← Chapters

အန္တရာယ်ကျရောက်နေသော အဆူရာ

Vol. 83 Ch. 1240

အန္တရာယ်ကျရောက်နေသော အဆူရာ

Vol. 83 Ch. 1240

“သခင်လေး.. ရှင်ကိုယ်တိုင် သွားရလောက်အောင် အဲဒီမှာ ဘာများဖြစ်လို့လဲ”

နန်းကြည်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အစ်ကိုယန်တော့ တစ်ခုခု​ ဖြစ်တော့မယ်”

နန်းကြည်က အံ့အားသင့်သွား၏။

“အဆူရာ ယန်ပေးချန်ကို ပြောတာလား”

“အင်း”

ဆူဇီမိုက ခေါင်းညိတ်၍ အတိတ်ကာလကို ပြန်လည်စဉ်းစားမိသွား၏။

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲအပြီး၌.. များစွာသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ဓမ္မဝိသေသ တာအိုအရှင်များသည် ဆူဇီမိုကို ဒုက္ခပေးရန် ပြင်ဆင်ပြီး အသွန်းတစ်ရာဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြ၏။ ဤသတင်းကို အဆူရာ ကြားသောအခါ.. သူက တွေဝေတုံ့ဆိုင်းမှု မရှိဘဲ အပြေးအလွှား ရောက်ချလာခဲ့လေသည်။

ထိုအချိန်တုန်းက ရောက်လာခဲ့ကြသော ဓမ္မဝိသေသ တာအိုအရှင်များသည် နာမည်ဂုဏ်သတင်း ကြီးမားသူများ ဖြစ်ကြ၏။

သူတို့ထဲတွင် တာအိုအရှင် အင်မော်တယ်ဓားနှင့် တာအိုအရှင် တိမ်လွှာမိုးစက်တို့လို မည်ကာမတ္တ တပည့်များပင် ပါလာခဲ့၏။

တာအိုအရှင် အင်မော်တယ်ဓားသည် ယခင် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။

တာအိုအရှင် တိမ်လွှာမိုးစက်က လွန်ခဲ့သည့် နှစ်ငါးထောင်က ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် ဒုတိယဖြစ်၏။

အဆူရာကတော့ ဓမ္မဝိသေသအဆင့်သို့ တက်လှမ်းလာကာစ ဖြစ်လေသည်။ ထိုသို့ဆိုလျှင်တောင် သူက အကြောက်အလန့် မရှိဘဲ အသွန်းတစ်ရာဂိုဏ်း အပြင်ဘက်၌ ဓမ္မဝိသေသ တာအိုအရှင် ၉ ယောက်နှင့် ဆန့်ကျင်တိုက်ခိုက်ပြီး ကြီးမားသည့် တိုက်ပွဲကို ဆင်နွှဲခဲ့၏။

ထိုတိုက်ပွဲက ကမ္ဘာတုန်လောက်လေသည်။

တာအိုအရှင် ၉ ယောက်ထဲမှ ၆ ယောက်က အဆူရာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

ထိုကဲ့သို့ ဖြစ်သွားရသည့် အဓိကအကြောင်းရင်းမှာ တာအိုအရှင် အင်မော်တယ်ဓားက အသွန်းတစ်ရာဂိုဏ်းတွင် တာအိုအရှင် အဆုံးစွန်မီးနှင့် တိုက်ခိုက်ခဲ့စဉ်က ဒဏ်ရာအပြင်းအထန် ရရှိသွားသောကြောင့် ဖြစ်၏။ သို့သော်လည်း အဆူရာ ထုတ်ဖော်ပြသခဲ့သော စွမ်းအားကြီးသော နည်းလမ်းများက တုန်လှုပ်စရာကောင်းနေဆဲဖြစ်၏။

ဆူဇီမိုသည် ထိုတိုက်ပွဲကို ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်ခဲ့ရ၏။ ထိုတိုက်ပွဲက ယခုအချိန်ထိ မေ့ဖျောက်၍ မရနိုင်သေးပေ။

ထိုအချိန်တုန်းက သူသည် အဆူရာကို သူ၏ ဒဏ်ရာများနှင့် ပတ်သက်၍ မေးမြန်းခဲ့သေး၏။ သို့သော်လည်း ထိုသူက သာမန်ကာလျှံကာဖြင့်သာ အဲဒါကို ဖုံးကွယ်ထားလိုက်၏။

