← Chapters

တာအိုကလေးငယ်

Vol. 83 Ch. 1236

တာအိုကလေးငယ်

Vol. 83 Ch. 1236

ကျားနဂါးဂိုဏ်းသို့ အရင်ဆုံး ရောက်ရှိလာသည်မှာ ယင်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့ရောက်ရှိလာသည့် ခဏမှာပင် ယင်တစ္ဆေဂိုဏ်းမှ လူတိုင်းသည် ကျားနဂါးဂိုဏ်း၏ ဝင်ပေါက်ဝတွင် မတ်တတ်ရပ်စောင့်ကြပ်နေသော ကလေးငယ်တစ်ယောက်ကို မြင်လိုက်ရ၏။ တင်းမာခက်ထန်သော အမူအရာနှင့်အတူ သူက သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

“ခင်ဗျားတို့ကို ဒီနေရာကနေ ဖြတ်သန်းခွင့် မပေးဘူး.. ကျေးဇူးပြုပြီး ဘေးဘက်ကနေ ကွေ့သွားကြပါ”

ထောင်ယောင်က အော်ဟစ်ပြောဆိုလိုက်၏။

“ဒီတောအုပ်ထဲမှာ ဒီကလေးငယ်က ဘယ်က ဘယ်လို ပေါ်ထွက်လာရတာလဲ”

ယင်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူများစွာက ထောင်ယောင်ကို အရင်က မတွေ့မြင်ဖူးခဲ့ကြပေ။

“သေချာလည်း ကြည့်ဦး.. အဲဒါက ကလေးငယ်တစ်ယောက် မဟုတ်ဘူး.. အဲဒါက စိတ်ဝိညာဉ်ကနေ မိစ္ဆာသားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလဲထားတာပဲ”

ထိုစကားကို ပြောလိုက်သောသူက ပင်ယန်းမြို့သို့ သွားရောက်ခဲ့ဖူးသော တာအိုအရှင် မဟူရာသားရေဖြစ်၏။ သူက ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်ကို တီးတိုးကပ်ပြောလိုက်၏။

“ဂိုဏ်းချုပ်.. ဒီကောင်လေးက ပင်ယန်းမြို့ အပြင်ဘက်မှာတုန်းက အထီးကျန်သိုင်းသခင်ကို ကာကွယ်စောင့်ရှောက်ပေးနေခဲ့တာ”

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ထောင်ယောင်ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“ငါက ယင်တစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ.. ငါက တာအိုအရှင် အထီးကျန်သိုင်းသခင်ဆီကို လာလည်တာ.. မင်းက ငါ့အတွက် သူ့ကို သတင်းပို့ပေးလို့ ရမလား”

“အခုတော့ မရဘူး.. သူက အနားယူနေတယ်”

ထောင်ယောင်က သူ၏ခေါင်းကို ခါပြီး နှစ်ခါမစဉ်းစားဘဲ ငြင်းပယ်လိုက်၏။

ယင်တစ္ဆေဂိုဏ်းချုပ်၏ အမူအရာက သုန်မှုန်သွားလေသည်။

မည်သို့ပင်ဆိုစေ.. မြင့်မြတ်သော ဂုဏ်အဆင့်အတန်းနှင့်အတူ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူသည် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာသော်လည်း ဝင်ပေါက်ဝမှာ ကလေးငယ်တစ်ယောက်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်မှာ အဓိပ္ပာယ်မရှိပေ။

သို့သော်လည်း သူက အကြံသမားတစ်ယောက်ဖြစ်ပြီး စိတ်တိုဒေါသထွက်လာခြင်း မရှိပေ။

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ရယ်မောနေဆဲဖြစ်ပြီး မေးလိုက်လေသည်။

“မင်းရဲ့ သခင်လေးက ဘယ်လောက်ကြာကြာ အနားယူဦးမလဲ ကျုပ် သိပါရစေ..”

