← Chapters

အခန်း (၄၇၅)

Vol. 39 Ch. 475

အခန်း (၄၇၅)

Vol. 39 Ch. 475

“သူ့ကို အဆိပ်ခတ်ရမယ်?”

ဆိုင်ရှင်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း လီဟမ်ရှန်း၏ လက်ထဲမှ ငွေကိုကြည့်လိုက်ပြီးနောက် ရင်သပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ! ဖောက်သည် စိတ်မပူပါနဲ့…. သူသာ အသက်ရှင်နေသေးရင် ကျုပ်ဆိုင်ရဲ့ဆိုင်းဘုတ်ကို ကျုပ်ကိုယ်တိုင် စားပြမယ်….”

ထိုသို့ပြောပြီးနောက် အဆိပ်ပုလင်းကိုထုတ်ပြီး မဟာသူတော်စင်၏ ပါးစပ်ကိုဖွင့်ကာ အဆိပ်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက်တွင် မဟာသူတော်စင်သည် အသက်ရှုနေဆဲ ဖြစ်လေသည်။

“သွား! သေတ္တာအောက်ခြေမှာရှိတဲ့ ကောင်းတဲ့ပစ္စည်းအားလုံးကို ထုတ်ယူလာခဲ့... ဒီလူက နက်နဲတဲ့ ကျင့်ကြံဆင့်ရှိတယ်… မင်း ဆေးပြင်းပြင်း သုံးမှရမယ်….”

လီဟမ်ရှန်းသည် ဘေးတွင်ထိုင်လိုက်ပြီး လက်ဖက်ရည်သောက်ရင်း ပြောလိုက်သည်။

“ဟေး! စိတ်မပူပါနဲ့ သခင်လေး… ဒါက အစပဲရှိ‌သေးတယ်… ”

ဆိုင်ရှင်က တခစ်ခစ် ရယ်လိုက်လေသည်။ ထို့နောက် မဟာသူတော်စင်၏ ပါးစပ်ထဲသို့ အဆိပ်မျိုးစုံ လောင်းထည့်လိုက်သည်။ သို့သော် အဆိပ်မည်မျှပင် လောင်းထည့်သည်ဖြစ်စေ မဟာသူတော်စင်၏မျက်နှာသည် နီမြန်းလျှက်ရှိကာ အသက်ရှုသံကပင် ပုံမှန်ဖြစ်နေဆဲဖြစ်သည်။

နှလုံးခုန်သံသည်ပင် ပြင်းထန်ပြီး အားကောင်းလှသည်။

လီဟမ်ရှန်းသည်လည်း စောင့်ကြည့်နေဆဲပင် ဖြစ်သည်။ သို့သော် ဆိုင်ရှင်၏ အမူအရာမှာမူ ပိုပိုပြီး လေးနက်လာခဲ့သည်။

‘ငါ့ရဲ့ ဒီအဆိပ်တွေအားလုံးက အသုံးမဝင်ဘူးလား။’

“မင်းမှာ ပိုအစွမ်းထက်တဲ့ အဆိပ်မရှိဘူးလား… တစ္ဆေပိုးအဆိပ်လိုမျိုး‌ပေါ့…”

လီဟမ်ရှန်းက မေးလိုက်သည်။

“နောက်နေတာရပ်လိုက်ပါ ဖောက်သည်… ဒီလိုဆိုင်သေးသေးလေးမှာ အဲ့လိုအရာ ဘယ်လိုလုပ်ရနိုင်မှာလဲ… ရဖို့က အရမ်းခက်တယ်…. ပြီးတော့ သခင်လေးရဲ့ ငွေသုံးရာထဲနဲ့ တစ္ဆေပိုးအဆိပ်ကို ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ….”

“မင်းသူ့ကို မသတ်နိုင်ရင် ငါမင်းကို တစ်ပြားမှမပေးဘူး….”

