← Chapters

အခန်း (၄၇၆)

Vol. 39 Ch. 476

အခန်း (၄၇၆)

Vol. 39 Ch. 476

“သေလိုက်တော့!”

‘ခင်ဗျား နေမကောင်းတဲ့အချိန်မှာ ခင်ဗျားကို သတ်ပစ်မယ်။’

လီဟမ်ရှန်းသည် မဟာသူတော်စင်က သူ့နောက် လိုက်နေသည်ကို တွေ့လိုက်ရချိန်တွင် ယနေ့တော့ ထိုသူ၏လက်မှ မလွတ်မြောက်နိုင်တော့ဘူးဟု သူထင်ခဲ့မိသည်။ သို့သော် ထိုသူမတိုင်မီက သောက်ခဲ့သောအဆိပ်သည် ယခုအချိန်တွင် အဓိပ္ပါယ်မဲ့စွာ သက်ရောက်မှုရှိလာမည်ကို မည်သူသိမည်နည်း။

ထိုသူ၏ ကျင့်ကြံဆင့်များအားလုံး ပျက်ပြယ်သွားခဲ့သည်။ ထိုသူ့ကို အနိုင်ယူရန် သူဘာလို့ ဤအခွင့်အရေးကောင်းကို မယူရမည်နည်း။

လီဟမ်ရှန်းက သူ၏ခြေထောက်ကို မြှောက်လိုက်ကာ မဟာသူတော်စင်၏ မျက်နှာကို ကန်ထုတ်လိုက်ပြီး သူ့ကို နင်းလိုက်သည်။ သို့သော် ထိရောက်သည့် တစ်စုံတစ်ရာထိခိုက်မှု မဖြစ်ပေါ်သေးပေ။

ဤလူကြီး၏ ခန္ဓာကိုယ်သည် အမှန်တကယ်ကိုပင် သန်မာလွန်းလှပေသည်။ ထိုအချိန်တွင် လီဟမ်ရှန်းသည် မဟာသူတော်စင်၏ ဝမ်းဗိုက်သို့ မထိန်းနိုင်လောက်အောင် ရိုက်နှက်ခဲ့ရသည်။

“လီဟမ်ရှန်း! မင်းကို ငါသတ်မယ်….”

ယခုအချိန်တွင် မဟာသူတော်စင်သည် လူသတ်ရန် ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေပေသည်။ ‘သူဘယ်တုန်းက ဒီလိုအနိုင်ကျင့်ခံရဖူးလို့လဲ။’

ထို့အပြင် မူလအဆင့်သို့‌တောင် မရောက်သေးသည့် ကောင်လေးတစ်ယောက်ကြောင့် ဖြစ်နေသည်။

လီဟမ်ရှန်းနှင့် လဲလှယ်နိုင်သည့် မှော်ရတနာအမျိုးအစားကို သူဂရုမစိုက်တော့ပေ။ သူသည် လီဟမ်ရှန်းကို သတ်ပစ်ချင်စိတ်များသာ ရှိတော့သည်။

ကံမကောင်းစွာဖြင့်ပင် ယခုအချိန်တွင် သူသည် ဆိုးရွားစွာ ဗိုက်နာနေပြီး သူ၏ ကျင့်ကြံဆင့်များအားလုံး ပျက်ပြယ်သွားခဲ့သည်။ သူသည် လီဟမ်ရှန်းနှင့် လုံးဝမယှဉ်နိုင်တော့ပေ။

လီဟမ်ရှန်းသည် မဟာသူတော်စင်ကို အကြိမ်ခြောက်ဆယ်ကျော်မျှ နင်း‌ခြေခဲ့သည်။

သို့သော် ယခုအချိန်တွင် လီဟမ်ရှန်း မထင်မှတ်ထားသည်မှာ မူလကပင် ကျင့်ကြံဆင့်လုံးဝမရှိခဲ့သော မဟာသူတော်စင်၏ ကျင့်ကြံဆင့်မှာ တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေခြင်းဖြစ်သည်။

