← Chapters

လောဟွာ၏ သေဆုံးမှု

Vol. 83 Ch. 1234

လောဟွာ၏ သေဆုံးမှု

Vol. 83 Ch. 1234

ကျားနဂါးဂိုဏ်း၏ ကျင့်ကြံသူတိုင်းသည် အရာရာတိုင်းကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေကြ၏။

မဟာအကြီးအကဲသုံးယောက်က တာအိုအရှင် အထီးကျန်သိုင်းသခင်ကို နှုတ်ဆက်လာသောအခါ တိုက်ပွဲက ပြီးဆုံးသွားပြီဟု​ ဆိုလိုလေသည်။

မဟာအကြီးအကဲ သုံးယောက်စလုံးက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ကြ၏။

သို့သော် ယခုအခါ ကျင့်ကြံရေးလောကတွင် အထွတ်အထိပ်နီးပါးမှာ ရပ်တည်နိုင်ကြသော ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် သူတို့၏ မာန်မာနများကို ခဝါချပြီး တာအိုအရှင် အထီးကျန်သိုင်းသခင်ကို ဦးညွှတ်နေရလေပြီ။

ဆူဇီမိုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်ကို တစ်ချက်ကြည့်ပြီး မှင်သေသေဖြင့် မေးလိုက်၏။

“ဘာလဲ.. မင်းတို့တွေက ဆက်ပြီးတော့ မတိုက်ခိုက်ကြတော့ဘူးလား”

မဟာအကြီးအကဲသုံးယောက်က တွေဝေရှုပ်ထွေးသော အမူအရာများနှင့်အတူ ခါးသက်စွာ ပြုံးလိုက်ကြ၏။

ကျားနဂါးတောင်ထွတ်ပေါ်တွင် မတ်တတ်ရပ်နေသော တာအိုအရှင် လောဟွာသည် မကျေမချမ်းဖြစ်လာပြီး သူ၏ စိတ်ထဲသို့ ရူးသွပ်သည့် အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။ သူက ကြမ်းကြုတ်ခက်ထန်သော အမူအရာနှင့်အတူ အော်ပြောလိုက်လေသည်။

“အကြီးအကဲတို့.. အထီးကျန်သိုင်းသခင်ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက ဆက်ပြီးကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး.. ခင်ဗျားတို့တွေက ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် သူ့ကို သေချာပေါက် သတ်ဖြတ်နိုင်မှာပဲ”

ကြီးမားသည့် တိုက်ပွဲပြီးနောက်.. ကောင်းကင်ဘုံမိစ္ဆာဓမ္မခန္ဓာနှင့် ရူလှိုင်းဓမ္မခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များသည် အမှန်တကယ်ပင် သိသိသာသာ မှေးမှိန်လာပြီး ယခင်ကကဲ့သို့ သိပ်သည်းကျစ်လစ်ခြင်း မရှိတော့ပေ။

သို့သော်လည်း မဟာအကြီးအကဲသုံးယောက်ထဲ မည်သူကမှ ပြန်မဖြေကြပေ။

အဲဒါက အခွင့်အလမ်းတစ်ရပ် ဖြစ်ပုံရလေသည်။

သို့သော်လည်း သူတို့သုံးယောက်သည် ထိုအ​လောင်းအစားကို မပြုဝံ့ကြပေ။

သူတို့က ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့၏ နှစ်တစ်သောင်းကျော် ကျင့်ကြံမှုများသည် ပျက်စီးဆုံးရှုံးသွားရပေလိမ့်မည်။ သူတို့က အဲဒါကို မစွန့်စားနိုင်ကြတော့ပေ။

သူတို့က ယခုအချိန်မှာ အားနည်းမှုကို ပြသမည်ဆိုလျှင် သူတို့သုံးယောက်နှင့် ကျားနဂါးဂိုဏ်းမှ အခြားသော ကျင့်ကြံသူများသည် ရှင်သန်ခွင့်ရနိုင်ကောင်း ရနိုင်သေးလေသည်။

“တာအိုအရှင် အထီးကျန်သိုင်းသခင်..”