ထိုစဉ်က အဆူရာ ရရှိခဲ့သော ဒဏ်ရာများသည် ယခုအချိန်ထိ သက်သာပျောက်ကင်းခြင်း မရှိသေးဘူးဆိုတော့…။

စိတ်ဝိညာဉ်ကြိုးကြာပေါ်ရှိ သတင်းအချက်အလက်များထဲမှ တစ်ခုသည် အဆူရာ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရရှိထားကြောင်း ဖော်ပြထား၏။

အမြုတေစိတ်ဝိညာဉ်ဒဏ်ရာများက ကုသဖို့အတွက် အလွန်တရာ ခဲယဉ်းလေသည်။

နောက်ပိုင်း.. ဆူဇီမိုက တာအိုအမွေအနှစ်ကုန်းမြေတွင် ဒုက္ခအကြီးအကျယ်ရောက်ပြီး အခြေအနေက သေရေးရှင်ရေးဖြစ်လာသောအခါ.. များစွာသော အသွန်းတစ်ရာဂိုဏ်းသား ကျင့်ကြံသူများသည် သူတို့နှင့် ဆူဇီမိုကြားမှာ စည်းတစ်ခုခြားထားဖို့ အကြံပြုခဲ့ကြ၏။

သို့သော်လည်း အဆူရာသည် သူ၏ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာများနှင့် အသွန်းတစ်ရာဂိုဏ်းကို လျစ်လျူရှုပြီး ဆူဇီမိုကို ကာကွယ်ကာ ရေဆုံးမြေဆုံး ထွက်ပြေးချင်ခဲ့လေသည်။

ယန်ဆေးဂိုဏ်း၏ အကြီးအကဲတစ်ယောက်က အဆူရာက စိတ်နေစရိုက်ကို အထင်ကြီးလေးစားသွားပြီး နှစ်ပေါင်းများစွာ သူ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို သူ့အား လက်ဆောင်ပေးခဲ့၏။

ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးသည် ရှေးဟောင်းခေတ်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော ရှေးဟောင်းဆေးလုံးတစ်လုံးဖြစ်၏။ အဲဒါက အရမ်းကို ရှားပါးပြီး အမြုတေစိတ်ဝိညာဉ်များကို ကုသရာမှာ အကျိုးသက်ရောက်မှုများစွာ ရှိလေသည်။

အဲဒါက တုနှိုင်းမဲ့ ရတနာတစ်ခုဟုပြောလျှင် ချဲ့ကားရာကျမည် မဟုတ်ပေ။

အဆူရာသည် ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို လက်ခံခဲ့သော်လည်း သူက အဲဒါကို စားသုံးခဲ့ခြင်း မရှိပေ။ ထိုအစား သူက အခြားတစ်ယောက်ကို ပေးပစ်ခဲ့လေသည်။

ထိုဆေးလုံးကို လက်ခံရရှိခဲ့သူက ယခု စိတ်ဝိညာဉ်ကြိုးကြာကို ပို့လွှတ်ခဲ့သူ ဖြစ်၏။

အသွန်းတစ်ရာဂိုဏ်းအပြင်ဘက် တိုက်ပွဲတွင် တာအိုအရှင် ၉ ယောက်ထဲမှ ၃ ယောက် ရှင်သန်ခဲ့လေသည်။ ထွက်ပြေးလွတ်မြောက်သွားသော မည်ကာမတ္တ တပည့်နှစ်ယောက်ဖြစ်သည့် တာအိုအရှင် အင်မော်တယ်ဓားနှင့် တာအိုအရှင် တိမ်လွှာမိုးစက်အပြင် အဲဒီမှာ ရှင်သန်ကျန်ရစ်ခဲ့သော တတိယမြောက် လူတစ်ယောက် ရှိလေသည်။

သူမက ဓားဂိုဏ်း၏ ချင်ဖျန်ယန်ဖြစ်၏။

ထိုစဉ်တုန်းက ချင်ဖျန်ယန်သည် တာအိုအရှင် အင်မော်တယ်ဓား၏ သစ္စာဖောက်ခြင်းခံရပြီး သေချင်နေခဲ့၏။