တက်လှမ်းခြင်းအဆင့်ရဲ့ ပထမအဆင့်…

တက်လှမ်းခြင်းအဆင့်ရဲ့ တတိယအဆင့်…

အသက်ရှုသံမှာ ဖြည်းညှင်းစွာ တိုးလာပြီး လီဟမ်ရှန်းကို ဆိုးရွားသည့် ခံစားချက်များ ပေးစွမ်းစေသည်။

‘ဘယ်လိုမှမဖြစ်နိုင်ဘူး။ မဟာသူတော်စင်ရဲ့ ကျင့်ကြံဆင့်တွေ မရှိတော့ဘူးလို့ သူထင်ခဲ့ပေမဲ့ ပြန်ကောင်းလာတာ ဖြစ်နိုင်မလား။ ဆေးရဲ့အာနိသင် ပြယ်သွားတာလား?’

လီဟမ်ရှန်းသည် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးသွားခဲ့သည်။

‘မင်းဒီလိုမျိုး ထပ်ကစားချင်သေးတာလား။’

လီဟမ်ရှန်းသည် နာရီဝက်မျှကြာအောင် ပြေးလွှားခဲ့သော်လည်း ထိုအချိန်တွင် လူသတ်မှုကျူးလွန်ရန် ရည်ရွယ်ချက်က အရှိန်အဟုန်ဖြင့် သူ၏နောက်မှ လိုက်လာခဲ့လေသည်။

“လီဟမ်ရှန်း! သေလိုက်တော့…..”

မဟာသူတော်စင်၏အရှိန်သည် အလွန်တရာ ပြင်းထန်လှပေသည်။ သူသည် အထွတ်အထိပ်သို့ မရောက်သေးသော်လည်း အနည်းဆုံးတော့ သူသည် အဆင့်မြင့်ဆရာသခင်အဆင့်ထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

လီဟမ်ရှန်းသည် သူ၏နောက်ကျောတွင် ဆူးတစ်ချောင်းကဲ့သို့ လူသတ်ရန် ရည်ရွယ်ချက်ကို ခံစားလိုက်ရပြီး ငိုချင်လာမိသည်။ ‘ဒီလူပြန်ကောင်းလာနိုင်တယ်ဆိုတာသာ သူသိခဲ့ရင် အခုချိန်မှာ ဒီလူကြီးကို ဘာလို့ ဆွခဲ့မှာလဲ။’

မဟာသူတော်စင်က သူ့ကို အမီလိုက်လာတော့မည်ကို မြင်လိုက်ရသော် လီဟမ်ရှန်း၏ နှလုံးမှာ နစ်မြုပ်သွားခဲ့ရသည်။

သူပြန်လှည့်ကြည့်လိုက်ချိန်၌ မဟာသူတော်စင်သည် သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရပြီး ထိုသူ၏ လူသတ်ချင်သည့် အရိပ်အယောင်က သူ့ကို ပင်လယ်ထဲသို့ နစ်မြုပ်သွားစေသကဲ့သို့ပင် ဖြစ်သွားရသည်။

“ဂွီ!”

မဟာသူတော်စင်သည် လီဟမ်ရှန်းကို အမီလိုက်မှီခါနီးတွင် သူ၏ဗိုက်က ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲမှုနဲ့အတူ နောက်ထပ် အသံတစ်သံ ထပ်ထွက်လာခဲ့သည်။ မဟာသူတော်သည် သူ၏ ကျင့်ကြံဆင့်သည် ဒီရေကဲ့သို့ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရပြန်သည်။

နောက်အခိုက်အတန့်မှာပင် လူတစ်ကိုယ်လုံး ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့ပြီး မြေပြင်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေသည်။

“မင်း ငါ့ကို ဘာစားဖို့ ပေးခဲ့တာလဲ….”