လီဟမ်ရှန်း ခေါင်းခါလိုက်သည်။

“ချီးပဲ! ငါအဆိပ်တွေ အများကြီး သုံးခဲ့ပြီးပြီကွ… အဲ့အဆိပ်တွေရဲ့ တန်ဖိုးက ငွေသုံးရာထက်တောင် ကျော်နေပြီ…. ဒါပေမယ့် ကိစ္စမရှိပါဘူး… ဒီနေ့တော့ ဒီမကောင်းဆိုးဝါးကို မယုံဘူး… ဆေးက ဒီအိုကြီးအိုမကို မသတ်နိုင်ဘူးဆိုတာ မယုံဘူး…”

“မင်း ခဏစောင့်!”

ထိုစကားကိုပြောပြီးနောက် ဆိုင်ရှင်သည် စတိုခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေသည်။ သူထွက်မပြေးသွားခင် အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကုန်သွားပြီးနောက် သူ၏လက်ထဲတွင် စက္ကူအိတ်တစ်အိတ်ကို ကိုင်ထားလေသည်။

“ဖောက်သည်! ငါ ပိုက်ဆံမရှာနိုင်ရင်တောင် ငါ့ရဲ့ဂုဏ်သိက္ခာကို အပျက်စီးမခံနိုင်ဘူး… ဒီလူအိုကြီးကို အဆိပ်နဲ့သတ်ဖို့ပြောတဲ့ မင်းကို လျော်ကြေးပေးဖို့ ဒီရတနာကိုသုံးမယ်….”

ဆေးဆိုင်ပိုင်ရှင်၏ ရက်စက်၊ ကြမ်းကြုတ်သော အမူအရာကို မြင်လိုက်ရသောအခါ လီဟမ်ရှန်းသည်လည်း သိချင်လာရသည်။

‘အဲဒါက ဘာလဲ။’

ဆိုင်ရှင်က စက္ကူအထုပ်ကို ဖွင့်လိုက်သောအခါ သူသည်အထဲ၌ သွေးနီရောင်အမှုန့်များ ရှိနေသည်ကို တွေ့လိုက်ရလေသည်။ ဆိုင်ရှင်သည် အမှုန့်ကို အနက်ရောင်အရည်နှင့် ရောမွှေရန် အသုံးပြုပြီးနောက်တွင် အရည်သည် ထူးဆန်းသော ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ အရည်သည် ပွက်ပွက်ဆူနေဆဲပင်။

“ဒါက ဘာလဲ…”

လီဟမ်ရှန်းသည်လည်း အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ဒါက သွေးနီဝါးပန်းပွင့်ရဲ့ ဝတ်မှုန်ပဲ… ဒီပစ္စည်းက အရမ်းအဆိပ်ပြင်းတယ်… မင်းကို ပြောဦးမယ်.. ဒီပစ္စည်းက ကျုပ်ဆိုင်ရဲ့ ရတနာပဲ… ကျုပ်အရင်က ဝယ်ချင်တဲ့သူတွေကို ရောင်းဖို့ ဝန်လေးနေခဲ့တာ… ဒီနေ့ မင်းကဈေးပေါတဲ့ ဖောက်သည် ဖြစ်နေတာပဲ… သွေးနီဝါးပန်းပွင့်ရဲ့ဝတ်မှုန်နှင့် တံတွေးနက်မြစ်ရေတို့ ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့ အကျိုးသက်ရောက်မှုက…”

ဆိုင်ရှင်က အားပါးတရရယ်ပြီး ပြောလိုက်သည်။ ဆိုင်ရှင်သည် သူပြောပြီးနောက်တွင် မဟာသူတော်စင်ကို အဆိပ်တစ်ပန်းကန် တိုက်လိုက်သည်။ ပန်းကန်လုံးတစ်ခုလုံး ကုန်စင်သွားခဲ့သည်။

သို့သော် မဟာသူတော်စင်ကို တိုက်ပြီးနောက် နှစ်ယောက်သား အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကြာအောင် စောင့်စားခဲ့သော်လည်း မဟာသူတော်စင်သည် တုံ့ပြန်ခြင်း မရှိသေးပေ။ အသက်ရှင်လျက်နှင့် အခြေအနေ ကောင်းနေဆဲပင် ဖြစ်သည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ဆိုင်ရှင်၏မျက်နှာသည် ဖြူဖျော့သွားကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး အနည်းငယ် တွေဝေနေပုံရလေသည်။

“မဖြစ်နိုင်ဘူး!”

