စွမ်းအားကြီးပုဂ္ဂိုလ်များ ဦးညွှတ်ရခြင်း
Vol. 83 Ch. 1233
ချီစုဖွဲ့စစ်သည်တော်များ၊ အခြေတည်အဆင့် ကျင့်ကြံသူများ၊ ရွှေအမြုတေများနှင့် အခြားသော ကျင့်ကြံမှုအဆင့်နိမ့်သည့် ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ငေးငိုင်စွာဖြင့် ကြည့်နေကြ၏။ သူတို့သည် တုန်လှုပ်နေပြီး အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့၏ ကျင့်ကြံမှု ဤအဆင့်ထိ.. သူတို့သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ တိုက်ခိုက်မှုကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
အခုက ပထမဆုံးအကြိမ်ဖြစ်၏။
သို့သော် ဤတစ်ကြိမ်တွင် သူတို့ လုံးဝ လက်လှမ်းမမီနိုင်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် သူတို့၏ ရှေ့မှောက်မှာပင် သေဆုံးသွားခဲ့ရလေသည်။
ထိုမြင်ကွင်းက ကျင့်ကြံသူများစွာ၏ စိတ်နှလုံးထဲတွင် ထာဝရစွဲထင်သွားမည်ဖြစ်ပြီး ပယ်ဖျက်၍ မရနိုင်တော့ပေ။
စွမ်းအားကြီးပုဂ္ဂိုလ်များသည် လှုပ်ရှားမှု တစ်ခုချင်းစီနှင့်အတူ ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်ပြီး ဘဝသက်တမ်း နှစ်နှစ်သောင်း ရှည်လျားကြ၏။
သို့သော်လည်း ရက်စက်ကြမ်းကြုတ်လှသည့် ကျင့်ကြံရေးလောက၌ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် သူတို့နှင့် ထူးမခြားနားပေ။ သူတို့သည်လည်းပဲ သူတို့၏ အမြုတေစိတ်ဝိညာဉ်များ ဖျက်ဆီးခံရလျှင် အားနည်းစွာဖြင့် သေဆုံးသွားရမည်သာဖြစ်၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီသုံးခုက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။
အခြားတစ်ဖက်မှာတော့..
ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကို ထုတ်ဖော်လိုက်သည့် ခဏမှာပင်.. နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ရောက်ရှိလာခဲ့လေပြီ။
ဆူဇီမိုက သူ့ကို လှည့်ပင်မကြည့်ပေ။
သူ၏ အသိစိတ်ထဲတွင် ဖန်တီးခြင်းကြာခုံပေါ်ရှိ အစိမ်းရောင်ကြာစေ့ ၅၄ စေ့သည် အပေါ်သို့ ကြွတက်လာ၏။ အရောင်အသွေး စုံလင်သော အလင်းရောင်များက ဖြန့်ကြက်သွားပြီး ထက်ရှသော ဓားချီတစ်ခုကို ဖြာထွက်စေကာ အစိမ်းရောင် ဓားတစ်လက်အဖြစ် လျင်မြန်စွာ စုဖွဲ့လိုက်၏။
အစိမ်းရောင် ကြာပန်းဓား..
အစိမ်းရောင် အလင်းတစ်ခုက ဆူဇီမို၏ နှာရောင်ကနေ ဖျပ်ခနဲလက်သွားပြီး အစိမ်းရောင် ကြာပန်းဓားသည် သူ၏ အသိစိတ်ထဲကနေ ရုန်းကန်ထွက်၍ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်ဆီသို့ ခုတ်ပိုင်းချလိုက်၏။
အဲဒါက အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း နည်းစနစ်တစ်ခု ဖြစ်လေသည်။
ဆူဇီမိုသည် တစ်ဖက်လူအပေါ် အကဲစမ်းနေခြင်း မရှိဘဲ သူ၏ သတ်ဖြတ်ခြင်း လက်နက်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်၏။
“အထီးကျန်သိုင်းသခင်.. မင်းက တကယ့်ကို တဇောက်ကန်းပဲ”
ကျားနဂါးဂိုဏ်း၏ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သည် အစိမ်းရောင် ကြာပန်းဓားမှ ကြောက်စရာဂောာင်းသော အော်ရာကို ခံစားမိသောအခါ.. သူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။ သူက လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ ဆင့်ခေါ်ပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်ရ၏။
အစိမ်းရောင် ကြာပန်းဓားက သူ၏ အမြုတေစိတ်ဝိညာဉ်ကို ပစ်မှတ်ထားလေသည်။
အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်များ သို့မဟုတ် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကသာလျှင် အဲဒါကို ခုခံနိုင်ပေလိမ့်မည်။
“ဂါး..”
