အခန်း (၄၇၂)
Vol. 39 Ch. 472
“မေ့ပျောက်ခြင်းမြို့တော်... ဒီနေရာက ဘာလဲ….”
လီဟမ်ရှန်း ထိုအမည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ စန်းယွမ်နယ်မြေ တစ်ခုလုံးတွင် ထိုသို့သော မြို့တစ်မြို့ ရှိပါသေးသည်လား။
“အား…… နာလိုက်တာ!”
လီဟမ်ရှန်းသည် ယခု ရောက်ရှိလာတော့မည့် နေနှင့်လ အစစ်အမှန်မီး၏ အကျိုးသက်ရောက်မှုကို ခံစားလိုက်ရပြီး ၎င်းကို ခက်ခက်ခဲခဲ နှိမ်နင်းနိုင်ခဲ့သည်။ ရူးလောက်သော နာကျင်မှုဝေဒနာကြောင့် လီဟမ်ရှန်းသည် သူ့ရှေ့ရှိအရာကို ရှင်းရှင်းလင်းလင်း မမြင်ရလုနီးပါး ဖြစ်သွားသည်။
သို့သော် ယခုအချိန်တွင် လီဟမ်ရှန်းသည် နောက်ကွယ်မှ ရောက်လာသော အန္တရာယ်ကို ခံစားမိနိုင်သေးသည်။ သူသည် အဝေးတစ်နေရာမှ ပျံသန်းလာသည့် လူတစ်ယောက်ကို ယောင်ဝါးဝါး မြင်လိုက်ရသည်။
ရောက်ရှိလာသူသည် စွမ်းအားအလွန်ကြီးမားကာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်နှင့် အလွန်တူလေသည်။
“လီဟမ်ရှန်း!”
အသံသည် မိုးခြိမ်းသံကဲ့သို့ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ လီဟမ်ရှန်းသည် သူ့ခန္ဓာကိုယ်အနှံ့ရှိ သွေးပြန်ကြောများပင် ပေါက်ထွက်တော့မတတ် သွားများကို အံတင်းတင်းကြိတ်ကာ မေ့ပျောက်ခြင်းမြို့တော်ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။
သို့သော် လီဟမ်ရှန်း မြို့ထဲသို့ ဝင်လိုက်သည်နှင့် နောက်ဆုံးတော့ သူကိုယ်သူ မေ့လဲသွားခြင်းမှ မတားဆီးနိုင်ခဲ့ပေ။ ချက်ခြင်းပင် သူ့နောက်မှလိုက်နေသော မဟာသူတော်စင်သည်လည်း မေ့ပျောက်ခြင်းမြို့တော်သို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် အရာအားလုံး ငြိမ်သက်သွားပုံရသည်။
လီဟမ်ရှန်း သတိပြန်ရလာသောအခါတွင် အမည်မသိအချိန်များ ကုန်ဆုံးသွားခဲ့သည်။ သူသည် မေ့ပျောက်ခြင်းမြို့တော်ထဲသို့ အသည်းအသန် ဝင်ရောက်ခဲ့ကြောင်းသာ မှတ်မိသော်လည်း မူးမေ့လဲသွားသောကြောင့် နောက်ပိုင်းတွင် ဘာဆက်ဖြစ်သွားသည်ကို မသိတော့ပေ။
လီဟမ်ရှန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မြက်ခင်းပြင်နဲ့ လေနုအေးများ ဝန်းရံထားသည့် အပြာရောင်ကျောက်တုံးကြီးပေါ်တွင် သူ့ကိုယ်သူ လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
‘ဒါ ဘယ်နေရာလဲ?’
မှန်ပေသည်။ သူမမေ့လဲခင် နောက်ဆုံးအခိုက်အတန့်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်က သူ့ကို ရှာတွေ့သွားခဲ့လေသည်။
‘သူ့ကို ဖမ်းခေါ်သွားတာများ ဖြစ်နိုင်မလား?’
