မဟာအင်အားကို ပြသခြင်း
Vol. 44 Ch. 654
“ဒါရိုက်တာအိုးရန် ကိုယ်တိုင်ကိုယ်ကျ ဒီအခြေအနေကို ကိုင်တွယ်လိမ့်မယ်”
ရှောင်လီက ဆက်လက်၍ ကြိုးပမ်းနေသော်လည်း အခြားသူများက တစ်ယောက်ပြီး တစ်ယောက် ရပ်သွားကြသည်။
“ကျွန်တော် သူတို့ကို နှောင့်ယှက်ဖို့ တာဝန်ယူလိုက်မယ်”
ရှောင်လီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
အိုးရန်ချင်းက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ သူမ၏ လက်ချောင်းများက ကီးဘုတ်ပေါ် စတင် ပြေးလွှားနေပြီ ဖြစ်ပြီး သူမ၏ လက်အလျင်က ယခင်ကထက် ပိုမို၍ မြန်ဆန်လာသည်။ သူမ၏ လက်ချောင်းများအား အရိပ်သာ မြင်နေရပြီး စက္ကန့်တိုင်း ကွန်ပျူတာ၌ ညွှန်ကြားချက်များ ပေးနေသည်။
“အာ … မဆိုးဘူးပဲ”
ရဲ့လင်းချန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်သွားလေသည်။ အိုးရန်ချင်းသည် အမှန်တကယ်ပင် အလုပ်သရဲ ဖြစ်လေသည်။ သူမ၏ လက်အောက်ငယ်သားများကို အလုပ်များ ပေးတတ်ရုံသာမက သူမကိုယ်သူမလည်း အလုပ်ပေးလွန်းလှသည်။ အိုးရန်ချင်း၌ ဤသို့ အံ့ဩစရာကောင်းသော ကွန်ပျူတာ စွမ်းရည်များ ရှိလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။
အမျိုးသမီး ဆက်ခံသူတစ်ယောက်က ဝမ်ရုံလုပ်ငန်းစုအား ယခင်က ရှိခဲ့သော အနေအထားသို့ မြှင့်တင်ပေး နိုင်ခဲ့သည်က အံ့ဩစရာ မဟုတ်တော့ပေ။ သူတို့၏ မောင်းသူမဲ့ နည်းပညာ၌ အမှားအယွင်းသာ မရှိခဲ့လျင် သူမသည် ကုမ္ပဏီအား နည်းပညာ ကုမ္ပဏီကြီးတစ်ခုအဖြစ် အမြင့်ဆုံးသို့ ရောက်အောင် လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ရဲ့လင်းချန် စိတ်အေးသွားလေသည်။ အိုးရန်ချင်းသာ သူမအလုပ်၌ မကျွမ်းကျင်ခဲ့လျင် မောင်းသူမဲ့ နည်းပညာကို ဘယ်လိုလုပ် ဖန်တီးနိုင်ပါမည်နည်း။ ယင်းက ပြီးပြည့်စုံခြင်း မရှိသော်လည်း အင်အားကို ပြသနိုင်ပေသည်။
ထိုအခိုက်တွင် အိုးရန်ချင်း၏ ဟန်ပန်က ပြောင်းလဲသွားသည်။ အမျိုးသမီး ဥက္ကဋ္ဌတစ်ယောက်၏ ဟန်ပန်မှနေ၍ တကယ့် အလုပ်သရဲ ပုံစံသို့ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများက အာရုံစူးစိုက်၍ တိကျလာကာ သန်မာသော အရှိန်အဝါတစ်ခုကို ပြသနေသည်။ ဆွဲဆောင်မှုဇယား၌ ကိုးဆယ့်သုံးမှတ် ရနိုင်သည့် လှပသော မျက်နှာကိုပါ ထပ်မံ ပေါင်းထည့်လိုက်လျင် အလွန် ထူးခြားလှသည့် မြင်ကွင်းတစ်ခုကို ဖန်တီးလာလေတော့သည်။