မဟာသူတော်စင်သည် ရူးသွပ်နေမိပြီ ဖြစ်သည်။ ဤအချိန် ခဏတာအတွင်း သူထပ်ပြီး နေလို့မကောင်းတော့ပေ။

‘ဘယ်လိုအဆိပ်မျိုးက ဒီလောက်အစွမ်းထက်တာလဲ။’

ဝမ်းလျှောခြင်းတို့ကို ဖြစ်ပေါ်စေပြီး ကျင့်ကြံဆင့်လည်း ကျဆင်းစေသည်။ ဤကဲ့သို့ အဆိပ်မျိုးကို သူမည်ကဲ့သို့ တစ်ခါမျှ မကြားဖူးရသနည်း။

သို့သော် မဟာသူတော်စင်သည် သူလှမ်းကြည့်လိုက်ချိန်တွင် လီဟမ်ရှန်း၏ ခြေရာကိုပင် မတွေ့ရတော့ချေ။ လီဟမ်ရှန်း ပျောက်ကွယ်သွားခဲ့ချေပြီ။

လီဟမ်ရှန်းသည် ယခင်ကကဲ့သို့ မကစားဝံ့ဘဲ သူ့ကိုယ်သူ အသတ်ခံရရန် လွယ်ကူလှ‌သည်။ ယခု အရေးကြီးဆုံးမှာ ထွက်ပြေးဖို့ပင်ဖြစ်ပြီး တတ်နိုင်သမျှ မြန်မြန်ပြေးရပေလိမ့်မည်။

အရေးကြီးဆုံးမှာ တစ္ဆေမြို့တော်သို့ ပြန်ပြေးခြင်းပင် ဖြစ်သည်။

ချင်းယန် မင်းဆက်….

ရွှယ်ချမ်းပိုင်သည် အဖြူ၊အနက် လျှို့ဝှက်နယ်မြေအတွင်း ကွမ်လန်နန်းတော်၏ ကွမ်ကျူးထံမှ “ဒဏ်ရာ”ရပြီးကတည်းက သူ့အား မင်းသမီးချင်းယန်မှ နာလန်ထူရန်အတွက် ချင်းယန်မင်းဆက်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဤစောင့်ရှောက်မှု လုပ်ငန်းစဉ်သည် လပေါင်းများစွာ ကြာခဲ့သည်။

အမှန်တကယ်တွင် ရွှယ်ချမ်းပိုင်သည် ထိုနေ့မွန်းလွဲပိုင်းတွင်ပင် မပြောပလောက်သည့် ဒဏ်ရာအနည်းငယ်က လုံးဝပျောက်ကင်းသွားခဲ့သော်လည်း လီချန်ချင်းဖန်တီးထားသည့် ထိုအခွင့်အရေးကောင်းကို အလဟဿ မဖြုန်းတီးနိုင်သောကြောင့် ပြန်လည်သက်သာလာရန်အတွက် သူသည် လပေါင်းများစွာ ဤ‌နေရာ၌ နေခဲ့ခြင်းဖြစ်သည်။

မူလက ရွှယ်ချမ်းပိုင်သည် ဖန်းဝူလင် သေဆုံးသွားခြင်းကြောင့် ချင်းယန်က အချိန်အတော်ကြာ ဝမ်းနည်းနေမည်ဟု ထင်ခဲ့မိသည်။ သို့သော် ရွှယ်ချမ်းပိုင်သည် ထိုသို့မဟုတ်ကြောင်း တွေ့ရှိခဲ့ရသည်။

တစ်ခုရှိသည်က ကွမ်လန်နန်းတော်၏ နောက်ပိုင်း လုပ်ဆောင်ခဲ့သည်များကို အမှန်တကယ်ပင် အသိအမှတ်ပြုပေသည်။ အင်အားစုအများအပြားသည် ထောက်လှမ်းချက်များ ဝယ်ယူရန် စန်းယွမ်ခန်းမသို့ သွားခဲ့ကြပြီးနောက် ကွမ်လန်နန်းတော်မှ သတ်ဖြတ်ခဲ့သူများသည် အမှန်တကယ်ပင် ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်များဖြစ်ကြောင်း သိရှိခဲ့ကြသည်။ အလားတူပင် ဖန်းဝူလင်သည်လည်း ယေဘူယျအားဖြင့် ထာဝရရှင်သန်ခြင်း ဂိုဏ်းဝင်တစ်ဦး ဖြစ်သည်။