လီဟမ်ရှန်း ထထိုင်လိုက်သည်။ ဤကမ္ဘာကြီးက အလွန်ပင် ထူးဆန်းနေခဲ့သည်။ လီဟမ်ရှန်းသူ သူ၏ပတ်ဝန်းကျင်ရှိ ရှုခင်းများက အစစ်အမှန် နေရာမဟုတ်သကဲ့သို့ အနည်းငယ်ကွဲလွဲနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ပုံပျက်ပန်းပျက်ဖြစ်နေသည့် လမ်းကြောင်းတစ်ခုမှ ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်လျှောက်လာခဲ့သည်။
မူလက လီဟမ်ရှန်းသည် ထိုလူမှာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ထိုသူ့ကိုမြင်လိုက်သောအခါတွင် မဟာသူတော်စင်နှင့်မတူကြောင်း တွေ့ရှိခဲ့ရသည်။ သူသည်လည်း အသက်ကြီးနေသော်လည်း သူ၏အသွင်အပြင်က အနည်းငယ်တော့ ထူးဆန်းနေခဲ့သည်။ ဦးခေါင်းပြောင်ပြောင်နှင့် ဖြူဖွေးသော မျက်ခုံးမွှေးများရှိပြီး လက်ထဲတွင် တုတ်ကောက်တစ်ချောင်းကိုင်ကာ လိပ်ခွံကို သူ၏ကျောပေါ်တွင် ထမ်းထားလေသည်။
“နိုးပြီလား……”
အဘိုးအိုက လီဟမ်ရှန်းကို ပြောလာခဲ့သည်။
“စီနီယာ က ဘယ်သူပါလဲ…. ကျွန်တော် ဘယ်ရောက်နေတာလဲ…..”
လီဟမ်ရှန်းသည် ကျောက်တုံးကြီးပေါ်မှ အမြန်ဆင်းလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ရှေ့ရှိ အဘိုးအိုသည် ကမ္ဘာကြီးနှင့် ပေါင်းစည်းထားသကဲ့သို့ သူ၏ ဝင်သက်ထွက်သက်ကို မခံစားခဲ့ရပေ။
အဘိုးအိုက ထိုင်ချလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
“ကျုပ်မှာ နာမည်မရှိဘူး…. မင်း ငါ့ကို လောကအုပ်ထိန်းသူလို့ ခေါ်နိုင်တယ်…. ဒီနေရာကတော့ ဟေး......”
“ဒီနေရာက ဘယ်နေရာလို့ ခေါ်တာလဲ? ”
လောကအုပ်ထိန်းသူမှ တစိမ့်စိမ့် တွေးတောပြီးနောက် ပြောလိုက်သည်။
“ဒီနေရာရဲ့ ပထမပိုင်ရှင်က ကမ္ဘာကြီးအားလုံးရဲ့ဂိတ်တံခါး လို့ခေါ်ပြီး ဒုတိယပိုင်ရှင်ကတော့ ဒီနေရာကို လောကစေတီ လို့ခေါ်ခဲ့တယ်။ အခုအချိန်မှာတော့ မင်းက ကြေးအင်မော်တယ်နန်းတော် လို့ခေါ်နိုင်တယ်…”
“ကြေးအင်မော်တယ်နန်းတော်!”