“ဝေါင်း..”
ကျားနဂါးဂိုဏ်း စွမ်းအားကြီးပုဂ္ဂိုလ်၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ထွက်ပေါ်လာသောအခါ.. လေထဲတွင် နဂါးဟိန်းသံနှင့် ကျားဟိန်းသံတို့က ထွက်ပေါ်လာခဲ့၏။
စိတ်ဝိညာဉ်အသိစိတ်ကနေ စုဖွဲ့ထားသော နတ်နဂါးတစ်ကောင်နှင့် စိတ်ဝိညာဉ်ကျားတစ်ကောင်သည် ရုန်းကန်ထွက်ပေါ်လာပြီး အစိမ်းရောင် ကြာပန်းဓားကို ရက်ရက်စက်စက် တိုက်ခိုက်လိုက်ကြ၏။
ကျားနဂါး သတ်ဖြတ်ခြင်း..
အဆင့်မြင့်ဂိုဏ်းများ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များစွာကြားတွင် ကျားနဂါးဂိုဏ်း၏ အမွေအနှစ်က သေချာပေါက် ထိပ်တန်းအဆင့်မှာ ရှိလေသည်။
တစ်ခဏအတွင်းမှာပင်.. အစိမ်းရောင် ကြာပန်းဓားနှင့် ကျားနဂါး သတ်ဖြတ်ခြင်းက ထိတွေ့ရိုက်ခတ်လိုက်ကြ၏။
အမြုတေစိတ်ဝိညာဉ်များကြား တိုက်ခိုက်မှုက အသံများစွာ မထွက်ရှိပေ။
သို့သော်လည်း.. သူတို့၏ အမြုတေစိတ်ဝိညာဉ်များ ထိတွေ့ရိုက်ခတ်ခြင်းသည် လေထဲတွင် အက်ကွဲကြောင်းများကို ပေါ်ထွက်လာစေ၏။
အစိမ်းရောင် ကြာပန်းဓားက ပျက်ပြယ်သွားပြီး ကြာစေ့ ၅၄ စေ့အဖြစ် ဆူဇီမို၏ အသိစိတ်ထဲသို့ ပြန်လည်ရောက်ရှိကာ ဖန်တီးခြင်းကြာခုံဆီသို့ ဝင်ရောက်သွားခဲ့လေသည်။
သို့သော်လည်း.. ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် တဆတ်ဆတ် တုန်ယင်သွားပြီး သူ၏မျက်နှာကနေ သွေးများက ဆုတ်ယုတ်သွား၏။ သူ၏မျက်လုံးက မှိန်ကျသွားပြီး စိတ်ပျက်အားငယ်သည့်ပုံပေါ်သွားလေသည်။
သူသည် အမြုတေစိတ်ဝိညာဉ် တိုက်ခိုက်မှုတွင် ခုခံနိုင်ခဲ့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့လေပြီ။
အနာဂတ်တွင် သူ၏ကျင့်ကြံမှုက ထပ်မံတိုးတက်ဖို့ ခက်ခဲသွားသည့်အပြင်.. သူ၏ ဘဝသက်တမ်းအပေါ်ပါ ကြီးမားစွာ ရိုက်ခတ်မှု ရှိလာပေလိမ့်မည်။
ဇီး….
အဖြူရောင်ဓားချီက ဆူဇီမို၏ လက်ချောင်းထိပ်ကနေ ရုန်းကန်ထွက်ပေါ်လာ၏။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက နောက်တစ်ဖန် ဆင်းသက်လာခဲ့လေပြီ။
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် တုန်လှုပ်ချောက်ချားသော အမူအရာတစ်ခု ရှိလာပြီး ခုခံဖို့အတွက် ဓမ္မစွမ်းအားများကို အလိုလိုစုဖွဲ့ချင်လေသည်။
သို့သော်လည်း.. သူ၏လက်နှစ်ဖက်က ဓမ္မအတတ်တစ်ခုကို ဆင့်ခေါ်လိုက်သည့် ခဏမှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်က စူးစူးရှရှ နာကျင်သွားပြီး သူက သတိလစ်မတတ် ဖြစ်သွားရ၏။
ယခုတင် သူဆင့်ခေါ်လိုက်သော ဓမ္မစွမ်းအားများသည် ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်က ဓမ္မစွမ်းအားများကို ဆက်လက်၍ စုဖွဲ့နိုင်ခြင်း မရှိတော့ပေ။
ဤကဲ့သို့သော တိုက်ပွဲတစ်ပွဲတွင် အမှားတစ်ချက်က သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။
“ဖောက်..”