ထို့အပြင် ရွှယ်ချမ်းပိုင်သည် မကူညီနိုင်ခဲ့သော်လည်း ဖန်းဝူလင်အကြောင်း မေးမြန်းခဲ့လေသည်။ ချင်းယန်သည်လည်း ဖန်းဝူလင်ကို လက်‌လျှော့လိုက်သည်။ ချင်းယန်ပြောသည်မှာ ဖန်းဝူလင်သည် သူ့အတွက် အရေးကြီးနေရခြင်းသည် ကတိတစ်ခုကြောင့်ပင် ဖြစ်သည်။

ဖန်းဝူလင် ကွယ်လွန်သွားသည့်အတွက် ထိုကတိမှာ သက်တမ်းကုန်ဆုံးခဲ့လေပြီ။ ထို့အပြင် ဖန်းဝူလင်သည် ထာဝရရှင်သန်ခြင်းဂိုဏ်းသို့ အမှန်တကယ်ပင် ဝင်ရောက်ခဲ့လေသည်။ ချင်းယန်က သူမသည် ၎င်းကို လက်သင့်ခံရန် အနည်းငယ်ခက်ခဲသည်ကို တွေ့ရှိခဲ့ရသည်။

၎င်းက နောက်ဆုံးတွင် ရွှယ်ချမ်းပိုင်ကို စိတ်သက်သာရာရစေခဲ့သည်။ ဤနေရာ၌ ပြန်လည်ထူ‌ထောင်နေချိန်အတွင်း ရွှယ်ချမ်းပိုင်နှင့် ချင်းယန်တို့၏ ဆက်ဆံရေးသည်လည်း နွေးထွေးလာခဲ့သည်။

ရွှယ်ချမ်းပိုင်သည် ဤနေရာမှ ထွက်မသွားချင်ခဲ့ပေ။ သို့သော် ယနေ့ ဤနေရာ၌ ရွှယ်ချမ်းပိုင်သည် သတင်းတစ်ခုကို ကြားသိလိုက်ရသည်။

လွန်ခဲ့သော တစ်ရက်က အဖြူ၊ အနက် လျှို့ဝှက်နယ်မြေမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ချီရှန်းတစ္ဆေ အရှင်ပင်။

ချီရှန်းတစ္ဆေအရှင် အဖြူ၊ အနက် လျှို့ဝှက်နယ်မြေမှ ထွက်လာခြင်းသည် ကြီးစွာသော အာရုံခံစားမှုကို ဖြစ်စေခဲ့သည်။ ချီရှန်းတစ္ဆေအရှင်သည် အလွန်တရာ ကြီးမားလှသော ရတနာတစ်ခုကို သယ်ဆောင်လာခဲ့သည်ကို လူအုပ်ကြီးက တွေ့လိုက်ရပြီးနောက်တွင် ချက်ခြင်းပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုရတနာက မည်သည့်အရာဆိုသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြပေ။

သို့သော် ချီရှန်းတစ္ဆေအရှင် ကိုယ်တိုင်ကိုယ်ကျ အဖြူ၊ အနက် လျှို့ဝှက်နယ်မြေသို့သွားပြီး ရယူထားသည့် ထိုအရာသည် သေချာပေါက်ပင် အမြင့်မြတ်ဆုံး ရတနာဖြစ်ရမည်ဟု သူတို့ မှန်းဆခဲ့ကြသည်။