လီဟမ်ရှန်းသည် သူ၏နားကိုပင် မယုံနိုင်ခဲ့ချေ။ ကြေးအင်မော်တယ်နန်းတော်သည် စန်းယွမ်နယ်မြေ တစ်ခုလုံးတွင် ဒဏ္ဍာရီလာနေရာတစ်ခုဖြစ်သည်။
ကြေးအင်မော်တယ်နန်းတော်တွင် မရေမတွက်နိုင်သော ရတနာများ ရှိနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ကြေးအင်မော်တယ်နန်းတော်သည် မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်ပြီး ကြေးအင်မော်တယ်နန်းတော်သို့ တစ်ကြမ်ဝင်ရောက်ရုံဖြင့်ပင် အလိုဆန္ဒအားလုံးကို ပြည့်မြောက်စေနိုင်သည်။ သို့သော် ကြေးအင်မော်တယ်နန်းတော်သည် အပြောင်းအလဲမြန်ပြီး လူများစွာသည် ဝင်ရောက်ပြီးနောက် ဘယ်သောအခါမှ ပြန်ပေါ်မလာတော့ပေ။ ဤနေရာသည် အဖြူ၊အနက် လျှို့ဝှက်နယ်မြေထက်ပင် ပို၍ လျှို့ဝှက်ဆန်းကြယ်လှသည်။
ကြေးအင်မော်တယ်နန်းတော် ရှိ၊မရှိကို လူများစွာကပင် သံသယဖြစ်ခဲ့ကြသည်။ သူတို့သည် ကြေးအင်မော်တယ်နန်းတော်သို့ အမှန်တကယ် ဝင်ရောက်နိုင်ရန် ဤမျှကံကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြဖူးပေ။
“စီနီယာ! ဒါက တကယ်ကို ကြေးအင်မော်တယ်နန်းတော်ပဲ…. ကြေးအင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်ဖို့က အရမ်းအန္တရာယ်များပြီး အလိုရှိတာဘာမဆိုကို ရနိုင်တယ်လို့ ကျွန်တော်ကြားခဲ့ဖူးတယ်…. အဲ့ဒါ အမှန်ပဲလား….”
လီဟမ်ရှန်းက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။
“အဲဒါအမှန်ပါပဲ…. ဒါက ဒုတိယဆရာသခင်က ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းပဲ….”
လောကအုပ်ထိန်းသူသည် ခေါင်းညိတ်ပြခဲ့သည်။
“ဒုတိယပိုင်ရှင်?”
လီဟမ်ရှန်းသည် ထိုသို့သောနေရာ၌ ပိုင်ရှင်ရှိလိမ့်မည်ဟု မတွေးနိုင်ခဲ့ပေ။ ကြေးအင်မော်တယ်နန်းတော်ကို ထိန်းချုပ်နိုင်သည့် ပိုင်ရှင်သည် အဘယ်သို့သော ဖြစ်တည်မှုမျိုးနည်။
‘အလွန်တရာကိုမှ စွမ်းအားကြီးလှတဲ့ မြေအင်မော်တယ်တစ်ယောက် ဖြစ်နိုင်လား?’
“မှန်တယ်….”
“ပထမပိုင်ရှင်က ရတနာကို ဒုတိယပိုင်ရှင်ထံ လက်ဆင့်ကမ်းခဲ့တယ်။ ယုတ္တိရှိရှိပြောရရင် ဒုတိယပိုင်ရှင်က လောကစေတီကို လွှဲပြောင်းပေးဖို့ မှန်ကန်တဲ့ကံကြမ္မာနဲ့ နောက်လူကို ရှာသင့်ပေမယ့်.......”
လောကအုပ်ထိန်းသူ၏ မျက်နှာအမူအယာသည် ရုတ်တရက် ထူးဆန်းလာခဲ့သည်။ ထိုသူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်နေရာသည် ပြောင်းလဲသွားပြန်သည်။
လီဟမ်ရှန်း၏ရှေ့တွင် ခန်းမတစ်ခုပေါ်လာပြီး ထိုခန်းမထဲတွင် ပုံရိပ်နှစ်ခု ရှိလေသည်။ ထိုပုံရိပ်နှစ်ခုသည် ကျောက်ဆင်းတုတော် နှစ်ဆူဖြစ်သည်။
ပထမလူသည် လူကြီးလူကောင်းနှင့်တူပြီး လူအများကို ကျက်သရေရှိသောပုံရိပ်ကို ပေးစွမ်းလေသည်။
ဒုတိယလူသည် ရုပ်ရည်ချောမောသော်လည်း အကြောင်းတစ်ခုခုကြောင့် လီဟမ်းရှန်းသည် ထိုလူက နည်းနည်းလေး……. သူ့ကိုမြင်သည့်အခါ အလေးအနက်မရှိဘူးဟု အမြဲလိုလို ခံစားလိုက်ရသည်။
“ပထမပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က ကျိ… ဒုတိယပိုင်ရှင်ရဲ့ နာမည်က စု… ပြီးတော့ တတိယပိုင်ရှင်ကတော့ သူရှာမတွေ့ခင် အချိန်အတော်ကြာသွားမှာကို ကျုပ် စိုးရိမ်မိတယ်…”
လောကအုပ်ထိန်းသူသည် သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်။
“ဒါဆို စီနီယာ! ဒီ ကြေးအင်မော်တယ်နန်းတော်ကို ဝင်လာဖို့ စည်းမျဥ်းစည်းကမ်းက ဘာလဲ….”
