ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှု
Vol. 83 Ch. 1238
သတ်ဖြတ်ရာမှာ ပြတ်သားခြင်း....
စောစောကတင် အေးအေးလူလူစကားပြောဆိုနေဆဲ ဖြစ်သော တာအိုအရှင် အထီးကျန်သိုင်းသခင်သည် တစ်ခဏအတွင်းမှာပင် သတ်ဖြတ်လာလိမ့်မည်ဟု မည်သူကများ တွေးထင်ထားပါမည်နည်း။
ဤအခိုက်အတန့်မှသာလျှင် ဆူဇီမိုက ဘယ်လောက်တောင်သန်မာသလဲ လူတိုင်းက နားလည်သွားကြ၏။
ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်သည် နေရာမှာပင် မတ်တတ်ရပ်နေပြီး အချိန်မီမတုံ့ပြန်နိုင်ဘဲ သူ့ဘေးတွင်ရှိသော အကြီးအကဲ လဲကျသေဆုံးသွားသည်ကို ဒီတိုင်းသာ ကြည့်နေလိုက်နိုင်၏။
ထိုအခိုက်အတန့်တွင် သူက ဒေါသထွက်လာခြင်းမရှိဘဲ ကြောက်ရွံ့မှုကိုသာ ခံစားလာရ၏။
အဖြူရောင်ဓားချီက သူ၏ဘေးကနေ ကပ်ထွက်သွားလေသည်။ သူ့ဘေးတွင်ရှိသော အကြီးအကဲကိုမပြောနှင့် သူပင်လျှင် အဲ့ဒါကို မတုံ့ပြန်နိုင်ခဲ့ပေ။
တစ်နည်းအားဖြင့်ဆိုလျှင် ဓားချီက သူ့ကိုချိန်ရွယ်ခဲ့ပါက သူက အခုလောက်ဆို သေလူတစ်ယောက်ဖြစ်နေလောက်လေပြီ။
မသိလိုက်မသိဘာသာနှင့်ပင် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းချုပ်သည် ချွေးများဖြင့် စိုရွှဲလာခဲ့၏။
သို့သော်လည်း သူ၏ အဆင့်အတန်းကြောင့် သူက တည်ငြိမ်သယောင် ဟန်ဆောင်လိုက်၏။ သို့သော်လည်း သူက ဘာစကားမှ မပြောနိုင်ပေ။
ကြီးမားကျယ်ဝန်းသော နန်းတော်ထဲတွင် အဆင့်မြင့်ဂိုဏ်း ၉ ဂိုဏ်း ၊ အထက်တန်းလွှာကလန် ၄ ခုနှင့် ရှေးတော်ဝင်မိသားစု ၂ ခုမှ ကျင့်ကြံသူများစွာ ပြည့်နှက်နေသော်လည်း မည်သူကမှ စကားပြောဆိုခြင်းမရှိဘဲ ကြောက်ရွံ့မှုဖြင့် လူတိုင်းက နှုတ်ဆိတ်နေကြ၏။
ထိုဓားချီတစ်ခုတည်းက လက်ရှိကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားစေ၏။
ကြယ်တာရာလမင်းဂိုဏ်း ၊ မီးလျှံကိုလံဘတ်တောင်ကြားနှင့် အခြားသော အဆင့်မြင့်ဂိုဏ်းများမှ ဂိုဏ်းချုပ်များသည် သူတို့၏ ထိုင်ခုံများမှာ နေရာယူထားကြပြီဖြစ်ပြီး ဘေးကနေ အေးဆေးစွာဖြင့် စောင့်ကြည့်နေကြ၏။
ယင်တစ္ဆေဂိုဏ်း ၊ သွေးမြူဂိုဏ်းနှင့် အခြားသောအဆင့်မြင့်ဂိုဏ်းများမှ ဂိုဏ်းချုပ်များအနေဖြင့် သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် မနှစ်မြို့ကြသော်လည်း မည်သူကမှ စကားမပြောနိုင်ကြပေ။
