ဝင်္ကပါကို နင်းချေခြင်း
Vol. 82 Ch. 1230
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် တကယ့်ကို အလွန်တရာရှုပ်ထွေးဆန်းကြယ်လေသည်။ အဲ့ဒါက တာအိုအရှင်လောဟွာ ပြောခဲ့သည့်အတိုင်းပင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် အဲ့ဒါကို ခွန်အားသက်သက်ဖြင့် ပယ်ဖျက်ဖို့အတွက် အနည်းဆုံး တစ်လကြာပေလိမ့်မည်။
သို့သော်လည်း သူက တစ်စုံတစ်ရာကို လွဲမှားတွက်ချက်ခဲ့မိ၏။
အစီအရင်ဝင်္ကပါများမှာ ကျွမ်းကျင်ပိုင်နိုင်သော ဝင်္ကပါဘိုးဘေးသခင်တစ်ယောက်ရောက်ရှိလာမည်ဆိုလျှင် ထိုသူသည် ကိုယ်ကာယခွန်အားသက်သက်ကို မှီခိုစရာမလိုပေ။ ထိုအစား သူတို့သည် ဝင်္ကပါမျက်လုံးကိုရှာဖွေပြီး ချက်ချင်းပင် အဲ့ဒါကို ဖျက်ဆီးပစ်နိုင်၏။
လွန်ခဲ့သည့်ဆယ်နှစ်ကျော်က အစီအရင်ဝင်္ကပါတွင် ဆူဇီမို၏ အောင်မြင်ရရှိမှုက ဝင်္ကပါဘိုးဘေးသခင်တစ်ယောက်ကိုမပြောနှင့် မဟာဝင်္ကပါသခင်တစ်ယောက်အဆင့်မှာပင် ရှိမနေခဲ့ပေ။
သို့သော်လည်း တာအိုအမွေအနှစ်ကုန်းမြေတွင် သူလက်ခံရရှိခဲ့သော အမွေအနှစ် ၃၀ ကျော်ထဲမှ တစ်ခုသည် ရှေးဟောင်းဝင်္ကပါဘိုးဘေးသခင်တစ်ယောက်ထံမှ လာခြင်းဖြစ်၏။
တာအိုအမွေအနှစ်ကုန်းမြေတွင် ဘယ်လိုအသွင်ပြောင်းလဲမှုတွေကို သူတွေ့ကြုံခံစားခဲ့ရသလဲ မည်သူကမှမသိရှိပေ။
ထိုပြောင်းလဲမှုများထဲမှတစ်ခုသည် အစီအရင်ဝင်္ကပါမှာ သူက ကျွမ်းကျင်တတ်မြောက်လာခဲ့ခြင်းဖြစ်၏။
ဂိုဏ်းကာကွယ်ရေးဝင်္ကပါ၏ ဝင်္ကပါအင်းကွက်များသည် ရှုပ်ထွေးနက်နဲပြီး နားလည်ရခက်လေသည်။ ဝင်္ကပါများနှင့်ပတ်သက်၍ မသိနားမလည်သော ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အဲ့ဒါက ကောင်းကင်ဘုံစာအုပ်တစ်အုပ်ကဲ့သို့ သဲလွန်စလုံးဝရှာတွေ့လိမ့်မည်မဟုတ်ပေ။
သို့သော် ယခုအခါ ဆူဇီမိုသည် တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ရှုပ်ထွေးပွေလီသော ဝင်္ကပါအင်းကွက်များအတွင်းမှာ သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိသွား၏။
သူသည် လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ပြီး ဗုဒ္ဓဓမ္မချိပ်စည်းသုံးခုကို ဆက်တိုက်ထုတ်ဖော်လိုက်၏။
မိစ္ဆာနှိမ်နှင်းချိပ်စည်း....
သားရဲနှိမ်နှင်းချိပ်စည်း...
အင်မော်တယ်ထောင်ချောက်ချိပ်စည်း...
ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်းသုံးခုသည် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ အကာအရံအလင်းလွှာပေါ်သို့ ဆင်းသက်လာခဲ့၏။
ကျားနဂါးဂိုဏ်း၏ အကြီးအကဲများက တုန်လှုပ်သွားရ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ဗုဒ္ဓဓမ္မချိပ်စည်းသုံးခု၏ စွမ်းအားသည် ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို ကိုင်တွယ်ဖို့မလုံလောက်ပေ။
သို့သော်လည်း ဓမ္မချိပ်စည်းသုံးခု ဆင်းသက်ရာနေရာများသည် ဝင်္ကပါမျက်လုံးသုံးခု တည်ရှိရာနေရာများဖြစ်နေ၏။
ဝင်္ကပါမျက်လုံးသည် ဝင်္ကပါ၏ ဗဟိုချက်မဖြစ်ပြီး ၎င်းစွမ်းအား၏ ရင်းမြစ်လည်းဖြစ်လေသည်။
ဝင်္ကပါမျက်လုံးနှင့် ဝင်္ကပါအင်းကွက်များမှတစ်ဆင့် စွမ်းအားများသည် ဝဲဂယက်ဖြာ၍ ဝင်္ကပါတစ်ခုလုံးဆီသို့ လှည့်ပတ်စီးဆင်းသွားမည်ဖြစ်၏။
ဝင်္ကပါမျက်လုံးက ဖျက်ဆီးခံရသည်နှင့် ၎င်း၏ ဝင်္ကပါအင်းကွက်များက မည်သို့ပင် ရှုပ်ထွေးဆန်းကြယ်ပါစေ... ဝင်္ကပါဆီသို့ စွမ်းအားများကိုထောက်ပံ့ပေးနိုင်တော့မည် မဟုတ်ပေ။
“မဖြစ်နိုင်တာကွာ”
တာအိုအရှင်လောဟွာ၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။
သူက ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို အသက်သွင်းခဲ့သည်မှာ ဘယ်လောက်တောင်ကြာသေးလို့လဲ...။
အဲ့ဒါက ဆယ်မိနစ်ပင် မပြည့်တက်သေးပေ။
အချိန်တိုအတွင်းမှာပင် အထီးကျန်သိုင်းသခင်သည် ဂိုဏ်းကာကွယ်ရေးဝင်္ကပါ၏ ဝင်္ကပါမျက်လုံးသုံးခုကို မည်သည့်သွေဖယ်ခြင်းမှမရှိဘဲ ခွဲခြားဖော်ထုတ်နိုင်ခဲ့၏။
ဘာတွေဖြစ်နေတာလဲကွာ...
ဘန်း.. ဘန်း.. ဘန်း
အဲ့ဒီမှာ မြည်သံသုံးသံက ထွက်ပေါ်လာခဲ့၏။
ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိပ်စည်းသုံးခုသည် ဆင်းသက်လာပြီး ဝင်္ကပါမျက်လုံးသုံးခုကို ပြင်းထန်စွာပစ်ဆောင့်ချ၍ ဓမ္မစွမ်းအားများကို အဘက်ဘက်သို့ဖြာထွက်သွားစေ၏။
ဝင်္ကပါမျက်လုံးက ကြေမွသွားပြီး ၎င်းက စွမ်းအားများကို ဆက်လက်၍ မထောက်ပံ့ပေးနိုင်တော့ပေ။
ချက်ချင်းပင်... ဂိုဏ်းကာကွယ်ရေးဝင်္ကပါတစ်ခုလုံးက လှုပ်ခါသွားပြီး တဖျပ်ဖျပ်ဖြစ်လာ၏။
ဆူဇီမိုသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ဂိုဏ်းကာကွယ်ရေးဝင်္ကပါ၏ အကာအရံအလင်းလွှာပေါ်သို့ သူ၏ ညာဖနောင့်ဖြင့် ဆောင့်နင်းချလိုက်၏။
“ပျက်စမ်း”
ဘန်း.. ဘုန်း.. ဘုန်း
ထိုခြေဆောင့်ချက်က မြေပြင်ကို တသိမ့်သိမ့်လှုပ်ခါသွားစေ၏။
အားလုံး၏အကြည့်အောက်မှာပင် ဂိုဏ်းကာကွယ်ရေးဝင်္ကပါ၏ အကာအရံလွှာပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး လျင်မြန်စွာပျံ့နှံ့သွား၏။
ကျားနဂါးဂိုဏ်း၏ တောင်ကုန်းဂိတ်တံခါးတစ်ခုလုံးက ကမ္ဘာပျက်ကပ်ဘေးတစ်ခု ကျရောက်လာသည့်အလား လှုပ်ခါလာခဲ့၏။
အကြီးအကဲများသည် မိုးကြိုးပစ်ချခံရသည့်အလား ခံစားရပြီး တဆတ်ဆတ်တုန်ယင်ကာ စိတ်ပျက်အားငယ်သည့် အမူအရာမျာနှင့်အတူ သွေးများကို ထွေးထုတ်လိုက်ကြ၏။
ကြေမွသွားခဲ့လေပြီ...
