← Chapters

အလယ်ပိုင်းတိုက်မှ စာတစ်စောင်

Vol. 83 Ch. 1239

အလယ်ပိုင်းတိုက်မှ စာတစ်စောင်

Vol. 83 Ch. 1239

“တာအိုအရှင်.. အဆင့်ခြောက် ဆေးလုံးတစ်ရာနဲ့ တာအိုအရှင် ဓမ္မလက်နက်တစ်ရာက ကျုပ်တို့ရဲ့ အကန့်အသတ် ဖြစ်နေပါပြီ”

ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်က စိတ်ထဲကနေ ညည်းတွားရေရွတ်၍ မနေနိုင်ဘဲ ထုတ်ဖော်ပြောဆိုလိုက်ရ၏။

“ကျုပ်တို့က အဆင့်ခြောက် ဆေးလုံးတစ်ထောင်နဲ့ သာလွန်အဆင့် တာအိုဓမ္မလက်နက်တစ်ထောင်ကို တကယ်ပဲ မတတ်နိုင်ပါဘူး”

ဆူဇီမိုက ပြောလိုက်၏။

“ခင်ဗျားက အဲဒါကို မတတ်နိုင်ဘူးဆိုလည်း ရတယ်လေ.. ခင်ဗျားက အစားထိုးတဲ့အနေနဲ့ စိတ်ဝိညာဉ်ဆေးပင်တွေ၊ အင်မော်တယ်သစ်သီးတွေနဲ့ လောကဆိုင်ရာ ရတနာတွေကို အသုံးပြုလို့လည်း ရတယ်”

ရှောင်းနင်ကလည်း ဘေးကနေ ဝင်ရောက်ပြောဆိုလာခဲ့၏။

“အဝါရောင်နဂါးကောင်းကင်မြက်၊ ဝါးနက်၊ နှစ်တစ်သောင်း လင်ဇီး၊ ငွေရောင်သစ်သီး၊ အစစ်အမှန် အမြုတေကြာပန်းနဲ့ ခန္ဓသစ်သီးတို့လိုမျိုး စိတ်ဝိညာဉ်ဆေးပင် ဆေးမြစ်တွေဆိုလည်း အလုပ်ဖြစ်တာပဲ”

သူမသည် အစကတည်းက မဟာနတ်ဆေးဆရာတစ်ယောက်ဖြစ်ပြီး အဆင့်ခြောက်ဆေးလုံး ဖော်စပ်ရာမှာ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ချက်ချင်းပင် ပြောနိုင်လေသည်။

ဆူဇီမိုက ပြောလိုက်၏။

“ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းနဲ့ ကျားနဂါးဂိုဏ်းတို့က နှစ်ခုစလုံး အဆင့်မြင့်ဂိုဏ်းတွေပဲ.. နှစ်တစ်သောင်းကြာ အခြေခံအုတ်မြစ်ချင်းအတူတူ ကျားနဂါးဂိုဏ်းက ခင်ဗျားတို့ထက် ဘာလို့ အရင်းအမြစ် ပိုများနေရတာလဲ.. ခင်ဗျားတို့ ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းက အဲဒါကို မတတ်နိုင်ဘူးဆိုတာ သေချာလို့လား”

ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းချုပ်က မျက်ရည်များ ကျဆင်းတော့မည့်ဆဲဆဲ ဖြစ်လာ၏။

ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းသည် အဲဒါကို တတ်နိုင်သော်လည်း အဲဒါက သူတို့အတွက် သေချာပေါက် ကြီးမားသည့် နစ်နာဆုံးရှုံးမှု ဖြစ်လေသည်။

ထိုတောင်းဆိုမှုတစ်ခုကပင် နှစ်တစ်သောင်းကျော် စုဆောင်းလာခဲ့သော သူတို့၏ အခြေခံအုတ်မြစ် တစ်ဝက်ကျော်လောက် ကုန်ကျပေလိမ့်မည်။