အဆူရာက အဲဒါကို တစ်ခါမှ ထုတ်ဖော်မပြောခဲ့သော်လည်း သူက သနားကရုဏာသက်နေခဲ့ကြောင်း ဆူဇီမိုက ပြောနိုင်ခဲ့၏။

အဆူရာသည် သတ်ဖြတ်ခြင်းဖြင့် သူ၏တာအိုကို ရရှိပြီး ရက်စက်ကြမ်းကြုတ်သော ဆေဘာနည်းစနစ်ကို ပိုင်ဆိုင်ထားသော်လည်း သူက သံယောဇဉ်တွယ်တာသော လူတစ်ယောက် ဖြစ်နေခဲ့၏။

ဖြောင့်မတ်မှန်ကန်၍ သစ္စာရှိပါသည်ဟု ကျော်ကြားသော တာအိုအရှင် အင်မော်တယ်ဓားက နှလုံးသားကင်းမဲ့သော လူတစ်ယောက် ဖြစ်နေခဲ့၏။

အဲဒါက တကယ့်ကို ကြောင်တိကြောင်တောင်နိုင်သော ဖြစ်ရပ်တစ်ခုဖြစ်၏။

အဆူရာက ချင်ဖျန်ယန်ကို အခြားသူများနှင့် မတူကွဲပြားစွာ ပြုမူဆက်ဆံနေသည်ကို ဆူဇီမိုက သတိထားမိခဲ့၏။

သို့သော်လည်း အဆူရာသည် တန်ဖိုးရှိလှသော ဝိညာဉ်ကိုးဆင့်ပြန်ခေါ်ဆေးလုံးကို ချင်ဖျန်ယန်အား ပေး၍ စားသုံးစေခဲ့လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

တကယ်တော့.. အဆူရာ၏ ဒဏ်ရာများကြောင့်သာလျှင် ဤစိတ်ဝိညာဉ်ကြိုးကြာကို စေလွှတ်ခဲ့ခြင်း မဟုတ်ပေ။

အကြောင်းမှာ.. အဆူရာဂိုဏ်းမှ နောက်ထပ် ပြန်ဝင်စား မွန်းစတားတစ်ယောက်သည် မည်ကာမတ္တ တပည့်အသစ်အဖြစ် ယန်ပေးချန်၏ နေရာကို အစားထိုးချင်ပြီး အဆူရာဘွဲ့ကို လွှဲပြောင်းရယူချင်သောကြောင့် ဖြစ်၏။

ထိုမည်ကာမတ္တ တပည့်က အဆူရာကို စိန်ခေါ်စာတစ်စောင် ပို့ခဲ့လေသည်။

အဆူရာ၏ လက်ရှိအခြေအနေအရ သူသည် သာမန်ဓမ္မဝိသေသ တာအိုအရှင်များကိုတော့ အနိုင်ရယူနိုင်ကောင်းလေသည်။ သို့သော်လည်း သူက မိစ္ဆာဂိုဏ်းများမှ ဤပြန်ဝင်စား မွန်းစတားနှင့် ရင်ဆိုင်ရလျှင် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

ဆူဇီမိုသည် အလယ်ပိုင်းတိုက်သို့ ရောက်လာပြီး အဆူရာကို ဤကပ်ဘေးကနေ ကျော်ဖြတ်နိုင်အောင် ကူညီပေးလာမည်ဟု ချင်ဖျန်ယန်က မျှော်လင့်ခဲ့ခြင်းဖြစ်၏။

စိတ်ဝိညာဉ်ကြိုးကြာ၏ အဆုံးသတ်နား၌ ချင်ဖျန်ယန်သည် ဤစိတ်ဝိညာဉ်ကြိုးကြာကို အဆူရာ မရှိတုန်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းပင် ဖော်ပြထား၏။

အဆူရာ၏ စိတ်နေစရိုက်အရ သူက ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဆိုလျှင်တောင် အသနားခံ အကူအညီတောင်းလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူမက စိုးရိမ်ပူပန်နေပြီး သူ့အတွက် ဆိုးရွားတာ ဘာတစ်ခုမှ မဖြစ်စေချင်ခဲ့ပေ။

