ရူလိုင်းဓမ္မခန္ဓာ
Vol. 83 Ch. 1231
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ လှုပ်ရှားမှုတစ်ခုချင်းစီနှင့်အတူ သိပ်သည်းပြင်းထန်သော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို ထုတ်ဖော်နိုင်ကြ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှင့် ပေါင်းစည်းထားခဲ့ပြီဖြစ်၏။
တကယ်တော့ ပေါင်းစည်းခန္ဓာအဆင့်တွင် တိုက်ခိုက်ရည်ခွန်အားကလည်း အမျိုးမျိုးကွဲပြားကြ၏။
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်း၏ တိုက်ခိုက်ရည်ခွန်အားသည် ပင်ယန်းမြို့အပြင်ဘက်တွင် ညဝိညာဥ်၏လက်ထဲမှာ သေဆုံးခဲ့ရသော ပေါင်းစည်းခန္ဓာထက် ပိုမိုသန်မာသည်မှာ သိသာလေသည်။
ဆူဇီမိုက ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
မည်သို့ပင်ဆိုစေ... သူက ဓမ္မဝိသေသအဆင့်မှာသာရှိနေ၏။
သူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ ဖိအားနှင့်စွမ်းအားကို ရင်ဆိုင်ခုခံချင်သည်ဆိုလျှင် သူက သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအပေါ်သာ မှီခိုရပေလိမ့်မည်။
“မြင့်တက်စမ်း...”
ဆူဇီမိုက အော်ဟစ်လိုက်၏။
ဘုန်း.....
ပုံရိပ်ယောင်တစ်ခုက ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ လေထဲသို့ထိုးတက်သွား၏။ ၎င်းက ချပ်ဝတ်တန်ဆာတစ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်နေသော မိစ္ဆာချီများဖြင့် တရုန်းရုန်းထကြွနေ၏။ ၎င်းက အနက်ရောင်တံစဥ်တစ်လက်ကိုကိုင်ဆွဲထားပြီး အလွန်တရာကြမ်းကြုတ်ခက်ထန်နေလေသည်။
အဲ့ဒါက ၈၅ ပေ မြင့်မားသော ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာဖြစ်၏။
လူအုပ်ကြီးက အံအားသင့်တုန်လှုပ်သွားရ၏။
ကျားနဂါးဂိုဏ်းမှ လူတိုင်းသည် မဖျက်ဆီးနိုင်သော မိစ္ဆာနတ်ဆိုးတစ်ကောင်ကဲ့သို့ တည်ရှိမှုကိုကြည့်ရင်း သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာကြ၏။
၈၅ ပေ....
ထိုအမြင့်မှာရှိသော ဓမ္မဝိသေသတစ်ခုသည် သူတို့ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့သော သို့မဟုတ် စဥ်းစားမကြည်ရဲသော တစ်စုံတစ်ရာဖြစ်၏။
ကြောက်စရာကောင်းသောအချက်မှာ အထီးကျန်သိုင်းသခင်သည် အစောပိုင်းဓမ္မဝိသေသအဆင့်မှာသာ ရှိနေသေး၏။ သူက ဆက်လက်ကျင့်ကြံပြီး သူ၏ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသက ဆက်လက်ကြီးထွားလာမည်ဆိုလျှင် ၎င်းသည် ပေ ၉၀ မြင့်မားသော အန္တိမဓမ္မဝိသေသတစ်ခု ဖြစ်လာဖို့အခွင့်များလေသည်။
ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ကို နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်ကျင်းပလေသည်။
သို့သော်လည်း ကျင့်ကြံရေးလောကတွင် အန္တိမဓမ္မဝိသေသတစ်ခု ပေါ်ထွက်မလာခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာခဲ့လေပြီ။
မကြာသေးခင်က အဆုံးစွန်မီးထံမှာတော့ အန္တိမဓမ္မဝိသေသကို တွေ့မြင်ဖူးခဲ့ကြလေသည်။
သို့သော်လည်း မကြာခင်မှာပင် အဆုံးစွန်မီးက အဆင့်ချိုးဖြတ်တက်လှမ်းပြီး ဓမ္မဝိသေသကို သူ၏ခန္ဓာကိုယ်နှင့်ပေါင်းစည်း၍ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့၏။ ထိုအန္တိမဓမ္မဝိသေသသည် ကြီးမားစွာနှင့် ကြာမြင့်စွာ လှုပ်ခတ်စေခြင်းမရှိခဲ့ပေ။
တိုက်ပွဲမြေပြင်တွင်...
