← Chapters

တစ်လောကလုံးက နှုတ်ဆက်လာကြပြီ

Vol. 83 Ch. 1235

တစ်လောကလုံးက နှုတ်ဆက်လာကြပြီ

Vol. 83 Ch. 1235

ယင်တစ္ဆေဂိုဏ်းတွင်...

တစ္ဆေသရဲဆန်ဆန် ခန်းမတစ်ခုအတွင်းသို့ သတင်းပို့စိတ်ဝိညာဥ်ကြိုးကြာတစ်ကောင်က ပျံသန်းဝင်ရောက်လာ၏။

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်သည် စိတ်ဝိညာဥ်ကြိုးကြာကို လက်ခံယူပြီး သတင်းအချက်အလက်များက သူ၏စိတ်ထဲသို့ ချက်ချင်းပင်ဝင်ရောက်လာ၏။ အဲ့ဒီနောက် သူ၏အမူအရာက အေးစက်တောင့်တင်းသွားပြီး အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

“ဂိုဏ်းချုပ်... အဲ့ဒါက ကျားနဂါးဂိုဏ်းကသတင်းလား”

သူ့ကိုဝန်းရံထားသော အကြီးအကဲများထဲမှတစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်၏။

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီမှာ... ဘာပြောထားတာလဲ”

အကြီးအကဲများသည် ဂိုဏ်းချုပ်၏မျက်နှာပေါ်ရှိ ပျက်ယွင်းနေသော အမူအရာကိုတွေ့မြင်သောအခါ တစ်ခုခုလွဲမှားနေသည်ဆိုတာကို သိရှိလိုက်ပြီး မနေနိုင်ဘဲ မေးမြန်းလိုက်ကြ၏။

“လောဟွာက သုတ်သင်ခံရပြီး... ကျားနဂါးဂိုဏ်းက အင်း.... မရှိတော့ဘူး”

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က အတန်ကြာတိတ်ဆိတ်ငြိမ်သက်ပြီးနောက် ထိုစကားတစ်ခွန်းကိုသာပြောလိုက်၏။

“မရှိတော့ဘူးလား”

အကြီးအကဲများက တုန်လှုပ်သွားပြီး တစ်ဖန်ထပ်မေးလိုက်၏။

“မရှိတော့ဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ... ကျားနဂါးဂိုဏ်းက နှစ်တစ်သောင်းကြာ သမိုင်းကြောင်းတစ်ခုရှိပြီး သူတို့ဂိုဏ်းမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ရှိနေတာပဲ”

“ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်လေးယောက်က အထီးကျန်သိုင်းသခင်ကို တားဆီးဖို့ကြိုးစားခဲ့ပေမယ့် သူတို့က သူ့ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်”

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ပြန်ဖြေပေးလိုက်၏။

“အား....”

အကြီးအကဲများက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်လေးယောက်က သေဆုံးသွားခဲ့လေပြီ။ ဒါ့အပြင် သူတို့သည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ လက်ထဲမှာ သေဆုံးခဲ့ရခြင်းဖြစ်၏။

. . . . .

သွေးမြူဂို​ဏ်းတွင်....

“ခင်ဗျား... ဘာပြောလိုက်တာလဲ”

အကြီးအကဲတစ်ယောက်က တုန်လှုပ်စွာဖြင့် အံ့အားတသင့်ပြောဆိုလိုက်၏။

“အထီးကျန်သိုင်းသခင်က ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသနှစ်ခုကို တကယ်ပဲ စုဖွဲ့နိုင်ပြီး သူတို့နှစ်ခုစလုံးက ၈၅ ပေတောင်မြင့်မားတာလား”

သွေးမြူဂိုဏ်း၏ ဂိုဏ်းချုပ်က သုန်မှုန်နေသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။

“၈၅ပေ... ၈၅ပေ... သူတို့က နှစ်ခုတောင်”

အကြီးအကဲက တိုးတိတ်စွာဖြင့် တတွတ်တွတ်ရေရွတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ခါစပဲရှိသေးတယ်... သူသာ ပကတိဓမ္မဝိသေသအဆင့်ကိုရောက်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် သူ့ကိုဘယ်သူက ဖိနှိမ်နိုင်တော့မှာလဲ”

“အခုတောင်မှ... သူ့ကိုဖိနှိမ်နိုင်မယ့်သူက များများစားစား မရှိတော့ဘူး”

သွေးမြူဂိုဏ်း၏ ဂိုဏ်းချုပ်က ခါးသီးစွာဖြင့် ရယ်မောလိုက်၏။

“ကျားနဂါးဂိုဏ်းရဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၄ ယောက်က သူ့ကိုတားဆီချင်ခဲ့ပေမယ့် သူ့ရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်... ကျန်တဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၃ ယောက်ကတောင် သူ့ကို ဦးညွှတ်လိုက်ရတယ်”

. . . . . .