အဲဒါက အရမ်းကို ရက်စက်လွန်းရာကျ၏။

ကြယ်တာရာလမင်းဂိုဏ်းချုပ်နှင့် အခြားသူများပင်လျှင် တုန်လှုပ်သွားရ၏။

ထိုသို့ဆိုပါက.. ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းက သေချာပေါက် ကြီးမားစွာ နစ်နာဆုံးရှုံးရပေတော့မည်။

သူတို့သည် ထိုပမာဏကို ပြန်လည်ဖြည့်တင်းဖို့အတွက် အနည်းဆုံး နှစ်တစ်သောင်း အချိန်ယူရပေလိမ့်မည်။

ရုတ်တရက်.. ယင်တစ္ဆေဂိုဏ်းချုပ်က ဝင်ရောက်ပြောဆိုလိုက်၏။

“ကျုပ်တို့က အဲဒီပစ္စည်းတွေကို ထုတ်ပေးမယ်ဆိုရင်.. ခင်ဗျားနဲ့ ကျုပ်တို့ကြားက ရန်ငြိုး..”

“ဒါပေါ့.. ငါတို့ အဲဒါကို မေ့ဖျောက်လိုက်ရမှာပေါ့”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“ခင်ဗျားတို့တွေက နောက်နောင် ကျုပ်ကို ရန်လာမစသရွေ့.. ကျုပ်ကလည်း ခင်ဗျားတို့တွေကို ပြဿနာ လာရှာမှာ မဟုတ်တော့ဘူး”

“ကောင်းပြီလေ”

ယင်တစ္ဆေဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။

“ဒီလို ကတိကဝတ်နဲ့ဆိုရင်တော့.. ကျုပ်တို့က အဲဒါတွေကို ထုတ်ပေးမယ်.. အဲဒါက တာအိုရောင်းရင်း အထီးကျန်သိုင်းသခင်ရဲ့ ဓမ္မဝိသေသအဆင့်ကို တက်လှမ်းလာမှုအတွက် ကျုပ်တို့ရဲ့ ဂုဏ်ပြုလက်ဆောင်ပေါ့”

ယင်တစ္ဆေဂိုဏ်းချုပ်က အရင်ဦးစွာ လှုပ်ရှားလာခြင်းနှင့်အတူ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း၊ သွေးမြူဂိုဏ်းနှင့် ယုဝမ်ကလန်တို့ကလည်း အလွယ်တကူ သဘောတူပြောဆိုလာကြ၏။

ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း မတတ်နိုင်ဘဲ အလျှော့ပေးလိုက်ရတော့လေသည်။

“တာအိုအရှင်.. ကျုပ်တို့က ဒီလောက်များပြားတဲ့ ရတနာတွေကို အခုချက်ချင်းတော့ ဘယ်လိုမှ ထုတ်ပေးနိုင်မှာ မဟုတ်ဘူး.. ကျုပ်တို့က ဂိုဏ်းကိုပြန်ပြီး အဲဒါအတွက် ပြင်ဆင်ရဦးမယ်”

“ကျုပ် ခင်ဗျားတို့ကို တစ်လအချိန်ပေးမယ်”

ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တစ်လကျော်သွားရင်တော့.. ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ဆီကို အလည်လာခဲ့မယ်”

ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းက ခြောက်ကပ်စွာဖြင့် ရယ်မောလိုက်၏။

အဲဒါက ပေါ်တင်ခြိမ်းခြောက်နေခြင်း ဖြစ်၏။

ဆူဇီမိုကိုယ်တိုင် အလည်လာပြီးနောက်.. ကျားနဂါးဂိုဏ်းသည် မြောက်ပိုင်းဒေသကနေ ရှင်းထုတ်ပစ်ခံလိုက်ရ၏။ ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းက အဲဒါကို ဘယ်လိုလုပ် ရင်ဆိုင်ဝံ့မှာလဲ…။

‘တာအိုအရှင် အထီးကျန်သိုင်းသခင်က တကယ်ပဲ နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေတယ်.. ဒီလောက်များတဲ့ ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရတာတောင် သူက အခြေအနေကို ထိန်းချုပ်နိုင်သေးတယ်.. သူက ငါထင်ထားတာထက်ကို အများကြီးပိုပြီး ကြောက်စရာကောင်းနေတာပဲ’

