← Chapters

လူအများရှေ့မှာ သတ်ဖြတ်ခြင်း

Vol. 83 Ch. 1237

လူအများရှေ့မှာ သတ်ဖြတ်ခြင်း

Vol. 83 Ch. 1237

“အဲဒါက တာအိုအရှင် အထီးကျန်သိုင်းသခင်ပဲ ဖြစ်ရမယ်”

များစွာသော ကျင့်ကြံသူများက သူတို့ဘာသာသူတို့ တွေးလိုက်ကြ၏။

သူတို့သည် ဆူဇီမိုကို အရင်က မတွေ့မြင်ဖူးသော်လည်း ဤကဲ့သို့ စွမ်းအားကြီးမားသည့် အော်ရာတစ်ခုကို ဖြာထုတ်ပေးနိုင်သူမှာ တာအိုအရှင် အထီးကျန်သိုင်းသခင်သာ ဖြစ်ရပေလိမ့်မည်။

အရင်က ဆူဇီမိုကို တွေ့မြင်ထားဖူးသော ကြယ်တာရာလမင်းဂိုဏ်းချုပ်နှင့်​ အခြားသူများက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်ကြ၏။

အဲဒါကို သူတို့မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်း မဟုတ်လျှင် ဆယ်နှစ်မျှ ကြာရုံနှင့် တာအိုအရှင် အထီးကျန်သိုင်းသခင်က ဤမျှအတိုင်းအတာအထိ အသွင်ပြောင်းလဲသွားလိမ့်မည်ဟု သူတို့က ယုံကြည်လိမ့်မည် မဟုတ်ပေ။

အဲဒါသည် သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာရုံမျှသာ မဟုတ်ပေ။

အဲဒီမှာ ဖော်မပြနိုင်သော ခံစားချက်တစ်ခုလည်း ရရှိနေ၏။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ဆူဇီမိုသည် သမိုင်းတစ်လျှောက် အသန်မာဆုံး ပြန်ဝင်စား မွန်းစတားဘွဲ့ကို ခံယူပြီး မည်ကာမတ္တ တပည့်များစွာကို သတ်ဖြတ်ကာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ နာမည်ဂုဏ်သတင်း ကျော်ကြားလာခဲ့၏။ တစ်ပိုင်းမျိုးနွယ်စု ဘိုးဘေးတစ်ယောက်၏ တိုက်ခိုက်ခံရပြီးတာတောင် သူက ပြန်လည်မွေးဖွားလာခဲ့၏။

သို့​သော်လည်း.. ထိုအချိန်တုန်းက ကြယ်တာရာလမင်းဂိုဏ်းနှင့် အခြားသူများသည် ဆူဇီမိုကို ဂျူနီယာတစ်ယောက်အဖြစ် ရှုမြင်နေကြဆဲဖြစ်၏။

သို့သော် ယခုအခါ ဆူဇီမိုထံမှ လောကဓံတရား ခံစားချက်နှင့် ဖိအားတစ်ခုက ဖြာထွက်လာနေ၏။ သူ့ရှေ့တွင် ကြယ်တာရာလမင်းဂိုဏ်းမှ လူတိုင်းသည် ဖိအားတစ်ခုကို ခံစားလာရ၏။

“ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်.. တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်”

အတန်ကြာ တိတ်ဆိတ်နေပြီးနောက်.. မုယုံမိသားစုခေါင်းဆောင်က အရင်ဆုံး ရှေ့သို့တက်လှမ်းပြီး ညင်သာစွာ ပြောလိုက်၏။

“သိုင်းတာအိုကို တည်ထောင်ပြီး အများလူထုအတွက် ကောင်းချီးမင်္ဂလာတစ်ခု ဆောင်ကြဉ်းပေးခဲ့တဲ့အတွက်လည်း ကျွန်မက ဂုဏ်ပြုပါရစေ..”

