အခန်း (၄၇၈)
Vol. 39 Ch. 478
ရွှယ်ချမ်းပိုင် ရောက်ရှိလာခြင်းက လီဟမ်ရှန်းကို အားဆေးတစ်ခွက် ပေးလိုက်သကဲ့သို့ပင်။
အကယ်၍ ရွှယ်ချမ်းပိုင်သာ ယခုအချိန်ထိ ရောက်မလာခဲ့ဘူးဆိုလျှင် သူဘာဆက်လုပ်ရမည်မှန်း အမှန်တကယ် မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တစ္ဆေမြို့တော်၏ ဆရာသခင်များအားလုံး ဤနေရာသို့ ဦးတည်နေပြီဆိုသည်ကို သိပြီးဖြစ်သောကြောင့်ပင်။
ထိုအထဲတွင် မဟာစစ်သူကြီး သုံးယောက်၏ အရှိန်အဝါလည်း ပါဝင်လေသည်။
ရွှယ်ချမ်းပိုင်သည် နက်နဲသောချိုင့်ဝှမ်းတစ်ခုကို သူ၏ဓားဖြင့်ခုတ်ပိုင်းကာ ချိုင့်ဝှမ်းတစ်ဖက်တွင် တစ္ဆေစစ်သားများစွာကို ပိတ်ဆို့ထားလိုက်သည်။ ထိုသူတို့အားလုံးသည် သူတို့ရှေ့ရှိ ချိုင့်ဝှမ်းကို ထိတ်လန့်တကြား ကြည့်နေကြလေသည်။
ထိုဓားတစ်ချောင်းတည်းဖြင့် မြေကြီးကို ဖြိုခွင်းနိုင်ခဲ့သည်။
‘ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ?’
ထိုအချိန်တွင် မဟာစစ်သူကြီး သုံးယောက်သည်လည်း ချောက်ရှေ့သို့ ရောက်ရှိလာကြသည်။
ထိုသူတို့သုံးယောက်သည် လေထဲတွင် မတ်တပ်ရပ်နေကြသည်။ ရွှယ်ချမ်းပိုင်က လမ်းကို ပိတ်ဆို့နေသည်ကို မြင်တွေ့သောအခါ စစ်သူကြီးဖန်လင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ချင်းရွှယ်အာဏာဓားအရှင်! ဒါက တိမ်ကန္တာရနယ်မြေ…. မင်းရိုင်းရိုင်းစိုင်းစိုင်း ပြုမူလို့ရတဲ့ နေရာမဟုတ်ဘူး….”
“ကျွန်တော်ကလည်း ထပ်တူညီစွာပဲ ပြန်ပြောချင်ပါတယ်…. ဒီမျဥ်းကို ဖြတ်ကူးလာရဲတဲ့သူ ဘယ်သူမဆို သေရလိမ့်မယ်…. ကျွန်တော်ပြောတာ မယုံရင် ခင်ဗျားစမ်းကြည့်လို့ရတယ်….”