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားကိုပင်လျှင် တစ်လကြာအောင်ခုခံနိုင်သည်ဟု တာအိုအရှင်လောဟွာပြောခဲ့သော ဂိုဏ်းကာကွယ်ရေးဝင်္ကပါသည် ဆူဇီမို၏ ထိုကဲ့သို့အလွယ်တကူ ဖျက်ဆီးခြေမွှခြင်းကို ခံလိုက်ရ၏။
နှစ်တစ်သောင်းကြာ အဓွန့်ရှည်ခဲ့သော ကျားနဂါးဂိုဏ်း၏.အခြေခံအုတ်မြစ်က ဆူဇီမို၏ ခြေဖဝါးအောက်မှာ နင်းချေခံလိုက်ရပြီဖြစ်၏။
ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် ထိုသို့ဆိုပါက အခြားသောကျင့်ကြံသူများအတွက် အခြေအနေက ပို၍ပင်ဆိုးဝါးသေး၏။
လူအုပ်ကြီးက အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။
ကျင့်ကြံသူအချို့သည် ထိတ်လန့်တကြားဖြင့် ထွက်ပြေးကုန်ကြပြီဖြစ်၏။
ဆူဇီမိုက အားလုံးကိုလျစ်လျူရှုထား၏။
ဒီတစ်ခေါက်... သူရောက်လာသည့် အဓိကရည်ရွယ်ချက်မှာ တာအိုအရှင်လောဟွာကို သတ်ဖြတ်ပြီး ကျားနဂါးဂိုဏ်းကို အဆင့်မြင့်ဂိုဏ်းများကနေ ဖယ်ထုတ်ဖို့ဖြစ်၏။
သူက ဤနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မပြုလုပ်ချင်ပေ။
“အထီးကျန်သိုင်းသခင်”
တာအိုအရှင်လောဟွာက ဒေါသတကြီးအော်ပြောလိုက်၏။
“ကျားနဂါးဂိုဏ်းက မြောက်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ... မင်းက စိုးမိုးဗိုလ်ကျပြီး ငါတို့အားလုံးကို သတ်ဖြတ်ချင်နေတာလား”
“ဟားဟားဟားဟား.... “
ဆူဇီမိုက လှောင်ရယ်မောလိုက်၏။
“ကျားနဂါးဂိုဏ်းက အင်ပါယာတွေကြားတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ဆန်းကြယ်တောင်ထွတ်ကိုလည်း တိုက်ခိုက်ခဲ့တယ်... အဲ့ဒါအပြင် ငါ့ကိုသတ်ဖြတ်ဖို့အတွက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုတောင် မင်းက စေလွှတ်ခဲ့သေးတယ်... အဲ့ဒီကိစ္စတွေအတွက် ငါက မင်းဆီကနေ တစ်ခါမှ ဖြေရှင်းချက် မတောင်းခဲ့ရသေးဘူး”
“ဒါပေမယ့်... အခု ငါ့ရဲ့ဘဝသက်တမ်းကုန်ခန်းတော့မယ့်ဆဲဆဲမှာတောင် မင်းက ဓမ္မဝိသေသတာအိုအရှင် တစ်ရာကျော်နဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ပင်ယန်းမြို့ဆီ စေလွှတ်ခဲ့သေးတယ်... စိုးမိုးဗိုလ်ကျချင်နေတာက ဘယ်သူလဲ”
တာအိုအရှင်လောဟွာသည် တရစပ်ထွက်ပေါ်လာသော မေးခွန်းများတွင် ပြောစရာမရှိဖြစ်သွားရ၏။
“အား....”
