မြောက်ပိုင်းဒေသကနေ ရှင်းထုတ်မည်
Vol. 82 Ch. 1228
ကျားနဂါးဂိုဏ်းတွင်...
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ် လောဟွာသည်ကြီးမားသည့် ဖိအားအောင်မှာရောက်ရှိနေ၏။ ထိုအခိုက်အတန့်တွင် သူက ကျားနဂါးဂိုဏ်း၏ တောင်ထွတ်ပေါ်မှာ မတ်တတ်ရပ်ပြီး စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ အဝေးတစ်နေရာသို့ ငေးမောကြည့်နေ၏။
သူ၏ဆုံးဖြတ်ချက်က မှန်ကန်ရဲ့လား သူမသိပေ။
သို့သော်လည်း အဲ့ဒါက သူ့နှင့်ကျားနဂါးဂိုဏ်းအတွက် ကြီးမားသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။
သူက အထီးကျန်သိုင်းသခင်၏ ပိုင်ဆိုင်မှုများကို ရရှိနိုင်မည်ဆိုလျှင် သူက ဒုတိယအထီးကျန်သိုင်းသခင်ဖြစ်လာဖို့ရှိပြီး ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ခုကိုလည်း ရှာဖွေနိုင်ပေလိမ့်မည််။
သူ၏ဦးဆောင်မှုဖြင့် ကျားနဂါးဂိုဏ်းသည် မြောက်ပိုင်းဒေသရှိ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်း၏ ခေါင်းဆောင်ပင် ဖြစ်လာနိုင်လေသည်။
ဂိုဏ်းအတွင်းမှာ မတူညီသော ထင်မြင်ချက်နှစ်မျိုးရှိခဲ့လေသည်။
ပထမတစ်ခုမှာ အထီးကျန်သိုင်းသခင်အပေါ် စိတ်ကောင်းစေတနာပြသဖို့ဖြစ်လေသည်။
ထိုအကြီးအကဲအများစုသည် အားနည်း၍ ပြတ်သားမှု မရှိကြပေ။
သူတို့က ကြီးမားသည့်အခွင့်အလမ်းများကို ရရှိဖို့အတွက် မထိုက်တန်ကြပေ။
တာအိုအရှင်လောဟွာက နှုတ်ခမ်းစူ၍ စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
အခြားသောအကြံပြုချက်မှာ သူ့အနေဖြင့် လူတိုင်းကိုဦးဆောင်ပြီး အထီးကျန်သိုင်းသခင်ကို ဖိနှိမ်ကာ ကြီးမားသည့် အကျိုးအမြတ်များကိုရယူဖို့ဖြစ်လေသည်။
“ဂျူနီယာညီဖေးမင်နဲ့ တခြားသူတွေက အခုလောက်ဆိုအဲ့ဒါကို ရပြီးနေလောက်ပြီ”
တာအိုအရှင်လောဟွာက တီးတီုးရေရွတ်လိုက်၏။
ထိုစဥ် ဘာ့ကြောင့်ရယ်မသိ သူ၏ ရင်ထဲမှာ ရှင်းမပြတတ်သော ရင်တလှပ်လှပ်ခံစားချက်က ပေါ်ထွက်လာ၏။
“ဘာများဖြစ်လို့ပါလိမ့်”
သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အဲ့ဒါက တစ်မူထူးခြားသော စိုးတထိတ်ထိတ်ခံစားချက်ဖြစ်ပြီး မသိစိတ်အာရုံက နှိုးဆော်နေခြင်းနှင့်တူလေသည်။
သူတို့၏ကျင့်ကြံမှုအဆင့်တွင် ရုတ်တရက်ထွက်ပေါ်လာတတ်သော ဆဋ္ဌမမြောက်အာရုံများက အတော်လေးတိကျမှုရှိလေသည်။
“ဂိုဏ်း- ဂိုဏ်းချုပ်... ဆိုးဆိုးဝါးဝါး ကိစ္စတွေတော့ဖြစ်ကုန်ပြီ”