သူမသည် အင်မော်တယ်ဂိုဏ်းများ၊ သို့မဟုတ် ဓားဂိုဏ်းနှင့် သူမ၏ အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ထားခဲ့ပြီးပြီဖြစ်၏။

သို့သော်လည်း အဆူရာသည် မည်သည့် ဆွေမျိုးအပေါင်းအသင်းမှ မရှိဘဲ အမြဲတမ်း တစ်ယောက်တည်း နေထိုင်ခဲ့၏။ တစ်ဖက်မှာတော့ သူ့တွင် ရန်သူများစွာ ရှိနေ၏။

များစွာ တွေးတောပြီးနောက်.. ဆူဇီမိုတစ်ယောက်သာလျှင် အဆူရာကို ကူညီပေးနိုင်မည့်သူဖြစ်ကြောင်း သူမက ကောက်ချက်ချပြီး ဤစိတ်ဝိညာဉ်ကြိုးကြာကို စေလွှတ်ခဲ့ခြင်းဖြစ်၏။

ဆူဇီမိုအတွက်တော့ စိတ်ဝိညာဉ်ကြိုးကြာကို လက်ခံရရှိပြီးနောက် မည်သည့် တွေဝေတုံ့ဆိုင်းမှုမှ မရှိဘဲ အလယ်ပိုင်းတိုက်သို့ ချက်ချင်းသွားရောက်ဖို့ ဆုံးဖြတ်လိုက်၏။

အဆူရာ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရရှိထားပြီး သက်သာပျောက်ကင်းခြင်း မရှိသေးဟု သူသိခဲ့မည်ဆိုလျှင်.. အခုလို အဆူရာက ဒုက္ခရောက်နေသည့်အချိန်ကို မပြောနှင့်.. ဟိုအရင် အချိန်အတော်ကြာကတည်းက သူသည် အမြုတေစိတ်ဝိညာဉ်ကို ကုသနိုင်မည့် ဆေးများကို လိုက်လံရှာဖွေနေခဲ့မည် ဖြစ်၏။

“သခင်လေး.. ရှင်က ဘယ်အချိန်သွားဖို့ စဉ်းစားထားလဲ”

နန်းကြည်က မေးလိုက်၏။

“အခုပဲ”

ဆူဇီမိုက လိုဏ်ဂူခန်းဝါထဲကနေ ထွက်လာခဲ့ပြီဖြစ်၏။

“သခင်လေး.. ရှင် ဘယ်ကိုပဲသွားသွား ကျွန်မက ရှင်နဲ့လိုက်ပြီး အဖော်ပြုပေးမယ်”

လိုဏ်ဂူခန်းဝါ အပြင်ဘက်တွင် ထောင်ယောင်ကလည်း အပြေးအလွှား ရောက်ချလာ၏။

“သခင်လေး.. လမ်းခရီးမှာ သခင်လေးက ကျုပ်အကူအညီကို လိုတဲ့အချိန် သေချာပေါက် ရှိလာမှာပဲ”

ဆူဇီမိုသည် ထောင်ယောင်၏ စိတ်ကို ခန့်မှန်းမိလိုက်၏။

“အဲ့လိုလုပ်စရာ မလိုတော့ဘူး”

သူက ခေါင်းကို ခါပြလိုက်၏။

“မင်းတို့နှစ်ယောက်စလုံးက ဒီမှာပဲ နေရမယ်.. နောက်ရက်အနည်းငယ်ကြာရင် ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်က ဆန်းကြယ်တောင်ထွတ်ကို ရောက်လာလိမ့်မယ်.. မင်းတို့က သူ့ဘေးမှာ နေလို့ရတယ်”

“အာ…”

ထောင်ယောင်သည် ခဏမျှ ကြောင်အ,မှင်တက်သွား၏။ သူက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက လေထဲသို့ ခုန်တက်၍ သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများက တဖျပ်ဖျပ်လက်ပြီး နေရာကနေ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

အဆူရာကို စိုးရိမ်ပူပန်နေသည့်အတွက် ဆူဇီမိုသည် အလယ်ပိုင်းတိုက်သို့ တတ်နိုင်သမျှ မြန်မြန်သွားရောက်ရပေမည်။