အလယ်တွင်ရှိသော မဟာအကြီးအကဲက လက်သီးနှစ်ဖက်ကို​ ယှက်လိုက်၏။

“ခင်ဗျား တွေ့ကြုံခံစားခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ ကြားပြီးပါပြီ.. အဲဒါက တကယ်ပဲ ကျားနဂါးဂိုဏ်းရဲ့ အမှားပါပဲ.. ကျုပ်တို့က အဲဒါကို မငြင်းဆန်နိုင်ပါဘူး…”

“ဒီလိုဆိုမှတော့ ကျားနဂါးဂိုဏ်းကို ဒီနေ့ ဖျက်သိမ်းလိုက်တော့”

ဆူဇီမိုက လက်ကာပြပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ သို့သော်လည်း သူ၏စကားများက မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေဖို့ လုံလောက်၏။

ကျားနဂါးဂိုဏ်းသည် မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး နှစ်တစ်သောင်းကျော် ရပ်တည်လာခဲ့သော အမွေအနှစ်တစ်ခုရှိလေသည်။ သူတို့က မရေမတွက်နိုင်သော ကပ်ဘေးများကိုပင် ဖြတ်ကျော်ခဲ့ဖူးကြလေသည်။

သို့သော် ယနေ့မှာတော့ အဲဒါက အဆုံးသတ်သွားခဲ့လေပြီ။

မဟာအကြီးအကဲသုံးယောက်သည် စိတ်ထဲကနေ သက်ပြင်းချပြီး ဆက်လက်၍ ညှိနှိုင်းဆွေးနွေးလို့ မရတော့ဘူးဆိုတာကို နားလည်လိုက်ကြ၏။

ဘယ်ဘက်တွင်ရှိသော မဟာအကြီးအကဲက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“တာအိုအရှင် အထီးကျန်သိုင်းသခင်.. လောဟွာရဲ့ ပြစ်မှုက ခွင့်လွှတ်လို့ မရနိုင်ပါဘူး.. ဒါပေမဲ့ အဲဒါက ကျားနဂါးဂိုဏ်းက တခြားကျင့်ကြံသူတွေနဲ့ ဘာမှ ပတ်သက်ခြင်း မရှိပါဘူး”

“ကျုပ်သိရသလောက်ဆိုရင်.. ဂိုဏ်းမှာရှိတဲ့ အကြီးအကဲအချို့ကတောင် လောဟွာကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ကြပါသေးတယ်.. ဒါပေမဲ့ သူက လုံးဝကို လက်မခံခဲ့တာ”

ခဏမျှ ရပ်တန့်ပြီးနောက်.. မဟာအကြီးအကဲက အံကိုကြိတ်ပြီး ပြောလိုက်လေသည်။

“တာအိုအရှင် အထီးကျန်သိုင်းသခင်… ကျေးဇူးပြုပြီး သနားညှာတာမှုကို ပြပေးပါဦး.. ကျားနဂါးဂိုဏ်းက တခြားအပြစ်မဲ့တဲ့ ကျင့်ကြံသူတွေကို ချမ်းသာပေးလို့ ရမလား”

ကျေးဇူးပြုပြီး…

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို အမှန်တကယ်ပင် အသနားခံ တောင်းပန်နေ၏။

အခြားသော မဟာအကြီးအကဲနှစ်ယောက်သည်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ လက်သီးနှစ်ဖက်ကို ယှက်လိုက်ကြ၏။

“တာအိုအရှင် အထီးကျန်သိုင်းသခင်.. ကျေးဇူးပြုပြီး သနားညှာတာမှုကို ပြပေးပါဦး”

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်သည် တစ်ပြိုင်နက်တည်း အသနားခံ တောင်းပန်လာကြ၏။

ဤသတင်းသာ ကျင့်ကြံရေးလောကသို့ ပျံ့နှံ့သွားမည်ဆိုလျှင် သေချာပေါက် အုံးအုံးကျက်ကျက် ဖြစ်လာပေလိမ့်မည်။

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သူကမှ သူ့အတွေးကို မဖတ်နိုင်ကြပေ။

လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။

လေထုကပင် အေးခဲရပ်တန့်သွားသည်ဟု ထင်ရ၏။

ထိုအခိုက်အတန့်တွင် ကျားနဂါးဂိုဏ်းမှ လူတိုင်းသည် ရင်ထဲမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် တလှပ်လှပ် ခံစားနေရ၏။