ယုဝမ်ကလန်တွင်....

ယုဝမ်ကလန်ခေါင်းဆောင်က တည်တံ့သောအမူအရာတစ်ခုရှိပြီး ပင်မခန်းမထဲမှာထိုင်နေ၏။ များစွာသော ကျင့်ကြံသူများသည် ခန်းမထဲမှာ စုဝေးနေကြပြီး လေထုက အနည်းငယ်တင်းကျပ်နေ၏။

“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီးရင် အရမ်းကို ကြောက်စရာကောင်းလာမယ်ဆိုတာ ငါမျှော်လင့်ထားပြီးသားပဲ”

ယုဝမ်ကလန်ခေါင်းဆောင်က အံကိုတင်းတင်းကြိတ်လိုက်၏။

“ဒါပေမယ့်လို့... ဒီကောင်လေးက အဲ့လောက်အတိုင်းအတာထိကြီးထွားလာလိမ့်မယ်လို့တော့ တကယ်ပဲ ထင်မထားခဲ့ဘူး”

“အား...”

ဂိုဏ်းတွင်ရှိသော အကြီးအကဲအချို့က သူတို့၏ ခေါင်းကိုခါယမ်း၍ သက်ပြင်းချလိုက်ကြ၏။

“မြောက်ပိုင်းဒေသရဲ့ ကျန်အဆင့်မြင့် ၉ ဂိုဏ်းအပါအဝင် ကျုပ်တို့ အထက်တန်းလွှာကလန် ၄ ခုနဲ့ ရှေးတော်ဝင်မိသားစု ၂ ခုမှာတောင်မှ အထီးကျန်သိုင်းသခင်ကို ဖိနှိမ်နိုင်မယ့်သူ မရှိလောက်တော့ဘူး”

“ဖန်သားနန်းတော်က လှုပ်ရှားမှုမပြုလုပ်သရွေ့ပေါ့”

“အထီးကျန်သိုင်းသခင်မှာ မဟာယာနခေါင်းဆောင်တစ်ယောက်ရဲ့ နောက်ခံရှိတာကိုမမေ့လိုက်နဲ့ဦး... အခုချိန်မှာ ဖန်သားနန်းတော်ကလည်း အထီးကျန်သိုင်းသခင်ကို တိုက်ခိုက်လိမ့်မယ်လို့ ငါမထင်ဘူး”

“အထီးကျန်သိုင်းသခင်က အခုမှ လူငယ်လေးတစ်ယောက်ပဲ ရှိသေးတယ်... ဒီနေ့ကစပြီး သူက မြောက်ပိုင်းဒေသကို စိုးမိုးခြယ်လှယ်တော့မှာများလား”

“အဲ့လိုဖြစ်လာဖို့များတာပေါ့”

အကြီးအကဲများစွာက ဆွေးနွေးပြောဆိုလိုက်ကြ၏။

ယုဝမ်ကလန်ခေါင်းဆောင်က သူ၏လက်ကိုထောင်ပြလိုက်၏။

“အကြီးအကဲတို့... ကျုပ်နောက်က လိုက်ခဲ့ကြ... ကျုပ်တို့က ကျားနဂါးဂိုဏ်းကိုသွားပြီး အထီးကျန်သိုင်းသခင်ကို သွားတွေ့ရမယ်”

“မိသားစုခေါင်းဆောင်....”