“အရင်.. ကျွန်မက ရှင်နဲ့ ခွဲခွာခဲ့တုန်းက ရှင်က သိုင်းတာအိုကို တည်ထောင်နိုင်ခဲ့ရင် ကျွန်မကိုယ်တိုင်လာပြီး ဂုဏ်ပြုပေးမယ်လို့ ပြောခဲ့ဖူးတယ်လေ.. အခုတော့ ကျွန်မရဲ့ ကတိကို ဖြည့်ဆည်းလို့ ရပြီပေါ့”

မုယုံမိသားစုခေါင်းဆောင်သည် ချောမောလှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်၏။ သူမသည် အသက်သုံးဆယ်ကျော်ကျော်အရွယ် ရှိပြီး လုံးကြီးပေါက်လှ ကိုယ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထား၏။ သူမ၏ စကားလုံးများနှင့် အပြုအမူက ကြော့ရှင်းတင့်တယ်ပြီး သူမ၏ စကားသံက နွေဦးလေပြေကဲ့သို့ နူးညံ့ညင်သာနေ၏။

“ခင်ဗျားက တော်တော်ကြင်နာတတ်တာပဲ တာအိုရောင်းရင်း မုယုံ”

ဆူဇီမိုက ညင်သာစွာ ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“ထိုင်ပါဦး”

ခန်းမထဲမှာ နေရာလွတ်များစွာ ရှိနေ၏။

ထိုအခိုက်အတန့်တွင် ထောင်ယောင်က ဆူဇီမို၏ အမိန့်ဖြင့် အောက်သို့ဆင်းလာပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ကုလားထိုင်တစ်လုံးကို ထုတ်ယူကာ မုယုံမိသားစုခေါင်းဆောင်၏ ဘေးမှာ ချပေးလိုက်၏။

“ကျေးဇူးပြုပြီး..”

ထောင်ယောင်က ဖိတ်ခေါ်ကြိုဆိုသည့် ဟန်အမူအရာ လုပ်ပြလိုက်၏။

“ကျေးဇူးတင်ပါတယ် တာအိုကလေးငယ်”

မုယုံမိသားစုခေါင်းဆောင်က ပြုံး၍ ထိုင်ချလိုက်၏။

မုယုံမိသားစုမှ အခြားသော ကျင့်ကြံသူများသည် ခန်းမထဲမှာ ထိုင်ဖို့ အဆင့်မမီဘဲ မုယုံမိသားစုခေါင်းဆောင်၏ နောက်မှာသာ မတ်တတ်ရပ်နေကြရ၏။

ဆူဇီမို၏ အကြည့်က ကြယ်တာရာလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဆီသို့ ရွေ့လျားသွား၏။

ကြယ်တာရာလမင်းဂိုဏ်းချုပ်က ရယ်မော၍ ရှေ့သို့ထွက်ရပ်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။

“နှုတ်ဆက်ပါတယ် တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်.. ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်သွားတဲ့အတွက်လည်း ဂုဏ်ပြုပါတယ်.. သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးတဲ့အတွက်လည်း ဂုဏ်ပြုပါတယ်”

“ပြောတာ ကောင်းတယ်ဗျို့”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ထိုင်ပါဦး”

ထောင်ယောင်က သူ၏ သိုလှောင်အိတ်ထဲကနေ နောက်ထပ် ကုလားထိုင်တစ်လုံးကို ထုတ်ယူပြီး ကြယ်တာရာလမင်းဂိုဏ်းချုပ် ဘေးတွင် ချပေးလိုက်၏။

ကြယ်တာရာလမင်းဂိုဏ်းချုပ်က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က.. ယန်တိုင်းပြည်နန်းတော်၌ တိုက်ပွဲအပြီးတွင် ဆူဇီမိုနှင့် ကြယ်တာရာလမင်းဂိုဏ်းကြားက ရန်ငြိုးရန်စများကို သင်ပုန်းချေမည်ဖြစ်ကြောင်း သူက ဆူဇီမိုကို ပြောခဲ့လေသည်။

အဲဒီနောက်.. ပင်ယန်းမြို့အပြင်ဘက် တိုက်ပွဲမှာလည်း ကြယ်တာရာလမင်းဂိုဏ်းသည် မည်သည့်ကျင့်ကြံသူကိုမှ မစေလွှတ်ခဲ့ပေ။

ကြည့်ရသည်မှာ.. သူ၏ ထိုဆုံးဖြတ်ချက်နှစ်ခုက မှန်ကန်ခဲ့လေသည်။

မီးလျှံကိုလန်ဘတ်တောင်ကြား၏ တောင်ကြားသခင်က သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြီး ရယ်မောလိုက်၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်.. သက်ရှိအားလုံးကို သိုင်းတာအို သင်ကြားပေးတဲ့ ကိစ္စကြီးတစ်ခုကိုတောင် ခင်ဗျားက လုပ်နိုင်ခဲ့တယ်ဆိုတော့.. အဲဒါနဲ့ယှဉ်ရင် ခင်ဗျား ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်လာတာက ဘာမှပြောစရာ သိပ်မလိုတော့ဘူး.. ဒါပေမဲ့ သိုင်းတာအိုကို ဖန်တီးလိုက်တာကတော့ တကယ့်ကို ကြီးကြီးမားမား ကိစ္စကြီးပဲ”

“ရပါတယ်လေ..”