များစွာသောအကြီးအကဲများက သူတို့၏ ခေါင်းကိုခါယမ်း၍ သက်ပြင်းချလိုက်ကြ၏။
တာအိုအရှင်လောဟွာက အံကိုတင်းတင်းကြိတ်လိုက်၏။
“ကိစ္စတွေက ဒီအခြေအနေထိရောက်လာမှတော့ စကားတွေထပ်ပြောနေလည်း အပိုပဲ... အထီးကျန်သိုင်းသခင် ကျားနဂါးဂိုဏ်းက နှစ်တစ်သောင်းကြာ သမိုင်းကြောင်းတစ်ခုရှိတယ်... ငါတို့က တကယ်တမ်းအသေအကြေတိုက်ခိုက်ကြတာဆိုရင် အဲ့ဒါက နှစ်ဦးနှစ်ဖက် အကျိုးယုတ်တာပဲ ရှိလိမ့်မယ်”
“ဟုတ်ပါ့မလား”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
“ကျားနဂါးဂိုဏ်းက ဒီနေ့ငါ့ကို ဘယ်လိုထိခိုက်အောင်လုပ်နိုင်မလဲ ငါကြည့်ချင်သေးတယ်”
ဘန်း...ဘန်း
ပေါက်ကွဲသံနှစ်သံက ဆက်တိုက်ထွက်ပေါ်လာပြီး ကျားနဂါးဂိုဏ်းရှိ လိုဏ်ဂူခန်းဝနှစ်ခုက ပေါက်ကွဲထွက်သွားပြီး အလွန်တရာကြောက်စရာကောင်းသော အော်ရာနှစ်ခုက ဖိနှိမ်နိုင်သော စွမ်းပကားနှစ်ခုနှင့်အတူ ရုန်းကန်ထွက်ပေါ်လာခဲ့၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ပေါ်ထွက်လာခဲ့လေပြီ။
ဂိုဏ်းသည် ကပ်ဘေးတစ်ခုနှင့်တွေ့ကြုံရပြီး အချိန်မရွေး ဖျက်ဆီးခံရနိုင်၏။ ဤနှစ်များတောက်လျှောက် တံခါးပိတ်ကျင့်ကြံနေခဲ့သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က နောက်ဆုံးမှာထွက်ပေါ်လာခဲ့လေပြီ။
ဒါ့အပြင်... ကျားနဂါးဂိုဏ်းတွင် ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်အပြင် နောက်ထပ်ကျန်ရှိနေသေးသည်ဟု ဆူဇီမိုက ခံစားမိနိုင်၏။
ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံလာနိုင်ခဲ့သော ထိုသူများအားလုံးသည် ကျားနဂါးဂိုဏ်း၏ မဟာအကြီးအကဲများဖြစ်ကြ၏။
အဖိုးအိုနှစ်ယောက်သည် ရုပ်ရည်ရူပကာအလွန်တရာဆင်တူကြလေသည်။ သူတို့၏ မုတ်ဆိတ်များက မီးခိုးဖြူရောင်သန်းနေသော်လည်း သူတို့သည် ကျန်းမာသန်စွမ်းပြီး ကြမ်းတမ်းခက်ထန်သော သွေးချီများရှိကြ၏။ သူတို့သည် အားနည်းသည့် မည်သည့်လက္ခဏာမှမပြသဘဲ သူတို့၏အကြည့်များကတောက်ပနေ၏။
ဘယ်ဘက်တွင်ရှိသော အဖိုးအို၏ဦးခေါင်းထက်မှာ ဧရာမကြေးခေါင်းလောင်းတစ်ခုက ရစ်ဝဲနေ၏။
ညာဘက်တွင်ရှိသော အဖိုးအိုသည် သူ၏လက်ဖဝါးထဲတွင် ရွှေညိုရောင်သုံးချောင်းထောက်မီးဖိုတစ်ခုကို ကိုင်ဆွဲထား၏။
ကျင့်ကြံရေးလောကတွင် ခေါင်းလောင်းများ ၊ မီးဖိုများနှင့် ဒယ်စောက်များကဲ့သို့ ဓမ္မလက်နက်များကို အသုံးပြုသော ကျင့်ကြံသူများသည် သွားနောက်လို့မရဘဲ တစ်မူထူးခြားသည့် တိုက်ခိုက်ရည်ခွန်အားများရှိကြ၏။
ဤအဖိုးအိုနှစ်ယောက်သည် ညီအစ်ကိုအရင်းများဖြစ်ပြီး လွန်ခဲ့သည့်နှစ်ငါးထောင်က ကျင့်ကြံရေးလောကတွင် အလွန်တရာ နာမည်ကြီးခဲ့၏။ သူတို့နှစ်ယောက်က ခေါင်းလောင်းမီးဖိုအမွှာအရှင်များဟု နာမည်ကျော်ကြားခဲ့၏။
သူတို့၏တိုက်ခိုက်ရည်ခွန်အားက အလွန်တရာသန်မာလေသည်။ သူတို့၏ လိုက်ဖက်ညီစွာ အချိတ်မိမှုဖြင့် ပေါင်းစပ်လိုက်သောအခါ သူတို့၏တိုက်ခိုက်ရည်ခွန်အားက ဆပွားတိုးလာပေလိမ့်မည်။
