ရှေးဟောင်းမိစ္ဆာဧကရာဇ်
Vol. 83 Ch. 1242
ဆူဇီမိုက မေးလိုက်၏။
“အစ်ကိုယန်.. ခင်ဗျား စောစောက အမုန်းလို့ ပြောလိုက်တယ်မလား.. အဲဒါက အဆူရာဂိုဏ်းရဲ့ ပြန်ဝင်စား မွန်းစတားလား”
“အင်း”
ယန်ပေးချန်က အနည်းငယ် သုန်မှုန်သွားသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“တာအိုအရှင် အမုန်းက ငါ့ထက်အရင်စောပြီး ကျော်ကြားနေခဲ့တာပဲ.. သူက အမုန်းသုတ္တန်ရဲ့ တစ်ဝက်ကို ရရှိထားခဲ့တယ်.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကို ဖီဆန်ပြီး မိစ္ဆာဂိုဏ်းတွေမှာဆို သူက ပြိုင်ဘက်ကင်းတယ်”
အမုန်းသုတ္တန်..
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး အင်ပါယာ၏ မှတ်ဉာဏ်ထဲတွင် အမုန်းသုတ္တန်အကြောင်း ပါရှိလေသည်။
အမုန်းသုတ္တန်ကို ရှေးဟောင်းခေတ်က ကြောက်စရာအကောင်းဆုံး မိစ္ဆာဧကရာဇ်များထဲမှ တစ်ယောက်က ဖန်တီးခဲ့ခြင်းဖြစ်ပြီး သူက မိစ္ဆာဧကရာဇ်အမုန်းဟု ကျော်ကြားခဲ့လေသည်။
သူသည် မိစ္ဆာတာအိုဖြင့် ဧကရာဇ်ဘွဲ့ကို ခံယူနိုင်ခဲ့သည်ကို ကြည့်ခြင်းဖြင့် ထိုမိစ္ဆာဧကရာဇ်က ဘယ်လောက်တောင် သန်မာသလဲ သိသာလေသည်။
ဒဏ္ဍာရီအရဆို.. မိစ္ဆာဧကရာဇ်အမုန်းသည် အစက ထင်ရှားပေါ်လွင်ခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် ကြီးမားသည့် အပြောင်းအလဲတစ်ရပ်ကြောင့် သူ၏ စိတ်နေစရိုက်က သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့ပြီး သူက တစ်လောကလုံး၊ သက်ရှိအားလုံးနှင့် လောကမှာ ရှိရှိသမျှ အရာအားလုံးကို မုန်းတီးလာခဲ့၏။
ထိုသိပ်သည်းပြင်းထန်သော အမုန်းတရားအောက်တွင် ထိုဧကရာဇ်သည် လုံးဝ ပေါက်ကွဲထွက်သွားပြီး အင်မော်တယ်၊ ဗုဒ္ဓနှင့် ကမ္ဘာဦးမျိုးနွယ် ၉ စုကို လွှမ်းမိုးခြယ်လှယ်စွာဖြင့် သတ်ဖြတ်သုတ်သင်ခဲ့၏။ နောက်ဆုံးမှာတော့ သူသည် တုန်လှုပ်စရာကောင်းသော ရှေးဟောင်းအမုန်းသုတ္တန်ကို ဖန်တီးခဲ့၏။
ထိုကျင့်ကြံရေး နည်းစနစ်သည် မိစ္ဆာဂိုဏ်းများ၏ နံပါတ်တစ် ဂန္ထဝင်ကျမ်းအဖြစ် ကျော်ကြားခဲ့လေသည်။ အဲဒါက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ စဉ်းစားကြည့်နိုင်၏။