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

“တောင်ကြားသခင်.. ခင်ဗျားက ဒီနေ့ ဘာလို့ ဒီမှာ မနေရမှာလဲ.. ကျားနဂါးဂိုဏ်းထဲမှာ ဝိုင်ကန်တစ်ကန် ရှိတယ်.. ဝိုင်ရဲ့ ရနံ့ကလည်း မွှေးပျံ့နေတာပဲ.. ခင်ဗျားက စိတ်ကျေနပ်အားရတဲ့အထိ ဒီမှာ သောက်လို့ရတာပဲ”

“ကောင်းတယ်ဗျာ.. ကောင်းတယ်.. ကောင်းတယ်”

မီးလျှံကိုလန်ဘတ်တောင်ကြား၏ တောင်ကြားသခင်က အလောတကြီး ပြောလိုက်လေသည်။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်က ဒီလိုပြောနေမှတော့ ကျုပ်ကလည်း မငြင်းပယ်တော့ပါဘူး.. ကျုပ်က ကျားနဂါးဂိုဏ်းက ဝိုင်ကောင်းကောင်းကို အရင်က သောက်ဖူးပေမဲ့ တစ်ခါမှ မတင်းတိမ်ခဲ့ဘူး.. နောက်ဆုံး ဒီနေ့တော့ ကျုပ်က စိတ်ကျေနပ်အားရတဲ့အထိ သောက်ရတော့မှာပေါ့လေ”

“ထိုင်ပါဦး”

ဆူဇီမိုက ခေါင်းညိတ်၍ လက်ဟန်အမူအရာ ပြလိုက်၏။

ထောင်ယောင်က မီးလျှံကိုလန်ဘတ်တောင်ကြား၏ တောင်ကြားသခင်ဘေးသို့ ရောက်ရှိလာပြီး ထိုင်ခုံတစ်လုံးကို ထုတ်ပေးလိုက်၏။

“ကျေးဇူးတင်ပါတယ်”

မီးလျှံကိုလန်ဘတ်တောင်ကြား၏ တောင်ကြားသခင်က ရယ်မော၍ သက်သောင့်သက်သာပုံစံဖြင့် ထိုင်ချလိုက်၏။

အစကတော့ ခန်းမထဲရှိ လေထုက အနည်းငယ် တင်းကျပ်နေခဲ့၏။

သို့သော် ယခုအခါ.. စကားအနည်းငယ် ပြောဆိုပြီးနောက် ပတ်ဝန်းကျင်က ပို၍ သက်ဝင်လှုပ်ရှားလာခဲ့၏။

များစွာသော ကျင့်ကြံသူများကလည်း စိတ်သက်သာရာ ရသွားကြ၏။

ယင်တစ္ဆေဂိုဏ်း၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနှင့် သွေးမြူဂိုဏ်းကဲ့သို့ အခြားသော ဂိုဏ်းများမှ ကျင့်ကြံသူများက သူတို့ဘာသာသူတို့ တွေးလိုက်ကြ၏။

“ဒဏ္ဍာရီအရဆို.. အထီးကျန်သိုင်းသခင်က မိစ္ဆာတစ်ကောင်လို သတ်ဖြတ်ရာမှ ပြတ်သားတယ်လို့ ပြောကြတယ်.. အခုကြည့်ရတာတော့ အဆင်ပြေတဲ့ပုံပါပဲ”

“ဆရာ.. ခင်ဗျားက စိုးရိမ်စိတ်လွန်ကဲနေခဲ့တာပဲ”

တာအိုအရှင် မဟူရာသားရေက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“ကြည့်ရတာတော့.. အထီးကျန်သိုင်းသခင်က လိမ္မာပါးနပ်ပြီးတော့ ကျုပ်တို့ကို ဆန့်ကျင်ဖို့ စိတ်ကူးမရှိဘူး ထင်တယ်”

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က ဘာမှမပြောပေ။

တကယ်တော့ လက်ရှိအခြေအနေသည် ဘာကိုမှ အတည်မပြုနိုင်သေးပေ။

ကြယ်တာရာလမင်းဂိုဏ်း၊ မီးလျှံကိုလန်ဘတ်တောင်ကြားနှင့် မုယုံမိသားစုတို့သည် အစကတည်းက ဆူဇီမိုနှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိခဲ့ပေ။