ဓားချီက ဆင်းသက်လာပြီး မည်သည့်ခုခံမှုမှ မရှိဘဲ သူ၏ဦးခေါင်းကို ထိုးဖောက်သွားခဲ့၏။
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သည် မျက်လုံးပြူးကျယ်သွားပြီး သူ၏ အမူအရာက တောင့်တင်းအေးခဲသွား၏။ သူသည် လေထဲကနေ ပြုတ်ကျလာပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ ပျက်ပြယ်ကာ သေဆုံးသွားခဲ့လေပြီ။
နောက်ထပ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သေဆုံးသွားခဲ့လေပြီ။
ဆူဇီမိုသည် အခြေအနေအပေါ် ပကတိထိန်းချုပ်ထား၏။
ပထမတော့ သူသည် အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ခိုက်ပြီး အဲဒီနောက် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီကို ထုတ်ဖော်ခဲ့၏။
သူသည် ဖြစ်လာနိုင်သော အခြေအနေတိုင်းကို ကြိုတင်၍ ခန့်မှန်းထားပြီးသားဖြစ်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက် ပေါ်ထွက်လာပြီး အသက်ဆယ်ရှိုက်စာ မကြာခင်မှာပင် သူတို့က သေဆုံးသွားကြရလေပြီ။
ပြောရမည်ဆို.. တာအိုအမွေအနှစ်ကုန်းမြေသို့ မဝင်ရောက်ခင်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် ဖျက်ဆီး၍ မရနိုင်ဘဲ ဖန်တီးခြင်းကြာခုံကဲ့သို့ ရတနာများကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ အမွေအနှစ်များကိုပင် ရရှိထားသော်လည်း ၎င်းက အစစ်အမှန်နဂါးခန္ဓာကိုယ်ထက် တိုက်ခိုက်ရည်မှာ အားနည်းနေဆဲဖြစ်၏။
ဒါ့အပြင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်တွင် သိသာထင်ရှားသော အားနည်းချက်တစ်ခု ရှိလေသည်။
သူ၏ မျိုးဆက်သွေးစွမ်းအားက အတော်လေး အားနည်းနေဆဲဖြစ်၏။
ကြောက်စရာကောင်းသော သွေးချီကို ပိုင်ဆိုင်ထားပြီး အစစ်အမှန်နဂါးခန္ဓာကိုယ်ကဲ့သို့ အနီးကပ်တိုက်ခိုက်ရည်မှာ အထူးပြုသော ကျင့်ကြံသူတစ်ယောက်က သူ့အနားသို့ ချဉ်းကပ်လာနိုင်ခဲ့မည်ဆိုလျှင် သူက သေရဖို့များလေသည်။
တာအိုအမွေအနှစ်ကုန်းမြေကနေ ထွက်ခွာလာပြီးတာတောင် အဲဒါက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ အားနည်းချက်တစ်ခု ဖြစ်နေဆဲပင်။
သို့သော်လည်း အဲဒါက သူ့အတွက် ဘာမှ မပြောပလောက်တော့ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ များစွာသော ဓမ္မအတတ်များနှင့် နည်းလမ်းများသည် သူ၏ ထိုအားနည်းချက်ကို ပြီးပြည့်စုံစွာ ဖာထေးနိုင်လေသည်။
သူက သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်နှင့် ယခုအချိန်မှာ တိုက်ခိုက်ရမည်ဆိုလျှင်တောင် ဘယ်ဖက်က အနိုင်ရမလဲ မသိရှိနိုင်ပေ။
အစစ်အမှန်နဂါးခန္ဓာကိုယ်၏ သွေးချီက ကြောက်စရာကောင်းသော်လည်း သူ့ကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ စွမ်းအားကြီးသော ဓမ္မအတတ်များနှင့် လျှို့ဝှက်အတတ်များစွာက အနားသို့ မချဉ်းကပ်နိုင်အောင် ပိတ်ဆို့တားဆီးနိုင်လေသည်။
သူ၏ အစစ်အမှန်ခန္ဓာကိုယ် နှစ်ခုစလုံးက ကြောက်စရာကောင်းသော အတိုင်းအတာတစ်ခုစီဖြင့် တိုးတက်လာခဲ့လေသည်။