ထိုစဥ်မှာပင် ထိတ်ထိတ်ပျာပျာအမူအရာနှင့် ဂိုဏ်းသားတစ်ယောက်က ပြေးရောက်လာခဲ့၏။
ထိုသူက အနားသို့ မရောက်ခင်မှာပင် အဝေးကနေ အော်ပြောလိုက်၏။
တာအိုအရှင်လောဟွာက ရင်တစ်ချက်ထိတ်သွားလေသည်။
ထိုဂိုဏ်းသားသည် ကံကြမ္မာသင်္ကေတရုံကို စောင်ကြပ်နေရသော ကျင့်ကြံသူဖြစ်၏။
သူ၏ အမည်အတိုင်းပင် ကံကြမ္မာသင်္ကေတရုံသည် ကျင့်ကြံသူများ၏ ကံကြမ္မာသင်္ကေတများကို သိုလှောင်သိမ်းဆည်းထားရာ နေရာဖြစ်၏။
အပြင်ဘက်သို့ ရောက်ရှိနေသော ကျင့်ကြံသူများ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့လျှင် သူတို့ကို ကိုယ်စားပြုသော ကံကြမ္မာသင်္ကေတများက ပြောင်းလဲသွားမည်ဖြစ်ပြီး ဂိုဏ်းက ၎င်းနှင့်ပတ်သက်သည့်သတင်းကို တတ်နိုင်သမျှ မြန်မြန်ရရှိပေလိမ့်မည်။
သူမမေးရသေးခင်မှာပင် ထိုဂိုဏ်းသားကပြောလိုက်၏။
“ဆရာဦးလေးဖေးမင်နဲ့ တခြားသူတွေရဲ့ ကံကြမ္မာသင်္ကေတတွေအကုန်လုံးက ကြေမွပျက်စီးကုန်ပါပြီ”
“ဘာ....”
တာအိုအရှင်လောဟွာ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
“ဖေးမင်အပါအဝင်... အဲ့ဒီမှာ စုစုပေါင်း တစ်ရာ့တစ်ယောက်တောင် ရှိနေတာပဲ... သူတို့ထဲ ဘယ်သူမှ မကျန်ဘူးလား”
တာအိုအရှင်လောဟွာက အေးစက်စက်အကြည့်နှင့်အတူ မေးမြန်းလိုက်၏။
“မ-မကျန်ပါဘူး”
ထိုဂိုဏ်းသားက လိပ်ပြာလွင့်မတက် ကြောက်လန့်နေပြီး ဗလုံးဗထွေးဖြင့် ပြောဆိုလိုက်၏။
“သူတို့ရဲ့... ကံကြမ္မာသင်္ကေတတွေအကုန်လုံးက ကြေမွပျက်စီးကုန်ပါပြီ”
တာအိုအရှင်လောဟွာ၏ အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အလား သူ၏ရင်ဘတ်ကိုဖိ၍ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်၏။
အဲ့ဒီမှာ ဓမ္မဝိသေသတာအိုအရှင်ပေါင်း အယောက်တစ်ရာကျော်လေသည်။
တံခါးပိတ်ကျင့်ကြံနေသူများနှင့် အပြင်ဘက်သို့ စွန့်စားသွားလာနေသူများအပါအဝင် ကျားနဂါးဂိုဏ်း၌ စုစုပေါင်း ဓမ္မဝိသေသတာအိုအရှင် အယောက်နှစ်ရာထက်ပိုမရှိပေ။
သို့သော် ယခုအခါ သူတို့ထဲမှ ထက်ဝက်ကျော်က မရှိကြတော့လေပြီ။
“ဟင့်အင်း....အဲ့ဒါက မဖြစ်နိုင်ပါဘူး”
တာအိုအရှင်လောဟွာက သူ၏ခေါင်းကို ထပ်တလဲလဲခါယမ်းနေ၏။
“အကြီးအကဲ ထျန်ဝူကလည်း လိုက်သွားခဲ့တာပဲ... ဖေးမင်နဲ့တခြားသူတွေက ဘယ်လိုလုပ်ပြီး အပြီးသတ် ချေမှုန်းခံလိုက်ရတာလဲ”
အဲ့ဒါက အဓိပ္ပါယ်ရှိမနေပေ။