အထီးကျန်သိုင်းသခင်၏ ဆုံးဖြတ်ချက်ကို သူတို့က မသိရှိနိုင်ကြပေ။

တာအိုအရှင် အထီးကျန်သိုင်းသခင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်မည်ဆိုလျှင် သူတို့က အရေအတွက် အားသာချက်ရှိသော်လည်း မည်သူကမှ သူ့ကို ခုခံတွန်းလှန်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့၏ ကံကြမ္မာများကို အထီးကျန်သိုင်းသခင်၏ အတွေးတစ်ချက်က အဆုံးအဖြတ်ပေးသွားနိုင်လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်သုံးယောက်ကလည်း စိုးရွံ့ထိတ်လန့်နေကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင်.. ကျင့်ကြံရေးလောက၌ လုံခြုံစိတ်ချရဆုံး နည်းလမ်းမှာ ကျူပင်ခုတ် ကျူငုတ်မကျန် ပြဿနာကို အမြစ်ပြတ်ရှင်းလင်းခြင်း ဖြစ်လေသည်။

နောက်ဆုံး.. ကျားနဂါးဂိုဏ်းကို ယနေ့ ဖျက်သိမ်းလိုက်ပြီး များစွာသော ကျင့်ကြံသူများက ထွက်ခွာသွားကြမည်ဆိုလျှင် သူတို့ထဲမှ တစ်စုံတစ်ယောက်သည် အနာဂတ်မှာ မဟာအခွင့်အလမ်းတစ်ရပ်ကို ရရှိပြီး လက်စားချေဖို့အတွက် ပြန်လည်ရောက်ရှိလာနိုင်လေသည်။

သို့သော်လည်း သူတို့ရှေ့မှ ပုဂ္ဂိုလ်က တာအိုအရှင် အထီးကျန်သိုင်းသခင် ဖြစ်နေ၏။

သူတို့သည် အချိန်အများစုမှာ တံခါးပိတ်ကျင့်ကြံနေခဲ့ကြသော်လည်း ထိုသူနှင့် ပတ်သက်သည့် ဒဏ္ဍာရီအချို့ကို သူတို့က ကြားဖူးခဲ့ကြလေပြီ။

အထီးကျန်သိုင်းသခင်သည် တာအိုတစ်ခုကို တည်ဆောက်ပြီး သက်ရှိများ အားလုံးကို သိုင်းတာအို သင်ကြားပေးခဲ့သည်ဆိုသော ကိစ္စသည် သူတို့သုံးယောက်ကိုပင် တုန်လှုပ်စေခဲ့၏။

အထီးကျန်သိုင်းသခင်က သွေးဆာရက်စက်သော လူတစ်ယောက် မဟုတ်လောက်ပေ။

ကျားနဂါးဂိုဏ်းရှိ ကျင့်ကြံသူများက ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခု ရလာနိုင်သေးလေသည်။

“တကယ်တော့ အဲ့လိုလုပ်စရာ မလိုပါဘူး”

ခဏမျှ ရပ်တန့်ပြီးနောက်.. ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူ့လေသံက တည်ငြိမ်နေဆဲဖြစ်၏။

ဆူဇီမိုက လဲကျနေသော စွမ်းအားကြီးပုဂ္ဂိုလ်များ၏ အလောင်းများကို လက်ညိုးထိုးပြီး ပြောလိုက်၏။

“ကျုပ်က လောဟွာကို သတ်ဖို့အတွက် ဒီနေ့ ဒီနေရာကို ရောက်လာခဲ့တာ.. အဲဒီလူတွေက ကျုပ်ရဲ့ လမ်းမှာ ပိတ်ရပ်မနေခဲ့ဘူးဆိုရင် ကျုပ်က သူတို့ကိုလည်း သတ်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူများသည် တစ်ချိန်တည်းမှာ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

တာအိုအရှင် အထီးကျန်သိုင်းသခင်က ထိုသို့ပြောလာပြီဆိုမှတော့ သူတို့၏ အသက်များက ချမ်းသာရာရပေတော့မည်။

“သနားညှာတာမှု ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုအရှင် အထီးကျန်သိုင်းသခင်”

မဟာအကြီးအကဲသုံးယောက်သည် ကျေနပ်နှစ်ခြိုက်သွားပြီး သူတို့၏ လက်သီးများကို ယှက်၍ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ကြ၏။