ကြယ်တာရာလမင်းဂိုဏ်း၏ အကြီးအကဲတစ်ယောက်က စိတ်ထဲကနေ ရေရွတ်၍ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

ကြယ်တာရာလမင်းဂိုဏ်းချုပ်ကလည်း အသံတစ်ခုကို ပြန်လည်ပို့လွှတ်လိုက်၏။

“အခု.. ကျားနဂါးဂိုဏ်းက မြောက်ပိုင်းဒေသရဲ့ အဆင့်မြင့်ဂိုဏ်း ဆယ်ဂိုဏ်းထဲမှာ မရှိတော့ဘူး.. ဆန်းကြယ်တောင်ထွတ်ကလည်း မြင့်မားတိုးတက်လာတော့မယ်”

“ဒီလောက် အရင်းအမြစ်တွေနဲ့ ရတနာတွေက ဆန်းကြယ်တောင်ထွတ်မှာ စုစည်းသွားမယ်ဆိုရင်.. သူတို့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကလည်း ငါတို့ အဆင့်မြင့်ဂိုဏ်းတွေထက် အားနည်းမှာ မဟုတ်တော့ဘူး”

“အမှန်ပဲ.. ဆန်းကြယ်တောင်ထွတ်မှာ အခုလိုအပ်နေတာက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ.. သူတို့ကို စောင့်ကြပ်ဖို့အတွက် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ရှိလာတာနဲ့ သူတို့က အဆင့်မြင့်ဂိုဏ်း အစည်းအဝေးမှာ အဆင့်မြင့်ဂိုဏ်းသစ်တစ်ဂိုဏ်း ဖြစ်လာဖို့ ရှိတယ်”

“တာအိုအရှင် အထီးကျန်သိုင်းသခင် တစ်ယောက်တည်းနဲ့တင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ဆယ်ယောက်လောက်နဲ့ ယှဉ်နိုင်နေတာပဲကို..”

ယင်တစ္ဆေဂိုဏ်းချုပ်နှင့် အခြားသူများသည် ကျားနဂါးဂိုဏ်းမှာ ဆက်လက်၍ ကြန့်ကြာမနေလိုတော့ဘဲ စိတ်ပျက်အားငယ်စွာဖြင့် ထွက်ခွာသွားကြ၏။

ဆူဇီမို၏ အော်ရာအောက်တွင် သူတို့သည် အလွန်တရာ ဖိအားဝင်နေပြီး ဤနေရာကနေ တတ်နိုင်သမျှမြန်မြန် ထွက်ခွာချင်နေကြ၏။

ကြယ်တာရာလမင်းဂိုဏ်းချုပ်၊ မီးလျှံကိုလန်ဘတ်တောင်ကြားသခင်၊ မူယုံမိသားစုခေါင်းဆောင်နှင့် အခြားသူများကတော့ မထွက်ခွာခင် ကျားနဂါးဂိုဏ်းမှာ အချိန်အတိုင်းအတာတစ်ခုထိ နေသွားခဲ့ကြလေသည်။

ဤတစ်လအတွင်း ဆူဇီမိုက ကျားနဂါးဂိုဏ်းမှာသာ တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေခဲ့၏။

တစ်လပြည့်ခါနီးတွင်.. ယင်တစ္ဆေဂိုဏ်း၊ ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း၊ သွေးမြူဂိုဏ်း၊ ဆန်းကြယ်ကောင်းကင် ဂမ္ဘီရကျင့်ထုံးဂိုဏ်းနှင့် ယုဝမ်ကလန်တို့က တစ်ယောက်ပြီးတစ်ယောက် အလည်အပတ် ရောက်ရှိလာပြီး အဆင့်ခြောက် ဆေးလုံးတစ်ထောင်၊ သာလွန်အဆင့် တာအိုအရှင် ဓမ္မလက်နက်တစ်ထောင်နှင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်တို့ကို အသီးသီးပေးအပ်လာကြ၏။