ဤစစ်ဆင်ရေးတွင် အထီးကျန်သိုင်းသခင်၏ မိတ်ဆွေဟောင်းများနှင့် အသိအကျွမ်းဟောင်းများ လာရောက်ကူညီနိုင်သည့်အချက်ကိုပင် သူက ထည့်သွင်းစဥ်းစားထားခဲ့၏။
ထို့ကြောင့်ပင်လျှင် သူက တံခါးပိတ်ကျင့်ကြံနေခဲ့သော အကြီးအကဲထျန်ဝူကို သွားရောက်ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။
အကြီးအကဲထျန်ဝူ၏ စွမ်းအားသည် အထီးကျန်သိုင်းသခင်ကို အမှုန့်ချေပစ်နိုင်ဖို့လုံလောက်လေသည်။ ဤကဲ့သို့ ကြီးမားသည့် အပြောင်းအလဲတစ်ရပ်က ဘယ်လိုလုပ် ပေါ်ထွက်လာနိုင်ပါ့မလဲ။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေက ပုဂ္ဂိုလ်ရောက်လာတာများလား။
တာအိုအရှင်လောဟွာက တတွတ်တွတ်ရေရွတ်လိုက်၏။
ထိုစဥ်မှာပင် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ထိတ်ထိတ်ပျာပျာအမူအရာနှင့်အတူ ပြေးချလာ၏။ သူက မရောက်ခင်မှာပင် အော်ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်.... ဆိုးဆိုးဝါးဝါး ကိစ္စတွေတော့ ဖြစ်ပျက်ကုန်ပြီ”
“ပြောကြတာတော့... အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားပြီး အကြီးအကဲထျန်ဝူနဲ့ ဆရာဦးလေးဖေးမင်တို့အုပ်စုကို ပင်ယန်းမြို့အပြင်ဘက်မှာ တစ်ယောက်မကျန် သတ်ဖြတ်ပစ်လိုက်တယ်လို့ ပြောကြပါတယ်”
“မင်း.... ဘာပြောလိုက်တယ်”
တာအိုအရှင်လောဟွာက စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး စကားကို တစ်လုံးချင်းပြောလိုက်၏။
အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းဝင်ရောက်လာမည်ဟု သူက မယုံကြည့်ခဲ့ပေ။
“လောဟွာ.... အဲ့ဒီခြံထဲကနေ ထွက်လာခဲ့စမ်း”
ထိုစဥ်မှာပင် ဂိုဏ်း၏ အပြင်ဘက်ကနေ ကျယ်လောင်သောဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး မိုးချိန်းသံကဲ့သို့ ကျားနဂါးဂိုဏ်း၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။
“အထီးကျန်သိုင်းသခင်က ဒီကိုရောက်လာပြီပဲ”
တာအိုအရှင်လောဟွာသည် ရင်ထဲမှာဒိန်းခနဲဆောင့်တက်သွား၏။
အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်သို့ အမှန်တကယ်ဝင်ရောက်သွားမည်ဆိုလျှင် သူက သူနှင့်စာရင်းရှင်းဖို့အတွက် ရောက်လာဖို့ သေချာသလောက်နီးပါးဖြစ်၏။
သို့သော်လည်း အထီးကျန်သိုင်းသခင်က ဤမျှအထိ မြန်မြန်ရောက်ရှိလာလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ရွှစ်....
