အခန်း (၄၇၄)
Vol. 39 Ch. 474
“ခင်ဗျား ခွေးအိုကြီး …..”
လီဟမ်ရှန်းသည် ကျိန်ဆဲပြီးနောက် မတ်တပ်ထရပ်ပြီး ပြေးချင်ခဲ့သည်။
သို့သော် လီဟမ်ရှန်း ခြေလှမ်းနှစ်လှမ်း ပြေးပြီးနောက်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်တွင် တစ်စုံတရာ မှားနေပြီဆိုသည်ကို သိလိုက်ရသည်။
လီဟမ်ရှန်းသည် ရဲစွမ်းသတ္တိဖြင့် အားတင်းပြီး ဂရုတစိုက်နှင့် ပြန်ကြည့်လိုက်သောအခါ ထိုသူသည် ပြင်းထန်သည့် ဒဏ်ရာများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေလျက်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအချိန်တွင် သူသတိလစ်နေခဲ့သည်မှာ ထင်ရှားလှပေသည်။
သူ၏ အရှေ့တွင်ရှိသော မဟာသူတော်စင်ကို ကြည့်လိုက်ပြီး လီဟမ်ရှန်းသည် ပိုဝေးသထက်ဝေးအောင် မြန်မြန်ထွက်သွားရမည်ဟု သူသိလိုက်သည်။ သို့မဟုတ်လျှင် မဟာသူတော်စင် နိုးလာသည့်အချိန်တွင် အန္တရာယ်ရှိပေလိမ့်မည်။
သို့သော် လီဟမ်ရှန်းသည် မဟာသူတော်စင်ကို သတ်ပစ်ရန် ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေးဖြစ်သည်ကိုလည်း သိပေသည်။
မဟာသူတော်စင်ကို ဤနေရာတွင် သတ်နိုင်လျှင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ခွန်အားသည် အားနည်းသွားပေလိမ့်မည်။
မဟာသိုင်းဂိုဏ်းအဆင့်တစ်ခုသည် ထာဝရရှင်သန်ခြင်းဂိုဏ်းအတွက် ထိပ်တန်းအင်အားတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် လီဟမ်ရှန်းသည် ယခုအခိုက်အတန့်တွင် မတွန့်ဆုတ်တော့ဘဲ အင်မော်တယ် အရှင်သခင်လှံက သူ၏လက်ထဲတွင် တိုက်ရိုက်ပေါ်လာပြီး မဟာသူတော်စင်၏ လည်ချောင်းသို့ ထိုလှံဖြင့် ထိုးလိုက်လေသည်။
‘ခင်ဗျား နေမကောင်းနေတဲ့အချိန် ခင်ဗျားကို ကျွန်တော်သတ်မယ်။’
သို့သော် လီဟမ်ရှန်း မထင်မှတ်ထားသည့်အရာမှာ သူ၏တိုက်ခိုက်မှုသည် မဟာသူတော်စင်၏ လည်ပင်းကို မဖောက်ထွင်းနိုင်ခဲ့ခြင်းပင်။
လီဟမ်ရှန်းသည် မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။ သူ၏ စွမ်းအားအလုံးစုံဖြင့် ပစ်ခတ်လိုက်သော လှံသည် ထိုသူ၏လည်ချောင်းကိုပင် မဖောက်ထွင်းနိုင်ခဲ့ပေ။
လီဟမ်ရှန်းသည် အော်ဟစ်လိုက်ပြီး အင်မော်တယ် အရှင်သခင်လှံကျင့်စဉ်ကို အသုံးပြု၍ တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ပေါက်ကွဲစွမ်းအားသည် လီဟမ်ရှန်း၏ ခန္ဓာကိုယ်ပေါ်ရှိ နေလ နတ်ဘုရားခန္ဓာကိုယ် ပုံရိပ်တို့ကိုပင် လင်းဝင်းတောက်ပြောင်စေခဲ့သည်။ သို့သော်လည်း လီဟမ်ရှန်း မယုံနိုင်သည့်အရာမှာ သူ၏ အပြင်းထန်ဆုံးပစ်ချက်သည် မဟာသူတော်စင်၏ အရေပြားအလွှာကိုသာ ချိုးဖျက်ပြီး အလုံးစုံ မထိခိုက်စေခဲ့ပေ။
လီဟမ်ရှန်းသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အသက်ရှုကြပ်လာခဲ့သည်။
