘက်က အမည်မသိမိစ္ဆာသားရဲတစ်ကောင်က သူ့ကိုဝင်ရောက်သတ်ဖြတ်လိုက်တယ်”
“ကျားနဂါးဂိုဏ်းရဲ့ ဓမ္မဝိသေသတာအိုအရှင် တစ်ရာကျော်က တစ်ယောက်မကျန် ချေမှုန်းခံလိုက်ရတယ်”
ယင်တစ္ဆေဂိုဏ်းချုပ်၏ အမူအရာက ထုံထိုင်းသွားခဲ့ပြီဖြစ်၏။ သို့သော်လည်း သူ၏မျက်လုံးထဲတွင် တုန်လှုပ်မှုနှင့် ကြောက်ရွံမှုတို့ကို ခပ်ရေးရေးမြင်နိုင်လေသည်။
“မြောက်ပိုင်းဒေသက ပြောင်းလဲသွားပြီ... မြောက်ပိုင်းဒေသက ပြောင်းလဲသွားပြီ”
သူက တတွတ်တွတ်ရေရွတ်လိုက်၏။
ခဏနေပြီးနောက် ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ထပ်မေးလိုက်၏။
“မင်းတို့တွေက... ဘယ်လိုပြန်ရောက်လာတာလဲ အထီးကျန်သိုင်းသခင်က မင်းတို့တွေကို သတိမထားမိခဲ့ဘူးလား”
“သူက ကျုပ်တို့ကို အတန်ကြာစိုက်ကြည့်ပြီးတဲ့နောက် သူ့ရဲ့အကြည့်ကို ပြန်ရုပ်သိမ်းသွားခဲ့တယ်”
တာအိုအရှင်မဟူရာသားရေက ထိုမြင်ကွင်းကို ပြန်လည်စဥ်းစားပြီး အကြောက်မပြေသေးသည့်ပုံပင်။
ထိုစဥ်တုန်းက သူသည် ကပ်ဘေးတစ်ခုဆင်းသက်လာတော့မည်ဟု အမှန်တကယ်ပင် ခံစားခဲ့ရ၏။
“ဂိုဏ်းချုပ်.... အထီးကျန်သိုင်းသခင်က အဲ့ဒီကို ကျုပ်တို့ရောက်လာတဲ့ ရည်ရွယ်ချက်ကို သတိမထားမိတာများလား”
တာအိုအရှင်မဟူရာသားရေက ခဏမျှစဥ်းစားပြီးနောက် ဂရုတစိုက်မေးလိုက်၏။
“ဘာပဲပြောပြော....ကျုပ်တို့က အဲ့ဒီအချိန်တုန်းက မတိုက်ခိုက်ခဲ့ဖူးလေ... အထီးကျန်သိုင်းသခင်က ကျုပ်တို့ဘာကြောင့်ရောက်လာတယ်ဆိုတာ မသိလောက်ဘူးနော်”
“အဲ့ဒါဖြစ်နိုင်တယ်လို့ မင်းထင်လို့လား”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က တာအိုအရှင်မဟူရာသားရေကို စိုက်ကြည့်ပြီး အေးစက်စွာဖြင့်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က ဒီအဆင့်ထိရောက်အောင်ကျင့်ကြံပြီးမှ မင်းတို့ရဲ့ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ဘူးလို့ မင်းထင်လို့လား”
“အဲ့ဒါဆိုသူက... ဘာလို့ ကျုပ်တို့ကို လွှတ်ပေးခဲ့တာလဲ”
တာအိုအရှင်မဟူရာသားရေက တွေဝေရှုပ်ထွေးနေ၏။
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ခဏမျှတွေးတောပြီးနောက် ဝေဖန်ဆန်းစစ်ပြလိုက်၏။
“မင်းပြောတဲ့အတိုင်းပဲ....အထီးကျန်သိုင်းသခင်က လောလောဆယ်မှာ မင်းတို့ကို လွှတ်ပေးခဲ့တယ်ဆိုတာ... မင်းတို့က မတိုက်ခိုက်ခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်တယ်... တစ်ဘက်က ကြည့်ရင် အထီးကျန်သိုင်းသခင်မှာ ပိုပြီးတော့ အရေးကြီးတဲ့တစ်စုံတစ်ရာ ရှိနေတာလည်း ဖြစ်နိုင်တယ်”
“အော်... ဒါနဲ့ အထီးကျန်သိုင်းသခင်က အဲ့ဒီနောက် ဘာဆက်လုပ်တာကို မင်းတို့သတိထားမိခဲ့လဲ”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ထပ်မေးလိုက်၏။
“သူက... အရှေ့မြောက်အရပ်ကို ထွက်သွားတဲ့ပုံပဲ”
တာအိုအရှင်မဟူရာသားရေက ပြန်လည်စဥ်းစားကြည့်လိုက်၏။
“အရှေ့မြောက်အရပ်တဲ့လား”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က မြောက်ပိုင်းဒေသ၏ မြေပုံတစ်ခုကို ထုတ်ယူပြီး အလျင်အမြန်တစ်ချက်ကြည့်လိုက်၏။ သူက ရင်တစ်ချက်ထိတ်သွားပြီး တီးတိုးရေရွတ်လိုက်၏။
“ကျားနဂါးဂိုဏ်း....”