ရွှယ်ချမ်းပိုင်သည် သူ၏ဝတ်ရုံလက်များကို ဝှေ့ယမ်းလိုက်ပြီးနောက်တွင် ချင်းရွှယ်ဓားမှ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ဂုဏ်ကျက်သရေအပြည့်နှင့် လေထုသည် လမ်းကြောင်းရှစ်ခုကို ဖြတ်ကျော်သွားကာ သူ၏မျက်နှာပေါ်တွင် “အနိုင်မခံ အရှုံးမပေးသော” ဟူသည့် စကားလုံးကို ရေးထိုးထားသကဲ့သို့ ဖြစ်နေသည်။
စစ်သူကြီးသုံးယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း မျဉ်းကို မည်သူမျှ မဖြတ်နိုင်ကြသေးပေ။
ထိုသူမှာ ရွှယ်ချမ်းပိုင်ပင်။ နာမည်ကျော်ကြားလှသည့် ချင်းရွှယ်အာဏာဓားအရှင် ဖြစ်သည်။
ထိုသူသည် ဟိုးယခင်ကတည်းက နာမည်ကြီးခဲ့ပြီး ချင်းရွှယ်အာဏာဓားအရှင်သည် မဟာသိုင်းဂိုဏ်းအဆင့် နယ်ပယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။ သူတို့သုံးယောက်က အဆင့်မြင့်ဆရာသခင် အဆင့်မျှသာရှိပြီး မည်သူကများ ရွှယ်ချမ်းပိုင်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရဲမည်နည်း။
“မင်း မလာရဲရင် ဒီကနေထွက်သွား…”
ရွှယ်ချမ်းပိုင်က ညင်သာစွာ ပြောလိုက်သည်။
သို့သော် ထိုစကားများ ထွက်လာပြီးနောက်တွင် စစ်သူကြီးသုံးဦးသည် အထူးတလည် အရှက်ကွဲသွားခဲ့သည်။
‘သူတို့ဘယ်တုန်းကများ ဒီလိုမျိုး ကြိမ်းမောင်းခံရဖူးလို့လဲ။’
စစ်သူကြီးတဲကောင်း က အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
“ ချင်းရွှယ်အာဏာဓားအရှင်! မင်းက အရမ်းသန်မာပါတယ်…. ဒါပေမယ့် ဒါက တိမ်ကန္တာရနယ်မြေဆိုတာကို ကျုပ်မင်းကို ထပ်ပြောလိုက်မယ်…. အရမ်း စိတ်ကြီးဝင်မနေနဲ့… မဟုတ်ရင်တော့…. ”
သို့သော် သူပြော၍ မပြီးခင်မှာပင် ရွှယ်ချမ်းပိုင်က ဓားတစ်လက်နှင့် သူတို့ဆီ ပြေးလာနေပြီဖြစ်သည်။
“ဝေးဝေးသာ ပြေးပေတော့….”
၎င်းကို မြင်သောအခါ စစ်သူကြီးတဲကောင်း၏ မျက်နှာသည် ပြောင်းလဲသွားပြီး သူသည် လှည့်ထွက်သွားလေသည်။
အခြားသူများကလည်း သူ့နောက် မြန်မြန် လိုက်သွားကြသည်။ အသက်တစ်ရှိုက်စာမျှတွင် လူတိုင်း ထွက်ပြေးသွားကြလေသည်။
ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်းကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်း မူလအဆင့်ထဲကို ဝင်သွားပြီ… ဒါပေမယ့် မင်းဒီလောက် ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်သွားစေတာပဲ… မင်းက မင်းအဖေလိုပဲ… မင်းက တကယ်ကို ဒီလိုဖြစ်စေတဲ့ အကြောင်းရင်းပဲ…”
ထိုစကားကိုပြောပြီးနောက် ရွှယ်ချမ်းပိုင်သည် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
“ အဖေဖြစ်သူကလည်း နတ်ဆိုး… သားဖြစ်သူကလည်း မရိုးရှင်းဘူး… မင်းရဲ့ မူလအဆင့် အတွင်းအားက အရမ်းများနေတယ်….”
“ဟေး… ဟေး….”
လီဟမ်ရှန်းသည် တခစ်ခစ် ရယ်မောပြီးနောက် သူသတိရလိုက်သည်။ ထို့နောက် ကြာပန်းမီးအိမ်ရတနာကို အမြန်ထုတ်လိုက်သည်။
လီဟမ်ရှန်းသည် ယခုမှ အောင်မြင်ခဲ့ပြီး သူ၏နယ်ပယ်အဆင့်က မတည်ငြိမ်သေးသော်လည်း သူ၏ အတွင်းစွမ်းအားများသည် မူလအဆင့် အတွင်းစွမ်းအားအဖြစ် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် လီဟမ်ရှန်းသည် ကြာပန်းမီးအိမ်ရတနာထဲသို့ သူ၏အတွင်းအားကို သွင်းလိုက်ပြီးနောက် ကြာပန်းမီးအိမ်ရတနာသည် နောက်ဆုံးတွင် တောက်ပလာခဲ့သည်။
“မင်း အောင်မြင်မှုတစ်ခု ရခဲ့ပြီပဲ…”
လီချန်ချင်း၏အသံသည် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
“ဖေဖေ! ကျွန်တော်အောင်မြင်သွားပြီ….”