ထို့နောက် အိုးရန်ချင်းက ပြောလာသည်။
“ဝမ်ရုံနည်းပညာရဲ့ ကွန်ရက်က အန္တရာယ်ဇုံထဲကနေ ကင်းလွတ်သွားပြီ၊ ရှောင်လီ အဲ့အဖွဲ့ရဲ့ IP လိပ်စာကို နင် ခြေရာခံဖို့ အချိန်ကျပြီ”
ရဲ့လင်းချန် အသာ ပြုံးလိုက်သည်။ IP လိပ်စာ စုစုပေါင်း လေးခု ရှိပြီး နှစ်ခုမှာ အိုးရန်ချင်း၏ မောင်းထုတ်ခြင်း ခံလိုက်ရကာ ကျန်နှစ်ခုမှာမူ အိုးရန်ချင်းက လှည့်စား၍ ပိတ်ပင်ခဲ့သည်။
“ဟုတ်ကဲ့၊ ဟားဟားဟား … ဒါရိုက်တာ အိုးရန်က အင်အားကို ပြနေပြီ၊ လုံးဝကို ဩချစရာပါပဲ”
ရှောင်လီက ကျယ်လောင်စွာ ရယ်မောနေသည်။
“မိုက်တယ်၊ ဒါရိုက်တာ အိုးရန်က ပြည်ပ ပရိုဂရမ် ရေးသားတဲ့ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရခဲ့တာကို ငါ သတိရပြီ၊ သူ့ရဲ့ နည်းလမ်းက တကယ်ကို ထူးခြားတာပဲ”
“ကျစ် … အဲ့ဒါက ဘာမှမဟုတ်သေးဘူး၊ ဒါရိုက်တာအိုးရန်က နိုင်ငံတကာ ဟက်ကာ အဖွဲ့အစည်းကနေ ဖိတ်တာကို ရခဲ့ဖူးတယ်၊ သူ ငြင်းခဲ့တာလေ”
“လခွမ်း၊ သူက သိပ်တော်တာပဲ၊ ငါ ကောင်းကင်ဘုံ စာအုပ်ကို ဖတ်နေရသလို ခံစားမိသွားပြီ၊ သူ ဘယ်လိုလုပ် လိုက်လဲ ဆိုတာကို ငါ နားမလည်နိုင်ဘူး”
“ဒါဆို မင်း သင်ခန်းစာကို အမီလိုက်မှရမယ်၊ ငါကတော့ တော်တော်လေး သင်ယူလိုက်ရပြီ”
ဝမ်ရုံနည်းပညာ၏ ဝန်ထမ်းများအားလုံး ရွှင်ပျလန်းဆန်းနေကြပြီး တစ်ယောက်ချင်းစီက အိုးရန်ချင်းကို မျက်နှာချိုသွေး၍ ချီးမွမ်းနေ၏။ အိုးရန်ချင်းက အချိန်ပို ဆက်တိုက် လုပ်ခိုင်းသည့်အတွက် မကျေမနပ် ဖြစ်နေသူများတောင်မှ ချီးကျူးနေသဖြင့် သူတို့ စိတ်ထဲမှ လှိုက်လှိုက်လဲလဲ ပြောဆိုခြင်း ဖြစ်ကြောင်း သိသာပေသည်။ သူတို့အားလုံး သူမကို အမှန်တကယ် လေးစားအားကျ၍ လက်ခံလာကြသည်။
“ဒါရိုက်တာအိုးရန်၊ ကျွန်တော်တို့အပြင် အခြားနေရာတွေကလည်း တန်ပြန် တိုက်စစ် ဆင်နေပြီ၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ရှောင်လီ၏ မျက်လုံးများက ကွန်ပျူတာပေါ် ပြန်ရောက်သွားပြီး လက်များအား စိတ်အားထက်သန်စွာ ပွတ်နေသည်။
အိုးရန်ချင်းက ရဲ့လင်းချန်ကို ကြည့်လိုက်သည်။
“သူတို့ အကူအညီ ခေါ်တော့မယ့်ပုံပဲ၊ သွားပြီး ပြန်တိုက်လိုက်ကြပါ”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်လေသည်။
“ဟားဟားဟား၊ ငါ ပါမယ်ဟေ့”
“သူတို့ အထိနာနေတုန်း ချရအောင်”
“မြေနိုးတွေ၊ ငါ့တုတ်စာကို မြည်းကြည့်စမ်း”