ကလန်ရှိကျင့်ကြံသူများက တုန်လှုပ်သွားပြီး အံ့အားတသင့်ခေါ်ဆိုလိုက်ကြ၏။

ဤဆုံးဖြတ်ချက်သည် ယုဝမ်ကလန်က တာအိုအရှင်အထီးကျန်သိုင်းသခင်ကို ဦးညွှတ်တော့မည်ဟု ဆိုလိုလေသည်။

ယန်တိုင်းပြည်မြို့တော်ဟောင်းမှာ အထီးကျန်သိုင်းသခင်ကို ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက် ခြုံခိုတိုက်ခိုက်ခဲ့စဥ်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များထဲမှ တစ်ယောက်သည် ယုဝမ်ကလန်မှဖြစ်လေသည်။

အထီးကျန်သိုင်းသခင်သည် ထိုကိစ္စနှင့်ပက်သက်၍ ထုတ်ဖော်ပြောဆိုလာခြင်း မရှိသေးပေ။

အခြေအနေက ဖိအားပေးလာနေပြီး ယုဝမ်ကလန်က အရင်ဆုံးဦးညွှတ်ရပေလိမ့်မည်။

အထီးကျန်သိုင်းသခင်ကသာ အဲ့ဒါအတွက် ဖြေရှင်းချက်တောင်းလာမည်ဆိုလျှင် ယုဝမ်ကလန်သည် ကျားနဂါးဂိုဏ်းကဲ့သို့ပင် မြောက်ပိုင်းဒေသကနေ ဖျက်ဆီးရှင်းထုတ်ခြင်းမခံရဘူးဟု အာမမခံနိုင်ပေ။

ယုဝမ်ကလန်က ခေါင်းဆောင်က မချင့်မရဲ အမူအရာတစ်ခု ရှိနေသော်လည်း သူကပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားပြီး ကျားနဂါးဂိုဏ်းကို ဖျက်ဆီးပစ်လိုက်ပြီ... အခြေအနေက လုံးဝနောက်ပြတ်ဆုတ်လို့မရတော့ဘူး... ငါတို့က ဦးညွှတ်ရုံပဲ တတ်နိုင်ကြတော့မယ်”

ကလန်ရှိ ကျင့်ကြံသူများက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ကြယ်တာရာလမင်းဂိုဏ်းတွင်....

“ကျုပ်တို့ဂိုဏ်းချုပ်က... အမြော်အမြင်ရှိပါပေတယ်”

များစွာသော ကျင့်ကြံသူများသည် တုန်လှုပ်နေသော အမူအရာများနှင့်အတူ ပြိုင်တူချီးကျူးပြောဆိုလိုက်ကြ၏။

ယခင်က ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကျားနဂါးဂိုဏ်းက ဤတိုက်ပွဲအပြီး၌ မြောက်ပိုင်းဒေသကနေ ဖယ်ထုတ်ခံရမည်ဟု ထင်ကြေးပေးခဲ့လေသည်။ ထိုအချိန်တုန်းက များစွာသော အကြီးအကဲများက ထိုအဆိုပြုချက်ကို ငြင်းဆန်ခဲ့ကြ၏။

ယခု... ကျားနဂါးဂိုဏ်း၏ ရလဒ်သည် ကြယ်တာရာလမင်းဂိုဏ်းချုပ် ထင်မှတ်ထားသည့်အတိုင်း ဖြစ်လာခဲ့လေပြီ။

ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

“အကြီးအကဲတို့အားလုံးက တာအိုအရှင်အထီးကျန်သိုင်းသခင်ရဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်ချင်နေကြမယ်လို့... ကျုပ်ထင်တယ်... ခင်ဗျားတို့က ကျုပ်နောက်ကို လိုက်ခဲ့ကြပါလား”

“ဂိုဏ်းချုပ်... ခင်ဗျားက တာအိုအရှင်အထီးကျန်သိုင်းသခင်ဆီကို ကိုယ်တိုင်အလည်အပတ်သွားရောက်မလို့လား”

အကြီးအကဲတစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

“ဘာပဲပြောပြော... ခင်ဗျားက ဂိုဏ်းချုပ်တစ်ယောက်ပဲ... အဲ့ဒါက သိပ်တော့မသင့်လျော်ဘူးထင်တယ်”

“ဘာလို့မသင့်လျော်ရမှာလဲ”

ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်ချုပ်က သူ၏ခေါင်းကိုခါယမ်းလိုက်၏။

“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ပြီး မြောက်ပိုင်းဒေသတစ်ခုလုံးကို စိုးမိုးနိုင်နေပြီ... သူ့ရဲ့အဆင့်အတန်းက ငါ့ရဲ့အထက်မှာရှိနေပြီ... ငါက သူ့ဆီကို ကိုယ်တိုင်အလည်အပတ်သွားရောက်မှပဲ ငါ့ရဲ့စိတ်ရင်းမှန်ကန်မှုကို ပြသနိုင်လိမ့်မယ်”