“သေချာတာပေါ့! စည်းမျဥ်းစည်းကမ်းတွေရှိတယ်…. မင်း ကြေးအင်မော်တယ်နန်းတော်ကိုရောက်ရင် မင်းအရင်ဆုံး စစ်ဆေးမှုဖြေရလိမ့်မယ်… စစ်ဆေးမှုဖြေပြီး အောင်မြင်မှသာ မင်းလိုချင်တာကို ရနိုင်မှာ….”
လောကအုပ်ထိန်းသူ က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“စစ်ဆေးမှု! အဲ့တာက ခက်လား….”
လီဟမ်ရှန်းသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ထိုအရာကို တွေးတောပြီးနောက် သေချာပေါက် ခက်ခဲမည်ဆိုသည်ကို သူသိလိုက်သည်။
“အခက်အခဲအဆင့်အတွက် ဆုံးဖြတ်ချက်က ကျုပ်နဲ့မဆိုင်ပါဘူး… မင်းနဲ့ပဲဆိုင်တယ်… ကြေးအင်မော်တယ်နန်းတော်ရဲ့ ဘိုးဘေးက ဘာလို့ လောကစေတီလို့ ခေါ်ခဲ့လဲဆိုတာ မင်းသိလား….”
လောကအုပ်ထိန်းသူမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာခဲ့သည်။
“ကျွန်တော် မသိဘူး….”
လီဟမ်ရှန်းက ခေါင်းခါလိုက်သည်။
“ဘာလို့လဲဆိုတော့ ကြေးအင်မော်တယ်နန်းတော်က အမျိုးမျိုးသော လောကတွေဆီကို ဦးတည်သွားနိုင်လို့ပဲ…..”
လောကအုပ်ထိန်းသူ မှ ပြောလာခဲ့လေသည်။
“လောကလား! ဒါက ခြားနားတဲ့ကမ္ဘာတစ်ခုလား…. တခြားကမ္ဘာတွေ တကယ်ရှိသေးတာလား….”
လီဟမ်ရှန်းသည် ဤအခိုက်အတန့်တွင် အလွန်တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
“ဒါ သဘာဝပဲလေ… ကောင်းကင်နဲ့မြေကြီးကြားမှာ မရေမတွက်နိုင်တဲ့ လောကတွေရှိပြီး မရေမတွက်နိုင်တဲ့ အရည်အချင်းတွေရဲ့ အမွေအနှစ်တွေရှိတယ်…. ကမ္ဘာတစ်ခုစီမှာ သူ့ကိုယ်ပိုင်လက္ခဏာတွေရှိပြီး သူတို့အားလုံးက သဘာဝအတိုင်း တည်ရှိနေတယ်…. ဥပမာအားဖြင့် မင်းရဲ့ စန်းယွမ်နယ်မြေက မရေမတွက်နိုင်တဲ့ လောကတွေထဲက တစ်ခုပဲလေ…. တကယ်လို့ မင်းလောကကို ဖန်တီးချင်တယ်ဆိုရင် မင်းရဲ့ ကျင့်ကြံဆင့်က အင်မော်တယ်တွေကိုတောင် ကျော်လွန်ပြီး အင်မော်တယ်အင်ပါယာရဲ့ နယ်ပယ်အဆင့်ထိကို ရောက်အောင် လုပ်ရလိမ့်မယ်….”
လောကအုပ်ထိန်းသူ က ပြောလိုက်သည်။
“ဒီကမ္ဘာမှာ အမှန်တကယ်ကို အင်မော်တယ်တွေ ရှိသေးတယ်တဲ့လား!”