“ဒါရိုက်တာအိုးရန်နောက်က လိုက်ကြ၊ တက် … ချကြဟေ့”
ဝမ်ရုံနည်းပညာမှ လူတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ သူတို့အားလုံးသည် မျိုးချစ်စိတ် ထက်သန်ပြီး သွေးပူတတ်ကြသည်။ ထို့ကြောင့် ထိုအင်အား အနည်းငယ်နှင့် သူတို့ တာဝန်ကို လုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြသည်။ ယခုကား သူတို့၏ အင်အားကို ပြသရမည့် အချိန်ပင်တည်း။
“စိတ်လှုပ်ရှားမနေကြနဲ့၊ မဟုတ်ရင် မင်းတို့မိတ်ဆွေတွေကို မတော်တဆ အထိနာအောင် လုပ်မိဦးမယ်၊ ပိုကာကဒ် လိုဂိုနဲ့ တစ်ယောက်ယောက်ကို မြင်ရင် ညှာမနေကြနဲ့”
အိုးရန်ချင်းက တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့”
“ဟားဟားဟား၊ ဒါဆို ငါတို့ သူတို့ကို အဲ့လို ခွဲလို့ရပြီပေါ့”
“ငါနဲ့အတူ ဘယ်သူ သတ်ချင်လဲကွ၊ ငါ့လူတို့ရေ ချလိုက်ကြစို့”
အွန်လိုင်းတိုက်ပွဲက မိနစ်နှင့်အမျှ ပိုပို၍ ပြင်းထန်လာပြီး တရုတ် ဟက်ကာများစွာကို ခေါ်လာကြသည်။ လူများ ပေါ်လာပြီးနောက် အားလုံးက ပူးပေါင်း၍ တန်ပြန်တိုက်စစ်ဆင်ကြသည်။ အချို့သော နည်းပညာ ကုမ္ပဏီကြီးများကလည်း တိုက်ပွဲတွင် ဝင်ပါလာကြသည်။
လက်ရှိတွင် နှစ်နိုင်ငံလုံး မဆုတ်သာ မတိုးသာ အခြေအနေ ဖြစ်နေပြီး အချင်းချင်း တိုက်စစ်ဆင်နေကြသည်။
Weibo ပေါ်၌ …
[ဟ … ပြန်ရသွားပြီလား၊ ငါတို့ အခု စကားပြောလို့ရပြီလား]
[ငါ့တရုတ်နိုင်ငံလေးက မိုက်တယ်ဟေ့၊ ငါတို့ ဒါကို နိုင်နိုင်တယ်]
[မြေယိုးတွေ၊ စိတ်ညစ်ဖို့ ကောင်းလိုက်တာ၊ ကိုရီးယားတွေ ထွက်သွားကြစမ်း]
[ချီးပဲ၊ ငါ သောက်ရမ်း စိတ်ပူနေတာ၊ ငါ ကူညီချင်ပင်မယ့် ငါ့အရည်အချင်းက အဲ့လို ခွင့်မပြုဘူး ဖြစ်နေတယ်]
[ဒီနေ့ တိုက်ခိုက်ပေးတဲ့လူတွေကြောင့် ငါ အရမ်း ကြည်နူးမိလွန်းလို့ ငိုမိတော့မယ်]
[Toutiao website လဲ ပြန်ရသွားပြီ]
[Tencent News လဲ အရင်လို ပြန်ဖြစ်သွားပြီ၊ ငါတို့ နိုင်သွားတဲ့ပုံပဲ၊ မိုက်တယ်ဟေ့]
…
ကိုရီးယားနိုင်ငံမှ ဟက်ကာများ၏ စခန်းလေးခု၌။
“ချီးပဲ၊ တရုတ်မှာလဲ ပညာရှင်တွေ ရှိတာပဲ”
“သောက်ချီး … ငါ အသတ်ခံလိုက်ရပြီ”
“ထပ်ဝင်လို့ မရတော့ဘူး၊ ငါ တွေ့ထားတဲ့ ဟာပေါက်က စက္ကန့်ပိုင်းလေးနဲ့တင် ပြန်ပိတ်သွားပြီ”
“သူတို့ သောက်ကျိုးနည်း ဘာလုပ်ချင်နေတာလဲ၊ သူတို့က ငါတို့ IP ကို ခြေရာခံချင်နေတာလား၊ ဆုတောင်းလေ”