သူ၏ ကျင့်ကြံဆင့်သည် မဟာသိုင်းဂိုဏ်းအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထို့အပြင် မဟာသူတော်စင်သည်လည်း ခန္ဓာသန့်စင်ခြင်းလမ်းကြောင်းသို့ လျှောက်လှမ်းခဲ့ပြီးဖြစ်သဖြင့် ထိုသူ၏ခန္ဓာကိုယ်သည် သန်မာလွန်းလှပေသည်။ သူ၏ကိုယ်ပိုင် ခွန်အားနှင့်ပင် မဟာသူတော်စင်၏ ရုပ်ပိုင်းဆိုင်ရာခုခံအားကို မချိုးဖျက်နိုင်ခဲ့ပေ။
လီဟမ်ရှန်းသည် သူ့အား လောင်ကျွမ်းစေရန်အတွက် နေလအစစ်အမှန်မီးလျှံကိုပင် အသုံးပြုချင်သော်လည်း ယခုအချိန်တွင် လီဟမ်ရှန်း၏ ခန္ဓာကိုယ်တွင် နေလအစစ်အမှန်မီးလျှံ မကျန်ရှိတော့ပေ။ သူသည် ယခင်အချိန်က အလုံးစုံ သုံးထားမိပြီး ထပ်ထွက်မလာသေးပေ။
လီဟမ်ရှန်းသည် ရန်သူမှာ သူ၏ရှေ့တွင်ပင် မူးမေ့လဲနေသည်ကို တွေ့ရသော်လည်း ထိုသူ့ကို သတ်နိုင်စွမ်းမရှိခြင်းကို စိတ်တိုမိလေသည်။ ယခုအချိန်တွင် သူ၏ နိမ့်ပါးလှသည့် စွမ်းအားကို ပိုမုန်းတီးလာခဲ့သည်။
အကယ်၍ သူသည် ယခုအချိန်တွင် မူလအဆင့်သို့သာ ရောက်ရှိနေခဲ့ပြီဆိုလျှင် အင်မော်တယ် အရှင်သခင်လှံကျင့်စဥ်ကို လုပ်ဆောင်ရန် သူ၏ မူလအဆင့် အစစ်အမှန်စွမ်းအားကို အားကိုးခြင်းဖြင့် မဟာသူတော်စင်ကို သတ်နိုင်ပေလိမ့်မည်။
သူ့တွင် လက်လွှတ်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မကျန်ရှိတော့ဟု ထင်မြင်ရသည်။ သို့သော် အခွင့်အရေးက အလွန်တရာ ရှားပါးလွန်းလှသည်မို့ ထိုအတိုင်း လက်လွှတ်လိုက်ရခြင်းမှာ သနားစရာပင်။
လီဟမ်ရှန်းသည် မဟာသူတော်စင်ဆီသို့ လှမ်းလာ၍ ခဏတာ စူးစမ်းပြီးနောက် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ ဤသူ့ကို ကြည့်ရသည်မှာ ဒဏ်ရာအပြင်းအထန် ရနေပုံပေါ်ပြီး အချိန်ခဏအတွင်းတွင် နိုးလာလိမ့်မည်မဟုတ်ပေ။
‘ဒီလူအိုကြီးကို သူနဲ့အတူခေါ်သွားပြီး လမ်းမှာ သူ့ကိုသတ်ဖို့ နည်းလမ်းရှာနိုင်မလား ကြည့်ရမယ်။’
ထို့ကြောင့် လီဟမ်ရှန်းသည် ကြိုးတစ်ချောင်းကို ရှာတွေ့ပြီးနောက် မဟာသူတော်စင်ကို ချည်နှောင်ကာ သူ၏နောက်ကျောတွင် ထမ်းပိုးပြီး သယ်ဆောင်သွားခဲ့သည်။
လီဟမ်ရှန်းသည် ဦးတည်ချက်တစ်ခုကို ရွေးချယ်လိုက်ပြီး ဦးစွာ အခြေချနေထိုင်ရန်နှင့် နေရာရှာရန် ဆုံးဖြတ်ခဲ့သည်။ ပထမဆုံးအနေဖြင့် သူ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သိဖို့လိုအပ်သည်။
လီဟမ်ရှန်းသည် မဟာသူတော်စင်ကို တစ်ရက်နှင့်တစ်ည သူ၏ကျောပေါ် တင်ဆောင်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လီဟမ်ရှန်းသည် ရက်စက်၊ကြမ်းကြုတ်သော စိတ်ဝိညာဉ်သားရဲတစ်ကောင် တွေ့သည့်အချိန်တိုင်း သူသည် မဟာသူတော်စင်၏ ခန္ဓာကိုယ်ကို ၎င်းစားရန်အတွက် စိတ်ဝိညာဥ်သားရဲထံ ပစ်ချလေ့ရှိသည်။