ဆူဇီမိုက ထိုရတနာများ အားလုံးကို ဆန်းကြယ်တောင်ထွတ်သို့ လက်လွှဲပေးခဲ့လေသည်။

မည်သည့်ပစ္စည်းကမှ သူ၏စိတ်ဝင်စားမှုကို ရရှိဖို့ မထိုက်တန်ပေ။

ဓမ္မလက်နက်များအနေဖြင့် သူ့တွင် ဖန်တီးခြင်းကြာခုံ၊ မင်းဝမ်ဆုတောင်းပုတီးနှင့် ဂမ္ဘီရသံလိုက်တောင်တို့ ရှိနေပြီးသားဖြစ်၏။

ဒါ့အပြင်.. သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် မူလတာအိုအရှင် ဓမ္မလက်နက်များနှင့် ယှဉ်နိုင်နေပြီဖြစ်၏။

ဆူဇီမို စိတ်ဝင်စားသည့် တစ်ခုတည်းသော အရာမှာ ကျားနဂါးဂိုဏ်းတွင် ကျန်ရစ်ခဲ့သော ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်ကျမ်းများ ဖြစ်လေသည်။

ထိုပစ္စည်းများသည် သူ၏ ပင်မခန္ဓာကိုယ်အတွက် သိုင်းတာအိုကို ကောက်ချက်ချရန် အသုံးဝင်မှုတချို့ ရှိနိုင်လေသည်။ သူက ထိုပစ္စည်းများ အားလုံးကို ဆန်းကြယ်တောင်ထွတ်သို့ ရွှေ့လာခဲ့၏။

အဲဒီနောက်.. ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှာ ယာယီအားဖြင့် စတည်းချနေထိုင်လေသည်။

မျောက်နှင့် အခြားသူများကတော့ ခြင်္သေ့ရိုင်းတောင်ကြောရိုးကို စိုးမိုးဖို့အတွက် ပြန်သွားကြ၏။

တစ်နှစ်နေပြီးနောက်.. ရှောင်းနင်သည် အလယ်ပိုင်းတိုက်ရှိ ယန်ဆေးဂိုဏ်းသို့ ပြန်သွားရန် ပြင်ဆင်လိုက်၏။

ညဝိညာဉ်က သူမကို လိုက်လံပို့ဆောင်ပေးမည်ဖြစ်၏။

တကယ်တော့ ရှောင်းနင်သည် ပကတိမူလနတ္ထိအဆင့်သို့ ရောက်ရှိနေပြီးလေပြီ။

သူမသည် သူမ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားဖြင့် သူမကိုယ်သူမ ကာကွယ်နိုင်စွမ်း ရှိလေသည်။

သို့သော်လည်း သူမက ညဝိညာဉ်ကို ငြင်းဆန်ခြင်း မရှိဘဲ အပြုံးတစ်ခုနှင့်အတူ သဘောတူလိုက်၏။

သူတို့နှစ်ယောက်ကြားတွင် တစ်စုံတစ်ရာရှိနေသည်ကို ဆူဇီမိုက သတိထားမိနေပြီးပြီဖြစ်သော်လည်း သူက ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

အစ်ကိုတစ်ယောက်အနေဖြင့်ပင် သူသည် ဤနှစ်များအတွင်း ရှောင်းနင်ကို ကောင်းကောင်း ဂရုမစိုက်ပေးနိုင်ခဲ့ပေ။ အားလုံးအတွက် ညဝိညာဉ်ကိုသာ ကျေးဇူးတင်ရမည်ဖြစ်၏။

ဒါ့အပြင်.. သူတို့ နှစ်ဦးနှစ်ဖက် သဘောတူကြည်ဖြူသည်နှင့်အမျှ အဲဒါက အဆင်ပြေလေသည်။

ရှောင်းနင် ထွက်ခွာသွားပြီးနောက်.. ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှာ ဆက်လက်၍ ကျင့်ကြံနေ၏။