ဆူဇီမိုက မဟာအကြီးအကဲသုံးယောက်ကို တစ်ချက်ကြည့်ပြီး သူတို့၏ စိတ်များကို ဖတ်မိသည့်အလား ဝင့်ကြွားစွာဖြင့် ကြေညာလိုက်၏။

“ငါက မင်းတို့ကို လွှတ်ပေးရဲတယ်ဆိုမှတော့.. မင်းတို့ လက်စားလာချေမှာကိုလည်း ငါက ကြောက်မနေဘူး”

ကျင့်ကြံသူများက တုန်လှုပ်သွားရ၏။

သူက သူတို့ လက်စားလာချေမှာကို မကြောက်ရွံ့သောကြောင့် သူတို့ကို လွှတ်ပေးခြင်း ဖြစ်လေသည်။

ဘယ်လောက်တောင် ရဲဝံ့လိုက်သလဲ..။

ထိုစကားတစ်ခုတည်းကပင် မဟာအကြီးအကဲသုံးယောက်ကို ခုခံတွန်းလှန်မည့် အတွေးများအားလုံး ပျောက်ဆုံးသွားစေ၏။

ဘုန်း..

ဆူဇီမိုသည် ခြေတစ်လှမ်းနှင့်အတူ ကျားနဂါးတောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်၏။

တာအိုအရှင် လောဟွာက ရုန်းကန်၍ အသေအကြေ တိုက်ခိုက်ချင်သော်လည်း ဆူဇီမိုက သူ၏လက်ကို ဆန့်ထုတ်ပြီး သိပ်သည်းပြင်းထန်သော ဓမ္မစွမ်းအားများနှင့်အတူ ထိုသူကို ဖိနှိမ်ကာ ဆွဲယူလိုက်၏။

သူက တာအိုအရှင် လောဟွာကို လည်ပင်းကနေ ကိုင်မပြီး ကျားနဂါးဂိုဏ်း၏ ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်၏။

“နားထောင်ကြ.. ကျားနဂါးဂိုဏ်းရဲ့ ဂိုဏ်းချုပ် တာအိုအရှင် လောဟွာကို ငါသတ်မယ်.. ကျားနဂါးဂိုဏ်းကိုလည်း ဒီနေ့ ငါဖျက်သိမ်းမယ်.. အနာဂတ်မှာ တစ်ယောက်ယောက် လက်စားချေချင်တယ်ဆိုရင် ငါ့ကို အချိန်မရွေး လာရှာလိုက်”

ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက စကားလမ်းကြောင်းပြောကာ တည်တံ့စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ မင်းတို့က လက်စားချေဖို့ လာရင်.. သူ့လိုပုံစံမျိုးနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ဆူဇီမို၏ လက်ဖဝါးက တုန်ယင်သွားပြီး တာအိုအရှင် လောဟွာ၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် ချေမွဖျက်ဆီးလိုက်၏။

ကျားနဂါးဂိုဏ်း၏ ဂိုဏ်းချုပ်က သေဆုံးသွားလေပြီ။

ကျားနဂါးဂိုဏ်း၏ ကျင့်ကြံသူများသည် ကြောက်ရွံ့မှုဖြင့် အသံမထွက်နိုင်ဘဲ သူတို့၏ အသက်ကိုပင် ရဲရဲမရှူနိုင်ကြပေ။

ကျင့်ကြံသူများ အားလုံး၏ မျက်လုံးထဲမှာ အကြောက်တရားများက ပြည့်နှက်လာကြ၏။

ထိုအကြောက်တရားသည် သူတို့၏ စိတ်နှလုံးထဲမှာ ထာဝရ စွဲထင်နေပေလိမ့်မည်။

တစ်နေ့တွင်.. ဤကျင့်ကြံသူများကြားမှာ တချို့သည် ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းပြီး တချို့ကတော့ ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းကာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသောသူများ ဖြစ်လာနိုင်ကြလေသည်။

သို့သော်လည်း သူတို့သည် ဆူဇီမိုကို တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။

ကျားနဂါးတောင်ထွတ်ပေါ်တွင် မတ်တတ်ရပ်နေသော အစိမ်းရောင်ဝတ်လူသည် သူတို့ မော့၍သာ ကြည့်နိုင်ပြီး မထိတွေ့နိုင်သော တည်ရှိမှုတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။

“မင်းတို့တွေအားလုံး သွားလို့ရပြီ”