လီဟမ်ရှန်း နောက်တစ်ကြိမ် အံ့သြသွားပြန်သည်။ လောကအုပ်ထိန်းသူ ယနေ့ပြောခဲ့သည့်စကားများသည် ဤကမ္ဘာကြီးကို သူနားလည်သဘောပေါက်သည်ထက် ကျော်လွန်သွားပြီဖြစ်သည်။
“ဒါပေါ့! အင်မော်တယ်တွေရှိတာပေါ့…. ဥပမာ မင်းရဲ့ စန်းယွမ်နယ်မြေကို ဒုတိယဆရာသခင်ရဲ့ လက်အောက်မှာရှိတဲ့ အင်မော်တယ်အင်ပါယာ ဆယ့်နှစ်ပါးထဲက တစ်ယောက်ဖြစ်တဲ့
စီရှိအင်မော်တယ်အင်ပါယာ က မင်းရဲ့ စန်းယွမ်နယ်မြေကို တည်ထောင်ခဲ့တာ….”
လောကအုပ်ထိန်းသူသည် အေးဆေး၊တည်ငြိမ်စွာ ပြောခဲ့သည်။
‘အင်မော်တယ်၊ အင်မော်တယ်အင်ပါယာ’
ထိုစကားများသည် လီဟမ်ရှန်း၏ နှလုံးသားထဲတွင် ပေါက်ကွဲသွားခဲ့လေသည်။ ဤကမ္ဘာပေါ်တွင် အမှန်တကယ်ကို အံ့သြစရာကောင်းလှသည့် အရာများ ရှိနေသည်ဆိုသည်မှာ ထင်ရှားလှပေသည်။
ဤအချက်အရဆိုလျှင် ထာဝရရှင်သန်ခြင်းဂိုဏ်းရှိ ရှင်ပြန်ထမြောက်လိုသည့်သူသည် တကယ့်ကို အင်မော်တယ်ဖြစ်သည်မှာ သေချာလှသည်။
“ဒါဆို ကျွန်တော်လည်း စမ်းကြည့်ချင်တယ်…”
လီဟမ်ရှန်း အံတင်းတင်း ကြိတ်လိုက်သည်။ သူသည် ကြေးအင်မော်တယ်နန်းတော်သို့ ရောက်လာကတည်းကပင် အဓိပ္ပါယ်မဲ့ ရောက်လာသကဲ့သို့ မပြုမူနိုင်ပေ။
“မင်း မလိုပါဘူး…. မင်း စာမေးပွဲ အောင်ပြီးခဲ့ပြီ….”
လောကအုပ်ထိန်းသူက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဟင်! ဘယ်တုန်းကလဲ?”
လီဟမ်ရှန်း အံ့အားသင့်သွားခဲ့လေသည်။
“မင်း မူးမေ့လဲသွားချိန်တုန်းက…. မင်း စမ်းသပ်မှုခံယူဖို့ လောကထဲကို ဝင်ခဲ့ပြီးပြီ… ဒါပေမယ့် မင်း မူးမေ့သွားပြီး အဲဒီလောကပေါ်မှာ သုံးရက်လောက် လူခြေဆိတ်ညံတဲ့ နေရာမှာ အိပ်ပျော်သွားပြီး နောက်ဆုံး အသက်ရှင် လွတ်မြောက်လာခဲ့တာ…. မင်း အသက်ရှင်လျက် ထွက်လာနိုင်ရင် မင်း စာမေးပွဲအောင်သွားပြီ…”
လောကအုပ်ထိန်းသူသည် မျက်ခုံးပင့်လိုက်သည်။
“ကျွန်တော်...”
လီဟမ်ရှန်း ဘာပြန်ပြောရမှန်း မသိတော့ပေ။
‘ကျွန်တော် စာမေးပွဲ အောင်မြင်ခဲ့ပြီးပြီလား?’
“စီနီယာ! ဒီလောကတွေက အရမ်းအန္တရာယ်များတယ်လို့ ပြောတယ် မဟုတ်ဘူးလား…”