မိစ္ဆာဧကရာဇ်အမုန်းသည် ပြိုင်ဘက်ကင်းသော်လည်း သူ၏ဘဝက အလွန်တရာ ဆိုးဝါးပြီး သူက အမုန်းတရားများဖြင့်သာ ရှင်သန်နေထိုင်ခဲ့ရ၏။ သူသည် ရှေးဟောင်းဧကရာဇ်တစ်ပါးဘွဲ့ကို ခံယူနိုင်ခဲ့လျှင်တောင် သူ့တွင် နီးစပ်သော ဆွေမျိုးသားချင်း သို့မဟုတ် မိတ်ဆွေအပေါင်းအသင်း တစ်ယောက်မှ မရှိတော့ပေ။
သူ၏ အဆုံးသတ်က ဝမ်းနည်းစရာလည်း ကောင်းလေသည်။
သူ၏ အမုန်းတရားသည် နောက်ဆုံးမှာတော့ ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားပြီး သူ့ကိုယ်သူပင် စတင်၍ မုန်းတီးလာခဲ့၏။ နောက်ဆုံးမှာတော့ သူသည် ရှေးဟောင်းစစ်ပွဲအပြီး၌ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သူ့ကိုယ်သူ အဆုံးစီရင်ကာ ဝမ်းနည်းစရာကောင်းသော ဒဏ္ဍာရီတစ်ပုဒ်ကို ချန်ထားရစ်ခဲ့၏။
မိစ္ဆာဧကရာဇ်တစ်ပါးပင်လျှင် ထိုကဲ့သို့ အဆုံးသတ်သွားရသည့်အတွက် များစွာသော လူများက သနားကရုဏာသက်ခဲ့ကြ၏။
ယန်ပေးချန်က ဆက်ပြောလိုက်၏။
“တာအိုအရှင်အမုန်းက အမှုမဲ့အမှတ်မဲ့နဲ့ အုတ်ဂူတစ်ခုထဲကို ဝင်ရောက်သွားခဲ့ပြီး အမုန်းသုတ္တန်တစ်ဝက်ကို ရရှိလာခဲ့တယ်… အဲ့လိုနဲ့ သူက မြင့်မားတိုးတက်လာပြီး သူ့ရဲ့ တာအိုဘွဲ့ အမုန်းကို တည်ထောင်နိုင်ခဲ့တယ်”
“သူ ဘာစဉ်းစားနေလဲဆိုတာ လူတိုင်း သိထားကြတယ်.. သူက ရှေးဟောင်းမိစ္ဆာဧကရာဇ်ရဲ့ အရာရာတိုင်းကို အမွေဆက်ခံပြီး သူက နောက်ထပ် မိစ္ဆာဧကရာဇ်အမုန်းတစ်ယောက် ဖြစ်လာချင်နေတာပဲ”
သူသည် အမုန်းသုတ္တန်တစ်ဝက်ဖြင့် မိစ္ဆာဂိုဏ်းများကြား ပြိုင်ဘက်ကင်းနေခဲ့သည်ကို ကြည့်ခြင်းဖြင့် ထိုကျင့်ကြံရေး နည်းစနစ်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာလေသည်။
အခွင့်အလမ်းများစွာကို တွေ့ကြုံခံစားရသော ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများ အားလုံးနီးပါးသည် ထိုအဆင့်ထိ ကျင့်ကြံလာနိုင်ကြ၏။
အဲဒါက ဆူဇီမိုတစ်ယောက်တည်း ချွန်ထွက်နေခြင်းသာ မဟုတ်ပေ။
ယန်ပေးချန်က ပြောလိုက်၏။
“နောက်ပိုင်းတော့ ငါက အဆူရာဂိုဏ်းကို ဝင်ရောက်ပြီး ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်နဲ့ တခြား များစွာသော အခွင့်အလမ်းတွေကို ရရှိခဲ့တယ်.. ငါက အဆူရာသုတ္တန်ကို နားလည်ဆင်ခြင်ပြီး မူလနတ္ထိအဆင့်ကို ဝင်ရောက်လာခဲ့တယ်”
