မဟာသက္ကတအလင်းလက်သီး
Vol. 82 Ch. 1229
“မင်းကတော့ သေချင်နေပြီပဲ”
ကျားနဂါးဂိုဏ်း၏ များစွာသော ဓမ္မဝိသေသ တာအိုအရှင်များက အော်ဟစ်ငေါက်ငမ်းလိုက်ကြ၏။
ဘန်း.. ဘန်း.. ဘန်း..
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် ဧရာမ စိတ်ဝိညာဉ်များကဲ့သို့ ကောင်းကင်ထက်သို့ တစ်ခုပြီးတစ်ခု ထိုးတက်လာကြ၏။ ချက်ချင်းပင် လောကက လှုပ်ခါသွားပြီး ဓမ္မစွမ်းအားများက အရူးအမူး ထကြွ၍ တလိပ်လိပ်တက်လာကြ၏။
ထိုကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများက အမျိုးမျိုးသော အမြင့်များ ရှိကြ၏။
အားအနည်းဆုံးသည် ပေ ၃၀ မြင့်မားပြီး အသန်မာဆုံးက ပေ ၆၀ မြင့်မားလေသည်။
ကျားနဂါးဂိုဏ်း၏ တာအိုအရှင်တစ်ယောက်သည် ပေ ၅၀ ကျော် မြင့်မားသော ဓမ္မဝိသေသကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ထိန်းချုပ်ပြီး ဆူဇီမိုထံသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းလာ၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခြေတစ်လှမ်းယူတိုင်း မြေပြင်က တုန်လှုပ်စရာကောင်းသော အော်ရာဖြင့် လှုပ်ခါသွား၏။
“ဟင်းဟင်း”
ဆူဇီမိုက လှောင်ရယ်လိုက်၏။ သူ၏ ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကိုယ်ပင် အသုံးပြုခြင်း မရှိဘဲ သူက သက္ကတဘာသာစကား တချို့ကို လျင်မြန်စွာ ရွတ်ဆို၍ ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ထိုထိုးချက်က ပြိုးပြိုးပြက်ပြက် အလင်းရောင်များနှင့်အတူ တောက်ပနေသော ချစ်ချစ်တောက် နေတစ်စင်းကဲ့သို့ ဖြစ်၏။
“မဟာသက္ကတ အလင်းလက်သီး”
ထိုဓမ္မပညာရပ်သည် တာအိုအမွေအနှစ်ကုန်းမြေရှိ ကျောက်သားရုပ်တု တစ်ခုထံမှ အမွေဆက်ခံရရှိထားခဲ့ခြင်း ဖြစ်၏။ ၎င်းသည် ရှေးဟောင်းခေတ်က ဗုဒ္ဓဂိုဏ်းများ၏ ထိပ်တန်းအဆင့် ဓမ္မပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး တုန်လှုပ်စရာကောင်းသော စွမ်းပကားကို ပိုင်ဆိုင်ထား၏။
ထိုထိုးချက်၏ ရုန်းကန်ပေါက်ကွဲအားက ချစ်ချစ်တောက် ပူလောင်သော နေတစ်စင်း ဆင်းသက်လာခြင်းနှင့် တူပြီး မနှိုင်းယှဉ်သာအောင် မာကြောခက်ထန်လေသည်။
ပေ ၅၀ ကျော် မြင့်မားသော ဓမ္မဝိသေသသည် ဆူဇီမိုထံသို့ မရောက်ရှိခင်မှာပင် ၄င်း၏ ကြီးမားသည့် ခန္ဓာကိုယ်က မဟာသက္ကတ အလင်းလက်သီး၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။
“ဘာလဲဟ”
ကျားနဂါးဂိုဏ်းမှ တာအိုအရှင်များက တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ပေ ၅၀ ကျော် မြင့်မားသော ဓမ္မဝိသေသသည် တစ်ဖက်လူထံမှ ဓမ္မပညာရပ်တစ်ခုကိုပင် ခုခံနိုင်ခြင်း မရှိပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အချက်မှာ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် မဟာသက္ကတ အလင်းလက်သီးနှင့် ကောင်းကောင်း မထိတွေ့ခင်မှာပင် ၎င်း၏ စွမ်းအားများက ပျက်ပြယ်ပြီး ပြိုကျပျက်စီးတော့မည့်ဆဲဆဲ ဖြစ်လာ၏။