လီဟမ်ရှန်းသည် ယခုအချိန်တွင် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးတော့ သူသည် လီချန်ချင်းကို ကူညီနိုင်ခဲ့ပြီဖြစ်သည်။
“ရွှယ်ချမ်းပိုင်! မင်းလည်းဒီမှာလား… ချီရှန်းတစ္ဆေအရှင်က ပစ္စည်းတွေ ပို့ပေးခဲ့တာလား…”
လီချန်ချင်းက မေးလိုက်သည်။
“အေး ငါ ဒီမှာရှိတယ်…”
ရွှယ်ချမ်းပိုင်ကလည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“လုံခြုံတဲ့နေရာ ရှာရအောင်….”
လီချန်ချင်းက ပြောသည်။
“စိတ်မပူပါနဲ့! ငါ လုံခြုံတဲ့နေရာကို ရှာတွေ့ထားတယ်…”
ရွှယ်ချမ်းပိုင်က ခေါင်းညိတ်လိုက်ပြီး လီဟမ်ရှန်းကို ဖမ်းကိုင်ကာ လေဟာနယ်ထဲသို့ ဖြတ်သန်းဝင်ရောက်သွားလေသည် ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံထက် ပျောက်ကွယ်သွားခဲ့သည်။ ရှုကျီအန်း ရောက်လာချိန်တွင် ရွှယ်ချမ်းပိုင် မရှိတော့ပေ။
ရှုကျီအန်းသည် ရွှယ်ချမ်းပိုင်ကို မတွေ့လိုက်ရသောကြောင့် စိတ်သက်သာရာရသွားသည်။ အကယ်၍ သူသာ ရွှယ်ချမ်းပိုင်နှင့် အမှန်တကယ် တိုက်ခိုက်ရပါက သူထိုကဲ့သို့ ပြုလုပ်ရန် ဆန္ဒရှိမည်မဟုတ်ပေ။ သို့သော် လီဟမ်ရှန်းသည် ဤနေရာတွင် ရှိနေသောကြောင့် သူလာခဲ့ရသည်။ ရွှယ်ချမ်းပိုင်ကို ဖြုတ်ချရန်အတွက် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ ကာကွယ်သူတမန်တော်လေးပါးသည် ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်ခဲ့ကြောင်း ၎င်းမတိုင်မီက ကြားသိခဲ့ရသည်။
နောက်ဆုံးတွင် ရွှယ်ချမ်းပိုင်သည် ထွက်ပြေးသွားသေးသည်။ ထိုသို့သော လူများနှင့် ဝေးဝေးနေနိုင်လျှင် ပိုကောင်းပေလိမ့်မည်။
ရွှယ်ချမ်းပိုင်၏ သယ်ဆောင်ခြင်းကို ခံရသော လီဟမ်ရှန်းသည် သူ၏အပေါ်မှ လေတိုးသံ တရွှီရွှီကို ခံစားလိုက်ရသည်။
အချိန်အတိုင်းအတာ တစ်ခုအထိ ပျံသန်းပြီးနောက် ရွှယ်ချမ်းပိုင် ရပ်တန့်သွားခဲ့သည်။ ထိုအချိန်တွင် သူသည် နှင်းထူထပ်သော တောင်ပေါ်တွင် မိမိကိုယ်ကို တွေ့ရှိလိုက်သည်။
အဖြူရောင် နှင်းများဖုံးလွှမ်းနေသော တောင်တန်းများနှင့် ဆီးနှင်းများထူထပ်စွာ ဝန်းရံထားသည့်အတွက် လီဟမ်ရှန်းသည် အဝေးသို့ လှမ်းကြည့်လိုက်သောအခါ နှင်းဖုံးနေသောတောင်များ၏ အလယ်ဗဟိုတွင် ကြီးမားလှသော မြို့တစ်မြို့ရှိကြောင်း တွေ့ရှိခဲ့ရသည်။
သို့သော် မြို့ကြီးသည် အသက်မဲ့နေခဲ့ပြီး ရေခဲများနှင့် ဆီးနှင်းများ အပြည့်ဖုံးလွှမ်းထားလျက် ရှိသည်။။
“အဲဒါဘာလဲ?”