တစ်ခဏအတွင်းမှာပင်.. နောက်ထပ် ငါးနှစ်က ကုန်ဆုံးသွားခဲ့၏။

ဆန်းကြယ်တောင်ထွတ်သည် ပြီးခဲ့သည့် ငါးနှစ်အတွင်း အလွန်တရာ တည်ငြိမ်စွာ ရှိနေခဲ့၏။

ကျားနဂါးဂိုဏ်း တိုက်ပွဲအပြီး၌ အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းသွားပြီဆိုတာကို လူတိုင်းက သိရှိလိုက်ကြ၏။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ ဘုန်းကြီးအို၏ တည်ရှိမှုနှင့် ပေါင်းစပ်လိုက်သောအခါ မည်သူကမှ သူ့ကို ရန်လာမစရဲတော့ပေ။

သို့သော်လည်း ကျင့်ကြံရေးလောကက အတော်လေး ပြောင်းလဲသွားခဲ့၏။

အသိသာ အထင်ရှားဆုံး ပြောင်းလဲမှုမှာ သက်ရှိများ အားလုံးက ကျင့်ကြံလာနိုင်ကြခြင်းဖြစ်၏။

ဆန်းကြယ်တောင်ထွတ် တစ်ခုတည်းကပင် ဤနှစ်များအတွင်း သိုင်းတာအိုကို ကျင့်ကြံထားသော ကျင့်ကြံသူပေါင်း တစ်ထောင်ကျော်ကို စုဆောင်းနိုင်ခဲ့၏။

ဆူဇီမို၏ ထွန်းတောက်လာမှုကြောင့် မြောက်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတွင် ပြောင်းလဲမှုများက ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးပြီဖြစ်၏။

ကျားနဂါးဂိုဏ်းက ရှင်းထုတ်ခံလိုက်ရ၏။

ဆန်းကြယ်တောင်ထွတ်က မြင့်မားတိုးတက်လာရင်း သူတို့၏ ဂုဏ်သတင်းနှင့်အတူ များစွာသော ကျင့်ကြံသူများကို ဆွဲဆောင်လာနိုင်ခဲ့၏။ ရွှေအမြုတေများ၊ နိုးထဝိညာဉ်များ၊ မူလနတ္ထိများနှင့် ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သူတို့ဂိုဏ်းသို့ ဝင်ရောက်လိုလာကြ၏။

တကယ်တော့ သူတို့မှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိမနေသေးပေ။

ပထမအချက်အနေဖြင့် ဆန်းကြယ်တောင်ထွတ်တွင် အစကတည်းက မည်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်မှ ရှိမနေခဲ့ပေ။

ဒုတိယအချက်အနေဖြင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် နေရာဒေသတစ်ခုကို အုပ်စိုးပြီး ဂိုဏ်းများ၏ အနှောင်အဖွဲ့ကင်းလေသည်။ ဆန်းကြယ်တောင်ထွတ်ကို မပြောနှင့်.. ထိပ်သီးဂိုဏ်းကြီးများမှာပင်လျှင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအတွက် သင့်လျော်သော အရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်ချင်မှ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။

သူတို့က သူတို့၏ ကျင့်ကြံမှုအဆင့်တွင် ရှေ့သို့ တက်လှမ်းချင်သည်ဆိုပါက.. သူတို့သည် ရှေးဟောင်းအပျက်အစီးနယ်မြေများ သို့မဟုတ် ဘိုးဘေးလိုဏ်ဂူခန်းဝါအချို့ကို စွန့်စားရှာဖွေ ဖော်ထုတ်ပြီး အခွင့်အလမ်းနှင့် တွေ့ကြုံမှုတချို့ကို ရရှိအောင် ကြိုးစားရမည်ဖြစ်၏။

မဟာကျိုးအင်ပါယာအတွက်တော့…

တကယ်တော့.. လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းက မဟာကျိုးအင်ပါယာသည် မဟာယွီ၊ မဟာရှနှင့် မဟာရှန် အင်ပါယာတို့ကို သိမ်းပိုက်ခဲ့ပြီး မြောက်ပိုင်းဒေသကို စုစည်းနိုင်ခဲ့ပြီးဖြစ်၏။