ခြားနားချက်က အရမ်းကို ကြီးမားနေ၏။
ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ကာစဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်သည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းအဆင့် ကျင့်ကြံရေး နည်းစနစ်များကို ကျင့်ကြံထားပြီး အမွေအနှစ် ၃၀ ကျော်နှင့် ပေါင်းစည်းထား၏။ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ အနှစ်သာရက လေးနက်သိမ်မွေ့နေပြီး သူ၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ယှဉ်နိုင်နေပြီဖြစ်၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာသည် ကီလိုမီတာ ငါးထောင်ဖြစ်၏။
ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းကာစ သာမန်ကျင့်ကြံသူများအတွက် သူတို့၏ အမြုတေစိတ်ဝိညာဉ်သည် ကီလိုမီတာ ၅၀၀ အထိသာ ဖြန့်ကြက်နိုင်ကြ၏။
ကွာဟချက်က ဆယ်ဆဖြစ်လေသည်။
ထိုကွာဟချက်က တိုက်ပွဲတစ်ခုမှာ ပို၍ပင် သိသာလေသည်။
အမြုတေစိတ်ဝိညာဉ်သည် စွမ်းအားကြီးမားပြီး ဓမ္မစွမ်းအားများနှင့်အတူ ရုန်းကန်ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ထိပ်တန်းအဆင့် ဓမ္မပညာရပ်နှင့် တွဲဖက်လိုက်သောအခါ ပေ ၆၀ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသပင် အဲဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ဘုန်း..
မဟာသက္ကတ အလင်းလက်သီးက ဓမ္မဝိသေသ တာအိုအရှင်ကို ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။
ထိုလူသည် သူ၏ မူပိုင်ဓမ္မလက်နက်ကို ဆင့်ခေါ်ထုတ်လိုက်သော်လည်း ၎င်းက ထိုးချက်တစ်ချက်တည်းဖြင့် ကြေမွပျက်စီးသွား၏။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်က အလောင်းပင် မကျန်ဘဲ စုတ်ပြဲသွားပြီဖြစ်၏။
အဲဒါက ထိုးချက်တစ်ချက်မျှသာ ဖြစ်၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပျက်ပြယ်သွားပြီး ဓမ္မဝိသေသ တာအိုအရှင်၏ အမြုတေစိတ်ဝိညာဉ်ကပါ ဖျက်ဆီးခံလိုက်ရ၏။
“သဲမုန်တိုင်း”
ဆူဇီမို၏ တိုက်ခိုက်မှုက မပြီးဆုံးသေးခင်မှာပင် သူက ရှေ့သို့ လက်ညိုးစေညွှန်လိုက်၏။
ပြင်းထန်ကြမ်းကြုတ်သော လေပြင်းများသည် မြေပြင်ထက်ကနေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး အတောမသတ်သော ရွှံ့ခဲများနှင့် ကျောက်ခဲများကို မွှေ့ယူသွားလေသည်။ သဲတစ်မှုန်ချင်းစီသည် စွမ်းအားကြီးသော ဓမ္မစွမ်းအားများကို ပိုင်ဆိုင်ထားပြီး သူတို့က ကျားနဂါးဂိုဏ်းမှ တာအိုအရှင်များဆီသို့ တဝီဝီ အော်မြည်သွားကာ ကောင်းကင်တခွင် ဖုံးအုပ်သွား၏။
ဖောက်.. ဖောက်.. ဖောက်..