ချီရှန်းတစ္ဆေအရှင်သည် အဖြူ၊ အနက် လျှို့ဝှက်နယ်မြေမှ ထွက်လာခဲ့သည်။ ရွှယ်ချမ်းပိုင်သည် သူထိုနေရာ၌ ကြာကြာနေလိမ့်မည်မဟုတ်ဟု သိခဲ့သည်။

သူ ချီရှန်းတောင်သို့ သွားရမည်။ ထို့ကြောင့် နံနက်စာစားပြီးနောက် ရွှယ်ချမ်းပိုင်သည် မင်းသမီးချင်းယန်ကို နှုတ်ဆက်ခဲ့သည်။

“ဟေး! အားရွှယ် သွားတော့မို့လား… ရှင့်ဒဏ်ရာက အဆင်ပြေရဲ့လား….”

ရွှယ်ချမ်းပိုင် ထွက်သွားတော့မည့်အကြောင်း ကြားသောအခါ ချင်းယန်သည် အနည်းငယ် အံ့သြသွားခဲ့သည်။

“အင်း! ဒဏ်ရာက သိပ်မပြင်းထန်တော့ဘူး… ငါ့မှာ အရေးကြီးတာတွေ လုပ်စရာရှိသေးတယ်…. ငါကိစ္စပြီးသွားရင် မင်းဆီပြန်လာခဲ့မယ်။”

ရွှယ်ချမ်းပိုင်က လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုလည်း ကောင်းပါပြီ… အားရွှယ်! ရှင် လမ်းမှာဘေးကင်းဖို့ သေချာပေါက် ဂရုစိုက်ရမယ်နော်….”

ချင်းယန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“စိတ်မပူပါနဲ့…”

ရွှယ်ချမ်းပိုင်က တုံ့ပြန်လိုက်ပြီး ချက်ချင်း ထွက်သွားခဲ့သည်။

ငါးရက်ကြာပြီးနောက် လီဟမ်ရှန်းသည် နောက်ဆုံးတွင် တစ္ဆေမြို့တော်သို့ ပြန်ရောက်လာခဲ့သည်။

သို့သော်လည်း လီဟမ်ရှန်းသည် မြို့ထဲသို့ အလျင်စလို မဝင်ခဲ့ပေ။ ယင်းအစား သူသည် တစ္ဆေမြို့တော်သို့ မဝင်ရောက်မီ မြို့ပြင်တွင် သူ့ကိုယ်သူ ရုပ်ဖျက်ခဲ့သည်။ လီဟမ်ရှန်းသည် မြို့နှင့်ဝေးကွာသော နေ့ရက်များတွင် တစ္ဆေမြို့တော်တွင် ဖြစ်ပျက်ခဲ့သည်များကို သေချာမသိသောကြောင့် မြို့ထဲသို့ အလောတကြီး မဝင်ရဲပေ။

လီဟမ်ရှန်း၏ အကြံအစည်သည် မှန်ကန်ကြောင်း ထွက်ပေါ်လာခဲ့သည်။ သူသည် တစ္ဆေမြို့တော်၏ လမ်းများတစ်လျှောက် လမ်းလျှောက်ပြီးနောက်တွင် လီဟမ်ရှန်းသည် နောက်ဆုံးတွင် အရေးကြီးသော သတင်းတစ်ခုကို သိလိုက်ရသည်။

ဆိုလိုသည်မှာ သူ၏အထောက်အထားသည် ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည်။ သူသည် လီဟမ်ရှန်းဖြစ်သည်ကို မြို့တွင်းရှိလူတိုင်း သိပေသည်။

ထို့အပြင် ဤသတင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး မြို့‌တော်သခင် ရှုကျီအန်းသည် ယခုအချိန် ထာဝရရှင်သန်ခြင်းဂိုဏ်းထံ လုံးဝဥဿုံ လက်နက်ချလိုက်ပြီး သူ့ကိုဖမ်းဆီးရန်အတွက် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အမိန့်ကို လိုက်နာနေလေသည်။