သို့သော် မဟာသူတော်စင်၏ ခန္ဓာကိုယ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူသည် အမှန်တကယ်ပင် ကြံ့ခိုင်နေပေသည်။ နတ်သားရဲသည် အကြိမ်အနည်းငယ်ခန့် ဝါးသော်လည်း မဝါးနိုင်တော့သဖြင့် တံတွေးထွေးကာ လှည့်ထွက်သွားခဲ့သည်။
လီဟမ်ရှန်းသည် လမ်းလျှောက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူသည် လမ်းတွင် ထူးဆန်းသည့်အရာ တစ်ခုခုတွေ့လျှင် သို့မဟုတ် အဆိပ်သင့်သည့်အရာဟု ထင်မြင်ရလျှင် ကောက်ယူပြီး မဟာသူတော်စင်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
‘သူ့ကို အဆိပ်ခတ်ရင် သေနိုင်မလား ကြည့်ရမယ်။’
သို့သော် လမ်းတစ်လျှောက်တွင် မဟာသူတော်စင်ကို အလွန်ထူးဆန်းသည့်အရာများ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်ကို ကျွေးမွေးခဲ့သော်လည်း သူ၏ အသက်ရှူသံသည် တည်ငြိမ်နေဆဲ ဖြစ်လေသည်။
အဆိပ်သင့်သည့် လက္ခဏာများ မတွေ့ရပေ။ ထိုအရာသည် လီဟမ်ရှန်းကို အနည်းငယ် စိုးရိမ်စ ပြုလာစေခဲ့သည်။
‘ဒီအတိုင်းသာ ဆက်သွားနေရင် နိုးလာတဲ့အခါ လူအိုကြီးက ငါ့ကို သတ်လိမ့်မလားပဲ။’
ထိုအချိန်တွင် လီဟမ်ရှန်းသည် သူ၏ရှေ့တွင် မြို့တစ်မြို့ ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
‘မြို့တစ်မြို့ရှိတာလား။’
သို့သော် မြို့တစ်မြို့ရှိလျှင်ပင် လီဟမ်ရှန်းသည် မဆင်မခြင် မသွားရဲပေ။
ထိုနေရာသည် တစ္ဆေမြို့တော်နှင့်လည်း မတူလှပေ။ ဤမြို့သည် လူသားများအပေါ် သိပ်သည်းမခံနိုင်ပေ။ မြို့ထဲသို့ဝင်ပြီးနောက် ထိုသူသည် လူသားတစ်ယောက်ဟု မြို့သားများက သိသွားလျှင် ဒုက္ခအချို့ရောက်နိုင်ပေသည်။
ယခုအချိန်တွင် သူသည် အဘယ်သို့သော နေရာတွင်ရှိနေသည်ကို သိရရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
လီဟမ်ရှန်းသည် မဟာသူတော်စင်ကို သူ၏ နောက်ကျော၌ထမ်းပြီး မြို့ထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သာမာန်အားဖြင့် လူသားများနှင့် သရဲတစ္ဆေများကြား ကွာခြားမှု သိပ်မရှိပေ။ လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုသူသည်လူသားဟု ပြောနိုင်သည့် အထူးစွမ်းအားကြီးသော သရဲတစ္ဆေနှင့် ကြုံတွေ့လိုက်ရလျှင် (သို့မဟုတ်) ထိုသူ၏အတွင်းပိုင်းစွမ်းအားနှင့် စစ်မှန်သောစွမ်းအင်ကို ဖော်ထုတ်ပြသခဲ့လျှင်၊ လုပ်ဆောင်ချက်တစ်ခုခု လုပ်ခဲ့လျှင် အခြားသရဲတစ္ဆေများက ထိုသူ့ကို သတိပြုမိသွားပေလိမ့်မည်။
လီဟမ်ရှန်းသည် ဝင်လာပြီးနောက် မည်သည့်အရာမျှ မလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် မဟာသူတော်စင်သည် လူသားမဟုတ်သော်လည်း စွမ်းအားကြီးသော တစ္ဆေတစ်ကောင်ဖြစ်သည်။ သူသာ အကာအကွယ်တစ်ခုအဖြစ် အသုံးပြုပါက ၎င်းသည် သူ၏ကိုယ်ပိုင် သရုပ်မှန်အတွက်လည်း ကာကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
“ဖန်းတုမြို့….”