ပေ ၄၀ အမြင့်နှင့် ၎င်းအောက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအချို့သည် ထိုဓမ္မပညာရပ်ဖြင့် ကြေမွပျက်စီးကုန်ပြီး သူတို့၏ ဓမ္မစွမ်းအားများက ပျက်ပြယ်ကုန်၏။ သူတို့က အဲဒါကို လုံးဝ ခံနိုင်ရည်မရှိကြပေ။
သဲမုန်တိုင်းသည်လည်း တာအိုအမွေအနှစ်ကုန်းမြေရှိ ကျောက်သားရုပ်တုတစ်ခုထံမှ အမွေဆက်ခံရရှိထားခြင်းဖြစ်၏။ ၎င်းက အင်မော်တယ်ဂိုဏ်းများမှ လာခြင်းဖြစ်လေသည်။
ထိုရှေးဟောင်းအမွေအနှစ် တစ်ခုချင်းစီသည် တုန်လှုပ်စရာကောင်းသော စွမ်းပကားများကို ပိုင်ဆိုင်ထားပြီး အမွေအနှစ်တစ်ခုချင်းစီက လောကတခွင် လွှမ်းမိုးခြယ်လှယ်ဖို့ လုံလောက်လေသည်။
“အဝီစိ..”
ဆူဇီမို၏ လက်ချောင်းထိပ်များ ပတ်လည်တွင် မိစ္ဆာချီများက ရစ်ခွေလာပြီး လက်တစ်ဖဝါးအရွယ်လောက်ရှိသော နယ်မြေတစ်ခုက လျင်မြန်စွာ ဖြစ်ပေါ်လာ၏။ ၎င်းက မကောင်းဆိုးဝါးဆန်၍ သွေးမြူများ၊ တစ္ဆေသရဲများဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုသည် ထိုငရဲဘုံကို များစွာသော ဓမ္မဝိသေသများ၏ ဦးခေါင်းထက်သို့ ပစ်ထုတ်လိုက်၏။
အဝီစိသည် အစကတော့ သေးငယ်နေ၏။ သို့သော်လည်း ၎င်းသည် လျင်မြန်စွာ ပြန့်ကား၍ ဆင်းသက်လာပြီး လောကတစ်ခုကဲ့သို့ ဓမ္မဝိသေသ တာအိုအရှင်များအပေါ် လွှမ်းခြုံသွား၏။
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများသည် သူတို့၏ လက်သီးများကို လွှဲယမ်း၍ ဓမ္မစွမ်းအားများကို တလိပ်လိပ်တက်လာစေ၏။ သို့သော်လည်း သူတို့က အဝီစိ၏ လွှမ်းခြုံမှုအောက်ကနေ ရုန်းမထွက်နိုင်ကြပေ။
အဝီစိသည် အလွန်တရာ ကြောက်စရာကောင်းသော ဘုံတစ်ခု ဖြစ်လေသည်။
အဝီစိ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အတောမသတ် ညှင်းပန်းနှိပ်စက်မှုကို မည်သူကမှ ခံနိုင်ရည် မရှိကြပေ။
ပေ ၆၀ ထက် ပိုမြင့်သော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအချို့သာလျှင် တောင့်ခံနိုင်ကြပေလိမ့်မည်။ ထိုသို့ဆိုလျှင်တောင် ထိုဓမ္မပညာရပ်၏ ဖိအားအောက်မှာ သူတို့က လုံးဝ ဖျက်ဆီးခံရမည်ဖြစ်၏။
သူတို့၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသများ၏ ထောက်ပံ့မှု မရှိဘဲ ကျားနဂါးဂိုဏ်း၏ တာအိုအရှင်များသည် ဆူဇီမို၏ ဓမ္မအတတ်များကို ခံနိုင်ရည်မရှိကြတော့ပေ။
“မင်းတို့ရဲ့ ကမျောက်ကချောက် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတွေနဲ့ ငါ့ကို တားဆီးဖို့ ဘယ်လိုတောင် ကြိုးစားရဲတာလဲ”
ဆူဇီမိုက သူတို့ကိုပင် မကြည့်တော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဓမ္မဝိသေသ တာအိုအရှင်များ၏ ဦးခေါင်းပေါ်ကနေ ဖြတ်လျှောက်လာ၏။
“ဂိုဏ်း.. ဂိုဏ်းချုပ်.. ကျုပ်ကို ကယ်ပါဦး”