“သခင်လေးပြောတဲ့ ကောင်လေးက ဘယ်သူ့ကို ပြောတာပါလိမ့်”

ထောင်ယောင်သည် သူ၏မျက်လုံးကို ပုတ်ခတ်၍ ငေးငိုင်နေသော အမူအရာဖြင့် နန်းကြည်ကို မေးလိုက်၏။

“ငါလည်း ဘယ်သိပါ့မလဲ”

သူမက ခေါင်းကို ခါပြလိုက်၏။

“နောက် နှစ်ရက် သုံးရက်နေရင်တော့ ငါတို့ သိရမှာပေါ့.. ဒီကနေပဲ စောင့်ကြည့်ကြတာပေါ့”

ငါးရက်ကြာပြီးနောက်..

ဆန်းကြယ်တောင်ထွတ် ခြေရင်းတွင် ငါးနှစ် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ယောက်က ရောက်ရှိလာခဲ့၏။ သူက နူးညံ့သိမ်မွေ့သော သွင်ပြင်ရှိပြီး သူ၏မျက်လုံးများသည် အကန့်အသတ်မဲ့သော လျှို့ဝှက်ချက်များ ပါဝင်နေသည့်အလား ပင်လယ်သမုဒ္ဒရာကဲ့သို့ ကြည်လင်နက်ရှိုင်းနေ၏။

“အာ.. ဒီကလေးလေးက ဘယ်က ရောက်လာတာပါလိမ့်”

“ဒီကလေးလေးက ဒီလိုနက်ရှိုင်းတဲ့ တောအုပ်ထဲကို ဖြတ်ကျော်ပြီး ဒီနေရာကို ဘေးကင်းကင်းနဲ့ ရောက်လာဖို့ဆိုတာ တကယ်ပဲ မလွယ်လှဘူး”

ဆန်းကြယ်တောင်ထွတ် ဝင်ပေါက်ဝကို စောင့်ကြပ်နေကြသော အခြေတည်အဆင့် ကျင့်ကြံသူအချို့သည် အံ့အားသင့်သော အမူအရာများဖြင့် လှမ်းမျှော်ကြည့်လိုက်ကြ၏။

ကလေးငယ်က တောင်ကုန်းဂိတ်တံခါးရှေ့မှာ မတ်တတ်ရပ်နေဆဲဖြစ်ပြီး မလှမ်းမကမ်းတွင်ရှိသော ဧရာမ ကျောက်သားဂိတ်တံခါးကို ငေးငိုင်ကြည့်နေ၏။

“ဘာလို့လဲ.. မင်းက ဆန်းကြယ်တောင်ထွတ်ကို တပည့်တစ်ယောက်အနေနဲ့ ဝင်ရောက်ချင်လို့လား”

အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ရယ်မော၍ ကလေးငယ်၏ အကြည့်အတိုင်း လိုက်ပါကြည့်ရှုလိုက်၏။

“အဲဒီ ကျောက်သားဂိတ်တံခါးက စိတ်ဝိညာဉ်ရင်းမြစ်ကို စမ်းသပ်ဖို့ အသုံးပြုတာပဲ”

“ငါကြားတာတော့.. ငါတို့ဂိုဏ်းရဲ့ စီနီယာ အထီးကျန်သိုင်းသခင်က ဂိုဏ်းကို ဝင်ရောက်စဉ်က သူက ကျောက်သားဂိတ်တံခါးကို ပေါက်ကွဲထွက်သွားစေတယ်လို့ဆိုတယ်.. အခုလက်ရှိတစ်ခုကတော့ နောက်ပိုင်းမှာ အသစ်ပြန်တည်ဆောက်ထားတာပဲ”

ထိုဆွေးနွေးသံများကို ကြားသောအခါ ကလေးငယ်က အတိတ်ကာလကို ပြန်လည်အမှတ်ရသွားပြီး ပြုံးလိုက်လေသည်။

“ဒီကလေးက ဒီနေရာအထိ ရောက်လာတယ်ဆိုတာ ဆန်းကြယ်တောင်ထွတ်နဲ့ သူက ရေစက်ပါတယ်လို့ ဆိုလိုတာပဲ.. ငါတို့က သူ့ရဲ့ စိတ်ဝိညာဉ်ရင်းမြစ်ကို အရင်စမ်းကြည့်ရမလား”

အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“ကောင်လေး.. ကျောက်သားဂိတ်တံခါးကို ဖြတ်ကျော်ကြည့်လိုက်.. တစ်ချက်လောက် ကြည့်ရအောင်”

ကလေးငယ်က မည်သည့်စကားမှ မပြောဘဲ ပြုံး၍ ကျောက်သားဂိတ်တံခါးဆီသို့ ဖြတ်လျှောက်လာခဲ့၏။

ကျောက်သားဂိတ်တံခါးထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

ခြေတည်အဆင့် ကျင့်ကြံသူအချို့သည် စိတ်ပျက်သွားသော အမူအရာနှင့်အတူ သူတို့၏ ခေါင်းများကို အနည်းငယ် ခါယမ်းလိုက်ကြ၏။

သူတို့ထဲမှ တစ်ယောက် ပြောလိုက်လေသည်။

“မင်းမှာ စိတ်ဝိညာဉ်ရင်းမြစ် မရှိဘူးဆိုလည်း ရပါတယ်.. မင်းက အင်မော်တယ်လမ်းစဉ်ကို မလျှောက်လှမ်းနိုင်သေးဘူးဆိုရင်တောင် သိုင်းတာအိုကို ကျင့်ကြံလို့ ရတာပဲ”

“ကလေး.. ငါက သိုင်းတာအို ကျင့်ကြံသူတစ်ယောက်ပဲ”

လူတစ်ယောက်က သူ၏ သန်မာသော လက်မောင်းကို ထုတ်ဖော်ပြသပြီး ပြောလိုက်၏။

“ငါက သိုင်းတာအိုရဲ့ တတိယမြောက် အသွင်ပြောင်းလဲခြင်း ကြေးအရေပြားသံမဏိအရိုးကို ကျင့်ကြံထားခဲ့ပြီးပြီ.. သာလွန်အဆင့် လက်နက်တွေတောင် ငါ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး”

ထိုသို့ သူပြောရင်း ထိုကျင့်ကြံသူသည် ဆေဘာတစ်လက်ကို ထုတ်ယူကာ သူ၏လက်ကို ခုတ်ပိုင်းချလိုက်၏။ သူ၏လက်ပေါ်တွင် အဖြူရောင်ဒဏ်ချက် ဖျော့ဖျော့တစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။

ကျင့်ကြံသူက အူမြူးအားရသော အမူအရာရှိပြီး ဆေဘာကို ကလေးဆီသို့ ကမ်းပေးလိုက်၏။

“ကောင်လေး.. မင်းက ငါ့ကို စမ်းပြီးခုတ်ကြည့်ပါလား”

“ဒီကလေးက အသက်ဘယ်လောက်ရှိသေးလို့လဲ.. သူက ဆေဘာကိုတောင် မ,နိုင်ပါ့မလား”

အခြားသော ကျင့်ကြံသူများက သူတို့၏ခေါင်းကို ခါယမ်းလိုက်ကြ၏။

ထိုစဉ်မှာပင်.. ကလေးငယ်က ဆေဘာကို လက်ခံယူပြီး သူ၏ ပန်းရောင်လက်ဖဝါးထဲမှာ ညင်သာစွာ ဖိချေလိုက်၏။ ဆေဘာက သံလုံးတစ်လုံးအဖြစ် ကျိုးကြေမွသွားလေသည်။

အဲဒီနောက်.. သူက သူ၏ လက်ချောင်းများကို ညင်သာစွာ ဖိချေပွတ်သပ်လိုက်၏။

သံလုံးသည် သံမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ပြန့်ကျဲ၍ ကျဆင်းသွား၏။

သူသည် သတ္တုကို ရွှံ့ခဲတစ်ခဲကဲ့သို့ ဖိချေပြခဲ့လေသည်။

ဝင်ပေါက်ဝရှိ ကျင့်ကြံသူများသည် တုန်လှုပ်နေသော အမူအရာများဖြင့် ကြောင်အ,မှင်တက်သွားပြီး သူတို့က ဆက်လက်၍ စကားမပြောဆိုနိုင်တော့ပေ။

All Chapters