အစကတော့ ဆူဇီမို၏ အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုသည် သူ၏ အကြီးမားဆုံး မှီခိုအားထားရာနှင့် ဝှက်ဖဲများ ဖြစ်နေခဲ့၏။
သို့သော် ယခုအခါ နဂါးသိင်္ချိုင်းတောင်ကြားအောက်ခြေရှိ သူ၏ သိုင်းတာအို အစစ်အမှန်ခန္ဓာကိုယ်သည် သူ၏ ပင်မခန္ဓာကိုယ်ဖြစ်လာပြီး သူ၏ အကြီးမားဆုံး ဝှက်ဖဲလည်း ဖြစ်လာခဲ့လေပြီ။
သူ၏ ပင်မခန္ဓာကိုယ်သည် သိုင်းတာအိုမှာ အထူးပြုပြီး အနာဂတ်တွင် သူ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ မည်သူကမှ မခန့်မှန်းနိုင်ကြပေ။ သူပင်လျှင် အဲဒါကို မခန့်မှန်းနိုင်ပေ။
တိုက်ပွဲနယ်မြေတွင်…
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းသည် ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် ရူလှိုင်းဓမ္မခန္ဓာကို အကောင်းဆုံးကြိုးစား၍ ခုခံနေခြင်းမှာ ကျားနဂါးဂိုဏ်းမှ အခြားသော စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်သည် ဆူဇီမိုကို သတ်ဖြတ်နိုင်မည်ဟု သူတို့က မျှော်လင့်ထားခဲ့သောကြောင့်ဖြစ်၏။
ထိုစွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်က ဆက်တိုက်သေဆုံးသွားသည်ကို သူတို့မြင်သောအခါ.. အကြီးအကဲကျုံးနှင့် အကြီးအကဲတင်း၏ စိတ်နှလုံးက ပြိုလဲလာခဲ့လေပြီ။
အဲဒါက ပြီးသွားလေပြီ။
ကျားနဂါးဂိုဏ်းက အဆုံးသတ်သွားခဲ့လေပြီ။
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းသည် နောက်ဆုံးမှာတော့ နှစ်ပေါင်းတစ်သောင်းကျော်ကြာ အဓွန့်ရှည်လာခဲ့သော ကျားနဂါးဂိုဏ်း၏ အခြေခံအုတ်မြစ်သည် ဤပြန်ဝင်စား မွန်းစတားကို ခုခံနိုင်ခြင်း မရှိဘဲ နင်းချေဖျက်ဆီးခံရတော့မည်ကို နောက်ဆုံးမှာ နားလည်သွားကြ၏။
ဘန်း.. ဘန်း..
အဲဒီမှာ ကျယ်လောင်သော မြည်သံနှစ်သံက ထွက်ပေါ်လာခဲ့၏။
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်း၏ ခန္ဓာကိုယ်များသည် ကျားနဂါးတောင်ထွတ်နှင့် ပြင်းထန်စွာ ကိုင်ရိုက်ခြင်း ခံလိုက်ရပြီး သူတို့၏ အဝတ်အစားများက စုတ်ပြတ်သတ်၍ သူတို့က အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။
သူတို့၏ မူပိုင်ဓမ္မလက်နက်များဖြစ်သော ဧရာမ ကြေးခေါင်းလောင်းနှင့် ရွှေညိုရောင် သုံးချောင်းထောက် မီးဖိုသည် မည်သည့် အရောင်အဝါမှ မရှိတော့ဘဲ အက်ကွဲကြောင်းများက ပေါ်ထွက်နေ၏။
ဓမ္မလက်နက်နှစ်ခုသည် ဆူဇီမို၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ နှစ်ခုဖြင့် ဖျက်ဆီးခံလိုက်ရပြီဖြစ်၏။
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်း၏ ခန္ဓာကိုယ်များသည် ကျားနဂါးတောင်ထွတ်ထဲမှာ နစ်ဝင်နေပြီး မလှုပ်မယှက်ရှိနေကြ၏။
ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာသည် အေးစက်စက် အကြည့်နှင့်အတူ သူတို့နှစ်ယောက်ကို ကြည့်ပြီး သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ ကောင်းကင်ဘုံမိစ္ဆာတံစဉ်သည် လေထဲတွင် အေးစက်စက် စက်ဝန်းတစ်ခုကို ရေးဆွဲပြီး သူတို့၏ လည်ပင်းများကို ထိုးဖောက်လိုက်၏။
ဖောင်း..