အစကတော့ ဧရာမကြေးခေါင်းလောင်းသည် ဆူဇီမိုကို နေရာမှာပင် ချုပ်ထိန်းထားပြီး သူ၏လှုပ်ရှားမှုများကိုနှေးကွေးစေကာ သူ့ကို သိပ်သည်းပြင်းထန်သည့် ဖိအားတစ်ခုပေးနေ၏။
သို့သော်ယခုအခါ... ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ကောင်းကင်ထက်သို့ထိုးတက်သွားပြီး ဆူဇီမိုအပေါ်ရှိဖိအားကို ချက်ချင်းပင်ဖြေရှင်းပေးလိုက်၏။
“ခုတ်ပိုင်းစမ်း”
ဆူဇီမိုက ရှေ့သို့စေညွှန်လိုက်၏။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ မျက်လုံးနှစ်ဖက်သည် နက်မှောင်နေသော မိစ္ဆာအလင်းများဖြင့် တောက်ပလာခဲ့၏။ ၎င်း၏လက်ကိုမြှောက်ပြီး ဧရာမတံစဥ်ဖြင့် လေထဲတွင် လခြမ်းကွေးသဏ္ဌာန် အေးစက်စက်အလင်းတစ်ခုကိုရေးဆွဲကာ ဝင်ရောက်လာသော ရွှေညိုရောင်မီးဖိုကို ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်၏။
ချွမ်း....
လက်နက်နှစ်ခု ထိတွေ့ရိုက်ခတ်ရင်း မီးပွားများက လွင့်စင်ထွက်သွား၏။
ရွှေညိုရောင်မီးဖိုက လွင့်စင်ထွက်သွားခဲ့လေသည်။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ခြေတစ်လှမ်းမျှ နောက်ဆုတ်ခြင်းမရှိဘဲ အနည်းငယ်ယိမ်းယိုင်သွားရုံမျှသာဖြစ်၏။
သို့သော်လည်း အကြီးအကဲတင်းသည် သုန်မှုန်သွားသောအကြည့်၊ ပျက်ယွင်းသွားသောအမူအရာနှင့်အတူ နောက်သို့ ခြေသုံးလှမ်းဒယီးဒယိုင်ဆုတ်လိုက်ရ၏။
၈၅ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခု၏ စွမ်းအားသည် အရမ်းကိုကြောက်စရာကောင်း၏။
လက်ထဲတွင် ဧရာမတံစဥ်ကိုကိုင်ဆွဲထားရင်း ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် အကြီးအကဲတင်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ နက်ရှိုင်းစွာဖြင့် မာန်ဖီလိုက်၏။ ချက်ချင်းပင် ၎င်းက ခွန်အားကိုစိုက်ထုတ်ပြီး ရှေ့သို့တက်လှမ်းလာခဲ့၏။
“နတ်ဆိုး... သိပ်ပြီးဇောင်းကြွမနေနဲ့”
မလှမ်းမကမ်းတွင် အကြီးအကဲကျုံးသည် အော်ငေါက်၍ ဧရာမကြေးခေါင်းလောင်းကို ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။
“အုန်း....”