“အဲဒါတော့ ကျုပ်မသိဘူး”

ထောင်ယောင်က သူ၏ခေါင်းကို ခါပြလိုက်၏။

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်၏။

ဘေးနားတွင်ရှိသော ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က မနေနိုင်တော့ဘဲ ရှေ့သို့ထွက်ရပ်လာပြီး အေးစက်စွာဖြင့် ငေါက်ငမ်းလိုက်၏။

“ကောင်လေး.. ယင်တစ္ဆေဂိုဏ်းက မြောက်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းပဲ.. မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ.. မင်းက ဒီကိစ္စကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်လိုတောင် ဆုံးဖြတ်ချက်ချရဲတာလဲ.. ငါတို့က မင်းကို သွားပြောပေးလို့ ပြောရင် မြန်မြန်ဆန်ဆန် သွားပြောလိုက်ပေါ့.. ဘာလို့ အချိန်ဖြုန်းနေတာလဲ”

“ခင်ဗျားတို့က အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းက ဆိုတော့ရော ဘာဖြစ်လဲ”

ထောင်ယောင်က နှုတ်ခမ်းစူလိုက်၏။

“ကျားနဂါးဂိုဏ်းကလည်း အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းပဲ.. ဒါပေမဲ့ သူတို့က ကျုပ်တို့ သခင်လေးရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ”

“မင်း..”

ဓမ္မဝိသေသ တာအိုအရှင်သည် ပြောစရာစကားမဲ့သွားပြီး ဒေါသအမျက်ထွက်လာလေသည်။ သူက အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက တော်တော်လျှာစောင်းထက်နေတယ်ပေ့ါ.. မင်းသခင်လေးကိုယ်စား ဒီနေ့ ငါ မင်းကို အပြစ်ပေးရမယ်”

“ခင်ဗျားက တိုက်ခိုက်ချင်တာလား”

ထောင်ယောင်က ချက်ချင်းပင် သတိကြီးကြီးထားပြီး ယင်တစ္ဆေဂိုဏ်းမှ လူတိုင်းကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။

“နောက်ဆုတ်နေစမ်း:”

ထိုစဉ်မှာပင် ယင်တစ္ဆေဂိုဏ်းချုပ်က သုန်မှုန်နေသော အမူအရာဖြင့် အော်ငေါက်လိုက်၏။

“ဂိုဏ်းချုပ်.. သူက ကလေးငယ်တစ်ယောက်ပဲ”

“ထွက်သွားစမ်း.. မင်းကိုယ်မင်း အရှက်ခွဲမနေနဲ့”

ဓမ္မဝိသေသ တာအိုအရှင်သည် ဆက်လက်၍ ငြင်းဆန်ချင်သော်လည်း ယင်တစ္ဆေဂိုဏ်းချုပ်က သူ့ကို မျက်နှာသာ လုံးဝမပေးပေ။ ရှက်ရွံ့သော အမူအရာတစ်ခုနှင့်အတူ သူက နောက်သို့ဆုတ်လိုက်ရ၏။

ယင်တစ္ဆေဂိုဏ်းချုပ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။ သူ့မျက်နှာပေါ်ရှိ သုန်မှုန်ခက်ထန်မှုက သိသိသာသာ လျော့ကျသွားပြီး သူက အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

“အဲဒါဆိုလည်း ရပါတယ်.. တာအိုအရှင် အထီးကျန်သိုင်းသခင် အနားယူနေတယ်ဆိုမှတော့ ကျုပ်တို့က အပြင်ဘက်ကနေပဲ စောင့်ရတော့မှာပေါ့”

“မင်းရဲ့ သခင်လေး နိုးလာမယ်ဆိုရင်တော့.. ငါတို့ကို သတင်းပို့ပေးလို့ ရတယ်မလား”

ယင်တစ္ဆေဂိုဏ်းမှ ကျင့်ကြံသူများက ကြောင်အ,မှင်တက်သွားကြ၏။

သူတို့၏ ဂိုဏ်းချုပ်သည် တင်းမာခက်ထန်သော စိတ်သဘောထားရှိပြီး အရင်က ဤကဲ့သို့ ဘယ်တုန်းကမှ မပြုံးဖူးခဲ့ပေ။ ယခုတော့ သူက သိမ်မွေ့သော လေသံဖြင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုနေ၏။

“အဲ့လိုတော့ ရပါတယ်”

ထောင်ယောင်က ခေါင်းညိတ်ပြပြီး ထိုတောင်းဆိုချက်ကို ငြင်းဆန်ခြင်း မရှိတော့ပေ။

ယင်တစ္ဆေဂိုဏ်းချုပ်သည် ခြောက်ကပ်စွာ ရယ်မော၍ သူ၏လက်ကို ကာပြလိုက်၏။ သူက ကျားနဂါးဂိုဏ်း၏ အပြင်ဘက်မှာ စတည်းချ နားနေရန်အတွက် သူ၏ ဂိုဏ်းသားများနှင့်အတူ နောက်သို့ ပြန်ဆုတ်လိုက်၏။