သူတို့နှစ်ယောက်၏ အကျော်ကြားဆုံးတိုက်ပွဲမှာ သူတို့ ဓမ္မဝိသေသတာအိုအရှင်များဖြစ်ခဲ့စဥ်က သူတို့သည် အတူပူးပေါင်း၍ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို တွန်းလှန်တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်၏။
“နှုတ်ဆက်ပါတယ်... အကြီးအကဲကျုံးနဲ့ အကြီးအကဲတင်း”
တာအိုအရှင်လောဟွာက ရိုသေလေးစားသော အမူအရာတစ်ခုနှင့်အတူ အနည်းငယ်ဦးညွှတ်လိုက်၏။
အဖိုအိုနှစ်ယောက်က ခေါင်းညိတ်ပြလိုက်၏။
ဘယ်ဘက်တွင်ရှိသော အကြီးအကဲကျုံးက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်...ကျေးဇူးပြုပြီး ပြန်ပါ... မင်းရဲ့ စွမ်းဆောင်ရည်တစ်ချို့ကို ငါကြားပြီးသွားပြီ... တကယ်ပဲ မင်းက ပေါင်းစည်းခန္ဓာအဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် ကျားနဂါးဂိုဏ်းက ငါတို့ရဲ့အခြေခံအုတ်မြစ်နဲ့ မင်းကိုတကယ်ပဲ တားဆီးနိုင်မှာ မဟုတ်လောက်ဘူး”
သူက စကားပြောနေခြင်းကို ရုတ်တရက်ရပ်တန့်လိုက်၏။
အကြီးအကဲတင်းက ဆက်ပြောလိုက်လေသည်။
“ဒါပေမယ့်လို့... မင်းက မကြာသေးခင်ကမှ ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်လာတာ... မင်းက ကျားနဂါးဂိုဏ်းကို နင်းချေဖျက်ဆီးနိုင်မယ်လို့ထင်နေရင် အဲ့ဒါက စိတ်ကူးယဥ်နေတာပဲဖြစ်လိမ့်မယ်”
အဖိုးအိုနှစ်ယောက်သည် စိတ်ချင်းဆက်နေပြီး စကားတစ်ပိုဒ်ကို တစ်ယောက်တည်းပြောဆိုသည့်အလား နှစ်ယောက်ဆက်၍ ပြောဆိုလိုက်၏။ သူတို့၏ လေသံကပင် ထပ်တူကျနေ၏။
“ဟုတ်ပါ့မလား”
ဆူဇီမိုက လှောင်ပြုံးပြုံးလိုက်၏။
“မင်းတို့နှစ်ယောက်က ငါ့ကိုဘယ်လိုမျိုးတားဆီးမလဲ ကြည့်ရသေးတာပေါ့”
“သတ်”
ရုတ်တရက်... အကြီးအကဲနှစ်ယောက်သည် တစ်ပြိုင်နက်တည်းအော်ဟစ်၍ ဖိုခနောက်ဆိုင်နေရာယူကာ ဆူဇီမိုထံသို့ ပြေးဝင်လာကြ၏။
သူတို့က ရောက်မလာခင်မှာပင် ဧရာမကြေးခေါင်းလောင်းနှင့် ရွှေညိုရောင် သုံးချောင်းထောက်မီးဖိုသည် ရောက်ရှိလာခဲ့လေပြီ။
ထိုဓမ္မလက်နက်နှစ်ခုတွင် အသုံးပြုထားသော ပစ္စည်းများသည် အလွန်တရာရှားပါးသော သတ္တုများဖြစ်၏။
ဂမ္ဘီရသံလိုက်တောင်သည် ထိုဓမ္မလက်နက်နှစ်ခုပေါ်မှာ အကျိုးသက်ရောက်မှုများစွာမရှိပေ။
ဧရာမကြေးခေါင်းလောင်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးပြီး ဆူဇီမို၏ ဦးခေါင်းဆီသို့ လွှမ်းခြုံလာခဲ့၏။ ၎င်းက အလေးချိန်တစ်တန်တစ်ထောင်ကိုသယ်ဆောင်ထားသည့်အလား လုံးဝမလှုပ်ရှားနိုင်ပေ။
ရွှေညိုရောင်မီးဖိုကတော့ ဆူဇီမိုထံသို့ ပြင်းထန်စွာပစ်တိုက်လာခဲ့၏။
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းသည် သူတို့တိုက်ခိုက်လိုက်သည့်ခဏမှာပင် သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားများကို ထုတ်ဖော်ပြသလိုက်ကြ၏။