ကြောက်စရာကောင်းသော အသံလျှို့ဝှက်အတတ်တစ်ခုက ဆင်းသက်လာခဲ့၏။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် ကြီးမားသည့် ရိုက်ချက်ကိုခံစားလိုက်ရသည့်အလား ဆတ်ခနဲ တုန်ခါသွား၏။ ၎င်းက ခဏမျှရပ်တန့်ပြီးနောက် ၎င်း၏အရှိန်အဟုန်ကလည်း နှေးကွေးသွားလေသည်။
အသံလျှို့ဝှက်အတတ်သည် အလွန်တရာပြင်းထန်ပြီး ဆူဇီမို၏ နားနှစ်ဖက်ပင်လျှင် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သို့သော်မကြာခင်... သက္ကတဘာသာစကားသံတစ်ခုသည် သူ၏အသိစိတ်ထဲမှာ ပေါ်ထွက်လာပြီး ထိုစွမ်းအားကို ပယ်ဖျက်လိုက်၏။
အကြီးအကဲကျုံး၏ အမူအရာက မပြောင်းမလဲ ရှိနေသော်လည်း သူ၏ရင်ထဲမှာ မုန်တိုင်းတစ်ခုစတင်လာခဲ့လေပြီ။
သူ၏အသံလျှို့ဝှက်အတတ်သည် အလွန်တရာ ကြောက်စရာကောင်းလေသည်။ ဧရာမကြေးခေါင်းလောင်းက ထိုအသံကို ထပ်မံမြှင့်တင်ပေးပြီး အသံလျှို့ဝှက်အတတ်၏ သေစေနိုင်စွမ်းအားက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင် မခုခံနိုင်သော တစ်စုံတစ်ရာဖြစ်လာသည်။
ယခုတော့ အထီးကျန်သိုင်းသခင်က အဲ့ဒါကို တောင့်ခံနိုင်ခဲ့လေသည်။
ချွမ်း....
အကြီးအကဲကျုံးသည် ဧရာမကြေးခေါင်းလောင်းကို မြှောက်တင်ပြီး ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ တံစဥ်နှင့် ထိတွေ့ရိုက်ခတ်လိုက်၏။ ဤတစ်ကြိမ်မှာတော့ အကြီးအကဲကျုံးက နောက်ဆုတ်မသွားပေ။
အဲ့ဒါသည် အကြီးအကဲကျုံးက အကြီးအကဲတင်းထက် ပိုမိုသန်မာသည်ဟု အဓိပ္ပါယ်မရပေ။ အကြောင်းမှာ အကြီးအကဲကျုံးသည် အသံလျှို့ဝှက်အတတ်တစ်ခုကို သုံးပြီး ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ အမြန်နှုန်းအပေါ် သက်ရောက်စေခဲ့သောကြောင့်ဖြစ်လေသည်။ ၎င်း၏ စွမ်းအားကပင်လျှင် သိသိသာသာလျော့ကျသွားလေသည်။
ချွမ်း... ချွမ်း... ချွမ်း
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် သူ၏ အနက်ရောင်တံစဥ်ကို ကိုင်မြှောက်ပြီး အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းကို ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် အလွန်သန်မာလေသည်။ အကြီးအကဲနှစ်ယောက်ကို တစ်သီးတစ်ခြားစီ ခွဲထားမည်ဆိုလျှင် သူတို့တစ်ယောက်ချင်းစီသည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ စွမ်းအားကို ရင်ဆိုင်ခုခံဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် ယခုအခါ.. အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းသည် အလွန်တရာအချိတ်အဆက်မိနေကြ၏။ တစ်ယောက်က တစ်ခုခုဖြစ်သည့်အချိန်မှာပင် အခြားတစ်ယောက်က လျင်မြန်စွာ ဝင်ရောက်ထောက်ကူပြီး ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာ၏ တိုက်ခိုက်မှုကို လျော့ကျသွားစေ၏။
ထိုသို့ဖြင့် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် တဖြည်းဖြည်းအရေးနိမ့်လာခဲ့၏။
“အထီးကျန်သိုင်းသခင်”
အကြီးအကဲကျုံးက အော်ငေါက်လိုက်၏။
“အဲ့ဒါက... မင်းရဲ့ ဝှက်ဖဲလား... ၈၅ ပေမြင့်မားတဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက သန်မာတယ်ဆိုပေမယ့်လို့ မင်းက အဲ့ဒီဓမ္မဝိသေသနဲ့ ကျားနဂါးဂိုဏ်းကို စိန်ခေါ်ချင်တယ်ဆိုရင် မဖြစ်နိုင်သေးဘူး”
ဘန်း.. ဘန်း....
သူတို့နှစ်ယောက်က သူတို့၏ဓမ္မစွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ပြီး ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာဖြင့် ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာက ဒယီးဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
ဆူဇီမို၏နှုတ်ခမ်းက ကွေးညွှတ်သွားပြီး ဂရုမထားဟန်ဖြင့် ပြောဆိုလိုက်လေသည်။
“ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသတစ်ခုက မလုံလောက်ဘူးဆိုမှတော့.. ငါက နှစ်ခုထုတ်သုံးရတော့မှာပေါ့”
ဘုန်း...