မြို့နာမည်ကို ကြည့်လိုက်သောအခါ လီဟမ်ရှန်းသည် မရေရာ၊ မသေချာသည့် ထင်မြင်ချက်အချို့ရှိခဲ့သော်လည်း မြေပုံတစ်ခုရှာဖွေရန် မြို့ထဲသို့ ဝင်သွားချင်သေးသည်။
လီဟမ်ရှန်းသည် မဟာသူတော်စင်အား ကြိုးများဖြင့် ချည်နှောင်ကာ မြို့ထဲသို့ ဝင်လာခဲ့သည်။ ထိုအသွင်အပြင်သည် လူအချို့၏အာရုံကို စွဲဆောင်နိုင်ခဲ့သော်လည်း တိမ်ကန္တာရနယ်မြေတွင် အချို့သူများသည် လူသေအလောင်းများကို သယ်ဆောင်ကာ ဝင်ရောက်လာခဲ့ကြဖူးသည်။ ထိုကဲ့သို့သော လူများစွာရှိသောကြောင့် ၎င်းတို့ကို လူအချို့ကသာ အာရုံစိုက်ခဲ့ကြသည်။
‘လူတစ်ယောက်ကို ခင်ဗျားရဲ့နောက်ကျောမှာ ထမ်းထားတာက ဘာအဓိပ္ပာယ်ရှိလို့လဲ။’
လမ်းမပေါ်တွင် လျှောက်လှမ်းရင်းနှင့် လှည့်လည်ကြည့်လိုက်ချိန်တွင် လူသားတစ်ယောက်မှ မရှိပေ။ ထို့ကြောင့် လီဟမ်ရှန်းသည် မည်သူမျှ သတိမထားမိဘဲ မိမိကိုယ်ကို အာရုံစိုက်ခံရခြင်းမှ ရှောင်ကြဉ်ရန် ဆုံးဖြတ်ခဲ့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင် လီဟမ်ရှန်းသည် လမ်းဘေးရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို တွေ့ရှိပြီးနောက်တွင် မြေပုံဝယ်ရန် ဝင်သွားခဲ့သည်။
မြေပုံသည် အဆင့်မြင့်မဟုတ်သော်လည်း ကံကောင်းထောက်မစွာဖြင့် လီဟမ်ရှန်းသည် ယင်းအပေါ်တွင် တစ္ဆေမြို့တော်၏တည်နေရာကို တွေ့ရှိခဲ့သည်။
သူသည် တစ္ဆေမြို့တော်သို့ ပြန်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လီဟမ်ရှန်းသည် ထိုနေရာတွင် ရွှယ်ချမ်းပိုင်နှင့် တွေ့ဆုံရန် ချိန်းဆိုထားသောကြောင့်ဖြစ်သည်။
ကုန်စုံဆိုင်မှ ထွက်လာသောအခါ လီဟမ်ရှန်းသည် ကုန်စုံဆိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဆေးဆိုင်တစ်ခုသို့ တစ်ချက်ကြည့်လိုက်ပြီး အနီးနားရှိ လက်ဖက်ရည်ဆိုင်တွင် ခဏထိုင်လိုက်သည်။ တစ်နာရီခန့်အကြာတွင် လီဟန်ရှင်းသည် ဆေးဆိုင်တည့်တည့်သို့ လျှောက်လာခဲ့သည်။
အကောင့်များကို ရေတွက်နေသည့် ဆိုင်ရှင်မှလွဲ၍ ဆေးဆိုင်တွင် လူသိပ်မများလှပေ။ လီဟမ်ရှန်းသည် ခဏလောက်စဉ်းစားလိုက်ပြီး ငွေချောင်းဆယ်ချောင်းကိုထုတ်ကာ ကောင်တာပေါ်သို့ တင်လိုက်သည်။
ဆိုင်ရှင်သည် ငွေဆယ်ချောင်းပါသည်ကို မြင်လိုက်ရချိန်တွင် အပြုံးလေးဖြင့် မေးလိုက်သည်။
“ဘာဝယ်ချင်လို့ပါလဲ သခင်လေး….”