စူးစူးဝါးဝါး အော်ဟစ်သံများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသော်လည်း မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
ဆူဇီမိုက သူ၏ ဒုတိယ ဓမ္မအတတ်ကို ထုတ်ဖော်လိုက်စဉ်မှာပင်.. တာအိုအရှင် လောဟွာက ကသောင်းကနင်း အခြေအနေကို ချိန်ဆ၍ ကျားနဂါးဂိုဏ်း၏ အတွင်းပိုင်းထဲသို့ ထွက်ပြေးသွားခဲ့ပြီဖြစ်၏။
ထိုဓမ္မဝိသေသ တာအိုအရှင်များသည် ဆူဇီမိုကို မတားဆီးနိုင်ဘူးဆိုတာ သူက ကောင်းကောင်းသိလိုက်၏။
ဆူဇီမိုသည် တာအိုအရှင် လောဟွာ၏ ထွက်ပြေးမှုကို စိတ်ထဲမှာ ထည့်မှတ်မထားပေ။
သူက ယနေ့တွင် ကျားနဂါးဂိုဏ်းကို လုံးဝ ဖျက်ဆီးရမည်ဖြစ်၏။
တာအိုအရှင် လောဟွာက ပုန်းကွယ်စရာ နေရာမရှိစေရ..။
မျောက်နှင့် အခြားသူများသည် ခမ်းနားထည်ဝါသော တိမ်စိုင်ပေါ်မှာ မတ်တတ်ရပ်ရင်း လုံးဝ တိုက်ခိုက်ခြင်း မရှိကြပေ။ သူတို့က ပေါ့ပေါ့ပါးပါး ပုံစံဖြင့်ပင် ဘေးကနေ စောင့်ကြည့်နေကြ၏။
ထောင်ယောင်၏ မကျေမချမ်းမှုများက အတော်လေး လျော့ကျသွား၏။
“ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ အသက်သွင်းမယ်”
တာအိုအရှင် လောဟွာက ကျားနဂါးဂိုဏ်းထဲသို့ ပြန်ရောက်လာပြီး ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို ချက်ချင်းပင် အသက်သွင်းလိုက်၏။
“အကြီးအကဲတို့.. ကျားနဂါးဂိုဏ်းက အန္တရာယ်ရှိလာပြီ.. ခင်ဗျားတို့က ကျုပ်ရဲ့ ယခင်ဆုံးဖြတ်ချက်ကို မထောက်ခံခဲ့ဘူးဆိုရင်တောင် ကျားနဂါးဂိုဏ်း ဖျက်ဆီးခံရမှာကိုတော့ ခင်ဗျားတို့က ကြည့်နေလို့ မရဘူးလေ”
တာအိုအရှင် လောဟွာက မလှမ်းမကမ်းရှိ အကြီးအကဲများကို ကြည့်ပြီး တုန်လှုပ်ချောက်ချားနေသော အမူအရာဖြင့် ပြောလိုက်၏။
အကြီးအကဲများက အကြည့်ချင်း ဖလှယ်ပြီး သက်ပြင်းချလိုက်၏။
“ကျုပ်တို့က ဓမ္မဝိသေသ အဆင့်မှာပဲ ရှိတယ်.. ကျုပ်တို့ လုပ်နိုင်တာကလည်း အကန့်အသတ်ရှိတယ်”
အကြီးအကဲတစ်ယောက်က ပြောလိုက်၏။
“ဒီဂိုဏ်းကာကွယ်ရေး ဝင်္ကပါကမှ အထီးကျန်သိုင်းသခင်ကို မတားဆီးနိုင်ဘူးဆိုရင်.. ကျုပ်တို့က သူ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး.. အဲဒါက သက်သက် အသေသွားခံတာနဲ့ အတူတူပဲ.. အာ.. ဒါက ကျားနဂါးဂိုဏ်းရဲ့ ကံကြမ္မာပဲ ဖြစ်လိမ့်မယ်”
“မပူပါနဲ့”
တာအိုအရှင် လောဟွာက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဒီဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို ထိပ်တန်းအဆင့် ဝင်္ကပါသခင်တစ်ယောက်က ခင်းကျင်းပေးထားတာ.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ရောက်လာမယ်ဆိုရင်တောင် အဲဒါကို တစ်လအတွင်း ပယ်ဖျက်စေဖို့က မဖြစ်နိုင်ဘူး”