သွေးများက ပန်းထွက်လာခဲ့၏။
ဦးခေါင်းနှစ်လုံးက လေထဲသို့ မြောက်တက်လာပြီးနောက်.. တောအုပ်ထဲသို့ လိမ့်ဆင်းသွားခဲ့လေသည်။
အကြီးအကဲကျုံးနှင့် အကြီးအကဲတင်းက သေကြလေပြီ။
ကျားနဂါးဂိုဏ်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၄ ယောက်က သေဆုံးသွားခဲ့လေပြီ။
ကျားနဂါးဂိုဏ်း ကျင့်ကြံသူများစွာသည် လေထဲတွင်ရှိသော ပိန်ပိန်ပါးပါး ပုံရိပ်ကို အကန့်အသတ်မဲ့သော ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည့် သူတို့၏ မျက်လုံးများဖြင့် ကြည့်နေကြ၏။
တာအိုအရှင် လောဟွာ၏ အမူအရာက ညိုမည်းလာပြီး သူ၏မျက်ရစ်က တဆတ်ဆတ် လှုပ်လာ၏။ သူ၏ လက်နှစ်ဖက်က အထိန်းအကွပ်မဲ့စွာ တုန်ယင်လာခဲ့လေသည်။
ထိုအခိုက်အတန့်မှာတော့.. နောက်ဆုံး သူက နောင်တရလာခဲ့၏။
သို့သော်လည်း အဲဒါက နောက်ကျသွားခဲ့လေပြီ။
သူသည် သူ့မျက်လုံး အနက်ပိုင်းထဲရှိ မျှော်လင့်စောင့်စားမှု တစ်စွန်းတစ်နှင့်အတူ ကျားနဂါးဂိုဏ်းအတွင်းရှိ လိုဏ်ဂူခန်းဝါသုံးခုကို စိတ်ပျက်အားငယ်စွာ လှမ်းကြည့်လိုက်၏။
ထိုလိုဏ်ဂူခန်းဝါများထဲတွင် မဟာအကြီးအကဲသုံးယောက် ရှိနေဆဲပင်။
သူတို့သုံးယောက်သာ အတူပူးပေါင်းတိုက်ခိုက်ကြမည်ဆိုလျှင်..
ထိုအတွေးက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည့် ခဏမှာပင် ဆူဇီမိုက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်ကို သူကြားလိုက်ရ၏။
“မင်းတို့သုံးယောက်က ဘယ်လောက်ကြာအောင် စောင့်ကြည့်နေဦးမှာလဲ.. အခုချိန်ထိ ထွက်မလာကြသေးဘူးလား”
“အား..”
ပင်ပန်းနွမ်းလျမှုနှင့် ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နှက်နေသော လေးတွဲ့သည့် သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာခဲ့၏။
ဘန်း.. ဘုန်း.. ဘုန်း..
လိုဏ်ဂူခန်းဝါသုံးခု၏ တံခါးများက ပွင့်ထွက်သွား၏။
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်က ပေါ်ထွက်လာခဲ့လေသည်။
“တာအိုအရှင် အထီးကျန်သိုင်းသခင်ကို နှုတ်ဆက်ပါတယ်”
ကျားနဂါးဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်က ပေါ်ထွက်လာပြီး သူတို့၏ ခေါင်းကို ငုံ့ကာ ထိုစကားတစ်ခွန်းကိုသာ ပြောလိုက်၏။ မည်သူကမှ တိုက်ခိုက်မည့် ရည်ရွယ်ချက် မရှိကြပေ။
တာအိုအရှင် လောဟွာက လုံးဝ စိတ်ပျက်အားငယ်သွားခဲ့လေပြီ။
စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ဦးညွှတ်နေရလေပြီ။