ပထမအချက်အနေဖြင့် သူတို့သည် ဆူဇီမို၏ နည်းလမ်းများကို ကြောက်ရွံ့သွားကြ၏။
သူတို့သာ ရှေ့သို့ထွက်ရပ်ခဲ့လျှင် တာအိုအရှင်အထီးကျန်သိုင်းသခင်သည် မည်သည့် ထိန်ချန်ငဲ့ကွက်မှုမှမရှိဘဲ သူတို့ကို သေချာပေါက်သတ်ဖြတ်ရဲပေလိမ့်မည်။
ဒုတိယအချက်အနေဖြင့် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း၏ ဂိုဏ်းချုပ်ပင်လျှင် ဘာစကားမှပြောဆိုခြင်းမရှိမှတော့ သူတို့အနေဖြင့် ဤကိစ္စအတွက်ကြောင့် ဆူဇီမိုကို ဆန့်ကျင်စရာအကြောင်းမရှိပေ။
အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများ ခန်းမထဲသို့ ဝင်ရောက်လာပြီး ဆယ်မိနစ်မကြာခင်မှာပင် ဆူဇီမိုက အခြေအနေတစ်ခုလုံးကို ပကတိထိန်းချုပ်သွားခဲ့လေပြီ။
ဆူဇီမို၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ အခြားသောဂိုဏ်းများမှ ဂိုဏ်းချုပ်များနှင့် စကားဆက်လက်ပြောဆိုပြီး ဂိုဏ်းချုပ်နှင့် မိသားစုခေါင်းဆောင်တချို့အတွက် ထောင်ယောင်ကို နေရာထိုင်ခင်းချပေးခိုင်းလိုက်၏။
သိပ်မကြာမီ.... အဆင့်မြင့်ဂိုဏ်းချုပ်များနှင့် ရှေးတော်ဝင်မိသားစုခေါင်းဆောင်များသည် သူတို့၏ ထိုင်ခုံများမှာ နေရာယူလိုက်ကြ၏။ သို့သော်လည်း အဆင့်မြင့်ဂိုဏ်း ၄ ဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် အထက်တန်းလွှာကလန်တစ်ခု၏ မိသားစုခေါင်းဆောင်သည် နေရာမှာပင် စောင့်ဆိုင်းနေကြပြီး ဆူဇီမိုက သူတို့အတွက် နေရာထိုင်ခင်းချပေးခြင်းမရှိပေ။
ယင်တစ္ဆေဂိုဏ်း ၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း ၊ သွေးမြူဂိုဏ်း ၊ ဆန်းကြယ်ကောင်းကင်ဂမ္ဘီရကျင့်ထုံးဂိုဏ်းနှင့် ယုဝမ်ကလန်တို့ဖြစ်လေသည်။
များစွာသောကျင့်ကြံသူများက ချက်ချင်းပင် နားလည်သဘောပေါက်လာကြ၏။
ကျားနဂါးဂိုဏ်းအပါအဝင် ဤဂိုဏ်း ၆ ဂိုဏ်းသည် တစ်ခါတုန်းက အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ဖို့အတွက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ စေလွှတ်ခဲ့ကြဖူးလေသည်။
ဒါ့အပြင် သူတို့ ၅ ဂိုဏ်းစလုံးသည် အထီးကျန်သိုင်းသခင်၏ ပိုင်ဆိုင်မှုများအတွက် ပင်ယန်းမြို့သို့ပင် သူတို့၏ လူများကို စေလွှတ်ခဲ့ကြလေသည်။
တာအိုအရှင်အထီးကျန်သိုင်းသခင်သည် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများအားလုံးနှင့် ရန်သူဖြစ်လိုသော ရည်ရွယ်ချက်မရှိပေ။ ဤဂိုဏ်းများကသာ သူ၏ပစ်မှတ်ဖြစ်လေသည်။