အဲ့ဒီမှာ.. နောက်ထပ်ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
ပုံရိပ်ယောင်တစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်လာ၏။ ထိုပုံရိပ်သည် ကတုံးပြောင်ဖြစ်ပြီး ဘုန်းကြီးသင်္ဃန်းတစ်စုံကို ခြုံထား၏။ ၎င်းက ဆုတောင်းပုတီးတစ်ကုံးကို ကိုင်ဆွဲထားပြီး သူ၏ခေါင်းကိုငုံ့ထားလေသည်။
ဤဓမ္မဝိသေသသည် ခမ်းနားထည်ဝါ၍ သူ၏ခန္ဓာကိုယ်က ရွှေရောင်အလွှာတစ်လွှာဖြင့် ဖုံးအုပ်ထားသည်ဟုထင်ရ၏။
“ဘာလဲဟ”
“အဲ့-အဲ့ဒါက... ဒုတိယမြောက် ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသလား”
“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကိုဝင်ရောက်ပြီးတဲ့နောက် ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုကိုတောင် စုစည်းနိုင်ခဲ့တာပဲ”
“အဲ့ဒီကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသရဲ့ဇာစ်မြစ်က သိပ်ပြီးတော့မရိုးရှင်းဘူး... ငါထင်တာမမှားဘူးဆိုရင် အဲ့ဒါက ဒဏ္ဍာရီလာ ရူလိုင်းဓမ္မခန္ဓာ ဖြစ်လိမ့်မယ်ထင်တယ်”
လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာခဲ့၏။
အားလုံး၏ အကြည့်အောက်မှာပင် ခံ့ညားထည်ဝါသော ဓမ္မဝိသေသက အဆက်မပြတ် ကြီးထွားလာခဲ့၏။
ဆယ်ပေ...
ပေ ၃၀...
ပေ ၅၀...
တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ပေ ၈၀ အထိ မြင့်မားလာခဲ့၏။
ဒါ့အပြင် ၎င်းက ရပ်တန့်မည့်လက္ခဏာ မပြသသေးပေ။
၈၅ ပေ...
သိပ်မကြာခင်... ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ၈၅ ပေအမြင့်ထိရောက်ရှိလာပြီးမှသာ အမှန်တကယ်ရပ်တန့်သွားခဲ့၏။
၈၅ ပေမြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတစ်ခုလုံးကို လှုပ်ခတ်စေဖို့လုံလောက်လေသည်။
ယခုက... ၈၅ ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုတောင်ဖြစ်လေသည်။
ဤကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသသည် ဗုဒ္ဓကျောင်းတော်များ၏ အသန်မာဆုံးဓမ္မခန္ဓာများထဲမှ တစ်ခုဖြစ်သော ရူလိုင်းဓမ္မခန္ဓာဖြစ်၏။
ဆူဇီမိုသည် ရူလိုင်းဓမ္မခန္ဓာကို ဖန်တီးနိုင်ခဲ့သည့် အဓိကအကြောင်းရင်းမှာ မဟာနေ့ရက်ရူလိုင်းသုတ္တန်ကြောင့်ဖြစ်လေသည်။
တကယ်တော့... ရူလိုင်းဓမ္မခန္ဓာသည် ဤအဆင့်ထိကြီးထွားလာနိုင်ခဲ့သည်မှာ နှစ်ငါးထောင်နီးပါး ကျင့်ကြံမှုနှင့် ဗုဒ္ဓဝါဒအပေါ် နားလည်ဆင်ခြင်နိုင်စွမ်းကြောင့်ဖြစ်လေသည်။
ဤမဖျက်ဆီးနိုင်သော အထင်ကရနှစ်ခုသည် ကျားနဂါးဂိုဏ်း၏ တောင်ကုန်းပေါ်မှာ မတ်တတ်ရပ်နေကြ၏။
တစ်ယောက်က ကြမ်းကြုတ်ခက်ထန်ပြီး ထက်ရှလေသည်။ အခြားတစ်ယောက်က ရေကဲ့သို့ တည်ငြိမ်နေ၏။
တစ်ယောက်က ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မဝိသေသတစ်ခုဖြစ်၏။