တာအိုအရှင်လောဟွာသည် သူ၏သိုလှောင်အိတ်ထဲကနေ အဆောင်တစ်ခုကို ထုတ်ယူပြီး လေထဲသို့ ပျံတက်ကာ ဖောက်ခွဲလိုက်၏။
အဲ့ဒါက သတင်းပို့အဆောင်ဖြစ်၏။
ဂိုဏ်းက ဖျက်ဆီးချေမှုန်းခံရမည့် အခြေအနေတစ်ရပ်နှင့် ကြုံတွေ့မှသာလျှင် ဤအဆောင်ကို အသုံးပြုနိုင်လေသည်။
တစ်ဂိုဏ်းလုံးက လှုပ်လှုပ်ရှားရှားဖြစ်လာကြ၏။
များစွာသော စွမ်းအားကြီးမားသည့် အော်ရာများသည် ရုန်းကန်ထွက်ပေါ်လာပြီး လူတိုင်းသည် တံခါးပိတ်ကျင့်ကြံနေရာကနေ နိုးထလာကြ၏။
“ဘာတွေဖြစ်နေကြတာလဲ”
“ကျားနဂါးဂိုဏ်းရဲ့ ဝင်ပေါက်ဝမှာ ပြဿနာလာရှာရဲတဲ့သူတွေတောင် ရှိနေပြီလား”
တာအိုအရှင်လောဟွာက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အားလုံးပဲ... ဒီလူ့ရဲ့ တာအိုဘွဲ့က အထီးကျန်သိုင်းသခင်... သူက ကျုပ်တို့ဂိုဏ်းရဲ့ နံပါတ်တစ်ရန်သူပဲ... အခု သူက ဒီကိုရောက်လာပြီဆိုတော့ ကျေးဇူးပြုပြီး သူ့ကိုပူးပေါင်းသတ်ဖြတ်ပေးကြပါဦး”
တံခါးပိတ်ကျင့်ကြံနေခဲ့ကြသော ဓမ္မဝိသေသတာအိုအရှင်များသည် အထီးကျန်သိုင်းသခင်ဘယ်သူဆိုတာ မသိရှိကြပေ။
“ဒါပေါ့... အဲ့လိုပဲ လုပ်ရမှာပေါ့ သူက ကျားနဂါးဂိုဏ်းကို ပြဿနာလာရှာရဲမှတော့ သူကသေရလိမ့်မယ်”
“ငါက ဘယ်လိုစွမ်းအားကြီးပုဂ္ဂိုလ်ခေါင်းဆောင်များလဲလို့ စဥ်းစားနေတာ... အဲ့တော့ အဲ့ဒါက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ပေါ့.. အခုနောက်ပိုင်း ဓမ္မဝိသေသတာအိုအရှင်တွေတောင် အဲ့လောက်ထိမောက်မာနေပြီလား”
တာအိုအရှင်လောဟွာ၏ ဦးဆောင်မှုအောက်တွင် များစွာသော ဓမ္မဝိသေသတာအိုအရှင်များသည် ဝင်ပေါက်ဝဂိတ်တံခါးဆီသို့ ဦးတည်လာကြ၏။
ဂိုဏ်းမှာ ရှိသောအကြီးအကဲတချို့က ထိုသည်ကိုမြင်သောအခါ သူတို့၏ခေါင်းကို ခါယမ်းလိုက်ကြ၏။
သူတို့သည် အစကတည်းက တာအိုအရှင်လောဟွာ၏ အစီအစဥ်နှင့်ပတ်သက်၍ သဘောတူခြင်းမရှိသောသူများဖြစ်ကြ၏။
ယခုတော့ ဤအစီအစဥ်သည် ကျားနဂါးဂိုဏ်းကိုပါ ဒုက္ခပေးဖို့ ဖြစ်လာခဲ့လေပြီ။
ကျားနဂါးဂိုဏ်း၏ အပြင်ဘက်တွင်...
ဆူဇီမိုသည် တိမ်စိုင်များပေါ်မှာ မတ်တတ်ရပ်ရင်း သူ၏ခြေဖဝါးအောက်ရှိ သုခဘုံကို ငုံ့ကြည့်လိုက်၏။
ကျားနဂါးဂိုဏ်းကို တောင်တန်းများနှင့် စိမ်းစိုလန်းဆန်းသော သစ်ပင်များဖြင့် ဝန်းရံထား၏။ တောင်ထွတ်များကြားမှာ လှည့်ပတ်စီးဆင်းနေသည့် ကြည်လင်သော စိတ်ဝိညာဥ်စိမ့်စမ်းတစ်ခုပင်ရှိနေ၏။ အဲ့ဒါက အလွန်ထူးခြားကောင်းမွန်သော ကျင့်ကြံခြင်းနေရာတစ်ခုဖြစ်လေသည်။
“မင်းတို့တွေက ဒဏ်ရာရရှိထားတယ်... ဒီကနေပဲ စောင့်ကြည့်နေကြ”
ဆူဇီမိုက ဘေးသို့တစ်ချက်ကြည့်ပြီး မျောက်နှင့်အခြားသူများကို ညွှန်ကြားလိုက်၏။
“ငါက တိုက်ခိုက်နိုင်ပါသေးတယ်”