အဆင့်မြင့်ဂိုဏ်းချုပ်အများစုသည် သူတို့၏ထိုင်ခုံမှာ နေရာယူထားကြ၏။ သို့သော်လည်း ယင်တစ္ဆေဂိုဏ်းနှင့် ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်းမှ ဂိုဏ်းချုပ်များသည် ခန်းမထဲမှာ မတ်တတ်ရပ်နေရပြီး ထင်းထင်းကြီးပေါ်လွင်နေ၏။
ယင်တစ္ဆေဂိုဏ်းနှင့် အခြားသောဂိုဏ်းများမှ ဂိုဏ်းချုပ်များသည် စိတ်ထဲမှာ မအီမသာခံစားနေရသော်လည်း သူတို့က သူတို့ကိုယ်သူတို့ အတင်းအကျပ်တည်ငြိမ်ထားစေလိုက်၏။
ဆူဇီမိုသည် သူတို့ကို လှည့်ပင်မကြည့်ဘဲ အခြားသောဂိုဏ်းချုပ်များနှင့် မိသားစုခေါင်းဆောင်များနှင့်အတူ ထွေရာလေးပါး စကားပြောဆိုနေ၏။ သူသည် စိတ်ဝင်စားစရာကောင်းသော ကျင့်ကြံခြင်းအမျိုးအစားများနှင့် ရှေးဟောင်းဒဏ္ဍာရီအချို့ကိုပင် ပြောဆိုနေ၏။
ထိုသူများသည် မေ့လျော့ခံထားရပုံရပြီး နေရာမှာပင် ကျန်ရစ်ကာ ရှေ့တိုးရမည် သို့မဟုတ် နောက်ဆုတ်ရမည်မသိတော့ပေ။
သူတို့အားလုံးသည် သက်ဆိုင်ရာဂိုဏ်းများနှင့် တော်ဝင်မိသားစုများ၏ ခေါင်းဆောင်များ အသီးသီးဖြစ်ကြ၏။
မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတွင် သူတို့သည် မြင့်မြတ်သောအဆင့်အတန်းများရှိပြီး သူတို့သွားလေရာနေရာတိုင်း ကြည်ညိုလေးစားခံကြရ၏။ သို့သော် ယခုအခါ သူတို့သည် ဤကဲ့သို့သော အရှက်ခွဲမှုကို ကြိတ်မှိတ်ခံစားနေရ၏။
သူတို့အသက်တစ်ချက်ရှုလိုက်တိုင်း သူတို့သည် ခန်းမထဲမှာ ညင်းပန်းနှိပ်စက်မှုကို ခံစားနေရ၏။ ထိုသို့ဆိုလျှင်တောင် သူတို့သည် ဝတ်ရုံစများကို လှုပ်ခါ၍ လှည့်ထွက်သွားရဲခြင်းမရှိကြပေ။
အနည်းဆုံးတော့ ကြည့်ရသည်မှာ တာအိုအရှင်အထီးကျန်သိုင်းသခင်က သူတို့ကို သတ်ဖြတ်ဖို့စိတ်ကူးမရှိပုံပင်။ မဟုတ်ပါက အထီးကျန်သိုင်းသခင်၏ စိတ်နေစရိုက်အရ သူသည် ယခုအချိန်ထိ အချိန်ဆွဲနေမည်မဟုတ်ဘဲ သူတို့ကို တိုက်ခိုက်ခဲ့သည်မှာ ကြာနေလောက်လေပြီ။
သို့သော်လည်း သူတို့ အခုနေထွက်ခွာသွားမည်ဆိုလျှင် တာအိုအရှင်အထီးကျန်သိုင်းသခင်က သူတို့ကို သတ်ဖြတ်လာမလား သူတို့မပြောတတ်ပေ။
သူတို့ထဲ မည်သူကမှ ထိုအန္တရာယ်ကို စွန့်စားရဲခြင်းမရှိကြပေ။
အခြေအနေက ဖိအားပေးနေပြီး သူတို့ ၅ ယောက်က ကြိတ်မှိတ်၍သာ ခံစားနေရ၏။
အတန်ကြာပြီးနောက် ဆူဇီမိုက သူတို့ ၅ ယောက်ကို လှည့်ကြည့်လာခဲ့၏။