ဆိုင်ရှင်သည် ယခုထိတိုင် မယုံနိုင်သေးပေ။

“အသက်ရှင်နေတုန်းပဲ!”

လီဟမ်ရှန်းသည်လည်း အနည်းငယ် ပဟေဠိဖြစ်သွားခဲ့သည်။

“မင်းအဆိပ်က သက်တမ်းကုန်သွားတာများလား… အဲဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ….”

လီဟမ်ရှန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အာ! ဒါက…… အဲဒါက ငါ့အဖိုးရဲ့ မျိုးဆက်ကနေ လက်ဆင့်ကမ်းလာတာ… တကယ်ပဲ သက်တမ်းကုန်သွားတာလား….”

ဆိုင်ရှင်က အချိန်ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ ထိုသို့ပြောသည်ကို ကြားသော် လီဟမ်ရှန်းက သက်ပြင်းသာ ချနိုင်ပေတော့သည်။

‘ဘယ်လိုတောင် ချို့ယွင်းမှုကြီးလဲ။ သက်တမ်းလွန် ပစ္စည်းတွေကိုလည်း ရောင်းချနေသေးတယ်။’

“အမ်…………”

ထိုအချိန်တွင် မဟာသူတော်စင်၏ ပါးစပ်မှ “ဟမ်” ဟူသောအသံ ထွက်ပေါ်လာခဲ့သည်။

ထိုအသံက လီဟမ်ရှန်းကို ကြောက်ရွံ့သွားစေခဲ့သည်။

‘ချီးပဲ! လူအိုကြီး နိုးလာခဲ့ပြီ။ သူနိုးလာရင် ငါသေလိမ့်မယ်။’

သို့သော် ထိုအချိန်တွင် မဟာသူတော်စင်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

“ခင်ဗျား ကြီးတော်! ကျွန်တော် ခင်ဗျားကို သူ့ကို အဆိပ်ခတ်ခိုင်းတာ…. ဒါပေမယ့် ခင်ဗျားက သူ့ကို ကယ်လိုက်တယ်….”

လီဟမ်ရှန်းသည် ကျိန်ဆဲရုံမှတပါး အခြားမတတ်နိုင်ဘဲ ပြောလိုက်သည်။ ထို့နောက် ဘာမှဆက်မပြောတော့ဘဲ ဖနောင့်နှင့်တင်ပါးတပါတည်းကျအောင် ထွက်ပြေးသွားလေသည်။

လီဟမ်ရှန်းသည် မိုးကြိုးအလျင်ကို အစွမ်းကုန် အသုံးချပြီးနောက် သူ၏ လှုပ်ရှားမှုများမှာလည်း လျင်မြန်လှသည်။ သို့သော် ဖန်းတုမြို့၏ လမ်းမများပေါ်ရှိ တစ္ဆေများသည် လီဟမ်ရှန်း၏ လူသားအငွေ့အသက်ကို ခံစားခဲ့ရသည်။ သို့သော် လူသားများ မည်သည့်နေရာက လာသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်ချင်သည့်အခိုက်တွင်မူ လီဟမ်ရှန်း၏သွင်ပြင်မှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

လီဟမ်ရှန်းသည် ကြီးစွာသော ခြေလှမ်းများဖြင့် ဖန်းတုမြို့မှ ထွက်ခွာခဲ့ကာ လမ်းကြောင်းမှန်ကို ရှာတွေ့ရှိပြီးနောက် တစ္ဆေမြို့တော်သို့ ထွက်ပြေးခဲ့လေသည်။ သူသာ တစ္ဆေမြို့တော်သို့ ရောက်အောင်သွားနိုင်လျှင် သူအသက်ရှင်သန်ဖို့ အခွင့်အလမ်း ရှိနေဆဲပင်။

‘ဒီလူအိုကြီးကသာ တစ္ဆေမြို့တော်ထဲကို ဖောက်ဝင်ဖို့ သတ္တိရှိရဲရင် မြို့တော်သခင် ရှုကျီအန်းကလည်း ဒီတိုင်းငြိမ်နေမှာမဟုတ်ဘူး။ ကျိန်းသေတိုက်ပွဲတော့ ဖြစ်ကြမှာပဲ”

သို့သော် လီဟမ်ရှန်း ဖန်းတုမြို့မှထွက်ခွာပြီး ဆယ်မိုင်ခန့်ပင် လမ်းမလျှောက်ရသေးခင် သူ၏နောက်မှ တဟုန်ထိုးထွက်လာသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။

“လီဟမ်ရှန်း!”