“ဂိုဏ်းချုပ်.. အထီးကျန်သိုင်းသခင်က လဝက်လောက် အနားယူနေမယ်ဆိုရင် ကျုပ်တို့က ဒီနေရာမှာ ဒီတိုင်းပဲ ထိုင်စောင့်နေရမှာလား”

“အထီးကျန်သိုင်းသခင်က အရမ်းကို မောက်မာရာမကျဘူးလား”

“ဂိုဏ်းချုပ်.. ကျုပ်တို့က အထီးကျန်သိုင်းသခင်ကို လုံလောက်တဲ့ မျက်နှာသာ ပေးပြီးသွားပြီ.. ဒါပေမဲ့ ကျုပ်တို့က ကလေးငယ်တစ်ယောက်ရှေ့မှာတော့ အားနည်းမှုကို ပြနေစရာ မလိုဘူးထင်တယ်”

ယင်တစ္ဆေဂိုဏ်း၏ ကျင့်ကြံသူများက မကျေမချမ်းဖြစ်နေကြ၏။

ယင်တစ္ဆေဂိုဏ်းချုပ်က သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

“ဒီကောင်လေးက အထီးကျန်သိုင်းသခင်နဲ့ အရမ်းကို ရင်းနှီးမှုရှိတယ်လို့ ငါကြားထားတယ်.. ငါတို့က သူ့ကို သွားရှုပ်လို့ မရဘူး.. တာအိုကို အမွေဆက်ခံရရှိတာနဲ့ ကြက်ငှက်တွေနဲ့ ခွေးတွေတောင်မှ ကောင်းကင်ဘုံကို တက်လှမ်းနိုင်တယ်.. အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်တစ်ယောက်ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး”

သိပ်မကြာမီ.. သွေးမြူဂိုဏ်း၏ ကျင့်ကြံသူများက ကျားနဂါးဂိုဏ်း၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာပြီး ထောင်ယောင်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရပြန်လေသည်။

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်နည်းတူ.. သွေးမြူဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း အထဲသို့ အတင်းဝင်ရောက်ခြင်း မရှိဘဲ စကားအနည်းငယ် ပြောဆိုပြီးနောက် နောက်သို့ ပြန်ဆုတ်လာခဲ့၏။

ကျားနဂါးဂိုဏ်းသည် ပင်ယန်းမြို့သို့ အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး ဖျက်ဆီးခြင်းခံခဲ့ရလေသည်။

မည်သူကမှ တူညီသော ပုံစံဖြင့် မကြိုးစားရဲကြတော့ပေ။

သိပ်မကြာမီ.. ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနှင့် ယုဝမ်ကလန်မှ ကျင့်ကြံသူများကလည်း ကျားနဂါးဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြ၏။

ယင်တစ္ဆေဂိုဏ်းနှင့် သွေးမြူဂိုဏ်းတို့နှင့် တူညီစွာ.. ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနှင့် ယုဝမ်ကလန်၏ ဂိုဏ်းချုပ်များသည်လည်း ထောင်ယောင်၏ ငြင်းပယ်မှုတွင် စိတ်တိုဒေါသထွက်ခြင်း မရှိကြပေ။ ထိုအစား သူတို့က ဂိုဏ်းအပြင်ဘက်မှာ စောင့်ဆိုင်းနေဖို့သာ ရွေးချယ်လိုက်ကြ၏။

နေ့လယ်ခင်း မတိုင်ခင် မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများထဲမှ တစ်ဝက်က ရောက်ရှိလာခဲ့လေပြီ။

အထက်တန်းလွှာ ကလန်လေးခုမှ သုံးခုကလည်း ရောက်ရှိလာခဲ့ကြလေပြီ။

ရှေးတော်ဝင်မိသားစုနှစ်စုမှ မိသားစုခေါင်းဆောင်များကလည်း ရောက်ရှိလာခဲ့ကြ၏။

ဤအဆင့်မြင့်ဂိုဏ်းချုပ်များနှင့် ရှေးတော်ဝင်မိသားစုခေါင်းဆောင်များသည် ခြေတစ်ချက်ဆောင့်ရုံဖြင့် မြောက်ပိုင်းဒေသမှာ အုန်းအုန်းကျက်ကျက်ဖြစ်စေနိုင်သော တည်ရှိမှုများ ဖြစ်ကြ၏။ သို့သော် ယခုအခါ သူတို့သည် ကျားနဂါးဂိုဏ်း၏ အပြင်ဘက်မှာ နာခံစွာဖြင့် စောင့်ဆိုင်းနေကြရ၏။