“ယင်တစ္ဆေဂိုဏ်း ၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း ၊ သွေးမြူဂိုဏ်း ၊ ဆန်းကြယ်ကောင်းကင်ဂမ္ဘီရကျင့်ထုံးဂိုဏ်းနဲ့ ယုဝမ်ကလန်”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။
“မင်းတို့ရဲ့ ပစ်မှုတွေကို မင်းတို့သိကြလား”
သူ့အသံက မနှေးလွန်းမမြန်လွန်းပေ။ သို့သော်လည်း အဲ့ဒီမှာ ဂိုဏ်းချုပ်ငါးယောက်ကို မွန်းကျပ်စေသည့် သိပ်သည်းပြင်းထန်သည့် ဖိအားတစ်ခုပါဝင်နေ၏။
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်က အံကိုတင်းတင်းကြိတ်ပြီး အော်ပြောလိုက်၏။
“ကျုပ်တို့က ခင်ဗျားကို ဘယ်လိုမျိုးဆန့်ကျင်ခဲ့မိလို့လဲ တာအိုအရှင်... ကျေးဇူးပြုပြီး ရှင်းပြပါဦး”
ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း လေးနက်သောအသံဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။
“တာအိုအရှင်အထီးကျန်သိုင်းသခင်.... လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ခင်ဗျားကို သတ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့... အဆင့်မြင့်သခင်လန်ယွဲ့က ဆန်းကြယ်ကောင်းကင်ဂမ္ဘီရကျင့်ထုံးဂိုဏ်းကနေ နှုတ်ထွက်သွားပြီလို့ ကြေညာခဲ့ပြီးသားပဲ... သူ့ရဲ့ နောက်ပိုင်းအပြုအမူက ကျုပ်တို့ဂိုဏ်းနဲ့ မပတ်သက်တော့ဘူးလေ”
သူက ထိုကဲ့သို့သော တစ်စုံတစ်ရာကို အလွယ်တကူ ဝန်ခံလိမ့်မည်မဟုတ်ပေ။
သူက အဲ့ဒါကို ဝန်ခံလိုက်သည့်ခဏမှာပင် သူတို့က အထီးကျန်သိုင်းသခင်ကို ဆန့်ကျင်မိပြီးသားဖြစ်သွားပေလိမ့်မည်။
တာအိုအရှင်အထီးကျန်သိုင်းသခင်က ဤနေရာမှာ သူတို့ကို သတ်ဖြတ်ဖို့အတွက် ပကတိအကြောင်းပြချက်တစ်ခုရသွားပေလိမ့်မည်။
ဒါ့အပြင် အဲ့ဒါက အမှန်တရားသာဖြစ်၏။
ထိုစဥ်တုန်းက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၆ ယောက်သည် သူတို့ဂိုဏ်းကနေ ထွက်ခွာသွားပြီးဖြစ်ကြောင်း ကြိုတင်၍ ထုတ်ဖော်ကြောညာခဲ့သည်မှာ သူတို့၏ ဂိုဏ်းများကို ရောပါငြိစွန်းပြီး ဒုက္ခမရောက်စေရန် ဖြစ်လေသည်။
ယင်တစ္ဆေဂိုဏ်း ၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း နှင့် အခြားသော အဆင့်မြင့်ဂိုဏ်းများက ဤကိစ္စသည် သူတို့နှင့် မပတ်သက်ကြောင်း မလျှော့တမ်း ငြင်းဆန်မည်ဆိုလျှင် မည်သူကမှ အဲ့ဒါကို သက်သေပြနိုင်လိမ့်မည်မဟုတ်ပေ။
“အို....”