တစ်ယောက်ကတော့ မိစ္ဆာဂိုဏ်းများ၏ ဓမ္မခန္ဓာတစ်ခုဖြစ်၏။
မတူညီသော မျိုးရိုးများမှ ကွဲပြားခြားနားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုသည် မည်သည့်ခုခံမှုမှမရှိဘဲ ဘေးချင်ယှဥ်ရပ်ပြီး တိုက်ခိုက်လာကြ၏။
“သူ့ကိုသတ်”
သူက ရှေ့သို့စေညွှန်လိုက်၏။
ဘန်း... ဘန်း..ဘန်း
ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသနှစ်ခုသည် တစ်ပြိုင်နက်တည်းလှုပ်ရှားလိုက်ကြ၏။
သူတို့၏ ကြီးမားသည့် ခြေဖဝါးများသည် မြေပြင်ကိုဆောင့်နင်းပြီး တသိမ့်သိမ့်တုန်ခါသွားစေ၏။
အကြီးအကဲကျုံးနှင့်အကြီးအကဲတင်းတို့သည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာကို နောက်သို့ပြန်ဆုတ်စေနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလွန်တရာ အချိတ်အဆက်မိပြီး နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေခဲ့ရသောကြောင့်ဖြစ်၏။
ယခု ရူလိုင်းဓမ္မခန္ဓာက တိုက်ပွဲမြေပြင်သို့ ဝင်ရောက်လာပြီး အကြီးအကဲကျုံးနှင့်အကြီးအကဲတင်းကို တစ်သီးတစ်ခြားစီခွဲထုတ်ကာ သူတို့၏ အားသာချက်များကိုလည်း ပျောက်ဆုံးကုန်စေ၏။
ဆယ်ချီအတွင်းမှာပင် အကြီးအကဲကျုံးနှင့်အကြီးအကဲတင်းသည် တစ်သီးတစ်ခြားစီတိုက်ခိုက်နေရပြီး သူတို့က အရေးနိမ့်နေခဲ့ကြပြီဖြစ်၏။ သူတို့သည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် ရူလိုင်းဓမ္မခန္ဓာ၏ ချီတက်လာမှုကို လုံးဝမတားဆီးနိုင်တော့ပေ။
ရူလိုင်းဓမ္မခန္ဓာက မတ်တတ်ရပ်၍ သူ၏ခေါင်းကိုငုံ့ထားပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ရှိမနေပေ။ ၎င်းက တည်ငြိမ်၍ သိမ်မွေ့နေ၏။
သို့သော်လည်း ဆူဇီမိုထံမှ အတွေးတစ်ချက်နှင့်အတူ ရူလိုင်းဓမ္မခန္ဓာသည် သူ၏မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ အကြည့်တစ်ခုကို ထုတ်ဖော်လိုက်၏။
စိန်ဒေါမာန်အကြည့်...
ထိုအကြည့်သည် အကြီးအကဲကျုံး၏ သတ္တိများကို အားပျော့သွားစေပြီး သူ့ကို ထိတ်လန့်တကြားဖြစ်လာစေ၏။ အခုတင် သူဆင့်ခေါ်လိုက်သော ဓမ္မအတတ်ကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ချွမ်း...
ရူလိုင်းဓမ္မခန္ဓာသည် ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။
ဧရာမကျောက်တိုင်တစ်တိုင်ကဲ့သို့ ထိုထိုးချက်သည် ကြေးခေါင်းလောင်းပေါ်သို့ ထိတွေ့ရိုက်ခတ်လာခဲ့လေသည်။
ကြေးခေါင်းလောင်းက စူးရှစွာ အသံမြည်ပြီး ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
ထိုဓမ္မလက်နက်နှင့် အနီးဆုံးမှာရှိနေသော အကြီးအကဲကျုံးသည် အလွန်တရာဆိုးဝါးသော အခြေအနေတစ်ခုသို့ ရောက်ရှိသွား၏။ သူ၏ကိုယ်ပိုင်ဓမ္မလက်နက်ကနေ ထွက်ပေါ်လာသော အသံလျှို့ဝှက်တိုက်ခိုက်မှုဖြင့် သူ၏နားနှစ်ဖက်က ပေါက်ပြဲသွားပြီး သွေးများက ပန်းထွက်လာခဲ့၏။