. . . . . .
ကြယ်တာရာလမင်းဂိုဏ်းတွင်......
“ဂိုဏ်းချုပ်... အပြင်ဘက်ကနေ သတင်းတစ်ခုရောက်လာပါတယ်”
ဂိုဏ်းသားတစ်ယောက်က လက်သီးနှစ်ဖက်ကိုယှက်လိုက်၏။
“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီး ကျားနဂါးဂိုဏ်းက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နဲ့ ဓမ္မဝိသေသတာအိုအရှင် တစ်ရာကျော်ကို သတ်ဖြတ်ပစ်လိုက်တယ်”
“အို...”
ခန်းမထဲတွင် အကြီးအကဲများက တုန်လှုပ်စွာဖြင့် ပင့်သက်ကိုရှိုက်လိုက်ကြ၏။
“အထီးကျန်သိုင်းသခင်က တကယ့်ကို အနှိုင်းမဲ့ ပြန်ဝင်စားမွန်းစတားပဲ”
“သူက ဘဝသက်တမ်းနှစ် ၅၀ တောင်မကျန်တော့တဲ့ အချိန်မှာ ဓမ္မဝိသေသအဆင့်ကို တကယ်ပဲ ချိုးဖြတ်တက်လှမ်းနိုင်ခဲ့တယ်ဆိုတော့..... အဲ့ဒါက တကယ့်ကို လိုက်မမီနိုင်အောင်ပဲ”
ကြယ်တာရာလမင်းဂိုဏ်း အကြီးအကဲများစွာက ရေရွတ်ပြောဆိုလိုက်ကြ၏။
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က အတော်လေးတည်ငြိမ်သည့် အမူအရာရှိနေပြီး သူက လေးနက်သောအသံဖြင့် မေးလိုက်၏။
“အဲ့ဒီနောက်... ဘာဆက်ဖြစ်ခဲ့လဲ”
“အဲ့ဒီနောက် အထီးကျန်သိုင်းသခင်က ယင်တစ္ဆေဂိုဏ်း ၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနဲ့ အခြားဂိုဏ်းတွေက ကျင့်ကြံသူတွေကို အတန်ကြာတဲ့အထိ စိုက်ကြည့်ပြီးတဲ့နောက် သူတို့ကို လွှတ်ပေးလိုက်တယ်”
ထိုဂိုဏ်းသားက ပြောလိုက်၏။
များစွာသော အကြီးအကဲများသည် အကြည့်ချင်းဖလှယ်ပြီး ဂိုဏ်းချုပ်ရှိရာဘက်သို့ သူတို့၏လက်သီးများကို ယှက်ပြလိုက်၏။
“ကျုပ်တို့ရဲ့ဂိုဏ်းချုပ်က အမြော်အမြင်ရှိပါပေတယ်”
ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း ၊ ယင်တစ္ဆေဂိုဏ်းနှင့် အခြားသောဂိုဏ်းနှင့် အဖွဲ့အစည်းများသည် မတိုက်ခိုက်ခဲ့ကြသော်လည်း ဤကိစ္စသည် အထီးကျန်သိုင်းသခင်၏ စိတ်နှလုံးထဲတွင် ကြီးမားသည့်အထုံးတစ်ခုကို ဖြစ်စေခဲ့ပေလိမ့်မည်။
ကြယ်တာရာလမင်းဂိုဏ်းက ဤပြဿနာတွင် ဝင်မပါသည့်အကြောင်းအရင်းမှာ ဂိုဏ်းချုပ်သည် လူတိုင်း၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး ထိုကိစ္စတွင် ပါဝင်ဖို့ မည်သည့်ဂိုဏ်းသားကိုမှ မစေလွှတ်ခဲ့သောကြောင့်ဖြစ်၏။
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်၏။
“အထီးကျန်သိုင်းသခင်က... တာအိုတစ်ခုကို တည်ဆောက်ပြီး သက်ရှိအားလုံးကို သိုင်းတာအိုသင်ကြားပေးခဲ့တယ်... သူ့ရဲ့ ပိုင်ဆိုင်မှုတွေအတွက် တိုက်ခိုက်တဲ့နေရာမှာ ငါတို့ဂိုဏ်းဝင်မပါစေဖို့ ငါဆုံးဖြတ်ခဲ့တယ်ဆိုတာ သူ့ကိုလေးစားမှုရှိလို့ပဲ”