ဆူဇီမိုက မှင်သေသေဖြင့် အသံတစ်ချက်ပြုပြီး ဤကိစ္စအပေါ် သူတို့နှင့် ဆက်လက်၍ ငြင်းခုံမနေတော့ပေ။ သူက ဆက်လက်၍ မေးလိုက်၏။
“လွန်ခဲ့တဲ့ရက်အနည်းငယ်က မင်းတို့ဂိုဏ်းက ကျင့်ကြံသူတွေက ပင်ယန်းမြို့အပြင်ဘက်ကိုရောက်လာခဲ့တယ်... မင်းတို့တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“အဲ့ဒီအချိန်တုန်းက... ခင်ဗျားက ဓမ္မဝိသေသအဆင့်ကို သေချာပေါက်တက်လှမ်းနိုင်တယ်ဆိုတာ ကျုပ်တို့က ယုံကြည်ခဲ့တယ်... အဲ့ဒါကြောင့် ခင်ဗျားကို ဂုဏ်ပြုဖို့အတွက် ကျုပ်တို့ရဲ့ ကျင့်ကြံသူတွေကို စေလွှတ်ခဲ့တာ”
ယင်တစ္ဆေဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အခြားသူများက ဤအကြောင်းပြချက်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားဖြစ်၏။
တကယ်တော့... ထိုအကြောင်းပြချက်သည် ဟာကွက်များနှင့် ပြည့်နှက်နေပြီး သူတို့သည် ယခုလောလောဆယ် ယာယီခုခံဖို့အတွက်သာ အဲ့ဒါကိုအသုံးပြုနိုင်ပေလိမ့်မည်။
သူတို့ဂိုဏ်းရှိ ကျင့်ကြံသူများသည် ဆူဇီမိုသေဆုံးပြီးနောက် သူ၏ပိုင်ဆိုင်မှုများကို လုယူဖို့အတွက် ပင်ယန်းမြို့သို့ ရောက်လာသည်ဖြစ်ကြောင်းကို သူတို့က ပြောနိုင်လိမ့်မည်မဟုတ်ပေ။
ထိုသို့ပြောဆိုလိုက်ပါက သူတို့ထဲ မည်သူကမှ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။
“အို....”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“သိပ်ကောင်းတယ်”
ဆူဇီမိုက တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ယင်တစ္ဆေဂိုဏ်းချုပ်နှင့် အခြားသူများက ရင်ထဲမှာ တလှပ်လှပ်ခံစားနေရ၏။
“အဲ့လိုဆိုမှတော့... မင်းတို့တွေက ဘာမှမမှားကြဘူးပဲ... ငါကပဲ အတွေးလွန်နေတာနေမှာပါ”
ဆူဇီမိုက တီးတိုးရေရွတ်၍ သူ၏လက်ချောင်းထိပ်ဖျားတွင် အဖြူရောင်ဓားချီတစ်ခုကို တဖြည်းဖြည်း စုဖွဲ့လာစေပြီး ၎င်းက အလွန်တရာထက်ရှသော အော်ရာတစ်ခုဖြာထွက်နေ၏။
ဟင်း.....
ခေါင်းဆောင် ၅ ယောက်၏ သူငယ်အိမ်များက တင်းကျပ်သွားပြီး ပင့်သက်ကိုရှိုက်လိုက်ကြ၏။
ထိုအခိုက်အတန့်တွင် သူတို့သည် သေခြင်းအော်ရာကိုပင် ခံစားမိလာကြ၏။
“မကောင်းတော့ဘူး.... အထီးကျန်သိုင်းသခင်က သတ်ဖြတ်ချင်နေပြီ”
ထိုအတွေးက သူ့စိတ်ထဲသို့ဝင်ရောက်လာသည့်ခဏမှာပင် ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်သည် လိပ်ပြာလွင့်မတက် ကြောက်လန့်လာပြီး လွှတ်ခနဲ ပြောဆိုလိုက်၏။
“ကျုပ်က... မလုံမလဲ ခံစားရပါတယ်... ကျုပ်က အပြစ်ရှိသလို ခံစားနေရပါတယ်”
“အို....”