အဆင့်မြင့်ဂိုဏ်းချုပ်များနှင့် ရှေးတော်ဝင်မိသားစုခေါင်းဆောင်များသည် အေးတိအေးစက် အမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း သူတို့အားလုံးသည် အလိုလိုနားလည်မှုတစ်ခု ရှိပြီး မည်သူကမှ တခြားသူများကို လှောင်ပြောင်သရော်ခြင်း မရှိကြပေ။

သူတို့ထဲမှ အများစုသည် အတိတ်ကာလတုန်းက ဆူဇီမိုကို ရန်စခဲ့ဖူးကြလေသည်။

ယခု ဆူဇီမိုက ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်ပြီး ကျားနဂါးဂိုဏ်းကို ဖျက်ဆီးလိုက်ပြီ ဖြစ်သည့်အတွက် အခြေအနေက နောက်ပြန်ဆုတ်လို့ မရတော့ပေ။ သူတို့၏ အတိတ်ကာလက ရန်ငြိုးရန်စများကို ပြေလည်စေဖို့အတွက် သူတို့သည် ကိုယ်တိုင်အလည်အပတ် ရောက်ရှိလာကြရလေသည်။

မွန်းလွဲချိန်ကို ကျော်ဖြတ်သွားကာစ ဖြစ်၏။

ကြယ်တာရာလမင်းဂိုဏ်း၊ မုယုံရှေးတောင်ဝင်မိသားစုနှင့် အခြားဂိုဏ်းနှင့် အဖွဲ့အစည်းများကလည်း ရောက်ရှိလာခဲ့ကြ၏။

မြောက်ပိုင်းဒေသ ကျင့်ကြံရေးလောကရှိ အဆင့်မြင့်ဂိုဏ်းချုပ်များနှင့် ရှေးတော်ဝင်မိသားစုများ အားလုံးသည် ကျားနဂါးဂိုဏ်း၏ အပြင်ဘက်မှာ စုဝေးလာကြ၏။

“ရှေးဟောင်းခေတ်တုန်းကတောင် ဘယ်ဓမ္မဝိသေသ တာအိုအရှင်ကမှ ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်ရောက်ချင်း အခုလိုမျိုး တစ်လောကလုံးရဲ့ ရိုသေလေးစားမှုကို ရရှိမှာ မဟုတ်လောက်ဘူး”

ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်က ရေရွတ်ပြောဆိုလိုက်၏။

“အဲဒါ အမှန်ပဲ”

ဘေးနားရှိ အကြီးအကဲတစ်ယောက်က ပြောလိုက်၏။

“ဒါပေမဲ့လို့.. အဲဒါက အထီးကျန်သိုင်းသခင်အတွက်လည်း ဖိအားများမှာပဲ.. ဘာပဲပြောပြော သူက မြောက်ပိုင်းဒေသရဲ့ ကျင့်ကြံရေးလောက တစ်ခုလုံးနီးပါးနဲ့ ရင်ဆိုင်ရတော့မှာ”

“အဲဒါ အမှန်ပဲ.. တာအိုအရှင် အထီးကျန်သိုင်းသခင်က ဘယ်လိုပဲ သန်မာသန်မာ.. သူက ကျားနဂါးဂိုဏ်းကို ဘယ်လိုပဲ ဖိနှိမ်ခဲ့ ဖိနှိမ်ခဲ့.. သူက အဆင့်မြင့်ဂိုဏ်း ၉ ဂိုဏ်း၊ အထက်တန်းလွှာ ကလန် ၄ ခုနဲ့ ရှေးတော်ဝင်မိသားစု ၂ ခု.. အကုန်လုံးကိုတော့ ဆန့်ကျင်ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”

“အခုလို နေရာပေါင်းစုံက ပညာရှင်တွေ စုဝေးလာတာက တာအိုအရှင် အထီးကျန်သိုင်းသခင်အတွက်လည်း စမ်းသပ်ချက်တစ်ခုပဲ.. သူက ဘယ်လိုမျိုး တုံ့ပြန်လာမလဲ ကြည့်ရသေးတာပေါ့”

ကြယ်တာရာလမင်းဂိုဏ်းမှ အကြီးအကဲများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။

ထိုစဉ်မှာပင်.. ကျားနဂါးဂိုဏ်း အတွင်းကနေ တည်ငြိမ်သော အသံတစ်သံက ထွက်ပေါ်လာခဲ့၏။ ထိုအသံက ဂိုဏ်းအပြင်ဘက်ရှိ ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်လာသောအခါ မတိုးလွန်း မကျယ်လွန်းဘဲ အလွန်တရာ ရှင်းလင်းနေ၏။