“အဆူရာဘွဲ့အတွက် တိုက်ပွဲမှာတုန်းက.. ငါက မူလနတ္ထိအဆင့်မှာ ရှိနေသေးတဲ့ အမုန်းနဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး လှုပ်ရှားကွက်တစ်ကွက်ရဲ့ တစ်ဝက်အသာနဲ့ ကံကောင်းထောက်မပြီး အနိုင်ရခဲ့တယ်”
ယန်ပေးချန်သည် ထိုစကားကို တည်ငြိမ်စွာ ပြောနေသော်လည်း သူ၏ စကားလုံးများမှတစ်ဆင့် သတ်ဖြတ်လိုစိတ်၏ သိပ်သည်းဆကို ဆူဇီမိုက ခံစားမိနိုင်၏။
ဆူဇီမိုသည် ယန်ပေးချန်အပေါ် အတော်အတန် နားလည်ထား၏။
ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို လက်ခံရရှိထားသော လူနှစ်ယောက်သာလျှင်ရှိပြီး အဲဒါက သူနှင့် ယန်ပေးချန် ဖြစ်၏။
ယန်ပေးချန်၏ ပါရမီအရည်အချင်းက သူ့ထက် သေချာပေါက် အားနည်းမှု မရှိပေ။
ယန်ပေးချန်သည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်စဉ်မှာပင်.. သူက ၈၅ပေ မြင့်မားသော ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသတစ်ခုကို ဆင့်ခေါ်နိုင်ခဲ့၏။ အဲဒါသည် ယန်ပေးချန်က ဘယ်လောက်တောင် သန်မာသလဲ လုံလောက်အောင် သက်သေပြခဲ့ပြီးသားဖြစ်၏။
ထိုသို့ဆိုလျှင်တောင် ယန်ပေးချန်သည် ထိုစဉ်တုန်းက လှုပ်ရှားကွက်တစ်ကွက်၏ တစ်ဝက်အသာဖြင့်သာ အနိုင်ရရှိခဲ့ခြင်းဖြစ်၏။
ယန်ပေးချန်က ဆက်ပြောလေသည်။
“အဆူရာဘွဲ့အတွက် တိုက်ပွဲပြီးဆုံးသွားတဲ့နောက်.. အမုန်းက ပျောက်ကွယ်သွားခဲ့ပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး.. သူ ဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှလည်း မသိခဲ့ကြဘူး”
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အမုန်းက ပြန်ပေါ်လာပြီး မိစ္ဆာဂိုဏ်းတွေ အားလုံးကို တုန်လှုပ်သွားစေခဲ့တယ်”
ဆူဇီမိုသည် ဝိုးတဝါး ခန့်မှန်းမိသွားပြီး တီးတိုးရေရွတ်လိုက်၏။
“အဲဒါက..”
ယန်ပေးချန်က ခေါင်းညိတ်ပြလိုက်၏။
“သူက ပြီးပြည့်စုံတဲ့ အမုန်းသုတ္တန်ကို ရလာခဲ့တာပဲ”
အမုန်းသုတ္တန် ပြန်လည်မွေးဖွား ပေါ်ထွက်လာခြင်း..