ဆူဇီမိုက ပြုံးလိုက်၏။
ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်က သူ၏စိတ်ထဲမှာ ယောက်ယက်ခက်နေပြီး တံတွေးကိုမြိုချလိုက်ရ၏။
“ဘာပဲဖြစ်ဖြစ်... အဆင့်မြင့်သခင်လန်ယွဲ့က ကျုပ်တို့ဂိုဏ်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ခဲ့တာပဲ... ကျုပ်တို့က အဲ့ဒါအတွက် တာဝန်ခံမှုကနေ မရှောင်လွှဲနိုင်ပါဘူး”
“ဟုတ်ပြီလေ... အဲ့ဒါဆိုရင် ငါတို့က ဘာလုပ်သင့်သလဲ”
ဆူဇီမိုက ရင်းနှီးဖော်ရွေသော အပြုံးနှင့်အတူ မေးမြန်းလိုက်၏။
“ကျုပ်... ကျုပ်က ခင်ဗျားကို အလျော်ပေးချင်ပါတယ် တာအိုရောင်းရင်း “
ခဏမျှရပ်တန့်ပြီးနောက် ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်က အံကိုတင်းတင်းကြိတ်ကာပြောလိုက်၏။
“ကျုပ်က... ခင်ဗျားကို ပကတိအဆင့် တာအိုအရှင်ဓမ္မလက်နက်တစ်ခုနဲ့ လျော်ပေးပါ့မယ်”
ဆူဇီမိုက သူ၏အပြုံးကိုရုပ်သိမ်းလိုက်၏။
“လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အဆင့်မြင့်သခင်လန်ယွဲ့က ငါ့ကို သတ်ဖြတ်ခဲ့လုနီးပါးပဲ... ဂိုဏ်းချုပ်... ငါ့ရဲ့အသက်က ပကတိအဆင့် တာအိုအရှင်ဓမ္မလက်နက်တစ်ခုလောက်ပဲ ထိုက်တန်တယ်လို့ မင်းကဆိုလိုချင်တာလား”
“မ-မဟုတ်ရပါဘူး”
ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်က ထိတ်လန့်တကြားဖြစ်သွားပြီး သူ၏နဖူးမှ ချွေးစေးများ တစ်ပေါက်ပေါက်ကျဆင်းလာ၏။
“ကျုပ်တို့က... နောက်ထပ်အဆင့်ခြောက်ဆေးလုံးတစ်ရာနဲ့ တာအိုအရှင်ဓမ္မလက်နက်တွေကို ထုတ်ပေးပါမယ်”
အဆင့်ခြောက်ဆေးလုံးများသည် ဓမ္မဝိသေသတာအိုအရှင်များသာလျှင် စားသုံးနိုင်သော ဆေးလုံးများဖြစ်၏။ သူတို့က အလွန်တရာစွမ်းအားကြီးပြီး သန့်စင်ဖို့အတွက် ခက်ခဲလေသည်။ ဆေးလုံးတစ်လုံးချင်းစီက အရမ်းကိုအဖိုးတန်လေသည်။
ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်ချုပ်သည် ထိုကဲ့သို့သော ဆေးလုံးတစ်ရာကို ထုတ်ပေးလိုသည်မှာ သူ၏ စိတ်ရင်းမှန်ကန်မှုကို ပြသရာရောက်လေသည်။
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“အဆင့်ခြောက်ဆေးလုံးတစ်ထောင်နဲ့ သာလွန်အဆင့်နဲ့အထက် ဓမ္မလက်နက်တစ်ထောင်... ပြီးတော့ စိတ်ဝိညာဥ်ကျောက်တုံး တန်တစ်ထောင်ရောပဲ”
ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်ချုပ်ကို မပြောနှင့် ကြယ်တာရာလမင်းဂိုဏ်းချုပ်နှင့် အခြားသူများပင်လျှင် တုန်လှုပ်သွားရ၏။ အဲ့ဒါက တကယ့်ကို ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုချက်ဖြစ်လေသည်။