“အားလုံးပဲ စောင့်ဆိုင်းရတာ ကြာလှပေါ့.. အထဲကို ဝင်ခဲ့ကြပါ”

အစက ဆူညံပွက်လောရိုက်နေသော အသံများက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ထောင်ယောင်က စိတ်အားတက်ကြွသွားပြီး အော်ပြောလိုက်လေသည်။

“သခင်လေးက နိုးလာပြီ.. ကျုပ်နောက်က လိုက်ခဲ့ကြ”

ကျင့်ကြံသူအုပ်စုက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ထောင်ယောင်၏ ဦးဆောင်မှုအောက်တွင် ကျင့်ကြံသူများသည် ကျားနဂါးဂိုဏ်းထဲသို့ ဝင်ရောက်လာပြီး ကျားနဂါးတောင်ထွတ်ပေါ်ရှိ နန်းတော်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြ၏။

ကျားနဂါးဂိုဏ်း၏ နန်းတော်က အလွန်တရာ ကြီးမားပြီး လူပေါင်းသောင်းချီကို အလွယ်တကူ ဝင်ဆံ့နိုင်၏။

ကျင့်ကြံသူများ ဝင်ရောက်လာသည့် ခဏမှာပင်.. သူတို့က အလိုလိုမော့ကြည့်ပြီး တုန်လှုပ်စွာဖြင့် ဆတ်ခနဲ တုန်ယင်သွားကြ၏။

ထိုအခိုက်အတန့်တွင် အစိမ်းရောင်ဝတ် ကျင့်ကြံသူသည် ပင်မခန်းမထဲမှာ ထိုင်နေ၏။ သူ၏ အနက်ရောင်ဆံပင်များကို ပခုံးပေါ်မှာ ဖြန့်ချထားပြီး သူ၏ မျက်လုံးနှစ်ဖက်က နက်ရှိုင်း၍ လောကနှင့် တစ်သားတည်းကျနေသည့်အလား စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ထောင်ယောင်သည် သူ့နေရာသူ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏နောက်တွင် နန်းကြည်နှင့်အတူ ဘေးချင်းယှဉ် မတ်တတ်ရပ်နေ၏။

သူတို့နှစ်ယောက်စလုံးသည် ငယ်ရွယ်သည့်ပုံပေါ်ပြီး တာအိုကလေးငယ် စုံတွဲကဲ့သို့ အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏ ဘေးမှာ မတ်တတ်ရပ် စောင့်ကြပ်နေကြ၏။

ကျင့်ကြံသူများသည် ထိုသည်ကို မြင်သောအခါ ကြောင်အ,မှင်တက်သွားကြ၏။

ဒဏ္ဍာရီအရ.. အင်မော်တယ်လောကရှိ အင်မော်တယ်အချို့၏ နောက်ဘက်တွင် တာအိုကို ကျင့်ကြံထားသော ယောက်ျားလေးနှင့် မိန်းကလေး.. တာအိုကလေးငယ်တစ်ယောက်စီ ရှိကြပြီး သူတို့ကို ရွှေစုံတွဲဟု ခေါ်ကြလေသည်။

ထိုမြင်ကွင်းက အင်မော်တယ်လောကရှိ ဒဏ္ဍာရီများနှင့် အလွန်တရာ ဆင်တူနေ၏။

အဆင့်မြင့်ဂိုဏ်း ၉ ဂိုဏ်း၊ အထက်တန်းလွှာ ကလန် ၄ ခုနှင့် ရှေးတော်ဝင်မိသားစုများမှ ခေါင်းဆောင်များသည် မည်သို့သော ပုဂ္ဂိုလ်မျိုးများပါလဲ..။

သူတို့အားလုံး စုစည်းမိသည်နှင့် သူတို့သည် အလွန်တရာ စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ဖြစ်ပေါ်လာစေပေလိမ့်မည်။

သို့သော် ယခုအခါ ခန်းမထဲသို့ သူတို့ ဝင်ရောက်လိုက်သည့် အချိန်မှာပင် သူတို့သည် အစိမ်းရောင်ဝတ် ကျင့်ကြံသူ၏ အော်ရာဖြင့် ဖိနှိမ်ခြင်းခံလိုက်ရပြီး သူတို့၏ ခေါင်းများကို အလိုလိုငုံ့ကာ သူ၏အကြည့်နှင့် ဆုံမိရဲခြင်း မရှိကြတော့ပေ။

All Chapters