“အဆိပ်ပြင်းတာ ရှိလား….”
လီဟမ်ရှန်းက တိုက်ရိုက်မေးလိုက်သည်။
“အဆိပ်?”
ဆိုင်ရှင်သည် အံ့အားသင့်သွားပြီး လီဟမ်ရှန်းကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“သခင်လေး! မနောက်ပါနဲ့…. ဒီဆိုင်က အမှန်အကန် စီးပွားရေးလုပ်ငန်းတစ်ခုပါ….”
“တကယ့် စီးပွားရေးလုပ်ငန်းလား?”
လီဟမ်ရှန်းသည် အရာရာတိုင်းကို မြင်နေရသော်လည်း ဘာမှမပြောဘဲ ပြုံးပြလိုက်သည်။
လီဟမ်ရှန်း ဆေးဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သွေးရနံ့ကို အနံ့ရပြီးဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အပြင်ဘက်တွင် တစ်နာရီခန့်ထိုင်ပြီး စောင့်ကြည့်နေချိန်တွင် လီဟမ်ရှန်းသည် လူတော်တော်များများက ဆိုင်ထဲသို့ ခိုးဝင်လာပြီး မှောင်ခိုပစ္စည်း အတော်များများကို ဝယ်နေကြသည်ကို တွေ့လိုက်ရလေသည်။
ဤဆိုင်က တရားဝင်ဆိုင်ဟုပြောလျှင်ပင် လီဟမ်ရှန်း ယုံမည်မဟုတ်ပေ။
ဆိုင်ရှင်က သူ၏ဆေးဆိုင်သည် တရားဝင်ဆိုင်ဖြစ်ပြီး လီဟမ်ရှန်းက ပုံမှန်ဖောက်သည်မဟုတ်သောကြောင့် အာရုံစိုက်ခံရခြင်းမှ ထိန်းသိမ်းရန် ရွေးချယ်ခဲ့သည်ဟု ဆိုင်ရှင်က ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ပိုက်ဆံပေးတာ နည်းလို့လား….”
လီဟမ်ရှန်းသည် သူ၏လက်စွပ်ကို ကြည့်လိုက်ရာ ငွေအချောင်းပေါင်း ငါးရာကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။
‘ဒီလောက်ဆို လုံလောက်မယ်ထင်တယ်။’
“ဖောက်သည်က ဘယ်လိုအဆိပ်မျိုး ဝယ်ချင်တာလဲ…..”
ဆိုင်ရှင်က သတိကြီးကြီးနှင့် ပြောလိုက်သည်။
“ကျုပ်နဲ့အတူ လိုက်ခဲ့….”
လီဟမ်ရှန်းသည် အိမ်နောက်ဖေးသို့ တန်းတန်းမတ်မတ် ဝင်သွားကာ ဆိုင်ရှင်သည်လည်း သူ၏နောက်သို့ အမြန်လိုက်သွားခဲ့သည်။
လီဟမ်ရှန်းသည် မဟာသူတော်စင်ကို မြေပြင်ပေါ်ချလိုက်ပြီး ပြောလိုက်သည်။
“သူ့ကို အဆိပ်ခတ်ပြီး သတ်လိုက်… ငွေသုံးရာကို မင်းပိုင်လိမ့်မယ်…”