“အခု.... အထီးကျန်သိုင်းသခင်က ငါတို့တွေးထင်ထားတာထက် ပိုပြီးတော့ ကြောက်စရာကောင်းနေတဲ့ပုံပဲ”
ခဏမျှရပ်တန့်ပြီးမှနောက် ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
“ငါထင်တာ မမှားဘူးဆိုရင် အထီးကျန်သိုင်းသခင်က ကျားနဂါးဂိုဏ်းကို သွားတာဖြစ်ရမယ်”
“ကျားနဂါးဂိုဏ်းလား...”
ဂိုဏ်းသားတစ်ယောက်က မေးလိုက်၏။
“အထီးကျန်သိုင်းသခင်က အခုပဲ ဓမ္မဝိသေသအဆင့်ကိုဝင်ရောက်ထားတာ... သူက ကျားနဂါးဂိုဏ်းထဲကို ဝင်ရောက်ရဲမှာလား”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကပြောလိုက်၏။
“ဒီနှစ်တွေထဲမှာ ကျားနဂါးဂိုဏ်းက အထီးကျန်သိုင်းသခင်ကို ထပ်တလဲလဲရန်စပြီးတော့ ဆန်းကြယ်တောင်ထွတ်ကိုလည်း တိုက်ခိုက်ခဲ့တယ်... သူတို့က သူ့ကိုသတ်ဖြတ်ဖို့အတွက်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ အုပ်စုဖွဲ့ခဲ့ပြီးတော့ အခုဆို... ပင်ယန်းမြို့ကိုတောင် စေလွှတ်ခဲ့ကြသေးတယ်.... အထီးကျန်သိုင်းသခင်ရဲ့ စိတ်နေစရိုက်နဲ့ဆို သူက ကျားနဂါးဂိုဏ်းကနေ ဖြေရှင်းချက်တစ်ခုသေချာပေါက် တောင်းဆိုလိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ဆက်ပြောလိုက်၏။
“နောက်ပြီး... ဒီခရီးစဥ်အတွက် အထီးကျန်သိုင်းသခင်ရဲ့ ရည်ရွယ်ချက်က ခြိမ်းခြောက်တဲ့သင်ခန်းစာတစ်ခု ပေးချင်တာ ဖြစ်ဖို့များတယ်”
သူက ကျားနဂါးဂိုဏ်းကို ခြိမ်းခြောက်တော့မည့်ပုံပင်။
သူက မြောက်ပိုင်းဒေသရှိ အခြားသော ရှေးတော်ဝင်မိသားစုများကို တုန်လှုပ်စေတော့မည့်ပုံပင်။
“ကျားနဂါးဂိုဏ်းကတော့ သွားရှာပြီထင်တယ်”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“ကျုပ်တော့အဲ့လိုဖြစ်မယ် မထင်ပါဘူးလေ”
ဂိုဏ်း၏အကြီးအကဲတစ်ယောက်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ကျားနဂါးဂိုဏ်းက ဘာပဲပြောပြော အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ... သူတို့မှာ နှစ်တစ်သောင်းကြာ အခြေခံအုတ်မြစ်ရှိတယ်... သူတို့ဂိုဏ်းမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း တစ်ယောက်မကရှိနေလိမ့်မယ်... အထီးကျန်သိုင်းသခင်က အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းကို တစ်ယောက်ထဲနဲ့ ဘယ်လိုလုပ်ချေမှုန်းနိုင်ပါ့မလဲ”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏ခေါင်းကိုခါပြလိုက်၏။
“အကြီးအကဲတို့... အထီးကျန်သိုင်းသခင်ရဲ့ လှုပ်ရှားမှုကို ကိုယ်တိုင်မမြင်တွေ့ဖူးပဲနဲ့... ခင်ဗျားတို့တွေက သူ့ရဲ့ခွန်အားကို ခံစားမိမှာမဟုတ်ဘူး”