ခဏမျှရပ်တန့်ပြီးနောက် သူက ညင်သာစွာ ပြုံးလိုက်၏။

“ယင်တစ္ဆေဂိုဏ်းလိုမျိုး အဆင့်မြင့်ဂိုဏ်းတွေက အခုလောက်ဆိုအတော်လေး မအီမသာခံစားနေရလောက်ပြီ... သူတို့ရဲ့ ဂိုဏ်းချုပ်တွေကလည်း ကျားနဂါးဂိုဏ်းကို သွားကြလိမ့်မယ်လို့ ငါထင်တယ်”

မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများ ၊ အထက်တန်းလွှာကလန်များနှင့် ရှေးတော်ဝင်မိသားစုများအားလုံးသည် တစ်ပြိုင်နက်တည်း လှုပ်ရှားမှုပြုလုပ်လာကြ၏။

ဂိုဏ်းချုပ်များနှင့် ကလန်ခေါင်းဆောင်များသည် ကျားနဂါးဂိုဏ်းသို့ တစ်ပြိုင်နက်တည်းဦတည်သွားကြ၏။

. . . . .

အဆိုပါတိုက်ပွဲအပြီး၌ ကျားနဂါးဂိုဏ်းသည် အတိတ်ကာလမှာ ကျန်ရစ်ခဲ့ပြီဖြစ်သော်လည်း သူတို့၏ တောင်ကုန်းဂိတ်တံခါးက ကျန်ရှိနေဆဲ ဖြစ်၏။

သိပ်မကြာမီ ထောင်ယောင် ၊ နန်းကြည်နှင့်အခြားသူများသည် ဂိုဏ်း၏ အနီးနားဝန်းကျင်နှင့် အလောင်းအချို့ကို ရှင်းလင်းလိုက်ကြပြီဖြစ်၏။

မျောက်နှင့်အခြားသူများက စူးစမ်းလိုစိတ်ဖြင့် ကျားနဂါးဂိုဏ်း၏ ပတ်လည်မှာ လှည့်ပတ်စစ်ဆေးကြည့်ရှုနေကြ၏။ အဲ့ဒီမှာ ဆေးတိုက် ၊ လက်နက်တိုက်နှင့် အခြားအရာများစွာရှိနေ၏။

သူတို့သည် သူတို့တွေ့မြင်သမျှ ကောင်းနိုးရာရာပစ္စည်းများကို သူတို့၏ သိုလှောင်အိတ်ထဲသို့ ထိုးထည့်နေကြ၏။

“အစ်ကိုကြီးနောက်ကိုလိုက်ရင် အမြဲတမ်းကောင်းတာတွေပဲ ရတယ်ဆိုတာ ငါသိသားပဲ”

စိတ်ဝိညာဥ်ကျားက မလုံမလဲဟန်ဖြင့်ပြုံးရင်း ဆေးပုလင်းတစ်ခုကိုဆွဲယူပြီး သူ၏ပါးစပ်ထဲသို့ အကုန်လုံးလောင်းထည့်လိုက်၏။ သူက ဆေးလုံးများကိုဝါးပြီး မျိုချလိုက်လေသည်။

သူက လေတစ်ချက်တက်၍ စိတ်ဝိညာဥ်ချီများက သူ၏ ပါးစပ်ပေါက်နှင့် နှာခေါင်းပေါက်ထဲကနေ လျှံတက်လာ၏။

“နင့်ကိုယ်နင် ထိန်းထိန်းသိမ်းသိမ်းနေစမ်းပါ”

ချင်ချင်က စိတ်ဝိညာဥ်ကျားကို တစ်ချက်ကန်၍ ဟာသနှောကာ ငေါက်ငမ်းလိုက်၏။

“သိပ်ပြီးတော့ အလွန်အကျွံလုပ်မနေနဲ့”

“အဲ့ဒါက... အဆင်ပြေပါတယ်”

စိတ်ဝိညာဥ်ကျားက သွားဖြဲပြလိုက်၏။

“နင် အစ်ကိုမျောက်ကို မတွေ့ဘူးလား... သူက ဝိုင်တစ်ကန်ကို ဘယ်ကဘယ်လိုရှာတွေ့သွားလည်း မသိဘူး... အခုသူက အဲ့ဒါတွေ သောက်ပြီး အထဲမှာ မူးပြီးမှောက်နေပြီ”