လီဟမ်ရှန်းသည် အဆုံးမရှိဟု ထင်ရသည့် ကြီးမားလှသော မြို့ကြီးကို ကြည့်လိုက်သောအခါ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
“အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်လေ…”
ရွှယ်ချမ်းပိုင်က လီဟမ်ရှန်းကို ရှင်းပြလိုက်သည်။
“ဒါက အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်လား…”
လီဟမ်ရှန်းသည် အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ အဆုံးမဲ့ည ရှေးဟောင်းနိုင်ငံတော်က ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
“ဒီနေရာက လူသူကင်းမဲ့ပြီး ဘယ်သူမှ ဒီကိုလာမှာ မဟုတ်ဘူး…”
ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။
“ဒါပေမယ့် ဒီမှာတစ်စုံတစ်ခုတော့ မှားနေတယ်လို့ ကျွန်တော်တစ်ချိန်လုံး ခံစားနေရတယ်….”
လီဟမ်ရှန်းသည် မျက်မှောင်ကြုတ်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ သူဘာမှ မမြင်နိုင်သော်လည်း သူ၏နှလုံးသားထဲတွင် ထူးထူးခြားခြား ခံစားချက်တစ်ခု ရှိနေသည်။
ဤနေရာတွင် အမှန်တကယ် တစ်စုံတစ်ရာ မှားယွင်းနေပုံရသည်။
“ဒီမှာ ဘာဖြစ်လို့လဲ?”
ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်း၏ အမူအရာကိုမြင်ပြီး နားလည်ရန်ကြိုးစားသော်လည်း ဘာကိုမျှ မခံစားနိုင်ခဲ့ပေ။
“မသိဘူး… ဒီနေရာက နည်းနည်းထူးဆန်းနေသလို ခံစားရတယ်…”
လီဟမ်ရှန်းသည်လည်း အလုံးစုံ ရှင်းမပြနိုင်ချေ။
ရွှယ်ချမ်းပိုင်သည် မည်သည့်အရာမျှ မခံစားမိသော်လည်း လီဟမ်ရှန်းက ထိုသို့ပြောလာသည့်အတွက် အနည်းငယ်တော့ သတိရှိလာခဲ့သည်။
သို့သော် ဤတိမ်ထူထပ်သော နေရာ၌ ပိုမိုလုံခြုံသည့်နေရာကို ရှာဖွေရန် မလွယ်ကူလှပေ။
“ဒီမှာ ခဏနေ… ဟိုဘက်မှာ လှိုဏ်ဂူရှိတယ်… ငါမင်းကို ကာကွယ်ပေးမယ်…”
ရွှယ်ချမ်းပိုင်က လေးနက်စွာ ပြောလိုက်သည်။
သူတို့သည် လှိုဏ်ဂူထဲသို့ ဝင်ရောက်လာကြပြီးနောက် ရွှယ်ချမ်းပိုင်သည် ဖယောင်းတိုင်အနည်းငယ်ကို ထုတ်ကာ ၎င်းတို့ပတ်လည်ရှိ နံရံများပေါ်တွင် တင်လိုက်ပြီး ထွန်းညှိခဲ့သည်။
“ဖေဖေ ကျွန်တော် ဘာလုပ်ရမှာလဲ…”
ထိုအချိန်တွင် လီဟမ်ရှန်းသည် ကြာပန်းမီးအိမ်ရတနာကို ကြည့်လိုက်သည်။
“ရွှယ်ချမ်းပိုင်! ပစ္စည်းတွေ အရင်ထုတ်လိုက်ဦး….”
လီချန်ချင်း၏ အားနည်းသောအသံသည် ကြာပန်းမီးအိမ်ရတနာမှ ထွက်ပေါ်လာခဲ့သည်။
ရွှယ်ချမ်းပိုင်သည် ဝတ်ရုံလက်ထဲမှ အလွန်တရာ ကြီးမားလှသာ အရာဝတ္တုတစ်ခုကို ထုတ်ယူလိုက်ပြီး ဘန်းကနဲ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ လီဟမ်ရှန်းသည် အနီးကပ်ကြည့်လိုက်သောအခါ ခေါင်းတလားတစ်ခုဆိုသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် အဆိုပါခေါင်းတလားအား နေနှင့်လကို ချိတ်ပိတ်နိုင်သည့် အလွန်တရာ ရှားပါးလှသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။