ဆိုလိုသည်မှာ.. မိစ္ဆာဧကရာဇ်အမုန်းက နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာပေတော့မည်။
“အမုန်း ပြန်ရောက်လာတဲ့အခါ သူက ပကတိဓမ္မဝိသေသအဆင့်ကို ရောက်ရှိနေခဲ့ပြီ.. အဆူရာဂိုဏ်းက စပြီး သူက မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းမှာ ရှိတဲ့ ဓမ္မဝိသေသ ပြိုင်စံရှားတွေကို စီးပိုးခြယ်လှယ်ခဲ့တယ်.. ပုံရိပ်ယောင်မိစ္ဆာဂိုဏ်းရဲ့ မည်ကာမတ္တတပည့်က ဆယ်ကွက်အတွင်းမှာ သူ့ကို ရှုံးနိမ့်သွားရတယ်”
“အဲဒါပြီးတဲ့နောက်.. မိစ္ဆာဂိုဏ်းတွေရဲ့ တခြား မည်ကာမတ္တ တပည့်တွေက နှုတ်ဆိတ်သွားပြီး အဲဒီတိုက်ပွဲကို ရှောင်ရှားခဲ့ကြတယ်.. အမုန်းက မိစ္ဆာဂိုဏ်းတွေရဲ့ နံပါတ်တစ် အဆူရာဘွဲ့ကို ခံယူသွားခဲ့ပြီ”
သူ့အနေဖြင့်.. ပြီးပြည့်စုံသော အမုန်းသုတ္တန်ကို အမွေဆက်ခံရရှိပြီးနောက်.. ဤကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်လာခဲ့သည်မှာ အံ့အားသင့်စရာတော့ မရှိပေ။
ယန်ပေးချန်၏ အမူအရာက သုန်မှုန်လာခဲ့၏။
“အခုလို ငါ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရပြီး ငါ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ လျော့ကျနေတဲ့ အချိန်ကို မပြောနဲ့.. ငါ့ရဲ့ အထွတ်အထိပ် အခြေအနေမှာ ရှိနေရင်တောင် ငါက သူ့ကို ယှဉ်နိုင်မှာ မဟုတ်လောက်ဘူး”
“အမုန်းက အခု ပြန်ရောက်လာပြီဆိုတော့.. ဘယ်သူကမှ သူ့ကို ထပ်ပြီး တားဆီးနိုင်မှာ မဟုတ်တော့ဘူး”
ယန်ပေးချန်က ထိုစကားကို ပြောရသည်မှာ အံ့ဩစရာတော့ မရှိပေ။
သူတို့၏ အရင်တိုက်ပွဲတုန်းကပင် အမုန်းသည် အမုန်းသုတ္တန်၏ တစ်ဝက်ကို နားလည်ဆင်ခြင်ပြီးနောက် လှုပ်ရှားကွက်တစ်ကွက်၏ တစ်ဝက်သာ အရေးနိမ့်မှုဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်၏။
ယခု သူက ပြီးပြည့်စုံသော အမုန်းသုတ္တန်ကို ရရှိထားခဲ့ပြီဖြစ်တာကြောင့် အမုန်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလာပြီလဲ..။
တစ်ဖက်မှာတော့.. ဆူဇီမို၏ မျက်လုံးထဲတွင် မည်သည့် ကြောက်ရွံ့မှုမှ ရှိမနေပေ။
တာအိုအမွေအနှစ်ကုန်းမြေတွင် နှစ်ပေါင်းငါးထောင်နီးပါး ကျင့်ကြံပြီး ရှေးဟောင်းအမွေအနှစ် ၃၀ကျော်နှင့် ပေါင်းစည်းခဲ့ပြီးနောက် ဆူဇီမိုသည် အဆင့်တူချင်းမှာ အားလုံးကို ဖိနှိမ်နိုင်ပြီး လွှမ်းမိုးခြယ်လှယ်နိုင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ထား၏။
သူသည် ဤနံပါတ်တစ် ရှေးဟောင်း မိစ္ဆာသုတ္တန်ကို တွေ့ကြုံခံစားဖို့ပင် စိတ်အားထက်သန်လာခဲ့၏။