ဆူဇီမိုက ကျင့်ကြံသူအုပ်စုကို ငုံ့ကြည့်ပြီး သူ၏ လက်ကို ညင်သာစွာ ခါပြလိုက်၏။

ခဏမျှ တိတ်ဆိတ်ငြိမ်သက်ပြီးနောက်.. ကျင့်ကြံသူများသည် တစ်စုံတစ်ရာကို နားလည်သွားပြီး တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားကာ ဂိုဏ်းကနေ ထွက်ခွာသွားကြ၏။

ဓားအလင်းတန်းများနှင့် တိမ်စိုင်များသည် လေထဲမှာ ကူးလူးယှက်ဖြာသွားလာနေကြ၏။

မည်သည့်ကျင့်ကြံသူကမှ ဆက်လက်၍ ကြန့်ကြာမနေရဲကြပေ။

နာရီဝက် မပြည့်ခင်မှာပင်.. ဆူဇီမို၊ မျောက်နှင့် အခြားသူများအပြင် ဂိုဏ်းတွင် ကျန်ရစ်ခဲ့သောသူများမှာ မဟာအကြီးအကဲသုံးယောက်သာ ဖြစ်လေသည်။

မဟာအကြီးအကဲသုံးယောက်သည် ကျားနဂါးဂိုဏ်းနှင့် သူတို့ ခြေဖဝါးအောက်ရှိ မြေတစ်လက်မချင်းစီကို ကြည့်ရင်း နက်ရှိုင်းစွာ သက်ပြင်းချလိုက်ကြ၏။

သူတို့သည် ကျားနဂါးဂိုဏ်းမှာ နှစ်ပေါင်းထောင်ချီ ကျင့်ကြံလာခဲ့၏။ ယခု သူတို့က ထွက်ခွာရတော့မည် ဖြစ်သောအခါ နှမျောတမ်းတနေကြဆဲဖြစ်၏။ ဆူဇီမိုက သူတို့ကို အလောတကြီး မောင်းထုတ်မနေပေ။

အတန်ကြာပြီးနောက်.. သူတို့သုံးယောက်သည် သူတို့ကိုယ်သူတို့ ဣန္ဒြေဆည်ပြီး တာအိုအရှင် အထီးကျန်သိုင်းသခင်ကို နောက်တစ်ဖန် ဦးညွှတ်ကာ လှည့်ထွက်သွားကြ၏။

သူတို့သုံးယောက်သည် ဤနေ့မှစ၍ ထိုကိစ္စကို ရှင်းရှင်းလင်းလင်း သိလိုက်ကြ၏။ မြောက်ပိုင်းဒေသ၏ အခြေအနေက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့လေပြီ။

ကျားနဂါးဂိုဏ်း၏ တောင်ကုန်းဂိတ်တံခါး အပြင်ဘက်တွင် ရစ်သီရစ်သီလုပ်နေသော ကျင့်ကြံသူများစွာ ရှိကြလေသည်။ သူတို့အများစုက မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းနှင့် ရှေးတော်ဝင်မိသားစုများမှ ဖြစ်ကြ၏။ သူတို့အားလုံးသည် ဤတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။

သိပ်မကြာမီ.. ကျားနဂါးဂိုဏ်းမှ ကျင့်ကြံသူများက ထွက်ခွာလာကြလေသည်။

ကျင့်ကြံသူ အများစုသည် ရှေ့သို့ပြေးတက်လာပြီး တူညီသော အဖြေများကို လက်ခံရရှိလိုက်ကြ၏။

တာအိုအရှင် လောဟွာက သေဆုံးသွားပြီး ကျားနဂါးဂိုဏ်းသည် ဖျက်သိမ်းခံရ၍ မြောက်ပိုင်းဒေသကနေ ရှင်းထုတ်ခံလိုက်ရလေပြီ။

ကျင့်ကြံသူများသည် တုန်လှုပ်သွားပြီး သူတို့ ကြိုတင်ပြင်ဆင်ထားသော သတင်းပို့ကြိုးကြာများကို အလောတကြီး ထုတ်ယူလိုက်ကြ၏။

သတင်းက မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတောင်ဝင်မိသားစုများကြားတွင် စွမ်းအားကြီးသော မုန်တိုင်းတစ်ခုက စတင်ဖြစ်ပေါ်ခဲ့လေပြီ။

All Chapters