“အထီးကျန်သိုင်းသခင်က ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို မကျော်ဖြတ်နိုင်ဘူးဆိုရင်တောင် ခင်ဗျားက ဘာလုပ်နိုင်ဦးမှာလဲ”
အကြီးအကဲတစ်ယောက်က မေးလိုက်၏။
“ကျုပ်က တခြားဂိုဏ်းတွေကို သတင်းပို့ပြီး သူတို့ဆီကနေ ပညာရှင်တချို့ စေလွှတ်ပေးဖို့ အကူအညီတောင်းရမှာပေါ့”
တာအိုအရှင် လောဟွာက ပြောလိုက်၏။
“မဖြစ်နိုင်ဘူး”
အကြီးအကဲတစ်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ရယ်မောလိုက်၏။
“လက်ရှိအခြေအနေအရ.. အဆင့်မြင့်ဂိုဏ်းတွေထဲ ဘယ်ဂိုဏ်းကများ ဒီပြဿနာမှာ ပါဝင်ချင်ပါ့မလဲ.. သူတို့အားလုံးက ဒီတိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို သေချာပေါက် စောင့်ကြည့်နေကြမှာပဲ”
တာအိုအရှင် လောဟွာ၏ အမူအရာက သုန်မှုန်ပျက်စီးလာခဲ့၏။
“အဲဒီမှာ ဖန်သားနန်းတော် ရှိသေးတယ်လေ”
“ဖန်သားနန်းတော်နဲ့ အထီးကျန်သိုင်းသခင်က ရန်ငြိုးရန်စ ရှိတယ်.. ကျုပ်တို့က ဖန်သားနန်းတော်ကို သတင်းပေးလိုက်မယ်ဆိုရင်.. သူတို့က ဒီတိုင်းထိုင်နေကြမှာ မဟုတ်ဘူး”
သူ့စကား မဆုံးသေးခင်မှာပင်.. ဂိုဏ်းကာကွယ်ရေး ဝင်္ကပါတစ်ခုလုံးက တသိမ့်သိမ့် လှုပ်ခါသွား၏။
အလင်းရောင်များက တဖျပ်ဖျပ်လက်၍ ပျက်ပြယ်တော့မည့် လက္ခဏာများ ပြလာ၏။
“ဘာလဲဟ”
“မဖြစ်နိုင်တာ..”
တာအိုအရှင် လောဟွာ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
အထီးကျန်သိုင်းသခင်က မည်သို့ပင် သန်မာသည်ဖြစ်ပါစေ.. သူက အလွန်ဆုံး ပေါင်းစည်းခန္ဓာအဆင့်နှင့်သာ ယှဉ်နိုင်ပေလိမ့်မည်။ သူက ဝင်္ကပါကို ဘယ်လိုလုပ်ပြီး လှုပ်ခါနိုင်စေရတာလဲ..။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တာအိုအရှင် လောဟွာက အလောတကြီး ပြောလိုက်၏။
“မြန်မြန်.. မြန်မြန်လုပ်ကြ.. အကြီးအကဲတို့.. ဝင်္ကပါကို တည်ငြိမ်အောင် မြန်မြန်ကူညီပေးကြပါဦး”
များစွာသော အကြီးအကဲများသည် နေရာခွဲဝေယူလိုက်ကြပြီး လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို တည်ငြိမ်စေရန် ဓမ္မစွမ်းအားများကို ပို့လွှတ်လိုက်ကြ၏။
ကြီးမားသော အလင်းရောင် အကာအရံအလွှာတစ်ခုက ကျားနဂါးဂိုဏ်း၏ အထက် ကောင်းကင်ကို လွှမ်းခြုံသွား၏။
အကာအရံလွှာ၏ အပြင်ဘက်တွင် အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က မတ်တတ်ရပ်ပြီး တာအိုအရှင် လောဟွာတို့ အုပ်စုကို လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုဖြင့် ငုံ့ကြည့်နေ၏။
“လောဟွာ.. မင်းရဲ့ အစီအရင် ဝင်္ကပါကတောင် ငါ့ကို မတားဆီးနိုင်စေရဘူး”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
“ဒီနေ့.. ဝင်္ကပါတစ်ခုကို ဘယ်လိုပယ်ဖျက်ရသလဲ.. ငါ မင်းကို ပြပေးမယ်”