လီဟမ်ရှန်းသည် သူပေါ်လာသရွေ့ သင်္ချိုင်းနေရာပင်မရှိဘဲ အသတ်ခံရမည်ကို သိလိုက်သည်။

ထို့ကြောင့် မမှောင်ခင်တွင် လီဟမ်ရှန်းသည် မြို့ထဲတွင် အကြာကြီးမနေဝံ့ဘဲ တစ္ဆေမြို့တော်မှ ထွက်ခွာသွားခဲ့သည်။ သူသည် တစ္ဆေအလောင်းဂူအနီးတွင် ပုန်းအောင်းနေခဲ့သည်။

ဤနေရာက ရွှယ်ချမ်းပိုင်နှင့် နောက်ဆုံးဆုံတွေ့ခဲ့သည့် နေရာပင်။ ပစ္စည်းများယူလာပြီးနောက်တွင် လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်ကို ဤနေရာ၌ စောင့်နေမည်ဟု နောက်ဆုံးအကြိမ်က သဘောတူခဲ့ပါသည်။

သူသည် မူလအဆင့် ကျင့်ကြံမှုကို ပြီးမြောက်အောင်မြင်ရန် အတွင်းအား 20% ကို မပြောင်းလဲနိုင်သေးဘဲ ကျန်ရှိနေသေးသည်။  

လီဟမ်ရှန်းသည် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သူသည် မူလအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ ဝေးကွာ‌တော့သော်လည်း ယခုအချိန်အထိ ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းမရှိပေ။

သူသည် သူ၏ကိုယ်ပေါ်ရှိ သဘာဝရတနာများကို အကုန်အစင်သုံးထားပြီး ပိုက်ဆံလည်း အများကြီးမကျန်ရှိတော့ပေ။ ထို့ကြောင့် သူ၏ မူလအဆင့် ကျင့်ကြံမှု၏ 20% ကို သူကိုယ်တိုင် အသွင်ပြောင်းချင်သည်ဆိုလျှင် ၎င်းကို အောင်မြင်စွာ အသွင်ပြောင်းနိုင်ရန် အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရပေလိမ့်မယ်။

‘သူ ဘာလုပ်သင့်သလဲ?’

မြို့တွင်း၌ သူရှိနေစဉ် ချီရှန်းတစ္ဆေအရှင်သည် အဖြူ၊ အနက် လျှို့ဝှက်နယ်မြေမှ ထွက်လာကြောင်း လီဟမ်ရှန်းလည်း ကြားသိလိုက်ရသည်။ ယခုအချိန်တွင် လီဟမ်ရှန်းသည် ရွှယ်ချမ်းပိုင်က မကြာမီပင် ဤနေရာသို့ ရောက်လာသင့်သည်ကို သိလိုက်သည်။

သူ၏အဖေ လိုအပ်သည့်အရာများ ရောက်ရှိလာချိန်ထိတိုင် သူ၏ မူလအဆင့် အခြေအနေကို မပြောင်းလဲနိုင်ခဲ့သေးချေ။

‘ဒါက သူ့အဖေရဲ့ အသက်ပြန်ရှင်တဲ့ အစီအစဉ်ကို နှောင့်နှေးစေမှာလား။’

၎င်းကို တွေးမိပြီးနောက် လီဟမ်ရှန်းသည် အံတင်းတင်း ကြိတ်လိုက်ပြီး စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

‘မူလရတနာတွေ မရှိရင်လည်း ဓားပြတိုက်မယ်ကွာ။’

မည်သူ့ဆီက လုယက်ရမလဲဆိုသည်ကတော့ လီဟမ်ရှန်း ယခင်က တစ္ဆေမြို့တော်၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်တွင် ပတ်ဝန်းကျင်တွင်ရှိကြသည့် မျိုးနွယ်စုအားလုံးကို သူ၏စိတ်နှင့် သေချာနားလည် သိရှိသည့်အတွက် ထိုမျိုးနွယ်စုများကို ယေဘူယျအတိုင်း လုယက်သွားမည် ဖြစ်သည်။

All Chapters