ခန်းမထဲတွင် ဆူဇီမိုသည် ဓမ္မဝိသေသအဆင့်သို့ဝင်ရောက်ပြီး နောက်ထပ်တိုက်ပွဲတစ်ခုကို တွေ့ကြုံထားခါစဖြစ်၏။ သူ၏နဖူးကို ညင်သာစွာ ပွတ်သပ်ပြီး သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ကာ ဓမ္မဝိသေသအဆင့်၏ စွမ်းအားများကို နားလည်ဆင်ခြင်ရန် သူ၏ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်စေလိုက်၏။

“သခင်လေး... ခင်ဗျားက ဒီမှာဘာလုပ်ဦးမှာလဲ”

ထောင်ယောင်က သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးမြန်းလိုက်၏။

ဆူဇီမိုက သူ၏မျက်လုံးကိုမဖွင့်လဲ ထောင်ယောင်ကိုပြန်ပြောလိုက်၏။

“ငါတို့က လူတချို့ကိုစောင့်နေတာ”

“အို....”

ထောင်ယောင်က သူ၏မျက်လုံးကိုပုတ်ခတ်၍ အမှန်တကယ်နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်၏။

“သခင်လေး... အရင်ဆုံးကျင့်ကြံပြီး အနားယူလိုက်ဦး... ကျုပ် ခင်ဗျားကို အနှောက်အယှက်မပေးတော့ဘူး”

သူက တစ်ဖက်သားအပေါ်တွေးပေးတတ်ပြီး ဆက်လက်၍ မေးမြန်းခြင်းမရှိဘဲ ဦးညွှတ်ကာ ထွက်ခွာလိုက်၏။

ခန်းမအပြင်ဘက်တွင် နန်းကြည်က စောင့်ကြပ်နေဆဲ ဖြစ်၏။

“အစ်မနန်းကြည်... သခင်လေးက ပင်ပန်းနေပြီ... သူ့ကို အနှောက်အယှက်မပေးကြရအောင်”

ထောင်ယောင်က တည်တံ့စွာဖြင့် ပြောဆိုလိုက်၏။

နန်းကြည်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

ထောင်ယောင်သည် ဂိုဏ်း၏ ဝင်ပေါက်ဝဆီသို့ လျှောက်လှမ်းသွားပြီး ထိုနေရာမှာ မတ်တတ်ရပ်ကာ စောင့်ကြပ်နေ၏။

သူ၏သခင်လေးက အနားယူနေပြီး နှောက်ယှက်ခံရလို့မဖြစ်ပေ။ သူက ဝင်ရောက်လာမည့်ကျင့်ကြံသူများကို တားဆီးရပေမည်။

အဲ့ဒါက ထောင်ယောင်၏အတွေးဖြစ်၏။

နောက်နေ့မနက်ခင်းတွင်....

ထောင်ယောင်အနားယူနေစဥ် ဓားပျံများ လေထုကို ဖြိုခွင်းလာသည့်အသံကို သူကြားလိုက်ရ၏။

ခပ်လှမ်းလှမ်းတွင် တိမ်စိုင်များက တလိပ်လိပ်တက်ပြီး စိတ်ဝိညာဥ်ယာဥ်ပျံများက တစ်စင်းပြီးတစ်စင်းပျံသန်းလာကြ၏။

ကျင့်ကြံသူများစွာ မတ်တတ်ရပ်နေသော ခံ့ညားထည်ဝါသည့်တိမ်စိုင်များသည် ရှေ့သို့ပျံသန်းလာနေ၏။ သူတို့က ကြောက်စရာကောင်းသော အော်ရာတစ်ခုရှိပြီး ကျားနဂါးဂိုဏ်းဆီသို့ ဦးတည်လာနေကြခြင်းဖြစ်၏။

ထောင်ယောင်၏အမူအရာက ပြောင်းလဲသွားပြီး သူက ခါးကို မတ်မတ်ထားလိုက်၏။

‘ဒီလူတွေက ရန်လိုစိတ်ရှိနေကြတယ်... သူတို့ ကျားနဂါးဂိုဏ်းထဲကိုဝင်ပြီး သခင်လေးကို အနှောက်အယှက်ပေးမှာကို ငါခွင့်မပြုနိုင်ဘူး။’

သူက သူ့ဘာသာသူတွေးလိုက်ခြင်းဖြစ်၏။

All Chapters