သို့သော်လည်း သူတို့ကတော့ ကွဲပြားခြားနားလေသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့အတွက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုပင် သူတို့ဂိုဏ်းက စေလွှတ်ခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း အထီးကျန်သိုင်းသခင်၏ ပိုင်ဆိုင်မှုများကို လုယူဖို့အတွက် ပင်ယန်းမြို့ အနီးအနားသို့ သူတို့ ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့ကြသေးလေသည်။

အဲဒါက ကြီးမားသည့် တားမြစ်ချက်တစ်ခု ဖြစ်၏။

ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က တွေဝေတုံ့ဆိုင်းနေစဉ်မှာပင်.. ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းက ရှေ့သို့ ထွက်ရပ်လိုက်၏။

ကြယ်တာရာလမင်းဂိုဏ်းချုပ် နည်းတူစွာ.. ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်ကလည်း အပြုံးတစ်ခုကို ထုတ်ဖော်ပြီး သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ဓမ္မဝိသေသအဆင့်ကို ဝင်ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ် တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်.. ခင်ဗျားက သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးအတွက် ကောင်းချီးမင်္ဂလာ ဆောင်ကြဉ်းပေးလာခဲ့တယ်.. အဲဒါက တကယ့် ထာဝရတည်တံ့နေမယ့် အောင်မြင်ရရှိမှုတစ်ခုပါပဲ”

ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုက ဤလူအတွက် ထိုင်ခုံတစ်လုံး ထုတ်ပေးခိုင်းမည်ဖြစ်၏။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဆူဇီမိုက စိတ်ခံစားချက် ကင်းမဲ့နေပြီး ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်ကို တိတ်တဆိတ်ဖြင့်သာ ကြည့်၍ ဒီတိုင်းထားလေသည်။

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲတောင့်တင်းသွား၏။

ယခုတင် စိတ်အေးသက်သာ ရှိနေကြသော ကျင့်ကြံသူများသည် ကပ်ဘေးတစ်ခု သူတို့အပေါ်ကို ဆင်းသက်လာတော့မည့်အလား.. ရင်ထဲမှာ ရုတ်တရက် တလှပ်လှပ် ခံစားလာရ၏။

ခန်းမထဲရှိ လေထုက ရုတ်တရက် တင်းကျပ်လာခဲ့လေသည်။

အရင်တုန်းက ဆူဇီမိုကို ဝန်းရံသတ်ဖြတ်ဖို့ ကြိုးစားခဲ့သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက်ထဲမှ တစ်ယောက်သည် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းမှ ဖြစ်လေသည်။

ပင်ယန်းမြို့ အပြင်ဘက်သို့လည်း ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူများက ရောက်ရှိလာခဲ့သေး၏။

“တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်.. ကျုပ်က..”

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်သည် အိုးတိုးအမ်းတမ်း ဖြစ်နေ၏။ သူက ဆက်ပြောတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက သူ၏အကြည့်ကို ရုတ်သိမ်း​ပြီး မလှမ်းမကမ်းရှိ ကောင်းကင်ရွေ့လျားဂိုဏ်းချုပ်ကို လှည့်ကြည့်လိုက်၏။

“မတွေ့ရတာ ဆယ်နှစ်ကျော်တောင် ကြာသွားပါပေါ့လား.. ဂိုဏ်းချုပ် ခင်ဗျားအခြေအနေ ဘယ်လိုလဲ”

ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကောင်းကင်ရွေ့လျားဂိုဏ်းချုပ်သည် ဆူဇီမိုနှင့် သူ့ကြားက ရန်ငြိုးရန်စများကို ပယ်ဖျက်ပြီး နောက်နောင် ပြဿနာမရှာတော့ဘူးဟု ကတိကဝတ်ပြုခဲ့လေသည်။

နောက်ပိုင်းတွင်.. ကောင်းကင်ရွေ့လျားဂိုဏ်းသည် သူတို့၏ ကတိအတိုင်း လိုက်နာခဲ့ပြီး ပင်ယန်းမြို့သို့ မည်သည့်ကျင့်ကြံသူကိုမှ မစေလွှတ်ခဲ့ပေ။

ကောင်းကင်ရွေ့လျားဂိုဏ်းချုပ်သည် ခဏမျှ မှင်တက်သွားပြီးနောက်.. ဘဝင်ခိုက်သလို ခံစားရကာ အလောတကြီးပြောလိုက်၏။