“အားလုံး ပြန်ဆုတ်ကြ၊ သူတို့ကို ငါတို့ IP တွေ ခြေရာခံခွင့် မပေးနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ”
King of Spades က အမိန့်ပေးလာသည်။
“တရုတ်နိုင်ငံက ဧရိယာကျယ်ပြီးတော့ လူဦးရေ များတယ်၊ သူတို့မှာ ပညာရှင်တွေ ရှိတာ မဆန်းဘူး၊ သူတို့မှာလဲ ဟက်ကာတွေ အများကြီး ရှိလောက်တယ်၊ အခု ဖြစ်နေတာတွေက မျှော်လင့်ထားသလိုပဲလေ”
“ဟုတ်တယ်၊ တရုတ်က သူတို့နယ်မြေ၊ ပြီးတော့ သူတို့ရဲ့ စစ်မြေပြင်ပဲလေ၊ သူတို့ရဲ့ ခံစစ် စနစ်ကလည်း တော်တော် သန်မာတယ်၊ ငါတို့ ဒီလောက်အထိ လုပ်နိုင်တာကိုက တော်တော်လေး အောင်မြင်နေပြီ”
“နတ်ဆေးဆရာဝိုင်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ ငါ မရခဲ့တာက ဆိုးတာပဲ”
“ငါ သဲလွန်စ သေးသေးလေး တွေ့ခဲ့တယ်”
Two fo Hearts က ရုတ်တရက် ပြောလာသည်။
*ဟမ်*
လူတိုင်း သူ့ကို လှမ်းကြည့်လာ၏။
“ဝမ်ရုံ နည်းပညာလို့ခေါ်တဲ့ ဒီwebsite မှာ ဝိုင်ရဲ့ အရိပ်အခြေတွေ အများကြီးပဲ၊ နောက်ကွယ်မှာရှိတဲ့သူရဲ့ ကုတ်နာမည်က ဝိုင်ပဲ”
Two of Heats က ဝမ်ရုံ နည်းပညာနှင့် ပတ်သက်၍ သူ ရှာတွေ့ထားသော အချက်အလက်များကို လူတိုင်းအား ပြလိုက်သည်။
“အားလုံး သွေးမပျက်သွားနဲ့၊ ဆက်ပုန်းနေ၊ ဘုရင်ကြီးနဲ့ ဘုရင်လေးကို ခေါ်လိုက်”
“ငါတို့ တရုတ်ရဲ့ ကွန်ရက် အတိုင်းအတာကို ထိုးဖောက်နိုင်ပြီးပြီပဲ၊ ဘုရင်ကြီးနဲ့ ဘုရင်လေး ရောက်တာနဲ့ … ဟားဟားဟား … တရုတ်ရဲ့ ကွန်ရက်က လုံးဝ သေသွားစေရမယ်”
“တရုတ်ဟက်ကာတွေကို သူတို့ရဲ့ တိုတောင်းလှတဲ့ အောင်ပွဲအတွက် ပေးပျော်လိုက်ပါဦးကွာ”
…
မိုးကောင်းကင်က မှောင်သထက် မှောင်မည်းလာပြီး အချိန်ကား ည ခုနစ်နာရီခွဲသို့ ရောက်ရှိလာလေသည်။
ဆန်းကြယ်ကျွန်းပေါ်မှ ပင်လယ်လေညင်းသည် အတော်လေး အေးမြလှသည်။
ရဲ့လင်းချန်သည် သူ့ဘေးပတ်ဝန်းကျင်မှ အမျိုးသမီးများကို ဝေ့ကြည့်လိုက်သောအခါ သူမတို့၏ မျက်နှာက အေးမြမှုကြောင့် နီရဲနေသည်ကို တွေ့လိုက်ရပြီး ရုတ်တရက် သူ၏ မျက်လုံးများက လင်းလက်သွားသည်။ သူ၏ အစီအရင် စွမ်းရည်က မြင့်မားသော အဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး ဧရိယာတစ်ခု၏ ရာသီဥတုကို ထိန်းချုပ်ရန် သူ့အတွက် မခက်ခဲတော့ချေ။ ဆန်းကြယ်ကျွန်းပေါ်၌ တစ်နှစ်ပတ်လုံး နွေဦးရာသီ ရောက်နေသကဲ့သို့ ဖြစ်စေရန် ကြီးမားသော အစီအရင်တစ်ခုကို စီမံရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ထိုအကြံက သူ့နှလုံးသားအား ချက်ချင်း နိုးကြွလာစေသည်။ တစ်နှစ်ပတ်လုံး နွေဦးရာသီ ရှိခြင်း၏ အကျိုးကျေးဇူးက ရေတွက်၍ပင် မကုန်နိုင်ချေ။ သူသည် ယင်းအား မည်သို့ ရရှိအောင် လုပ်ရမလဲနှင့် အစီအရင်အတွက် အဘယ်သို့သော ပစ္စည်းများ လိုအပ်လေမလဲဟု စဉ်းစားနေသည်။
ကျောက်စိမ်းနှင့် ရှားပါးပစ္စည်းများဆိုလျင် စီချွမ်-တိဘက်ဒေသမှ မိသားစုများက များပြားစွာ ပို့ထားပြီးသား ဖြစ်သည်။ သို့သော် ၎င်းတို့နှင့် မလုံလောက်သေးဘဲ ပိုမို၍ စုဆောင်းရန်အတွက် သူ နည်းလမ်းများ ရှာဖွေရန် လိုအပ်ပေသည်။
“ဒယ်ဒီ ကျွန်တော်တို့ ရောက်ပြီ”
ရှောင်ချင်နှင့် ရှောင်ဟွေတို့၏ အသံက တောထဲမှ ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက လျင်မြန်စွာ ပြေးလွှားနေပြီး သူတို့၏ အနောက်မှ ဝံပုလွေများက လိုက်လာသည်။ သူတို့အားလုံး အတူတူ ကြိုးစား၍ ကြီးမားသော နွားရိုင်းတစ်ကောင်ကို ဆွဲ၍ ဖြည်းဖြည်းချင်း လာနေကြသည်။
“ဒယ်ဒီ၊ ဒီတစ်ခေါက် ကျွန်တော်တို့ နွားရိုင်းကြီးတစ်ကောင်ကို ဖမ်းမိခဲ့တယ်”
ရှောင်ချင်နှင့် ရှောင်ဟွေက ကလေးများကဲ့သို့ သူတို့၏ အောင်မြင်မှုကို အသိအမှတ်ပြုရန် စိတ်လှုပ်ရှားစွာ တောင်းဆိုနေသည်။
“အင်း … မဆိုးပါဘူး၊ ငါ မင်းတို့နှစ်ကောင်လုံးအတွက် ပေါင်တစ်ချောင်းပေးမယ်”
ရဲ့လင်းချန်က အေးအေးလူလူ ပြုံးလိုက်သည်။ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ပို၍ စိတ်လှုပ်ရှားသွားပြီး ဝံပုလွေများအား မြန်မြန်လာရန် နှိုးဆော်နေသည်။
အိုးရန်ချင်းနှင့် ဝမ်ရုံနည်းပညာမှ အခြားသူများ အံ့ဩနေကြသည်။ သူတို့၏ အတွေးများက ဗလာဖြစ်နေကြသည်။
“ဒါ … ဒါတွေက … ဝံပုလွေတွေလား”
ရှောင်လီ ကြောက်လန့်လွန်း၍ ခုံပေါ် လဲကျသွားသည်။
ဟောင်ယွင်က စိတ်ပျက်ဟန်နှင့် အကြည့်လွှဲလိုက်ပြီး မချိုမချဉ် ပြုံးလိုက်သည်။ သူမက ရုတ်တရက် ထအော်လိုက်သည်။
“အား … ကယ်ကြပါဦး၊ ဝံပုလွေတွေက ငါတို့ကို စားတော့မယ်၊ အားလုံး ပြေးကြ”
“ဘုန်း”
ရှောင်လီ၏ ခုံက နောက်လန်ကျသွားပြီး သူသည် မြေကြီးပေါ်သို့ သွေးပျက်တုန်လှုပ်နေသော အမူအရာနှင့် လဲကျ သွားလေသည်။
“အား….”
ဝမ်ရုံနည်းပညာမှ အခြားမိန်းကလေးများကလည်း ဝိုင်းအော်ကာ ကြောက်စိတ်ကြောင့် မျက်နှာ ဖြူရော်နေသည်။ သူမတို့က အချင်းချင်း ဖက်ထားကြလေသည်။