အသံသည် အလွန်တရာ ကြီးမားလှသော လှိုင်းလုံးကြီးကဲ့သို့ သဲများကိုဖြိုခွင်းပြီး ကမ္ဘာမြေကြီးကိုပင် မှောက်ခုံဖြစ်လုနီးပါး ဖြစ်သွားစေသည်။

လီဟမ်ရှန်းသည် ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။ ထိုလူအိုကြီးက သူ့ကို ဖမ်းမိသွားပေတော့မည်။

မဟာသိုင်းဂိုဏ်းအဆင့် ဆရာသခင်၏ လက်မှ လွတ်မြောက်ရန် ကြိုးစားခြင်းသည် မိုက်မဲသော အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။ ၎င်းကိုသာ ခပ်စောစော သိခဲ့မည်ဆိုလျှင် ဤကဲ့သို့ လုပ်မည်မဟုတ်ပေ။ ထိုနေရာမှ သူ မြန်မြန်ထွက်သွားသင့်ပေသည်။

သို့သော် ယခုအချိန်တွင်တော့ အတော်လေး နောက်ကျသွားခဲ့လေပြီ ဖြစ်သည်။ ပြေးလာသည့်လူက ပျံသန်းနိုင်သည့်သူကို မည်ကဲ့သို့ ကျော်လွှားနိုင်မည်နည်း။

ကောင်းကင်မှ ပြုတ်ကျလာသည့် ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရပြီး ထိုသူမှာ မဟာသူတော်စင်ပင် ဖြစ်သည်။

“မင်းအခုချိန်ထိ ပြေးချင်နေတုန်းလား…”

ထိုအချိန်တွင် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ မဟာသူတော်စင်၏ မျက်လုံးများသည် အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ သူသည် ယခင်က ဤမျှလောက်ကြီးမားသည့် ဆုံးရှုံးမှုမျိုး တစ်ကြိမ်တစ်ခါမျှ မကြုံဖူးပေ။ သူသည် လီဟမ်ရှန်းနောက်သို့ လိုက်ရင်း မြို့တစ်မြို့သို့ နားမလည်နိုင်စွာ လိုက်ပါလာခဲ့သည့်အပြင် အမည်မသိ ကမ္ဘာတစ်ခုဆီသို့ ရှင်းပြရခက်စွာ ပို့ဆောင်ခံခဲ့ရပြီး သေလုမြောပါး ရိုက်နှက်ခံခဲ့ရလေသည်။

ယခုအချိန်တွင် သူသည် ဒဏ်ရာ အပြင်းအထန်ရနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာပြင်းထန်သော်လည်း လီဟမ်ရှန်းကို ဖမ်းဆီးရမိခြင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။

လီဟမ်ရှန်းသည် သူ၏လမ်းကို ပိတ်ဆို့ထားသော မဟာသူတော်စင်ကို မြင်တွေ့လိုက်ရသည့်အခါ တခဏလောက် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

ဤကဲ့သို့ လူဆိတ်ညံရာအရပ်တွင် မည်သည့်အံ့ဖွယ်အမှုမျိုးမှ ဖြစ်လာနိုင်ခြေမရှိသလို သူ့ကို ကယ်တင်မည့်သူလည်း မရှိပေ။

“ငါခံစားခဲ့ရတဲ့ နာကျင်မှုတွေကို မင်းဆီကနေ ပြန်လိုချင်တယ်…. ဘာပဲဖြစ်ဖြစ် စန်းယွမ်နယ်မြေအရှင်က အသက်ရှင်နေတဲ့ လီဟမ်ရှန်းကိုပဲ လိုတာ…”