ဆူဇီမိုက အသံနှိမ့်၍ မေးလိုက်၏။
“တာအိုအရှင်အမုန်းရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသက အမြင့်ဘယ်လောက်ရှိလဲ”
တာအိုအရှင်အမုန်းသည် ပကတိဓမ္မဝိသေသအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
တာအိုအရှင်အမုန်းက ပေ ၉၀ ဓမ္မဝိသေသကို စုဖွဲ့နိုင်မည်ဆိုလျှင်တောင် ဆူဇီမိုက အံ့အားသင့်မည် မဟုတ်ပေ။
“ငါ မသိဘူး”
မမျှော်လင့်ထားစွာပင်.. ယန်ပေးချန်က သူ၏ခေါင်းကို ခါပြလိုက်၏။
ဆူဇီမိုက ခဏမျှ ကြောင်အ,မှင်တက်သွား၏။
ယန်ပေးချန်က ပြောလေသည်။
“သူက ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာ အဲဒါက သက်သေပဲ.. သူပြန်ရောက်လာပြီးကတည်းက သူက ကြိမ်ဖန်များစွာ တိုက်ခိုက်ပြီး မိစ္ဆာဂိုဏ်းတွေရဲ့ ဓမ္မဝိသေသ ပြန်ဝင်စား မွန်းစတားတွေကို ဖိနှိမ်ခဲ့တယ်.. ဒါပေမဲ့ သူက သူ့ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသကို တစ်ခါမှ ထုတ်မသုံးခဲ့ဘူး”
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။
သူ့အနေဖြင့် သာမန်ဓမ္မဝိသေသ တာအိုအရှင်များကို ဖိနှိမ်ဖို့အတွက် သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို ထုတ်သုံးစရာ မလိုပေ။
သို့သော်လည်း.. တာအိုအရှင်အမုန်း ဖိနှိမ်ခဲ့သော လူများက မိစ္ဆာဂိုဏ်းများမှ မည်ကာမတ္တ တပည့်များ ဖြစ်လေသည်။
ပုံရိပ်ယောင်မိစ္ဆာဂိုဏ်း၏ မည်ကာမတ္တ တပည့်ကို သူ၏ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကို မသုံးဘဲ ဖိနှိမ်နိုင်ခဲ့သည်ဆိုသော အချက်မှာ နည်းနည်းတော့ ကြောက်စရာကောင်းလာလေသည်။
“ဖျန်ယန်.. တကယ်တော့ မင်းက ဇီမို့ကို တကူးတက အကူအညီလှမ်းတောင်းစရာ မလိုပါဘူး”
ခဏမျှနေပြီးနောက်.. ယန်ပေးချန်က ပြုံးလိုက်၏။
“ဘာလို့လဲဆိုတော့.. ငါက အစကတည်းက အမုန်းနဲ့ တိုက်ခိုက်ဖို့ စိတ်ကူးမရှိလို့ပဲ”
ချင်ဖျန်ယန်နှင့် ဆူဇီမိုသည် ခဏမျှ ကြောင်အ,မှင်တက်သွားပြီး တွေဝေရှုပ်ထွေးသွား၏။
ယန်ပေးချန်က ရှင်းပြလိုက်၏။
“အမုန်းက ငါ့ကို စိန်ခေါ်ချင်တယ်ဆိုရင်.. အဲဒါက အဆူရာဘွဲ့အတွက် တိုက်ခိုက်ဖို့ပဲ.. ငါက အဲဒီဘွဲ့ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပြီးသွားပြီ”
ယန်ပေးချန်၏ လက်က သူ့ဒူးပေါ်ရှိ ဆေဘာရှည်ကို ပွတ်သပ်လိုက်၏။
“အမုန်းက အဆူရာဘွဲ့နဲ့ ဒီအဆူရာဆေဘာကို လိုချင်တာဆိုရင် ငါက အဲဒီနှစ်ခုစလုံး သူ့ကို မခြွင်းမချန် ပေးလိုက်တော့မယ်”