ဤနှစ်များအတွင်း မင်းဆက်နိုင်ငံများကြားမှာ မည်သည့်စစ်ပွဲမှ ရှိမလာဘဲ ကျင့်ကြံသူများသည် အေးဆေးစွာ အနားယူ၍ သိုင်းတာအိုကို ကျင့်ကြံလာကြ၏။

ကျိယောင်ရွှယ်၏ အုပ်ချုပ်မှုအောက်တွင် ဂူဂိုဏ်းကပ်ဘေးကနေ ကျန်ရစ်ခဲ့သော ဒဏ်ရာအနာတရများသည် တဖြည်းဖြည်း သက်သာပျောက်ကင်းလာပြီး တည်ငြိမ်အေးချမ်း၍ စည်ပင်ထွန်းကားသော နယ်မြေဒေသတစ်ခုကို ဖြစ်ပေါ်လာစေ၏။

ဤနေ့တွင် ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေရာကနေ တစ်စုံတစ်ရာကို ခံစားမိပြီး နိုးထလာခဲ့၏။

သိပ်မကြာမီ.. သူက တံခါးခေါက်သံကို ကြားလိုက်ရ၏။

“ဝင်လာခဲ့လေ”

ဆူဇီမိုက ပြောလိုက်၏။

သူသည် ဂိုဏ်းကနေ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူ၏ လိုဏ်ဂူခန်းဝါသည် သူ့အတွက် အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ပေးခံထားရ၏။

လိုဏ်ဂူခန်းဝါတံခါးက ပွင့်သွားပြီး နန်းကြည်က လျှောက်လှမ်းဝင်လာ၏။

“သခင်လေး.. အပြင်ဘက်ကနေ စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင် ပျံသန်းလာတယ်.. အဲဒါက ရှင့်ကို ရှာနေတယ်”

“အို..”

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်၍ စိတ်ဝိညာဉ်ကြိုးကြာကို လက်ခံယူလိုက်၏။

ကြိုးကြာသည် ခပ်ဖျော့ဖျော့ မွှေးရနံ့ကို သယ်ဆောင်ထားပြီး အဲဒါကို အမျိုးသမီးတစ်ယောက် ပြုလုပ်ထားသည်မှာ သိသာလေသည်။

သူ၏အကြည့်က ထိုအပေါ်သို့ ဖြတ်သန်းကျရောက်သွား၏။

စိတ်ဝိညာဉ်ကြိုးကြာပေါ်ရှိ လိပ်စာက အလယ်ပိုင်းတိုက်ကို ရည်ညွှန်းဖော်ပြနေ၏။

စိတ်ဝိညာဉ်ကြိုးကြာကို ဖြည်ထုတ်ရင်း ဆူဇီမိုသည် ပါဝင်သော အကြောင်းအရာများကို ဖတ်ရှုကာ တီးတိုးရေရွတ်လိုက်၏။

“အဲဒါက သူမ ဖြစ်နေတာကိုး..”

“ဘယ်သူလဲ”

နန်းကြည်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ဆူဇီမိုက ပြုံးလိုက်လေသည်။

“သူမက ငါနဲ့ တစ်ခါတွေ့ဆုံဖူးတဲ့အတွက် မိတ်ဆွေဟောင်းတစ်ယောက်လို့ အတင်းအကျပ် သတ်မှတ်လို့တော့ ရတာပေါ့”

ခဏမျှ ရပ်တန့်ပြီးနောက်.. သူက မတ်တတ်ထရပ်၍ စိတ်ဝိညာဉ်ကြိုးကြာကို ဖုန်မှုန့်များအဖြစ် လုံးခြေလိုက်၏။

“ငါက အလယ်ပိုင်းတိုက်ကို ခရီးတစ်ခု ထွက်ရတော့မယ်”

All Chapters