“အားလုံး အဆင်ပြေပါတယ် တာအိုရောင်းရင်း”

“ထိုင်ပါဦး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ထောင်ယောင်က ထိုင်ခုံတစ်လုံးကို ထုတ်ယူပြီး ကောင်းကင်ရွေ့လျားဂိုဏ်းချုပ် ဘေးတွင် ချပေးလိုက်၏။

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်သည် ဘေးဘက်တွင် မတ်တတ်ရပ်ပြီး ရှေ့တိုးရမလား.. နောက်ဆုတ်ရမလား.. မသိတော့ပေ။ သူ၏မျက်နှာက အနီရောင်နှင့် ခရမ်းရောင် ရောထွေးလာပြီး ပူစပ်ပူလောင် ခံစားလာရ၏။

‘ကျေးဇူးတရားနဲ့ အမုန်းတရားကြားမှာ သိသိသာသာ ခွဲခြားထားတာပဲ’

ကြယ်တာရာလမင်းဂိုဏ်းချုပ်၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာ၏။

သူတို့အပေါ် ဆူဇီမို၏ စိတ်နေသဘောထားသည် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်အပေါ် သူ၏ စိတ်နေသဘောထားနှင့် လုံးဝကို ကွဲပြားခြားနားနေ၏။

သူတို့အားလုံးသည် ဆူဇီမိုနှင့် မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်ရှိလာသော်လည်း ယင်တစ္ဆေဂိုဏ်း၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းနှင့် အခြားဂိုဏ်းများ၏ ခရီးစဉ်က အလဟဿ ဖြစ်တော့မည့်ပုံ ရှိနေ၏။

“အထီးကျန်သိုင်းသခင်.. ဒါက ဘာသဘောလဲ”

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ ထွက်ရပ်လာ၏။ သူ၏မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်တက်လာပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ငါတို့ဂိုဏ်းချုပ်က ဒီနေရာကို ဂုဏ်ပြုစကား ပြောဖို့အတွက် ကိုယ်တိုင်ရောက်လာခဲ့တယ်.. မင်းလို ကောင်လေးတစ်ယောက်က ငါတို့ကို ဘယ်လိုတောင် အရှက်ခွဲနိုင်ရတာလဲ”

“ဟမ့်”

ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူ၏အကြည့်က သိပ်သည်းစုဖွဲ့လာ၏။

“မင်းက ငါ့ကို သတ်ဖြတ်ချင်တာလား”

ဆူဇီမို၏ အာရုံခံသတိစိတ်က သတ်ဖြတ်လိုစိတ်အပေါ် အာရုံခံရာမှာ အထက်ရှဆုံးဖြစ်၏။

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းသည် သူ့ကို သတ်ဖြတ်ဖို့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို တစ်ခါက စေလွှတ်ခဲ့ဖူး၏။ ထိုအကြွေးကို အခုထိတောင် မဖြေရှင်းရသေးဘဲ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲက သူ့အပေါ်မှာ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ရဲသေးလေသည်။

“မင်းကတော့ သေချင်နေပြီပဲ”

ဆူဇီမိုက ပင့်သက်ကို ရှူထုတ်ပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို မြှောက်ကာ ဓားကွက်တစ်ခုကို ထုတ်ဖော်ပြီး ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဇီး…

ပြိုးပြိုးပြက်ပြက် ဓားအလင်းတန်းက ရုန်းကန်ထွက်ပေါ်လာပြီး အဖြူရောင် အလင်းတန်းက ပြန့်ကားသွားခဲ့၏။

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲက ထိတ်လန့်သွားလေသည်။

ဆူဇီမိုသည် ဤမျှအထိ လွှမ်းမိုးခြယ်လှယ်ပြီး ဂိုဏ်းပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံရှေ့ လူအများမြင်ကွင်းမှာပင် သတ်ဖြတ်ရဲလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သူက စိတ်အာရုံ ပျက်ယွင်းသွားသည့် ခဏမှာပင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက လေဟာနယ်ကို ဖြတ်ကျော်၍ သူ၏ ဦးခေါင်းထဲသို့ ဝင်ရောက်လာခဲ့လေပြီ။

ဖောက်…

ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း အကြီးအကဲသည် နှစ်ပိုင်းထိုးခွဲခံရပြီး နေရာမှာပင် သေဆုံးသွားလေတော့သည်။

All Chapters