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ယန်ပေးချန်၏ စိတ်နေစရိုက်အရ သူက ဒဏ်ရာရရှိထားလျှင်တောင် အားနည်းမှုကို သေချာပေါက် ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။
ယခုတော့ သူက ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို ချလိုက်သည်ဆိုတော့..။
သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်တော့.. ယန်ပေးချန်သည် ထိုဆုံးဖြတ်ချက်ကို ချလိုက်သည်မှာ နားလည်လက်ခံ၍ ရနိုင်လေသည်။
အကြောင်းမှာ.. အဆူရာက စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်၏။
သတ်ဖြတ်ခြင်းဖြင့် သူ၏တာအိုကို ရရှိထားသော အဆူရာတစ်ယောက်သည် သံယောဇဉ်နှောင်ဖွဲ့မှု ရှိလာသောအခါ သူက ဆက်လက်၍ အဆူရာတစ်ယောက် မဟုတ်နိုင်တော့ပေ။
ယန်ပေးချန်သည် ဤနှစ်များအတွင်း များစွာပြောင်းလဲသွားခဲ့သည်ဟု ဆိုရပေမည်။
“ခင်ဗျားက အဲဒါကို စွန့်လွှတ်နိုင်လို့လား”
ဆူဇီမိုက မေးလိုက်၏။
ယန်ပေးချန်က ပြုံးပြလေသည်။
“အဲဒါတွေက ဘာမဟုတ်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပါပဲ.. ငါ နည်းနည်းနှမျောမိတာကတော့ ငါနဲ့ နှစ်ပေါင်းများစွာ တိုက်ခိုက်ပေးလာခဲ့တဲ့ ဒီအဆူရာဆေဘာပဲ.. ဒါပေမဲ့ အဲဒါကလည်း ကိစ္စတော့ မရှိပါဘူး”
ယန်ပေးချန်၏ လေသံထဲတွင် လွတ်လပ်မှုနှင့် သဘောထားကြီးမြတ်မှု တစ်စွန်းတစ်စ ပါဝင်လာခဲ့၏။
အဲဒါက အစစ်အမှန် လွှတ်ချလိုက်ခြင်း ပုံစံတစ်မျိုးဖြစ်၏။
“ဇီမို.. ငါက ပင်ပန်းနေပြီ.. ငါက ကျင့်ကြံရေးလောကမှာ ဆက်ပြီးတော့ မတိုက်ခိုက်ချင်တော့ဘူး”
ယန်ပေးချန်က ပြောလိုက်၏။
“ဒီနှစ်တွေထဲမှာ ဖျန်ယန်နဲ့ ငါက လူတွေနဲ့ ဝေးဝေးရှောင်ပြီး ဒီဝါးတောလေးထဲမှာပဲ ရှင်သန်နေထိုင်ခဲ့ကြတယ်.. ငါက ငါ့ရဲ့ နှလုံးသားထဲမှာ တစ်ခါမှ မကြုံတွေ့ဖူးခဲ့တဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိခဲ့တယ်.. ငါက အဲဒါကို သဘောကျတယ်”
“ဒီနေ့ကစပြီး အဆူရာဆိုတဲ့ အနှောင်အဖွဲ့ မရှိဘဲနဲ့ ဖျန်ယန်နဲ့ ငါက သုခဘုံတစ်ခုကို ရှာဖွေပြီး ဇာတ်မြုပ်နေထိုင်ကြမယ်.. အပြင်လောကမှာ ဘယ်လိုကပ်ဘေးတွေ၊ ဘယ်လိုတိုက်ပွဲတွေပဲ ဖြစ်လာဖြစ်လာ.. အဲဒါက ငါ့အလုပ် မဟုတ်တော့ဘူး”
ယန်ပေးချန်သည် ပတ်သက်ဆက်နွယ်မှု အားလုံးကို လွှတ်ချပြီး အမုန်းနှင့် မတိုက်ခိုက်ချင်တော့ပေ။ သူက ဆူဇီမိုကိုလည်း ဤနေရာမှာ အမုန်းနှင့် မတိုက်ခိုက်စေချင်ပေ။
“ကျုပ် နားလည်ပါတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“အစ်ကိုယန်.. ကျုပ်က ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားမှု ရှိပါတယ်”