မျောက်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“ငါ အန္တရာယ်နဲ့ကြုံတွေ့မှ မင်းတို့တွေက တိုက်ခိုက်ပေးမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး”
“အဲ့ဒီမောက်မာတဲ့အရူးက... ဘယ်နေရာကနေ ရောက်လာတာလဲ... မင်းက ကျားနဂါးဂိုဏ်းမှာ ဘယ်လိုတောင်လာအော်ရဲတာလဲ”
ထိုစဥ်မှာပင် ဓမ္မဝိသေသတာအိုအရှင်အချို့သည် ကျားနဂါးဂိုဏ်းထဲကနေ လျှောက်လှမ်းထွက်လာကြ၏။ သူတို့ထဲမှတစ်ယောက်က ဆူဇီမိုကိုလှောင်ရယ်၍ ဟိန်းဟောက်ပြောဆိုလိုက်၏။
“မင်းက ငါ့ကိုတောင်မသိဘူးလား”
ဆူဇီမို၏ မျက်လုံးထဲတွင် အံအားသင့်မှုအရိပ်အယောင်တစ်ခုက ဖျပ်ခနဲပေါ်ထွက်သွား၏။
မြောက်ပိုင်းဒေသကို မပြောနှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာပင် သူ၏ တာအိုဘွဲ့က ကျော်ကြားနေခဲ့လေပြီ။
ဤလူများကြားတွင် သူတို့ထဲမှအချို့သည် အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေခဲ့ကြပြီး အထီးကျန်သိုင်းသခင် ဘယ်သူဖြစ်သည်ဆိုတာကို မသိရှိကြပေ။
“ငါက ဒီနေ့ဒီနေရာကို လောဟွာအတွက်ရောက်လာတာပဲ... မဆိုင်တဲ့ဘယ်သူမဆို လမ်းဖယ်ပေးကြတာ ကောင်းလိမ့်မယ်”
ဆူဇီမို၏ အမူအရာကအေးစက်လာပြီး ကျားနဂါးဂိုဏ်း၏ ဓမ္မဝိသေသတာအိုအရှင်များကိုကြည့်လိုက်၏။
“မင်းက ငါ့ဆီက ဘာလိုချင်လို့လဲ”
လူအုပ်ကြီ ချဲသွားပြီး ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ် တာအိုအရှင်လောဟွာက ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။
“ပထမတစ်ချက်... မင်းကသေရမယ်”
ဆူဇီမိုက လောဟွာနဲ့ အချိန်ဖြုန်းမနေဘဲ တဲ့တိုးပင်ပြောဆိုလိုက်၏။
“ဒုတိယတစ်ချက်... ဒီနေ့ကစပြီး ကျားနဂါးဂိုဏ်းက ဖျက်သိမ်းရလိမ့်မယ်”
“မိုက်ရိုင်းလိုက်တာ”
“ဘယ်လိုတောင် မောက်မာနေတာလဲ”
“မင်းက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ပဲ... ဒါတောင် မင်းက မင်းကြောင့်နဲ့ ကျားနဂါးဂိုဏ်းကို ဖျက်သိမ်းပေးစေချင်နေတာလား... ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ”
တာအိုအရှင်လောဟွာကလည်း သူ၏ခေါင်းကိုခါယမ်း၍ လှောင်ရယ်လိုက်၏။
“မင်းရဲ့ တောင်းဆိုချက်တွေကို တစ်ခုမှ ငါလိုက်လျောမပေးနိုင်ဘူး... အထီးကျန်သိုင်းသခင် မင်းက တကယ့်ကို သန်မာပါပေတယ်... ဒါပေမယ့် မင်းက နှစ်ပေါင်းတစ်သောင်းကြာ တည်တံ့လာခဲ့တဲ့ ကျားနဂါးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို တစ်ယောက်တည်းနဲ့ ကိုင်လှုပ်နိုင်မယ်ထင်ရင်တော့ မင်းက စိတ်ကူးယဥ်နေတာပဲ”
“မင်း... သဘောမတူလည်း ကိစ္စမရှိဘူး”
ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
“မင်းသဘောမတူဘူးဆိုရင် ငါကိုယ်တိုင်မင်းကိုသတ်ပြီး ကျားနဂါးဂိုဏ်းကို ငါကိုယ်တိုင်ဖျက်ဆီးပစ်မယ်... မြောက်ပိုင်းဒေသကနေ ဒီနေရာကို ငါက ရှင်းထုတ်ပစ်လိုက်မယ်”