“သူက မူလနတ္ထိအဆင့်မှာရှိနေစဥ်ကတည်းက အထီးကျန်သိုင်းသခင်မှာ ဓမ္မဝိသေသတာအိုအရှင်တွေကို သတ်ဖြတ်ဖို့အတွက် နည်းလမ်းပေါင်းများစွာရှိတယ်... အခုသူက ဓမ္မဝိသေသအဆင့်ကို ရောက်လာပြီဆိုတော့ သာမန်ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူ့ကိုယှဥ်နိုင်မှာ မဟုတ်တော့ဘူး”
“ဒီနေ့ကစပြီး... မြောက်ပိုင်းဒေသမှာ ဖန်သားနန်းတော်ကပဲ... အထီးကျန်သိုင်းသခင်ကို ဖိနှိမ်နိုင်တော့မယ်ထင်တယ်”
“ကျုပ်တို့... အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းက သူ့ကိုဦးညွှတ်ရလိမ့်မယ်”
အကြီးအကဲများက တုန်လှုပ်သွားကြ၏။
“ဂိုဏ်းချုပ်... အဲ့ဒါကတော့ နည်းနည်းချဲ့ကားရာ မကျဘူးလား”
“အဲ့ဒါအမှန်ပဲ.. အထီးကျန်သိုင်းသခင်က ဘာပဲပြောပြော ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ပဲ.. သူက အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းရဲ့ အထက်မှာ ဘယ်လိုလုပ်ရပ်တည်နိုင်ပါ့မလဲ”
“အထီးကျန်သိုင်းသခင်ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက ၈၅ ပေ မြင့်မားတယ်ဆိုရင်တောင် သူက ပြိုင်ဘက်ကင်းမနေဘူး... ကျားနဂါးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဘယ်လိုလုပ်ပြီး အလွယ်တကူဖျက်စီးလို့ရနိုင်ပါ့မလဲ”
အကြီးအကဲများက သူတို့၏ခေါင်းကို ခါယမ်းလိုက်ကြ၏။
“ဒီတိုက်ပွဲရဲ့ ရလဒ်ကို စောင့်ကြည့်ကြတာပေါ့”
ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က မှင်သေသေဖြင့်ပြန်ပြောလိုက်၏။
တကယ်တော့ သူသည်လည်းပဲ အထီးကျန်သိုင်းသခင်သည် ကျားနဂါးဂိုဏ်းကို စိန်ခေါ်နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။
သို့သော်လည်း ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီးနောက် အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်တောင် သန်မာလာသလဲ မည်သူကမှမသိရှိကြသေးပေ။
လွန်ခဲ့သည့် နှစ်ငါးထောင်အတွင်း အထီးကျန်သိုင်းသခင်သည် ဘာတွေကိုရရှိထားခဲ့သလဲ မည်သူကမှ မသိရှိကြပေ။
တစ်ခုတည်းသော သေချာသည့်အချက်မှာ ကျားနဂါးဂိုဏ်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပေတော့မည်။
အထီးကျန်သိုင်းသခင်က ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားမည်ဆိုလျှင် မြောက်ပိုင်းဒေသ၏အခြေအနေက များစွာပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။
အထီးကျန်သိုင်းသခင်သာ အနိုင်ရရှိသွားလျှင် အခြေအနေသစ်တစ်ရပ် ဖြစ်ပေါ်လာပြီး မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများပင်လျှင် သူ့ကို ဦးညွှတ်၍ အညံ့ခံရပေတော့မည်။