မဟာသူတော်စင်သည် လှောင်ရယ်သံဖြင့် ရောက်လာခဲ့သည်။ လီဟမ်ရှန်း၏ နှလုံးသည် ယခုအချိန်တွင်တော့ ရပ်တန့်လုနီးပါးပင်။

သူသည် တတ်နိုင်သမျှ လက်နက်ချပြီး သေခြင်းတရားကို စောင့်ဆိုင်းရုံသာ ရှိသည်။

‘ဖေဖေ! တောင်းပန်ပါတယ်။ ကျွန်တော် အသုံးမကျလို့ ဖေဖေ့ကို မကူညီနိုင်ခဲ့ဘူး။’

လီဟမ်ရှန်းသည် သက်ပြင်းချရင်း တိုးတိုးလေး ပြောလိုက်သည်။

မဟာသူတော်စင်သည် လီဟမ်ရှန်းနှင့် ဆယ်မီတာအောက်သာ ကွာဝေးတော့သည့်အချိန်တွင် မဟာသူတော်စင်၏ ဗိုက်ထဲမှ ထူးဆန်းသည့် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မဟာသူတော်စင်၏ အမူအရာသည် ရုတ်တရက် အလွန်ထူးဆန်းလာခဲ့သည်။

သူ၏ဗိုက်ကို အုပ်လိုက်ပြီးနောက် သူ၏အမူအရာသည် နာကျင်လာပြီး နောက်အခိုက်အတန့်မှာပင် ကျယ်လောင်လှသည့် နံစော်နေသော လေလည်သံကို ထုတ်လွှတ်လိုက်သည်။

“ငါ ဘယ်လိုလုပ်.…”

မဟာသူတော်စင်သည် ချွေးအေးများ ထွက်လာကာ လီဟမ်ရှန်းကို လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်သည်။

“ဟိုမှာ ရပ်စောင့်နေ…. ငါ မကြာခင် ပြန်လာခဲ့မယ်….”

ထိုသို့ ပြောပြီးသည်နှင့် လှည့်ပြီး ထွက်ပြေးသွားလေသည်။ ထိုအရာကို မြင်လိုက်ရသော လီဟမ်ရှန်းသည် ထိတ်လန့်သွားလေသည်။

‘ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ မဟာသူတော်စင်က ဝမ်းပျက်နေတာလား?’

“ဟင်?”

ဒါတွင်မဟုတ်ဘဲ လီဟမ်ရှန်းသည် ထိုအချိန်တွင် မဟာသူတော်စင်၏ ကျင့်ကြံခြင်းအဆင့်သည် အဆက်မပြတ် ကျဆင်းနေကြောင်းကို ရုတ်တရက် တွေ့ရှိခဲ့သည်။

ယခင်က သူမမြင်နိုင်ခဲ့သော်လည်း ယခုအချိန်တွင် မဟာသူတော်စင်၏ ကျင့်ကြံဆင့်သည် မူလအဆင့် ကျင့်ကြံခြင်းအဆင့်သို့ ကျဆင်းသွားကြောင်း သူခံစားနိုင်ခဲ့သည်။

‘ဘာတွေဖြစ်နေတာလဲ? အဆိပ်ရဲ့ သက်ရောက်မှုတွေလား?

ခင်ဗျားမှာ ဘာကျင့်ကြံဆင့်မှ မရှိဘူးဆိုရင် ကျုပ်က ဘာလို့ ခင်ဗျားကို ကြောက်ရမှာလဲ?’

လီဟမ်ရှန်းသည် သူ၏နောက်သို့ တိုက်ရိုက်လိုက်သွားခဲ့သည်။

လီဟန့်ရှင်းသည် အပြာရောင်ကျောက်တုံးတစ်ဝိုက် လမ်းလျှောက်သွားရင်း သူ၏အတွင်းဘောင်းဘီကို ချွတ်ထားပြီး နာကျင်နေသည့်ပုံဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသော မဟာသူတော်စင်ကို တွေ့လိုက်ရသည်။ လီဟမ်ရှန်း ရောက်လာသည်ကို မြင်သောအခါ မဟာသူတော်စင်က အံကြိတ်ပြီး မေးလိုက်သည်။

“မင်းမှာ….. ချီးကုန်းစက္ကူရှိလား?”

All Chapters